♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

July 17, 2013

မိတောနှင့် နံရံမှနားများ

Filed under: ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:34 am

မိတော ဆယ်ကျော်သက်အရွယ် မနူးမနပ်ကာလတစ်ခုတုန်းကဖြစ်သည်။

မြို့မှကျောင်းသစ်တစ်ကျောင်းကို ပြောင်းခဲ့ရသော မိတော…. ကျောင်းသူအသစ်မို့ မိတ်ဆွေနည်းနေချိန်တွင် ဂျဲဂျဲဆိုသည့် ချင်းမလေး တစ်ဦးနှင့် ခင်မင်ရင်းနှီးခွင့် ရခဲ့သည်။ ဆယ်ကျော်သက်အရွယ်ဝင်စမို့ အတန်းထဲမှ မိန်းကလေးများသည်လည်း အလှအပကို မြတ်နိုးတတ်ကြသည်ကို သတိထားမိခဲ့သည်။

မိတောကတော့ ရိုးရိုးလေးသာ ဝတ်စားတတ်လေသည်။ ဂျဲဂျဲကတော့ နူးနူးညံ့ညံ့နှင့် စကားကို လေလုံးကွဲအောင်တောင် မပြောသော အလွန်သိမ်မွေ့သူ တစ်ဦး။ အဲဒီအထဲမှာမှ အလှဘုရင်မတွေဟုတောင် တင်စား၍ရနိုင်သော ကျောင်းသူလှလှလေးများလည်း ရှိသည်။ မြို့သူတွေမို့ အသုံးအဆောင်တွေကလည်း မိတော တစ်ခါမှ မမြင်ဘူးသော ဆံညှပ်လေးများ၊ ကွန်ပါဘူးလှလှလေးများ၊ ချစ်စရာရောင်စုံကလစ်လေးများ၊ လက်ကောက်လေးများ။ မိတောမှာ သူတို့ကို ငေးကြည့်လို့သာ နေရသည်။

မိတောက ငယ်စဉ်ကတည်းက ကိုယ်လက်လှုပ်ရှားဝါသနာပါသူမို့ ရွယ်တူမိန်းကလေးများထက် အနည်းငယ်ပိုပြီးထွားကျိုင်းသည်ဟု ဆို၍ရသည်။ ဂျဲဂျဲကတော့ မိတောလို အားကစားလည်း သိပ်လိုက်စားလေ့မရှိ။ နေ့လည်ခင်းမုန့်စားဆင်းချိန်တွင် သစ်ပင်အောက်တွင် ငုပ်တုပ်လေး ထိုင်နေတတ်သည်။ အခြားမိန်းကလေးသူငယ်ချင်းများနှင့် သားရေပင်သွားခုန်မည်ဟုဆိုတော့လည်း ဂျဲဂျဲက မလိုက်။ ဂျဲဂျဲ မပါဘဲနှင့် မိတော သားရေပင်သွားခုန်သေးသည်။ သို့သော်…. ကျောင်းသူများက အပေါ်ယံလှိုက်လှဲသယောင်ရှိသလောက် မိတောကို တစ်ခုခု မကြိုက်ဘူးဆိုသည်ကို ခံစားနေမိခဲ့သည်။ ဒီလိုနှင့်မိတောလည်း သစ်ပင်အောက်တွင် ဂျဲဂျဲနဲ့ တစ်စခန်းသွားရတော့သည်။ ပထမရက်တွေများတွင် ဂျဲဂျဲနှင့်အတူ မုန့်စားသော်လည်း ကြာလာသည့်အခါတွင် မိတောသရုပ်က ပေါ်လာတော့လေသည်။

ခပ်လှမ်းလှမ်းတွင် အရုပ်ပစ်၊ ဂေါ်လီပစ်၊ သားရေပင်လောင်းကစားနေသော အတန်းထဲမှ ကောင်လေးများ ကစားနည်းများကို ပိုပြီးစိတ်ဝင်စားနေမိသည်။ မိန်းကလေးများ ကစားလေ့ရှိသော အရုပ်မကို အကျီ င်္လေးတွေဝတ်ခြင်း၊ ပိုက်ဆံအိတ်လေးတွေ လှဲလှယ်ဝတ်ဆင်ပေးခြင်း၊ စသော…. အရုပ်မ ကစားနည်းထက် သားရေပင်ပစ်၊ ပေါင်ပေါင်ဖောက်၊ ဂုံညှင်းသီးထု သော ကစားနည်းများကိုသာ မိတောက ရင်ခုန်လေသည်။
ဒီလိုနှင့် မုန့်စားကျောင်းဆင်းပြီဆိုလျှင်၊ ယောင်္ကျားလေးများ ဂုံညှင်းသီးထုသည့်အနားကို မယောင်မလည် ရောက်ရောက်သွားတတ်သည်။

