♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

April 30, 2013

တိရိစ္ဆာန်ရုံ

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 9:17 pm

တိရိစ္ဆာန်ရုံဆိုတာနဲ့ မလေးတစ်ယောက်တော့ တိရိစ္ဆာန်ရုံအကြောင်းရေးတော့မယ်လို့ ထင်ကြတော့မယ်ထင်ပါတယ်။ ဒါပေမယ့် အခုတော့ မရေးသေးပါဘူး။

(( လူတွေကို တိရိစ္ဆာန်တွေရဲ့အပြုအမှုတွေနဲ့ နှိုင်းယှဉ်ရေးသားလေ့ရှိတဲ့ စာတွေကို မလေး သဘောကျတယ်။ လူတွေရဲ့ အခြေခံရုပ်တွေကလည်း တိရစ္ဆာန်အချို့နဲ့ သွားတူနေတတ်တယ်။ ဥပမာ.. သမ္မတဂျော့ဘွတ်ရှ်ဆိုရင် မျောက်ရုပ်အခြေခံရှိတယ်။ ဆာရာဂျက်စီကာပါကာဆိုရင် မြင်းရုပ်အခြေခံရှိတယ်။ အဲသလိုပဲ လူတွေရဲ့ အပြုအမူတွေဟာလည်း တိရစ္ဆာန်တွေရဲ့ အပြုအမူတွေကို အခြေခံနေတာမျိုးကိုလည်း မြင်ရတတ်တယ်။

ဒီဘက်နိုင်ငံတွေမှာ တိရစ္ဆာန်တွေနဲ့ နှိုင်းရင် သိပ်ပြီးမကျေမနပ်ဖြစ်ကြတာမျိုးကို မတွေ့ရတတ်ဘူး။ ငယ်ငယ်တုန်းကဆိုရင် ရုပ်ရှင်တွေထဲမှာ လူဆိုးလူမိုက်တွေကို “ခွေးကြီး” “နွားကြီး” စသဖြင့် အော်ဟစ်လက်ညှိုးထိုးတတ်တယ်။ အဲဒါဆိုရင် သိလိုက်ပြီ။ တိရစ္ဆာန်နဲ့ နှိုင်းခံထိသူဟာဖြင့် လူဆိုးလူမိုက်ပဲ ဆိုတာကိုပါ။ ဒီဘက်တွေမှာတော့ သားသမီးကိုအမွေမပေးဘဲ၊ အိမ်ကခွေးကို အမွေပေးတဲ့အဖြစ်တွေဟာ မဆန်းတော့တဲ့ အဖြစ်တွေဖြစ်တဲ့အပြင်…. “ဒီနေ့တော့ဖြင့် မင်းကိုကြည့်ရတာ.. မင်းအိမ်ကခွေးမလေးနဲ့ တူတယ်နော်၊ လည်စည်းလေးနဲ့” လို့ သူငယ်ချင်းတစ်ယောက်ယောက်ကို ပြောမိရင် အပြောခံရတဲ့ သူငယ်ချင်းဟာ စိတ်မဆိုးတဲ့အပြင် မျက်နှာကြီးဖြီးပြီး ပိုပြီးပျော်နေတတ်ဦးမှာဖြစ်ပါတယ်။ ပြောသူရဲ့ ရင်ထဲကဆိုလိုရင်းနဲ့ ခံယူသူတွေရဲ့ ယဉ်ကျေးမှု အခြေခံတွေပေါ်မှာ မူတည်ပြီး တိရစ္ဆာန်နဲ့ နှိုင်းခံရတဲ့အခါ နာခြင်း-သာခြင်း ခံယူချက်တွေက ကွဲလွဲကြပါလိမ့်မယ် ))

ဒီနေ့ စာအုပ်လေးတွေရှင်းရင်းနဲ့ “Human Relations and Your Career” ကို ရေးတဲ့ “David W. Johnson” ရဲ့ စာလေးထွက်လာပါတယ်။

အဲဒီစာထဲက အကြောင်းကတော့ conflict resolution သဘောမျိုးပါပဲ။ စာထဲမှာ ရုံးတွေမှာ သဘောထားကွဲလွဲမှုတွေဖြစ်လာတဲ့အခါမှာ လူတွေဟာ

