♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 3, 2013

တစ်ယောက်တည်း နေလိုသူတွေရဲ့ အကြောင်း

Filed under: my notes, အတွေးအမြင်, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 11:09 am

အချို့လူတွေဟာ လူတွေအများကြီးနဲ့ စကားပြောဆိုပြီး နေရတာကို နှစ်သက်တယ်၊ သူငယ်ချင်းတွေ အများကြီးနဲ့ နေတတ်တယ်။ သူတို့ဟာ တစ်ယောက်တည်း မနေတတ်ဘူး၊ မနေချင်ဘူး။ လူတွေနဲ့ စကားတွေပြောနေရတာကို မွေ့ပျော်တယ်။ လူတွေနဲ့ နေရလေလေ ခွန်အားတွေ ပြည့်ပြည့်လာသလို ခံစားရတတ်တယ်။

အချို့လူတွေကတော့ လူတွေအများကြီးကြားမှာ နေနေရရရင်၊ စကားသံတွေကြားထဲမှာ နေနေရရင်ကို မောဟိုက်နွမ်းနယ်လာသလိုခံစားရတယ်။ တစ်ခါတစ်လေလည်း လူတွေအများကြီးကြားထဲမှာ နေနေရင်းနဲ့ကို ဘာမှန်းမသိတဲ့ တစ်စုံတစ်ရာကို တမ်းတနေတယ်၊ လိုအပ်နေတယ်၊ လူတွေကြားထဲမှာ တစ်ယောက်တည်း အထီးကျန်သလိုခံစားနေရတယ်။ အဲဒီတမ်းတနေတဲ့ အရာဟာလည်း ဒီလူတွေကြားထဲမှာ ရှိမနေဘူးဆိုတာကို သိနေတယ်။

လူတွေအများကြီးနဲ့ နေရတာကို နှစ်သက်တဲ့သူတွေကို အားလုံးသိကြတဲ့ အတိုင်း Extrovertလို့ ခေါ်ကြပြီး၊ တစ်ယောက်တည်း နေရတာကို နှစ်သက်တဲ့ သူတွေကိုတော့ Introvert တွေလို့ ခေါ်ကြတယ်။

Extrovert တွေဟာ Introvert တွေကိုကြည့်ပြီး ပျင်းရိလာသလို ခံစားရတာတွေ ရှိနိုင်သလို၊ Introvert တွေကလည်း Extrovert တွေကိုကြည့်ပြီး အလိုလိုနေရင်း မောလာသလို ခံစားရတာတွေ ရှိမှာပါပဲ။

Introvert တွေနဲ့ Extrovert တွေရဲ့ အကြောင်းကို ဒီဘက်ပိုင်းတွေမှာတော့ အလယ်တန်းလောက်ကတည်းက အကြမ်းဖျဉ်း သင်ကြတယ်။ ဟိုတုန်းကတော့ Introvert တွေကို လူတော မတိုးသူတွေ၊ loner တွေလို့ ယူဆလေ့ရှိခဲ့ပြီး Extrovert တွေကိုတော့ လူမှုဆက်ဆံရေးတော်သူတွေ၊ ပေါ်ပြူလာဖြစ်သူတွေ၊ out-going ဖြစ်သူတွေလို့ ယူဆလေ့ရှိခဲ့တယ်။ အချို့တွေကလည်း ဘယ်လိုပြောသလဲဆိုရင် Extrovert တွေဟာ Introvert တွေဆီက စွမ်းအင်တွေကို စုပ်ယူတယ်လို့လည်း ဆိုကြတယ်။

Introvert နဲ့ Extrovert တွေကို မြန်မာတွေက ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲလို့ အနည်းငယ်လိုက်ဖတ်ကြည့်မိတယ်။
Ayar.co မှာ Extrovert ကို ဘွင်းဘွင်းပျော်ပျော်သမားလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
Introvert တွေကိုတော့ ဘာသိဘာသာနေသူများ အတွင်းစွဲ လို့ ဆိုထားတယ်။

Ornagi မှာတော့ introvert တွေကို ရှက်တတ်သူ လို့ သုံးထားတယ်။ extrovert တွေကိုလည်း ဘွင်းဘွင်းပျော်ပျော်သမားတွေလို့ သုံးထားတယ်။