‘နင်ကလည်းဟာ… မိန်းကလေးဖြစ်ပြီးတော့’

ဂျဲဂျဲစကားကို မိတောတစ်ယောက် မသိကျိုးကျွံပြုနေခဲ့သည်။ ပထမတော့ ယောင်္ကျားလေးများက မိတောကို ဘာလာရှုပ်တာလဲ ဆိုသည့်ပုံနှင့် ပေစောင်းစောင်း၊ ခပ်စိမ်းစိမ်း၊ ဘုကြည့်ကြည့်ကြလေသည်။ မိတောကလည်း အကျီ င်္လက်ကလေးကို မသိမသာတင်ပြီး အတင်းဝင်လေတော့သည်။ ဒီလိုနှင့်…. နယ်မှာကတည်းက အနှီကစားနည်းတွေကို ထမင်းစား ရေသောက် လုပ်လာသူမို့၊ ကြာလာတော့ ထမင်းစားချိန်ရောက်လျှင် သူတို့ဆီ မိတော မသွာဖြစ်ခဲ့လျှင်တောင် လိုက်ခေါ်ကြသည့် အခြေအနေ ရောက်လာခဲ့သည်။ သူတို့ကလည်း မိတောကို မိန်းကလေးတစ်ယောက်အဖြစ်နှင့် မမြင်၊ မဆက်ဆံ။ ပြောစရာရှိပြော၊ ဆိုစရာရှိဆို၊ ငြင်းစရာရှိငြင်းသလို၊ မိတောကလည်း သူတို့အား ကိုယ်နှင့်အခြေအနေမတူသူတွေဟာ မမြင်။ ကစားရဖို့၊ သားရေပင် ပိုရဖို့၊ ပြေးရလွှားရဖို့လောက်သာ စိတ်ဝင်စားလေသည်။

ထိုယောင်္ကျားလေးအုပ်စုထဲတွင် ခပ်ချောချော ကောင်လေးတစ်ယောက်ရှိလေသည်။ ‘မောင်ထူး’ ဟု ခေါ်လတံ့။ မောင်ထူးက ရုပ်ရည်ဖြောင့်သည်မို့ မိန်းကလေးတွေက နှစ်သက်ကြသည်။ ရုပ်ရည်ချောမောရုံမက အရုပ်ပစ်တာမှာလည်း ချန်ပီယံ။ သို့ဖြစ်၍ မိန်းကလေးများက သူတစ်ချက်ပြုံးသည်နှင့် ရှက်ကိုးရှက်ကန်းဖြစ်သူဖြစ်၊ တိုင်နှင့်ဝင်ဆောင့်သူဆောင့်၊ ဟိုတိုးဒီဝင် ဖြစ်သူဖြစ်နှင့်။ မိတောကတော့ မောင်ထူး ကို သားရေပင်ဖြစ်ဖော်၊ အရုပ်ပစ်ဖော်ထက် ပိုပြီး စိတ်ထဲမရှိသလို၊ မောင်ထူးကလည်း မိတော နှင့် သစ်ပင်ပြိုင်တက်ဖို့လောက်သာ စိတ်ဝင်စားသည်။

မောင်ထူးနှင့် မိတောကလည်း ခြေရင်း၊ ခေါင်းရင်း အိမ်ကပ်နေသောကြောင့် ကျောင်းဆင်းအတူတူ၊ ကျောင်းတက်အတူတူ ဖြစ်လာခဲ့သည်။ ခက်တာကလည်း မိတောက သာမန်မိန်းကလေးများကဲ့သို့ ရွှေရင်သိမ်းသစ်အရွယ်အရောက် ပါးကွက်ကြားလေးကွက်လို့၊ ရှက်ကိုးရှက်ကန်း နေမပြတတ်သူ။ ပြောစရာရှိ တည့်တိုးကြီးပြောတတ်လွန်း၍လည်း ဂျဲဂျဲတောင် တရွှဲရွှဲ ငိုရတတ်သေးသည်။ ကျောင်းကို တစ်ခါတစ်ခါ ခုံမြင့်ဖိနပ်ခိုးပြီးတော့ မိတောက ဝတ်လာတတ်သေးသည်။ ထိုအခါတွင် နဂိုကတည်းက သိပ်မပုသော မိတောသည် အရပ်အရှည်ကြီးလို ဖြစ်နေတတ်သည်။

သူငယ်ချင်းယောင်္ကျားလေးများက မိတောကို လှမ်းကြည့်ပြီး…

‘ဟာ.. ဒေါင်ကောင်းလှချည်လား၊ အရပ်လောက်ရှိလဲ မိတော’ ဟု မေးလျှင်…

‘ဘယ်လောက်မှ မရှိပါဘူးဟာ… နင့်ထက် ၂လက်မလောက်ပဲ ပိုမြင့်တာပါ’ ဟု ရယ်သွမ်းသွေးလျှက် ပြန်လည် နောက်ပြောင်တတ်လေသည်။ တစ်ကယ်ကတော့