တိရစ္ဆာန်တွေရဲ့အခြေခံသဘောတရားပုံစံတွေနဲ့ တွေးခေါ်ပြုမှုတတ်တာလေးတွေကို ရေးထားတာပါ။
သဘောထားကွဲလွဲမှုဆိုတာက လုပ်ငန်းခွင်တွေချည်းမှာပဲ ရှိတတ်တာ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေ ထဲမှာ၊ ဆွေမျိုးတွေထဲမှာ၊ မိသားစုအတွင်းထဲမှာ၊ လူတွေရယ်လို့ စုစည်းမိလိုက်တာနဲ့ အဖွဲ့အစည်းတိုင်း၊ အသိုင်းဝိုင်းတိုင်းမှာ ရှိကြပါတယ်။

သဘောထားကွဲလွဲမှုနဲ့ မကြုံဖူးသူ မရှိပါဘူး။ သဘောထားကွဲလွဲမှုနဲ့ တစ်ခါမှ မကြုံဖူးဘူးဆိုရင်တော့ ထိုသူဟာ ဘုန်းကြီးကျောင်းမှာ ဝစီပိတ်ကျင့်နေတဲ့ အုပ်စုထဲမှာ နေနေသူပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီလိုတစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောဘဲ ဝစီပိတ်ကျင့်နေကြတယ်ဆိုရင်တောင်မှ သဘောထားကွဲလွဲမှုဆိုတာ ရှိနေဦးမယ်လို့ မလေးတော့ မြင်မိပါတယ်။ တစ်ယောက်က အိုက်နေချိန်မှာ တစ်ယောက်က ချမ်းနေမယ်၊ တစ်ယောက်က အိပ်ချင်နေချိန်မှာ၊ တစ်ယောက်က တရားနားထောင်ချင်မယ်၊ အဲဒီမှာ အမူအယာတွေနဲ့ပြပြီး သဘောထားကွဲလွဲမှုတွေတောင် ရှိနေနိုင်ကြပါတယ်။

သဘောထားကွဲလွဲမှုဟာ ပြဿနာမဟုတ်ပါဘူး လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
သဘောထားကွဲလွဲမှုကို မကိုင်တွယ်တတ်ကြတာကမှ ပြဿနာပါ… တဲ့။

ဆောင်းပါးရှင်က သဘောထားကွဲလွဲမှုကို ကိုင်တွယ်ဖြေရှင်းတဲ့ စတိုင် ငါးမျိုးကို ရေးထားတာဖြစ်တယ်။ သဘောကျလို့ ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်။ သိပြီးသားလည်း ဖြစ်ကြမှာပါ။ မဖတ်ရသေးသူများတွက် ရည်ရွယ်ပါတယ်။

လိပ်စတိုင်

ဒီလိုလူမျိုးတွေဟာ သဘောထားကွဲလွဲမှုကို လုံးဝဖြေရှင်းဖို့ မကြိုးစားသူတွေပါပဲ။ ပြဿနာဖြစ်နေတဲ့ နေရာကနေ ထွက်သွားတဲ့သူများဖြစ်သလို၊ အဲဒီအကြောင်းကို လုံးဝမပြောကြသူများပါပဲ။ ဒီလိုလူမျိုးတွေဟာ lose-lose scenario နဲ့ရင်ဆိုင်ရသူများဖြစ်တယ်။ အဲဒီလူတွေဟာ ဘာမှအမြတ်မရသလို၊ သူနဲ့ပြဿနာဖြစ်သူတွေမှာလည်း ပြဿနာရှင်းမသွားလို့ တန်းလန်းကြီးကျန်ခဲ့တဲ့ အနေထား ရှိတတ်ကြပါတယ်။

လိပ်စတိုင် ပြဿနာဖြေရှင်းနည်းဟာ အဆိုးချည်းပဲတော့လည်း မဟုတ်ပါဘူး။ အသေးအမွှားပြဿနာတွေကို လိပ်စတိုင်ကို အသုံးပြုခြင်းဖြင့်၊ ဥပေက္ခာပြုပြီး မျက်နှာလွှဲတာမျိုးလုပ်ခြင်းဖြင့် ပြဿနာကို ပပျောက်သွားစေနိုင်တာမျိုးလည်း ရှိပါတယ်။