နှစ်ပေါင်းများစွာလည်း ကျောင်းစာတွေမှာ အဲသလိုဆန်ဆန်အဓိပ္ပာယ်တွေနဲ့ ကလေးတွေကို သင်ထားပေးခဲ့တယ်။ ဒီဘက်တွေမှာလည်း introvert တွေကို အပေါ်မှာ ပြောခဲ့တဲ့ အတိုင်းပဲ၊ ရှက်တတ်သူတွေ၊ လူတော မတိုးသူတွေလို့ တောက်လျောက်သင်ခဲ့တဲ့ သဘောရှိတယ်။ extrovert တွေကတော့ out-going ဖြစ်တယ်၊ လူတောတိုးတယ်လို့ သင်ခဲ့တယ်။

အချိန်ကာလတစ်ခုအထိလည်း ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေ၊ ရှေ့ရောက်သူတွေကို extrovert တွေလို ဆိုကြတယ်။ နောက်ပိုင်းမှာတော့ introvert တွေနဲ့ extrovert တွေကို အဓိပ္ပါယ်ဖွင့်ဆိုမှုဟာ တဖြည်းဖြည်းပြောင်းလဲ လာခဲ့တယ်လို့ ယူဆမိတယ်။
ပြောင်းလဲဖွင့်ဆိုလာတာတွေကို လိုက်ဖတ်ရင်းနဲ့ Carol Bainbridge ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေဟာ ကိုယ့်ယူဆချက်နဲ့ တော်တော်လေးကို ကိုက်ညီနေတာ တွေ့ရတယ်။

 

သူမဟာ Extrovert တွေကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားလည်းဆိုရင်….

လူအများစုဟာ Extrovert တွေကို ပွင့်လင်းတယ်၊ အပေါင်းသင်းဆန့်တယ်လို့ ယူဆကြတယ်၊ ဒါဟာ မှန်ကောင်းမှန်မယ်လို့ သူမက ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ပြည့်စုံတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု မဟုတ်ဘူးလို့ ဆိုတယ်။ Extrovert တွေဟာ လူတွေအများကြီးနဲ့ ရောရောနှောနှောနေတတ်တယ်၊ အဲသလို လူတွေအများကြီးနဲ့ နေထိုင်ခြင်းဖြင့် သူတို့လိုအပ်တဲ့ စွမ်းအင်ကို ရရှိတယ်လို့ ဆိုတယ်။ ရွေးချယ်မှုတစ်ခုပေးမယ်ဆိုရင် extrovert တွေဟာ တစ်ယောက်တည်းထိုင်ပြီး တွေးနေမှာထက်… လူတစ်ယောက်ယောက်နဲ့ စကားသွားပြောမှာ ဖြစ်တယ်။ Extrovert တွေဟာ စကားကို တွေးနေရင်းပြောတတ်တယ်လို့ဆိုတယ်။ တွေးရင်းပြောရင်းနဲ့ ရုပ်လုံးဟာ ပိုပီပြင်လာတတ်တယ်လို့ ဆိုပါတယ်။

လူမှုရေးရာကိစ္စတွေကို ဆွေးနွေးပြောဆိုရဖို့ ဝန်မလေးပေမယ့် သူတို့နဲ့ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ လူတွေရှေ့မှာတော့ တစ်ခါတစ်လေ ပြောဖို့ခက်နေတတ်တာမျိုးတော့ ရှိတတ်တယ်လို့ ဆိုပါတယ်။

Introvert တွေကိုတော့ သူမက ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားလည်းဆိုရင် …