မိတောသည့် မိမိအရပ် ဘယ်လောက်ရှိသည်ကို ကိုယ်တိုင်စိတ်မဝင်စားသည့်အပြင်၊ တစ်ခါမှလည်း စိတ်လိုလက်ရ တိုင်းမကြည့်ဖူးခဲ့။ လှမ်းမေးသော သူငယ်ချင်းကောင်လေး အရပ်ငါးပေခုနှစ်လက်မရှိလို့ ကိုယ်ကနှစ်လက်မပိုရှည်သည် နောက်ပြောင်မိလျှင် အလိုလိုနေရင်း ငါးပေးကိုးလက်မ ဖြစ်သွားနိုင်ပါလားဆိုသည့် စစ်စစ်ပေါက်ပေါက်အတွေးမျိုးဖြင့်လည်း ကိုယ့်ကိုကိုယ် အိပ်ရေးပျက်ခံသည့် သူမျိုး မဟုတ်။ မောင်ထူးနှင့်လည်း ကျောင်းဆင်းကျောင်းတက် အတူတူသွားလာသည်ကို၊ မောင်ထူးကို နှစ်သက်နေကြသော ‘ချိုချို’ ‘ညိုညို’ ‘သော်သော်’ ‘နော်နော်’ တို့က မိတောကို မျက်မုန်းကျိုးနေကြတော့လေသည်။ ထိုအုပ်စုထဲတွင် ‘သော်သော်’ နှင့် ‘နော်နော်’က အဆိုးဆုံးဖြစ်သည်။

‘နင့်ကောင်မလေးတွေ ငါ့တစ်ခုခုလုပ်နေဦးမယ်၊ ကိုယ့်ဟာကိုယ်ပြန်တော့’

‘အောင်မာ.. နင့်ဟာနင် ပြန်ပါ့လား၊ နင်.. ငါနဲ့လိုက်ပြန်နေပြီးတော့များ’

‘ဟင်… ငါက နင်နဲ့ ဘယ်တော့မှ တွဲပြန်ချင်တာ မဟုတ်ဘူး၊ အမေက နင်နဲ့ကျောင်းတူတူသွားရမယ်ဆိုလို့ဟဲ့၊ သွား… နင်အရင်ပြန်နှင့်’

‘မပြန်ပါဘူး… နင်အရင်ပြန်ပေါ့’

အဲသလို မတည့်အတူနေ မိတောနှင့် မောင်ထူးအဖြစ်ကိုတော့ မောင်ထူးအပြုံးအောက်တွင် ရုန်းထွက်မရနိုင်ဖြစ်နေကြသော အလှဖုရားမလေးတွေကတော့ မသိရှာခဲ့ပါချေ။ မောင်ထူး ဂရုစိုက်မှုကို မရလေလေ၊ သူတို့အချင်းချင်း မကျေမလည်ဖြစ်ရမည့်အစား လူမှားကာ မိတောကို တွင်တွင်ထုလေလေ ဖြစ်တော့သည်။

✿⊱╮✿⊱╮✿⊱╮

တစ်နေ့…. သစ်ပင်အောက်တွင် တရှုံ့ရှုံ့ငိုနေသော ဂျဲဂျဲကို မိတော လှမ်းတွေ့လိုက်ရသည်။

‘ဂျဲဂျဲ… ဘာဖြစ်တာလဲဟင်’

‘သော်သော်နဲ့ နော်နော်ပေါ့’

‘ဘာဖြစ်လို့လဲ’

‘ငါ့ကို အကြမ်းဆွဲတော့တာပဲဟာ’

‘ဟင်… ဘယ်လို၊ နင့်ကို အကြမ်းဆွဲတယ်’

‘အေး’

ချင်းမလေးမို့ စကားတိုးတိုးလေးပြောပြီး တရှုံ့ရှုံ့ငိုနေသည်ထား၊ ‘အကြမ်းဆွဲတယ်’ ဆိုသည့်စကားကြောင့် မိတော တော်တော်လေး ခေါင်းရှုပ်သွားလေသည်။

‘ဘယ်လိုအကြမ်းဆွဲတာတုန်း’

‘ငါ့အဖေနောက်မိန်းမယူတာကို အကြမ်းဆွဲနေကြတာ၊ ငါက သူတို့နောက်မှာ ရောက်နေတာ မသိဘူးလေ၊ ငါအကုန်ကြားတာပေါ့ဟာ’

‘ဟာ.. နင်ကလည်း… နောက်မိန်းမယူတာ လူသိရှင်ကြားယူတာပဲ၊ နင့်အဖေ တိတ်တိတ်ပုန်းမိန်းမယူထားတော့လည်း သူတို့ကိစ္စလားဟာ၊ အချိန်တွေသိပ်အားနေပုံရတယ်’