ဝက်ဝံစတိုင်

ဝက်ဝံစတိုင် (teddy bear) လို့ ဆောင်းပါးရှင်ကသုံးထားပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မိန်းကလေးတွေမှာ တော်တော်များများက ဝက်ဝံရုပ်လေးတွေ ရှိတတ်ပါတယ်။ ဝက်ဝံတောင်မှ တစ်ကောင်တည်းမဟုတ် ရှိတတ်တယ်။ ကြက်၊ ခွေး၊ ကြောင်၊ ဝက်၊ နွားရုပ် အိပ်ရာအပြည့်ရှိတတ်တယ်။ ဘာကြောင့်လဲလို့မေးလာရင်တော့လည်း မဖြေတတ်ပါဘူး။ မိခင်စိတ်ကြောင့် ကလေးတွေတပြုံကြီးနဲ့အိပ်ချင်တဲ့မိခင်စိတ်ကလည်း တစ်ခုအပါအဝင်ဖြစ်လိမ့်မယ်လို့ပဲ ဆိုပါရစေ။ အချို့ဆို အိမ်ထောင်ကျကာမှ တစ်သက်လုံးဖက်အိပ်လာရတဲ့ ဝက်ဝံရုပ်ကို တစ်နေရာရာသွားထားရလို့ ကြေကွဲကြရတာမျိုးလည်း ရှိတတ်ကြပါတယ်။ အဲသလိုဝက်ဝံရုပ်တွေရဲ့ သဘောသဘာဝဟာ အချစ်ခံရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းပါးရှင်ဟာ ဝက်ဝံစတိုင် လို့ သုံးထားတာဖြစ်လိမ့်မယ် ထင်ပါတယ်။

ပြဿနာဖြစ်လာပြီဆိုရင် အချို့က ဝက်ဝံစတိုင်နဲ့ နေပါတယ်။ သူများအမုန်းမခံဘူး။ အချစ်ခံနေရရင်ပြီးရောဆိုတော့ ရှိပြီးသား အခြေအနေကို ပျက်စီးမသွားစေဘူး။ အဲဒီတော့ တစ်ဘက်ကပဲ အနိုင်ရပါတော့တယ်။ အဲဒီအခါမှာ ကိုယ်ကချည်းပဲ “ရှုံး” နေပြီး တစ်ဘက်ကချည်းပဲ “နိုင်” နေတဲ့အခါ… တစ်နေ့မှာတော့ အရှုံးချည်းပဲ ခံနေတဲ့ ဝက်ဝံဟာ ထပေါက်ကွဲတတ်တဲ့ သဘောရှိပါတယ်။ တောခိုသွားတဲ့အတွက်လည်း အဲဒီဝက်ဝံကို ပြန်တွေ့ချင်မှ တွေ့ရပါတော့မယ်။

ငါးမန်းစတိုင်

ငါးမန်းစတိုင်ကတော့ ပြဿနာဖြစ်နေတဲ့ နေရာကို အသားစားငါးမန်းလို သွားဖြဲပြီး တဟုန်ထိုး ကူးခတ်သွားလိုက်တဲ့ စတိုင်ပါပဲ။ ငါးမန်းတွေဟာ ပြဿနာကို တမင်ဖြစ်စေချင်တဲ့ သဘောရှိတယ်။ ပြဿနာဆိုတဲ့ သွေးနံ့ရတာနဲ့ အဲဒီနေရာကို ကူးခတ်လာပြီး အားလုံးကို ကိုက်တော့တာပါပဲ။ ငါးမန်းစတိုင် သမားတွေဟာ ကြမ်းတမ်းတဲ့နှုတ်စကားတွေနဲ့ တိုက်ခိုက်တတ်တယ်လို့ဆိုပါတယ်။ အမြဲတမ်း သူတို့က အနိုင်ရချင်ပြီး၊ တစ်ဘက်ကို အမြဲ ရှုံး စေချင်တဲ့ သူတွေဖြစ်ပါတယ်။

ငါးမန်းစတိုင်ကို သုံးသူတွေအနေကို ဆောင်းပါးရှင်က သတိပေးထားတာကတော့၊ တစ်နေ့မှာ ကိုယ်တိုင် ကျောက်ဆောင်ကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့်နေ့ရောက်လာမယ်ဆိုတာကို သတိပေးထားပါတယ်။
ငါးမန်းစတိုင်သုံးသူတွေနဲ့ မကြာခဏဆုံရသူတွေကိုလည်း အကြံပေးပါတယ်။ ဒီလို ကမူးရှုးထိုးငါးမန်းတွေကို ကိုယ်လည်းပဲ ငါးမန်းစတိုင်နဲ့ ပြန်လည်တန်ပြန်သုံးသင့်ရင် သုံးရမှာဖြစ်တယ်လို့ အကြံပေးထားပါတယ်။