Introvert တွေဟာ လူတွေထင်သလို ရှက်တတ်သူတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။ Introvert ဖြစ်တာနဲ့ ရှက်တတ်တာနဲ့ တခြားစီလို့ ဆိုပါတယ်။ ရှက်တတ်တယ်ဆိုတာ nervious ဖြစ်နေတာ၊ စိုးရိမ်နေတာ က ရှက်တတ်တဲ့ သဘောတွေပါပဲတဲ့။ Introvert တွေဟာဆိုရင် တကယ်တော့ တစ်ယောက်တည်းနေခြင်းဖြင့် စွမ်းအင်တွေ ခွန်အားတွေ ရသူဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ လူတွေအများကြီးထဲရောက်သွားရင် သူတို့ရဲ့ စွမ်းအင်တွေဟာ လျော့နည်းကုန်ခမ်းသွားသလို ခံစားရတယ်လို့ ဆိုပါတယ်။
Introvert တွေဟာ စိတ်ရဲ့အတွင်းကမ္ဘာနဲ့ ပိုပြီးသက်ဆိုင်သူတွေလို့ ဆိုပါတယ်။ သူတို့ဟာ ထိုင်တွေးနေရတာကို ကြိုက်တယ်၊ ကိုယ့်အတွေးကို ကိုယ်ပြန်ပြီး မေးခွန်းထုတ်နေရတာကို ကြိုက်တယ်။ လူမှုရေးတွေကို ရှောင်လေ့ရှိတာကလည်း လူတွေများလာပြီဆိုရင် သူတို့ရဲ့ စွမ်းအင်တွေဟာ ယိုစီးထွက်ခွာသွားတယ်လို့ ခံစားရလို့လည်းဖြစ်ပါတယ်လို့ သူမက ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ လူမှုရေးညံ့ဖျင်းမှု တစ်ခု မဟုတ်ပါဘူး။ သူတို့မှာ အလွန်ကောင်းမွန်တဲ့ social skills တွေရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုပြီး လူတွေအများကြီးနဲ့ ပေါင်းသင်းဆက်ဆံနေပေမယ့် မတည့်တာတွေ၊ ရန်တွေများနေတာတွေရှိသလို၊ မိတ်ဆွေကောင်းနည်းနည်းလေးနဲ့ ဘဝကို ရိုးရှင်းစွာ လျှောက်သွားသူတွေလည်း အများကြီး ရှိပါလိမ့်မယ်။

Introvert တွေဟာ တစ်ယောက်တည်း နေချင်တယ်။ ဒါဟာ စိတ်ဓာတ်ကျနေတာ၊ အထီးကျန်ဆန်နေတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ တစ်ကယ်တော့ Introvert တွေဟာ တစ်ယောက်တည်း နေနေရတာကို ကျေနပ်နေကြသူတွေဖြစ်ပါတယ်။ သူတို့ချစ်ခင်နှစ်သက်သူတွေနဲ့ အချိန်သုံးပြီးချိန်မှာတောင်မှ တစ်ယောက်တည်းပြန်နေပြီး စွမ်းအင်တွေကို ပြန် recharge လုပ်ရတတ်သူတွေပါ။

Introvert တစ်ယောက်ဖြစ်နေရခြင်းဟာ conversation စကားပြောစရာမရှိတာမျိုး မဟုတ်ပါဘူး။ သူတို့ဟာ စကားလည်းပြောကြပါတယ်။ ဒါပေမယ့် သူတို့ပြောလေ့ရှိတဲ့ စကားတွေဟာ အိုင်ဒီယာတွေ၊ အယူအဆ ပဲ ဖြစ်တယ်။ သာမန်လူ့အသိုင်းအ၀ိုင်းက နေ့စဉ်အကြောင်းတွေကို ပြောလေ့မရှိဘူးလို့လည်း သူမက ဆိုပါတယ်။

သူမက ဆက်ပြောတာကတော့ Introvert ဆိုလည်း Introvert မို့လို့၊ Extrovert ဆိုလည်း extrovert မို့လို့ တစ်ဦးနဲ့တစ်ဦး လက်ညှိုးမထိုးသင့်ဘူးလို့လည်း ဆိုထားပါတယ်။

သာမန်လူဦးရေရဲ့ (၆၀ မှ ၇၀ ရာခိုင်နှုန်း) ဟာ Extrovert တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လည်း Majority rules ဆိုတဲ့အတိုင်း Extrovert တွေဟာ ဦးစားပေးခံရတယ်၊ သူတို့ရဲ့ အပြုမှုတွေကို လူတွေက ပိုပြီးလက်ခံကြတယ်လို့ ဆိုကြတယ်။


ဒါပေမယ့် သာမန်မဟုတ်တော့တဲ့ လူနည်းစုဖြစ်တဲ့ လူတော်တွေကို ခွဲထုတ်လိုက်ပြီး စစ်ချလိုက်တဲ့ အခါမှာတော့ အဲဒီ လူတော်အုပ်စု (gifted people) တွေရဲ့ ၆၀% ဟာ Introvert တွေဖြစ်နေကြတယ် လို့ ဆိုပါတယ်။ အတွေးခေါ်ပညာရှင်တွေ၊ လျှပ်စစ်မီးတီထွင်သူတွေ၊ လေယာဉ်ပျံတီထွင်သူတွေဟာ တစ်ယောက်တည်းနေပြီး စဉ်းစားတွေးခေါ် တီထွင်နေသူတွေပဲ ဖြစ်ပါတယ်။