‘ဟင့်.. ဟင့်.. ရွှတ်’

‘မငိုပါနဲ့ ဂျဲဂျဲရယ်ဟာ… နော်’

‘နင်ဒီထက်သိရင် နင်တောင်ဒီထက်ငိုသွားဦးမှာ’

‘အွမ်… ဘာလို့လဲ’

‘နင့်လည်း သူတို့က အကြမ်းဆွဲတာပဲ’

‘ဘုရား…….. ငါ့ပါ အကြမ်းဆွဲကြပြီပေါ့’

‘အေး… လင်လောင်းအကြောင်းပြောနေတာလည်း ငါကြားတယ်’

‘ဟင်…. လင်လောင်း၊ ဘာလဲ.. လင်လောင်း ဆိုတာ’

‘လင်လောင်းလေ… ရွှတ်.. ရွှတ်… ဒါတောင် မသိဘူးလား၊ လင်… လောင်း… လင်… လောင်း’

‘ဘာတုန်း အဲဒါ၊ နင်ကလည်း တရွှတ်ရွှတ် နှပ်ချေးရှုံ့နေသေးတော့ ဘာမှကို နားမလည်ဘူး’

‘မောင်ထူးက နင့်ရဲ့ လင်လောင်း တဲ့’

‘ဟာ….. နင့်ဟာကလည်း ရည်းစား၊ စေ့စပ်ထားသူ.. အဲလိုလုပ်စမ်းပါ’

‘အေး… ငါတော့ လင်လောင်းပဲ သိတယ်’

‘စိတ်ညစ်လိုက်တာ…….’

မိတော ဆံရစ်ဝိုင်းလေး ပြုတ်ကျမတတ် ခေါင်းကုပ်လိုက်မိသည်။

‘ဘယ်ကလာ လင်လောင်း… အဲလေ.. ရည်းစားရမလဲဟ….’

‘ငါ.. မသိဘူး၊ အရင်တုန်းက သော်သော်နဲ့ မောင်ထူးနဲ့က ရည်းစား..၊ အခု ကွဲသွားပြီး နော်နော်နဲ့တွဲတယ်၊ နောက်တော့ ဘာတွေဖြစ်လဲ ငါ့မမေးနဲ့’

‘ဟဲ့… အဲဒါဆို သူတို့အချင်းချင်းအကြမ်းဆွဲရမှာကို… ငါ့ မဆီမဆိုင် လာအကြမ်းဆွဲနေတယ်… ဘာဖြစ်ကြတာလဲ’

‘မမေးနဲ့ဆို’

‘အွမ်…. အေးအေး… မမေးပါဘူးဟာ၊ တစ်ကယ်က စိတ်ကို မဝင်စားတာ၊ သူ့တို့ဘာသာသူတို့ ဘယ်သူနဲ့တွဲတွဲ ငါ့ကိစ္စလည်း မဟုတ်ဘူး၊ သော်သော်တို့ နော်နော်တို့နဲ့လည်း စကားတောင် ကောင်းကောင်း မပြောဖူးပါဘူးဟာ၊ ကဲ.. မငိုနဲ့တော့ ဂျဲဂျဲရယ်… ခေါင်းထဲ မထားနဲ့တော့နော်’

ဂျဲဂျဲကို ချော့မော့ခဲ့သော်လည်း လင်လောင်းကိစ္စကို မိတောတစ်ယောက် ငိုအားထက်ရယ်အားသန် ဖြစ်နေခဲ့မိသည်။ သို့သော်လည်း လူ့သဘာဝများအား နားလည်ပေးထားရင်း လင်လောင်းကိစ္စကို မေ့မေ့ပျောက်ပျောက်ထားနိုင်ခဲ့လေသည်။ အရင်လို မောင်ထူးအပါအဝင် သူငယ်ချင်းယောင်္ကျားလေးများနှင့် သားရေပင်ပစ်ခြင်း၊ အရုပ်ပစ်ခြင်းများကြားတွင် ကလေးသဖွယ် နစ်မျောပျော်ရွှင်နေခဲ့လေသည်။

ဒီလိုနှင့် တစ်နေ့တွင် ဂျဲဂျဲတစ်ယောက် ထိုင်နေကျသစ်ပင်ကြီးအောက်တွင် ငိုချင်းချနေပြန်သည်ကို ထပ်မြင်လိုက်ရပြန်လေသည်။

‘ဘာဖြစ်ရပြန်ပြီလဲ’

‘ဟိုမိန်းမတွေ အကြမ်းဆွဲပြန်ပြီ’

‘ဟင်… ဆွဲကြပြန်ပြီလား’

မိတော ဒီတစ်ခါတော့ စိတ်က တိုချင်လာနေမိပြီ။ ဆွဲနိုင်လွန်းတဲ့အကြမ်း၊ မပြီး.. မပြီးနိုင်ဘူးဟု ထင်လာတော့သည်။