မြေခွေးစတိုင်

မြေခွေးလို့ ဆိုလိုက်တာနဲ့ ပြဿနာကို ကောက်ကျစ်စဉ်းလဲစွာ ကိုင်တွယ်တော့မယ်လို့ အချို့စာဖတ်သူတွေအနေနဲ့ တွေးမိလိုက်ကြမယ်ထင်တယ်။ ဒီမှာတော့ မြေခွေးကို ပြဿနာကို အတိုင်းတာတစ်ခုထိ ဖြေရှင်းနိုင်သူအနေနဲ့ ရေးထားပါတယ်။ အခုနောက်ပိုင်းစာတွေမှာလည်း မြေခွေးကို စင်တင်လာပြီး ပညာရှိအနေနဲ့ပုံဖော်လာကြတာကို သတိပြုမိပါတယ်။ မြေခွေးစတိုင်နဲ့ ပြဿနာဖြေရှင်းသူတွေဟာ ကိုယ်လိုချင်တာ-သူလိုချင်တာ မျှဝေရရှိတဲ့ သဘောပါပဲ။ ပြဿနာတစ်ခုကို လွယ်လွယ်နဲ့ရေတိုဖြေရှင်းနိုင်တဲ့ သဘောမျိုးပါပဲ။

ဇီးကွက်စတိုင်

ဇီးကွက်စတိုင်ကတော့ နှစ်ဦးနှစ်ဘက်လုံး အကျိုးရှိမယ့် win-win အခြေအနေတစ်ခုရအောင် လုပ်တာမျိုးပါပဲ။ ပြဿနာဖြစ်နေသူတွေအားလုံး တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်းနဲ့ နှစ်ဦးနှစ်ဘက် အကျိုးရှိသွားအောင် လုပ်ဆောင်ကြတာကိုပြောခြင်းပါ။ ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုတွေရှိလို့ အချိန်ကြာပေမယ့် နောက်ဆုံး win-win situation ကို ရရှိသွားတဲ့ သဘောပါပဲ။ ဒါပေမယ့်လည်း အသေးအမွှားပြဿနာလေးတွေမှာ
ဇီးကွက်စတိုင်ဖမ်းနေရင်ဖြင့်၊ ဖြေရှင်းတဲ့အဆင့်မရောက်ဘဲ အချိန်ကုန်နေတာနဲ့ပဲ အဖတ်တင်နေတတ်တာကိုလည်း သတိပြုဖို့ ဆိုထားပါတယ်ရှင်။

အဲသလို…. ကိုယ်က လိပ်၊ သူက ငါးမန်း၊ ဟိုတစ်ယောက်က မြေခွေး၊ နောက်တစ်ယောက်က ဝက်ဝံ… စတိုင်တွေအမျိုးမျိုးနဲ့ ပြဿနာတွေဖြေရှင်းနေကြရတဲ့ လူ့အသိုင်းအဝိုင်းတွေကို ကြည့်ရင်းကြည့်ရင်း
တိရိစ္ဆာန်ရုံကြီးတစ်ခုအနေနဲ့ မြင်လာမိတော့တာပါပဲရှင်….။