ဟိုခေတ်ဟိုအချိန်က Introvert လို့ အခေါ်ခံရမှာ ရှက်ခဲ့ကြတဲ့ လူတွေဟာ အခုနောက်ပိုင်းမှာတော့ ပြောင်းလဲ ကုန်ကြပါပြီ။ Introvert တွေဟာ မိသားစုကို ချစ်တယ်၊ အပေါင်းအသင်းတွေကို ချစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ မေတ္တာကို နှုတ်စကားနဲ့ မပြတတ်ပါဘူး။ သူတို့ပတ်ဝန်းကျင်က လူမှုရေးပွဲတွေမှာလည်း သူတို့က အခြေအနေကို ထိုင်ကြည့်သုံးသပ်နေသူတွေ ဖြစ်နေတတ်တယ်။ သူတို့ချစ်တဲ့ သူတွေကို လုပ်ပေးစရာရှိတာ လုပ်ပေးပြီးနောက်… တစ်ယောက်တည်း အခန်းထဲမှာနေပြီး တိတ်ဆိတ်မှုဆိုတဲ့ အရာထံမှ တန်ဘိုးရှိတဲ့စွမ်းအင်တွေကို စားသုံးရင်း ….. ကိုယ့်အတွေးတွေကို အေးချမ်းစွာဖြင့် အရောင်ချယ်နေချင်သူများကတော့ Introvert များပဲ ဖြစ်ပါလိမ့်မယ်ရှင်….။

www.ornagi.com
www.ayar.co
http://giftedkids.about.com/od/glossary/g/introvert.htm

P Please consider the environment before printing this page

17 Comments »

  1. Carol Bainbridge ရဲ့ သုံးသပ်ချက်က ပိုပြီးတော့ အသေးစိတ်သလို ရှုထောင့်လည်း ပိုစုံပါတယ်။ အကြမ်းဖျင်းသဘော မသုံးသပ်ဘူး။ အကောင်းအဆိုးကို ချိန်ပြီး သုံးသပ်ပြသွားတယ်။ အဲဒါကြောင့်လည်း ပိုပြီး လက်ခံချင်စဖွယ် ကောင်းနေတာ ဖြစ်မယ်ဗျ။ လူမှုအဖွဲ့အစည်းမှာကျတော့ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကလွဲရင် လူတစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးနိုင်ဖို့ အချိန်သိပ်မရှိကြဘူး။ ဒီတော့ Introvert သမားတွေဟာ မပွင့်လင်းသူတွေ၊ လျှို့ဝှက်နားလည်ရခက်သူတွေ၊ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသူတွေလို့ အသတ်မှတ်ခံရပြီး အကြဉ်ခံရတာတွေလည်း ရှိတတ်တယ်။
    Extrovert သမားတွေကတော့ များသောအားဖြင့် နေရာတော်တော်များများမှာ ဦးဆောင်တဲ့နေရာကို ယူထားနိုင်လေ့ ရှိကြတယ်။
    အဓိကကတော့ ကိုယ့်မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုက်ညီမယ့် ဘဝနေပုံထိုင်ပုံကို အသက်အရွယ်အပိုင်းအခြားအလိုက် ညှိယူသွားနိုင်ဖို့ပါပဲ။
    Just my 2 cents ပါ မလေး…

    ခင်မင်စွာဖြင့်

    Y.

    Comment by Yan — June 3, 2013 @ 11:32 am

  2. နိုင်ငံရေးသမားတွေနဲ့ ကော်ပိုရိတ်စာဖား ((အများစု)) ဟာ Extrovert တွေများတယ်..။ ပညာရှင်တစ်ယောက် / ပရိုဖက်ရှင်နယ်တစ်ယောက် မဖြစ်နိုင်တော့ဘူးဆိုရင်တော့.. စကားလုံးတွေနဲ့ လမ်းဖောက်တတ်ရမယ်ထင်တယ်။
    (ရုံးက အချို့လူတွေကို သွားမြင်လိုက်လို့ပါ) သူများတွေ အင်တာဗြူး သုံးဆင့်ဖြေပြီးမှာ အဆင့်တစ်ခုကို တက်နိုင်ရင် သူတို့က အပြုံးလေးတစ်ခု၊ စကားလေးတစ်ခွန်းနဲ့ အဆင့် ၂ဆင့်လောက် ကျော်တက်သွားတာမျိုး….