‘နင်က အဲသလို သားရေပင်ပစ်၊ အရုပ်တွေသွားပစ်နေတာ ယောင်္ကျားတွေကို မြူစွမ်နေတာတဲ့’

‘ဘုရားသခင်’

‘အေး…’

‘နေဦး… နေဦး… ဘာလဲ မြူစွမ်တယ်ဆိုတာ’

‘မြူ.. ဆွမ်.. မြူ.. ဆွမ်… နားမလည်ရင် ဘာကြောင့်ဘုရားတသေးလဲ’

ဂျဲဂျဲပြောတာကို နားလည်အောင် အတင်းနားထောင်နေရသည့်အပြင်၊ ဂျဲဂျဲ အဆူအဟောက်ကိုလည်း မိတောမှာ ခံနေရသေးသည်။

‘မြူဆွယ်တာကို ပြောတာလား’

‘အေး..ဟုတ်တယ်၊ မြူဆွမ်တာကို ပြောတာ’

‘ငါ.. ဝါသနာပါရာ၊ စိတ်ဝင်စားရာကို လုပ်တာ၊ ပြောတာ၊ အော်ဟစ်ဆွေးနွေးတာ၊ ငါ့ရုပ်ရည်ကိုလည်း ကြည့်ပါဦးဟာ၊ ဆံရစ်ဝိုင်းနဲ့ ထမီဘိုသီဘတ်သီနဲ့၊ နေပူပူထဲ သားရေပင်ပစ်ရလို့ မည်းသည်းပြီး ရုပ်တောင် မပီပြင်မှုန်ဝါးဝါး’

‘အေး.. ဟုတ်တယ်၊ ငါလည်း နင့်ရုပ်ကို ကောင်းကောင်းတောင် မမြင်ဖူးတော့ဘူး၊ မည်းသည်းမှုန်ဝါးလွန်းလို့’

‘အေးလေ…’

‘အေးလေ…’

‘ဘာ… အေးလေတုန်း၊ အရေးထဲမှာ သံယောင်လိုက်နေသေးတယ်နော် ဂျဲဂျဲ’

‘အေး.. အဲသလို မှုန်ဝါးမည်းသည်းနေတာကကို မြူဆွမ် နေတာတဲ့’

‘ဟာ…. ကြံကြံဖန်ဖန်ဟာ… သူတို့ပဲတွေးတတ်တယ်၊ ငါ့မှာက ငါ့အကြောင်းနဲ့ငါ၊ ငါ့ဟာငါ နေပူထဲ မည်းသည်းပြီးနေရတာ၊ ရုပ်မပီမပြင်နေရတာကို ပျော်နေတာကို၊ သူတို့က ဒီလောက်ချောတာ၊ နုနယ်ပျိုမြစ်လှပပြီး၊ တစ်ပတ်တစ်ခါ မျက်နှာပေါင်းတင်ပြီး မျက်နှာလှလှလေးတွေကို လူတွေမြင်အောင် တစ်ပတ်တစ်ခါ ပြူတင်းပေါက်လေးတွေကနေတောင် လှမ်းမြင်ရသေး။ ငါ့လို နေပူထဲသွားလွန်းလို့ တင်းတိမ်တွေနဲ့ရုပ်ကြီးကို ဘယ်သူကကြိုက်မတုန်း’

‘မသိဘူး… အဲဒါတော့’

‘စိတ်တွေကုန်ခမ်းလိုက်တာနော်’

‘အေး.. နောက်ပြီး နင်က နင့်ကိုယ်နင့် အရပ် ငါးပေကိုးလက်မ ဆိုပြီး လူတွေကို လိုက်ကြွားနေသတဲ့’

‘ဂျဲဂျဲ.. ငါ့ကို သတ်လိုက်တော့’

‘ဟင်….’

‘အေး…. ငါ့ကိုသတ်လိုက်တော့၊ ဒီနိုင်ငံမှာ ငါးပေကိုးလက်မဆိုရင် ငါ.. ဒီတစ်သက်…. ဒီတစ်သက်’

‘ဒီတစ်သက်ဘာဖြစ်လဲ… ဟို… ဒီတစ်သက် နင်.. လင်လောင်း မရတော့ဘူးလို့ ပြောချင်တာလားဟင်’

‘အေး.. ဟုတ်တယ်၊ ဟာ… ကျွတ်၊ ဘာတွေပြောနေတာလဲ၊ စိတ်ညစ်ရတဲ့အထဲ၊ ငါ့အရပ်ဘယ်လောက်ပါလို့ တစ်ခါမှ မကြွားရပါလားဟာ… ငါ့အရပ်ဘယ်လောက်မှန်းတောင် မတိုင်းမိရပါလား၊ ကိုယ်စီးတဲ့ဖိနပ်အမြင့်ပေါ်မူတည်ပြီး သုံးလေးလက်မကတော့ အသာလေး ပြေးနေမှာပဲလေ’