(အောက်ဆုံးက နိဂုံးကိုရေးနေရင်းမှာ အပေါ်က နိဒါန်းအရှည်ကြီးကို အမြန်ပြန်ပြင်ရေးရခြင်းအကြောင်းကိုတော့ စာဖတ်သူတွေ ခုလောက်ဆို သဘောပေါက်လိမ့်မယ် ထင်ပါတယ်၊ အချို့ယဉ်ကျေးမှုတွေက တိရိစ္ဆာန်တွေကို နှိမ့်ချပြီး တိရိစ္ဆာန်နဲ့ နှိုင်းရင် ရိုင်းတယ်ထင်တတ်ကြပါတယ်။ ဘဝဆိုတာရှိခဲ့ရင်တောင်…. တိရိစ္ဆာန်ဘဝတွေကိုရောက်မှာတောင် ကြောက်ကြတယ်။ အချို့ယဉ်ကျေးမှုတွေကတော့ လှည့်စားတတ်ပြီး ဥာဏ်နီဥာဏ်နက်အမျိုးမျိုး၊ ယုတ်မာကောက်ကျစ်မှုအမျိုးမျိုးနဲ့ လူသားတစ်ဦးဖြစ်နေရတာထက်၊ ဥာဏ်လည်းသိပ်မရှိလို့ မကောက်ကျစ်တတ်တဲ့ ရိုးရိုးသားသား ငှက်တစ်ကောင်ဘဝကမှ ပိုပြီး အကုသိုလ်ကင်းသေးတယ်လို့ ယူဆတတ်ကြပါသေးတယ်။ အချို့ယဉ်ကျေးမှုတွေက ဠင်းတတွေကို သူယုတ်မာငှက်လို့ တင်စားချိန်မှာ၊ အချို့တွေကတော့ အသေကောင်တွေကို ဖျောက်ဖျက်ပေးတဲ့ လူတွေရောဂါမရအောင် အပုတ်အသိုးတွေကို ရှင်းလင်းပေးတဲ့၊ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်ကို လုပ်ပေးတဲ့ သန့်ရှင်းရေးဌက်များအနေနဲ့ မြင်ကြပါတယ်။ သိပ္ပံသဘောအရလည်း တိရိစ္ဆာန်တွေ၊ အကောင်ပလောင်တွေဟာ အီကိုစနစ်အတွက် အလွန်အရေးကြီးတဲ့ သက်ရှိအရာတွေပါပဲ။

ကိုယ်တွေရပ်တည်နေတယ်ဆိုတာ သူတို့ကြောင့် ပါပါတယ်။ အဲသလို အီကိုစနစ်ထဲက အရေးကြီးတဲ့အခြားသက်ရှိတွေကို မမြင့်မြတ်ဘူးဆိုရင်တောင် နိမ့်ကျလွန်းစာ ဥပမာတွေနဲ့ ပြောခဲ့ကြတဲ့ ခေတ်ကလည်း သူ့ခေတ်နဲ့သူတော့ မှန်ပါလိမ့်မယ်။ ဒါပေမယ့် မလေးအမြင်ကတော့ တိရိစ္ဆာန်တွေဟာလည်း သူ့အကြောင်းနဲ့သူ၊ သူ့တန်ဘိုးနဲ့သူ မြင့်မြတ်သင့်သလောက် မြင့်မြတ်ကြပါလိမ့်မယ်။ ဒါကြောင့်….. ကိုယ်ကြီးပြင်းလာရာ၊ ရင်းနှီးကျွမ်းဝင်လာရာ ပတ်ဝန်းကျင်ရဲ့အယူအဆပေါ်မှာ မူတည်ပြီး၊ တိရိစ္ဆာန်တွေကို နိမ့်ကျတယ်လို့ မယူဆတဲ့ သူတွေအတွက် ဒီခေါင်းစဉ်ဟာ ဘာမှ မဖြစ်နိုင်ပေမယ့်၊ အချို့အယူအဆထဲကလူတွေ တစ်မျိုးထင်မှာစိုးလို့၊ တိရိစ္ဆာန်နဲ့ နှိုင်းရပါသလားလို့ ဖြစ်မှာစိုးလို့ ခုလို နိဒါန်းနဲ့ နိဂုံးအရှည်ကြီး ရေးရပါတော့တယ်ရှင်..။ )

It can be a total zoo out there & I love being in that zoo………း))

ခင်မင်စွာဖြင့်…
မလေး


10 Comments »

  1. မလေးရဲ့ ပို့စ်လေးကို ဖတ်နေချိန်မှာ ကျွန်တော့်ခေါင်းတွေ ခန္ဓာကိုယ်ထဲကို ကျုံ့ဝင်သွားလိုက်၊ လက်သည်းခြေသည်းတွေ ရှည်ထွက်လာလိုက်၊ တစ်ခုခုကို ကိုက်ချင်လာသလိုလို သွားတွေက တလှုပ်လှုပ်တရွရွ ဖြစ်လိုက်၊ မျက်လုံးကြီး ပြူးလာလိုက်နဲ့ Gym မသွားဘဲ Work Out တော်တော်လေး လုပ်ဖြစ်လိုက်တယ်. :)

    ကိုယ့်ကိုယ်ကို ဘယ်လိုမျိုးလဲဆိုတာလေး ရိပ်ခနဲ တစ်ချက်ပြန်ကြည့်ဖို့ အတွေးလေးတစ်စ ပေးလိုက်တဲ့အတွက် ကျေးဇူးပါ မလေးရေ…

    မလေးကရော ဘာကောင်လဲ… (မင်းက ဘာကောင်လဲဆိုပြီး စိန်ခေါ်ခြင်း မဟုတ်ပါ. ပို့စ်အရ ပြန်မေးခြင်းသာ ဖြစ်ပါသည်) အဟတ်ဟတ်..