    Comment by မလေး အိမ့်ချမ်းမြေ့ — June 3, 2013 @ 11:50 am

  3. Fusion ဖြစ်သွားတာလေးတွေလည်း ရှိကောင်းရှိနိုင်မယ်ထင်တယ်ဗျ. တစ်ချို့နေရာတွေမှာ Extrovert လို ပြုမူကျင့်ကြံနေထိုင်တတ်ပြီး တစ်ချို့နေရာတွေမှာတော့ Introvert တစ်ယောက်လို ဖြစ်နေတတ်တာမျိုးပေါ့.

    Comment by Yan Aung — June 3, 2013 @ 11:51 am

  4. ဟုတ်တယ်.. တစ်စုံတစ်ယောက်ဟာ အမြဲတမ်း extrovert ဖြစ်မနေသလို၊ အမြဲတမ်း introvert ဖြစ်မနေဘူး လို့ ဆိုတယ်.. အချိန်တော်တော်များများမှာ ကိုယ်ဟာဘာလဲပေါ်မှာ မူတည်နေပါလိမ့်မယ်။

    Comment by မလေး အိမ့်ချမ်းမြေ့ — June 3, 2013 @ 11:51 am

  5. သိပ်ကောင်းတဲ့ အတွေးအခေါ်စာစုလေးပါပဲ..
    လူတွေမှာ Introvert % က ဘယ်လောက် များ ပြီး ၊ Extrovert % က ဘယ်လောက်များတာပဲ ကွာတာပါ…အခုလို ခွဲခြားပြလိုက်တော့ ရှင်းသွားတာပဲ

    Comment by မြလေးသျှင် — June 3, 2013 @ 12:18 pm

  6. I’m an introvert.

    Comment by Craton Hein — June 3, 2013 @ 12:26 pm

  7. vs. a thinker

    Comment by မလေး အိမ့်ချမ်းမြေ့ — June 3, 2013 @ 12:27 pm

  8. ရုံးကလူတွေကို သွားမြင်နေလို့ပါ။ ပညာရှင်တွေက စကားသိပ်များများ မပြောဘူး၊ ပြောစရာလည်း မလိုဘူး။ သူတို့အလုပ် သူတို့လုပ်ရုံပဲ။ ကော်ပိုရိတ်သမားတွေကတော့ ဟိုလန်းလန်း ဒီလန်းလန်းနဲ့ ပြောလိုက်ရတဲ့ စကားတွေနဲ့၊ သလားလိုက်ရတဲ့ လမ်း…. လို့ မြင်မိတယ်။ ဖလန်းဖလန်းကို ထ နေတာပဲ။ သူတို့ကိုကြည့်ပြီး လူက မော နေတယ်။ အလုပ်သိပ်မလုပ်ဘဲ… စကားအပြောလေးတွေနဲ့ သူတို့လိုတဲ့လူကို အိတ်ထဲ ထည့်သွားတာတွေလည်း ရှိသေးတယ်။ ဟိုပွဲဒီပွဲဆိုလည်း သူတို့ပဲ။

    ပညာရှင်တွေကတော့ ငြိမ်ပြီး ပြုံးနေတယ်…။ စကားများများ မပြောတဲ့ လက်တွေ့သမားတွေ။
    ဒါပေမယ့်လည်း … တစ်ကယ်တမ်းစဉ်းစားရင်…
    ခုနက “ဖလန်းဖလန်းထနေတဲ့ သလားလမ်း” တွေကိုလည်း လိုတယ်။ အဖွဲ့အစည်းတိုင်းမှာ ဒီလိုလူတွေရှိရမယ်။ စကားသိပ်မပြောတဲ့ thiker တွေချည်းပဲဆိုလည်း ကမ္ဘာကြီး အိပ်မောကျသွားမယ်ထင်တယ်။

    ဒါကြောင့်.. အချုပ်အားဖြင့် ဆိုရသော်….
    လူတိုင်းဟာ Introvert ပဲဖြစ်ဖြစ်၊ extrovert ပဲဖြစ်ဖြစ်၊ သူ့နေရာနဲ့သူ မရှိမဖြစ် အသုံးကျသူတွေပါ။

    Comment by မလေး အိမ့်ချမ်းမြေ့ — June 3, 2013 @ 12:27 pm

  9. နိုင်ငံရေးသမားတိုင်း Extrovert မဟုတ်ပါဘူး ဗျာ … သာမန်ကြည့်လိုက်ရင် အဲလို ထင်စရာ ရှိတာပါ … ကျနော့်အမြင်တော့ introvert တွေ များပါတယ် …