‘နင့်ကိုတော့ သူတို့တော်တော်စိတ်ဝင်စားကြတယ်နော်၊ ကလေးလည်း တော်တော်ဆန်ဆန်နဲ့ ရေလည်အကြမ်းဆွဲတယ်နော်.. ’

အချစ်သည်ဝန်တိုစိတ်ဖြင့် ကလေးဆန်ဆန် အကြမ်းဆွဲစေလေသလား ဟု … အရေးထဲ မိတောမှာ ကဗျာထဆန်လိုက်မိသေးသည်။

‘တော်တော်ရှုပ်တဲ့ မိန်းမတွေဟာ၊ ဘယ်လောက်တောင် လိုက်ရှုပ်နေကြလဲ မသိဘူး… ငါ.. သူတို့ကို အရမ်းအထင်သေးမိတယ်’

‘သူတို့ရှုပ်တယ်ထား…. သူတို့အချင်းချင်း အကြမ်းဆွဲရမှာကို ငါ့ဘာလို့ဆွဲကြတာတုန်း၊ နေရင်းထိုင်ရင်းလည်း မြူဆွမ်ရသေးတယ်.. မသိတော့ဘူး’

‘မသိနဲ့… နင်လုပ်တာနဲ့ ငါတောင် ဟိုမြူဆွမ်သောက်ချင်လာပြီ’

ပြောပြောဆိုဆို ဘာစိတ်ကူးပေါက်သည်မသိ၊ မျက်ရည်များကို ထမီစနှင့်သုတ်လိုက်ပြီး ‘အိမ်ပြန်သောက်ကြရအောင်’ ဟု ဆိုကာ ဂျဲဂျဲက ကောက်ခါငင်ခါ ထသွားသဖြင့်၊ မိတောမှ အမှီလိုက်ရတော့သည်။

✿⊱╮✿⊱╮✿⊱╮

ထိုကဲ့သို့ အကြမ်းဆွဲခြင်း၊ မြူဆွမ်ခြင်းတို့၏ နောက်ဆုံးတစ်ရက်တွင်တော့ မိတော၏ သည်းညည်းခံမှုကြိုးကို ဆွဲဖြတ်ခံရမည့် နေ့တစ်နေ့ ရောက်လာလေတော့သည်။

‘ဒီမိန်းမ အလကားပါ၊ သူ့ကိုယ်သူ အရပ် ငါးပေကိုးလက်မဆိုပြီး လျှောက်ကြွားနေတာ…’

‘ကောင်လေးတွေနဲ့လည်း ဒီအရွယ်ကြီးအရုပ်ပစ်လိုပစ်နဲ့၊ အပျိုပဲ ဖြစ်တော့မယ်’

‘အပျိုဖြစ်နေလောက်ပြီပေါ့ဟ နင်ကလဲ’

‘ဒါနဲ့… နင်… သူ့အရပ် မသိမသာတိုင်းကြည့်လား ဘယ်လောက်ရှိလဲ’

‘ငါတို့နဲ့ မတိမ်းမယိမ်းပါဟာ…. ဒီလောက်လည်း မဟုတ်ပါဘူး’

‘ဟိုကောင် မောင်ထူးကလည်း မိတောမှ မိတော’

မုန့်စားချိန်လူရှင်းနေချိန်တွင် စာသင်ခန်းနှစ်ခန်းတွဲမို့၊ တစ်ဖက်ခန်းမှ မိတောတို့အကြောင်း ပြောနေသည်များကို ကြားနေရလေသည်။ သူတစ်ပါးအကြောင်းပြောရခြင်းတွင် နစ်မြုပ်မွှန်ထူနေသဖြင့် တစ်ဘက်ခန်းမှာ လူရှိနေသည်ကို သတိမပြုနိုင်ကြရှာတော့။ မိတောကတော့ မထုံတက်တေးလုပ်နေသည်တွင်၊ ဂျဲဂျဲက မိတောကို ခပ်တိုးတိုးမေးသည်။

‘နံရံမှာ နားတွေရှိတယ်ဟေ့’ လို့ အော်လိုက်ရမလား။

‘ထားလိုက်ပါဟာ’

‘မောင်ထူးကိုကြိုက်ရင် အတင်းလိုက်ပြောနေမယ့်အစား မောင်ထူးကို ရအောင်ယူပါလားလို့ ငါ အော်လိုက်မယ်နော်’

‘နင်ဟာ ပြောလေကဲလေပါလား ဂျဲဂျဲ’

ဂျဲဂျဲကိုနားချနေသောမိတော…. သူမ စကားအဆုံးတွင် သော်သော့်စကားတစ်ခွန်းကြောင့် တောင့်တောင့်ကြီး ဖြစ်သွားတော့သည်။