    Y.

    Comment by Yan — April 30, 2013 @ 9:42 pm

  2. တိရိစ္ဆာန်ရုံ ထဲ ရောက်သွားတော့ ကိုယ်ဘယ်လို လူမျိုးလဲ ဆို တာ စဉ်းစားဖို့ လိုတယ်လို့  တွေးမိတယ်..။ ဇီးကွက် စတိုင်က အကောင်းဆုံးပေါ့နော်..။ Win-Win အခြေအနေရအောင် ဖြေရှင်းတာဆိုတော့ အကောင်းဆုံးပေါ့..။ နှစ်ဦးနှစ်ဘက်လုံး အကျိုးရှိအောင် ပြဿနာဖြစ်နေသူတွေအားလုံး တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်ကြတာဆိုတော့ တစ်ကယ့် ကို အကောင်းဆုံးဖြေရှင်းနည်းပဲနော်..။ ဒီနေ့ ကစပြီ အတက်နိုင်ဆုံး ဇီးကွက် စတိုင်နဲ့ နေနိုင်အောင် ကြိုးစား ရတော့မယ်…။

    Comment byွှThwin — April 30, 2013 @ 10:54 pm

  3. ကျွန်တော်ကတော့ ကိုယ့်စတိုင်နဲ့ကိုယ်ပဲ…:P
    တကယ်ပြောတာ။

    ခင်မင်ခြင်းအားဖြင့်…
    ဏီလင်းညို

    Comment by ဏီလင်းညို — May 1, 2013 @ 5:00 am

  4. စာဖတ်သူတို့ စတိုင်လေးတွေဖတ်ရင်း ကိုယ်စီအတွေးနဲ့ ကိုယ့်ကိုယ်ကို သုံးသပ်ဆုံးဖြတ်စေတဲ့
    တွေးတောမှုလေးတွေ ရအောင်ဖန်တီးတဲ့ မလေးကို ချီကျူးပါတယ်း) စတိုင်အမျိုးမျိုး စိတ်ဝင်စားစရာကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — May 1, 2013 @ 6:37 am

  5. ဒီစာကို ဖတ်ပြီးသကာလ ကိုယ့်ကိုယ်ကို ဘာကောင်လေးဖြစ်လိမ့်မလည်းလို့ တွေးနေမိတယ် မလေးရေ…းဝ)

    Comment by Anonymous — May 1, 2013 @ 6:52 am

  6. Thanks for sharing, ma lay! I haven’t read the article yet. :)

    Comment by ဇွန်မိုးစက် — May 1, 2013 @ 7:43 am

  7. မလေးရဲ့ Animal Farm က စိတ်ဝင်စားဖို့ ကောင်းတယ်…၊
    ပြဿနာရဲ့ အတိမ်အနက်နဲ့ ရင်ဆိုင်ရသူပေါ် မူတည်ပြီး အကောင်တွေ အမျိုးမျိုး ပြောင်းသွားတဲ့ ဖြေရှင်းနည်းမျိုးက အကောင်းဆုံးများ ဖြစ်မလားပဲ…။း)

    Comment by ညီလင်းသစ် — May 2, 2013 @ 1:21 pm

  8. ဒီပို့စ်ဖတ်ပြီး ငါ ဘာအကောင်နဲ့ တူပါလိမ့်လို့ ဖြစ်သွားတယ် တစ်ခြားအကောင်တွေကော ဘာရှိသေးလဲ :P

    Comment by မောင်မျိုး — May 2, 2013 @ 8:51 pm

  9. very good :) I have manner as like as bear…..:) so true :)

    Comment by Anonymous — May 6, 2013 @ 7:50 am

  10. မမမ

    Comment by Anonymous — May 7, 2013 @ 9:38 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------