    Comment by Aung Khin Myint — June 3, 2013 @ 12:27 pm

  10. တမင်ကွင်းထဲမှာ ((အများစု)) လို့ သုံးထားပါတယ်… မြန်မာပြည်နိုင်ငံရေးကို လုံးဝ touch မလုပ်ထားပါ.. မလေးတို့ ရပ်ကွက် (ကနေဒါရပ်ကွက်) က MLA တွေကတော့ စကားလေးတွေနဲ့ လှည့်ဖျားသွားတာပါပဲ…ပြီးတော့ ပြည်သူလူထုရဲ့ငွေတွေကို သဲ့ယူတော့တာပါပဲ။

    နိုင်ငံရေးလည်း သိပ်တော့ မသိပါဘူး… တော်လှန်ရေးသမားတွေကတော့ ပိုပြီး straight forward ဖြစ်မယ် ထင်ပါတယ်။

    Comment by မလေး အိမ့်ချမ်းမြေ့ — June 3, 2013 @ 12:28 pm

  11. ကိုယ့်ကို ကိုယ်တောင် အထင်ကြီးမိတော့မယ်..။ တစ်ယောက်တည်း အခန်းထဲ စာတွေဖတ် ဖြစ်နေတဲ့ အချိန်က ပိုများတယ်လေ..။ သူငယ်ချင်းတွေကြားမှာ ကိုယ်က နားထောင်သူပေါ့..။ Introvert ရော Extrovert သူ နေရာနဲ့ သူ၊ သူ့ တန်ဖိုးနဲ့ သူ တော့လဲ ရှိနေတာပဲ နော်..။

    Comment by Thwin — June 3, 2013 @ 8:37 pm

  12. Introvertနဲ့ Extrovert အကြောင်းသိလိုက်ရတယ်။ လူတစ်ယောက်မှာ နှစ်မျိုးလုံးလဲ ရှိနေနိုင်တယ်လို့ တွေးမိတယ်။ တစ်မျိုးခြင်းစီမှာလဲ Introvertနဲ့ Extrovertတွေဆီမှာ ရှိနေနိုင်တဲ့ အားသာချက်အားနည်းချက်တွေ ပါဝင်ဒွန်တွဲနေနိုင်မယ်လို့ ထင်မိတယ်။ လုံးလုံးသီးသန့်ကြီးဖြစ်နေသူရယ်လို့ မရှိဖူးလို့တော့ ဥာဏ်မှီသလောက် တွေးမိတာပဲ မလေးရယ်..။ စိတ်ဝင်စားစရာ ဆောင်းပါးလေးပါ။

    Comment by မြသွေးနီ — June 4, 2013 @ 2:45 am

  13. မလေးရဲ့ Introvert နဲ့ Extrovert ကို ဖွဲ့ဆိုထားတဲ့ အမြင်လေးတွေ နှစ်သက်မိတယ်..။ ဒီနှစ်ခုထဲက disadvantage တွေကို ဖယ်ပြီး ကောင်းတာတွေကို ကိုယ့်ရဲ့ lifestyle ထဲ ခေါ်သွင်းဖို့ ကြိုးစားရမယ်.. :)

    Comment by johnmoeeain — June 4, 2013 @ 6:37 am

  14. မလေးပြောမှပဲ သေသေချာချာ နားလည်ရှင်းလင်းသွားတော့တယ် :)

    Comment by မိုးနတ်ကြယ်စင် — June 4, 2013 @ 6:44 am

  15. ပြင်ပရောက်ချိန်မှာ Extrovert ဖြစ်ပြီး အိမ်မှာနေဖြစ်တဲ့အခါ Introvert ဖြစ်နေတတ်တာလည်း ရှိမယ်ထင်ပါရဲ့…

    Comment by ငြိမ်းစိုးဦး — June 6, 2013 @ 9:48 pm

  16. သေချာတာတော့ Introvert တစ်ယောက်ဖြစ်နေတယ်…:)

    Comment by witlay — July 16, 2013 @ 12:52 am

  17. Extrovert ပဲဖြစ်​ဖြစ်​ introvertပဲဖြစ်​ဖြစ်​ ကိုယ့်​ပတ်​ဝန်းကျင်​ကို အကျိုးပြုရင်​ ၂မျိုစလုံး​ကောင်းပါတယ်​။

    Comment by ​မေဝါ — April 16, 2015 @ 12:15 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------