‘သူနဲ့တွဲတဲ့ ဟိုချင်းမကလည်း ဘာရုပ်မှ မပေါက်ဘူး’

‘အေး သူ့အဖေကနောက်မိန်းမယူသွားတာလေ၊ အမေကြီးကပဲ လုပ်ကိုင်ကျွေးမွေးနေရရှာတာ’

‘အလကားမိန်းမ’

ဂျဲဂျဲလိုရိုးရိုးအေးအေးနေသူ ချင်းမလေးကိုတောင် မချန်ဘဲ၊ သူများအိမ်တွင်းရေးများကိုပါ အရွယ်နှင့်မလိုက် စိတ်ဝင်စားတတ်လေသော ထိုအုပ်စုကြောင့်… မိတော ကိုယ့်ကိုကိုယ်သတိမမူလိုက်မိခင်တွင် ‘သော်သော်’ ‘နော်နော်’ တို့ အတင်းပြောနေသော တစ်ဖက်ခန်းသို့ လှစ်ကနဲရောက်သွားလေတော့သည်။

မိန်းမလှများသည် ခုံတန်းများပေါ်တွင် နေကြာစေ့ခွံနွှာစားကာ စိမ်ပြေနပြေအတင်းပြောနေကြလေသည်။ မိတောလည်း နီးရာ နော်နော့် အကျီ င်္ကော်လာစကို ဘယ်ဘက်လက်နှင့်စုပြီး ဆွဲကိုင်လိုက်သည်။

‘နင်တို့သိပ်လွန်နေပြီ။ ခုနက ဘာစကားပြောတာလဲ’

နော်နော့်မျက်လုံးထဲသို့ စိုက်ကြည့်ပြီး မေးလိုက်သည်။ အုပ်စုနှင့်သာကျယ်ရဲသော နော်နော့် မျက်စိသူငယ်အိမ်တို့သည် အကြီးကြီးဖြစ်နေလေတော့သည်။

‘ပြောလေ… နင်တို့ သူများအတင်းပဲ ထိုင်ပြောနေတယ်၊ ငါလည်း သည်းညည်းခံလာတာကြာပြီဟ၊ ငါ့ကိုလည်း ဟိုလူနဲ့ပြော၊ ဒီလူနဲ့ပြောနဲ့၊ မြူစွမ်… အဲလေ.. မြူဆွယ်သလေး ဘာလေးနဲ့။ ခုနက ဂျဲဂျဲကိုဘာပြောတာလဲ ပြန်ပြောပါဦး၊ ကြားချင်လို့’

အေးစက်နေသောလေသံအဆုံးတွင် ညာဘက်လက်ကိုအသာလေး မြှောက်ပြီး ‘ရှိုတိုကန်’လက်သီးဆုပ်ကလေးဖြင့် နော်နော့်မျက်နှာနားမှာ ချိန်ထားလိုက်သည်။

သော်သော်က ရင်လှိုက်ဖိုနေသောပုံစံဖြင့် ခုံပေါ်မှ ပြေလျောကျတော့မလိုဖြစ်နေသည်။ ‘ချိုချို’ ‘ညိုညို’ တို့ကလည်း တုန်တုန်ယင်ယင်ဖြစ်နေကြလေသည်။ တစ်ယောက်ခါးတစ်ယောက်ဖက်ကာ ငိုမလိုဖြစ်နေကြလေသည်။

‘ပြောလေ… နင်တို့သတ္တိရှိရင် တစ်ယောက်ချင်းစီပေါ့၊ ဂျဲဂျဲအတင်းတွေ ခုနကပြောတာတွေ အခုပြန်ပြောပါ၊ သူများအတင်းပြောရအောင် နင်တို့က အဲဒီလူအကြောင်း ဘယ်လောက်သိလို့လဲ၊ လူတစ်ယောက်ကို နင်တို့သိတဲ့ပေတံလေးနဲ့ပဲ တိုင်းပြီး ဝေဖန်ပြောဆိုနေရအောင် သိပ်ပြီးအားနေတယ်ထင်တယ်နော်’

‘ထားလိုက်ပါဟာ.. နော် မိတော၊ သွားရအောင်၊ သူတို့အလွန်က ငါတို့အလွန်ဖြစ်သွားမယ်’
ဂျဲဂျဲက အပေါက်ဝနားမှ တုန်တုန်ယင်ယင်ပြောရှာသည်။

မိတော ဂျဲဂျဲကို ဘာမှပြန်မဖြေဘဲ နော်နော့်ကိုသာ စိုက်ကြည့်နေလိုက်သည်။

‘ပြောကြလေဟာ… နောက်ကွယ်အတင်းချနေမယ့်အစား ပြောင်ပြောကြတော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား၊ လူကြီးတွေဖြစ်ကြတော့မှာပဲ၊ ကိုယ့်သိက္ခာလည်း ကိုယ်ငဲ့သင့်တယ်လေ..… အဟွန်း’

‘ငါ… ငါ… မပြောပါဘူး မိတောရယ်…’

ဒီလောက်ကြီး ဘုရား၊ ကျောင်း၊ ကန်၊ လှည်း၊ လှေ၊ မြင်းဇောင်း နေရာမချန်၊ နှုတ်ခမ်းတလန်၊ ပန်းတလန်ဖြင့် အတင်းတွေပြောနေကြပြီး၊ မျက်နှာချင်းဆိုင်မိတော့မှ မျက်ရည်တွေဝိုင်းပြီး တုန်တက်လာနေသော နော်နော့်ကို…. မိတော သနားသလိုလိုဖြစ်သွားသော်လည်း၊ မျက်နှာကို ချက်ချင်းပြန်တည်လိုက်လေသည်။ ပြီးတော့ ရှိုတိုကန်လက်သီးဆုပ်လေးကို နော်နော့်မျက်နှာနားမှာ ထောက်ကနဲအသံမြည်အောင် ညှစ်လိုက်သည်။ နော်နော်သာမက ခုံတန်းပေါ်က အလှဘုရင်မများ ပြုတ်ကျမတတ် တုန်တက်သွားကြသည်။

မိတော့ တစ်ချက် ‘ဟက်’ ကနဲရယ်လိုက်ပြီး ‘ရှိုတိုကန် လက်သီးဆုပ်ကလေး’ ကို အသာလေး ဖြေလျော့လိုက်သည်။ အကျီ င်္ကော်လာစကိုလည်း အသာလေး လွှတ်ပေးလိုက်သည်။ ကော်လာစလေးကို ပုံစံကျအောင် လက်ကလေးနှစ်ဘက်ဖြင့် ပြန်ပြင်ပေးလိုက်သည်။

ထို့နောက်…. တောင့်တောင့်ကြီးများဖြင့် မျက်စိသူငယ်အိမ်များ အကြီးကြီးဖြစ်နေကြသော၊ ရှိုက်သံသဲ့သဲ့လေးများထွက်နေသော… အလှဘုရင်မတို့အုပ်စုကို မိတောပြုံးကြည့်၊ စကားတစ်ခွန်းပြောလိုက်ပြီး အခန်းထဲမှ ထွက်ခွာလာခဲ့တော့လေသတည်း။

“နံရံမှာ နားတွေရှိတယ်နော်…. ;)

✿⊱╮✿⊱╮✿⊱╮

6 Comments »

  1. လူ့ ဘ၀ကြီးမှာ ဖြစ်ပျက်နေတဲ့ လူတွေရဲ့အကြောင်းကို သရုပ်ဖော်ပေးထားတာ အရမ်းမိုက်တယ်..ကြိုက်တယ် မလေး …ဒီစာသားလေး နံရံမှာ နားတွေ ရှိတယ် ဆိုတာ

    Comment by Anonymous — July 17, 2013 @ 8:32 am

  2. အကြမ်းမဆွဲနဲ့ ဝမ်းနည်းသွားမယ် :)

    Comment by Moe Aung San — July 17, 2013 @ 2:06 pm

  3. အိုး မိုင်ဂေါ့ အကြမ်းဆွဲတယ်။ လင်လောင်း ၊ မြူစွမ် ။ နားမလည်တာတွေ များသွားတယ် ဟိ

    Comment by Thi Dar Htun — July 17, 2013 @ 9:27 pm

  4. မျက်နှာမဲမဲတင်းတိတ်လေးတွေနဲ့ မိတော အလှကို မြင်လိုက်ရတယ်… အကြမ်းဆွဲတယ်ဆိုတဲ့ အသုံးအနှုန်းလေးကို မေ့မှာမဟုတ်တော့ဘူး…. ကြိုက်တယ်အိမ့်ရေ

    Comment by တန်ခူး — July 17, 2013 @ 9:49 pm

  5. ဟားဟား….. အကြမ်းဆွဲတယ်ဆိုတာ ဘာပါလိမ့်လို. တော်တော်စဉ်းစားလိုက်ရတယ်..
    မရောက်တာ ကြာပြီအစ်မရယ်..
    ရောက်ရောက်ချင်းဘဲ လာလည်ရတာ တန်အောင် ဖတ်လိုက်ရပါတယ်.. :)

    Comment by Tommy — July 19, 2013 @ 2:06 pm

  6. အမယ်လေး ကြိုက်တယ် ကြိုက်တယ်…တကယ်ကြိုက်တယ်…..ရယ်ရတာ အူတောင် နာတယ် မလေးရယ် အဟုတ်……..မြူဆွမ်ပြေးသောက်လိုက်ဦးမယ် ဟိ ဟိ ဟိ

    Comment by မီမီ — July 23, 2013 @ 1:07 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------