♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 2, 2013

ကြယ်ပျံတစ်စင်းအကြောင်း

Filed under: နက္ခတ်တ္တဗေဒ (Astronomy), my notes — အိမ့်ချမ်းမြေ့ @ 1:42 am

မြန်မာပြည်ရဲ့ လှပတဲ့ ကမ်းရိုးတန်းတွေ၊ သောင်ပြင်တွေ၊ နောက်ပြီး ပုဂံလို ကြိုက်ထီးရိုးလို နေရာတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေဟာ ကင်မရာတွေနဲ့ နေဝင်၊ နေထွက်တွေကို ဒုက္ခခံပြီး ကြည့်ကြ ဓာတ်ပုံရိုက်တတ်ကြပါတယ်။ အထူးသဖြင့် အအေးပိုင်းတိုင်းပြည်ကလူတွေနဲ့ နက္ခတ်တာရာတွေကို စိတ်ဝင်စားတဲ့ သူတွေအတွက်က မြန်မာပြည်လို နေရာမျိုးဟာ အလွန်စိတ်ဝင်စားဖွယ်နေရာဖြစ်ပါတယ်။ ကျမ မြန်မာပြည်ကို ရောက်တိုင်းလည်း နေဝင်တာနဲ့ နေထွက်တာကို ဓာတ်ပုံရိုက်ဖြစ်အောင်တော့ ရိုက်တယ်။ အထူးသဖြင့် ကျိုက်ကလို့ ကျိုက်ကလဲ့ဘုရားတွေပေါ်က နေဝင်တာကို ဘာရယ်မဟုတ် နှစ်သက်မိတယ်။

မြန်မာပြည်ရဲ့ကောင်းကင်ပြင်ဟာ အများအားဖြင့် ကြည်လင်နေတာများတယ်။ ညချမ်းတွေမှာ ဘုရားတွေပေါ်မှာ ဆည်းလည်းသံလေးတွေကို နားဆင်ပြီး၊ လေတဖြူးဖြူးကြားက ကောင်းကင်ကို မော့ကြည့်ရတာလောက် သာယာငြိမ်းချမ်းတာ မရှိပါဘူး။ ဒီလိုညကောင်းကင်ယံမျိုးကို မြင်ချင်လွန်းလို့ ဒီဘက်ကလူတွေဟာဆိုရင် နွေရောက်ဖို့ကို လည်ပင်းရှည်မတတ်မျှော်ရပါတယ်။ တောင်ပေါ်ကိုခရီးသွားရမယ်၊ အလင်းရောင် သိပ်များတဲ့ မြို့ပြနဲ့ဝေးရာကို ကားတစ်စင်းနဲ့ ၂နာရီလောက် မောင်းရင်လည်း မောင်းရတတ်ပါတယ်။

နောက်တစ်ခုက ပန်းနုရောင်သန်းတဲ့ နေဝင်ဆည်းဆာ။ အဲဒါကို Venus Belt လို့ခေါ်ပါတယ်။ အဲသလို ညနေနေဝင်ရီတရော ကောင်းကင်က အပြာရင့်နု ခရမ်း ပန်းရောင် ရောယှက်သန်းနေတာမျိုးကို မြန်မာပြည်မှာက ညနေတိုင်းလိုလိုကို မြင်ရတတ်တော့ ဘယ်သူကမှတောင် ဂရုမစိုက်တော့ပါဘူး။ ဒီဘက်မှာတော့ နွေကူး နဲ့ နွေရာသီတွေမှာ မြင်ရတတ်ပါတယ်။ မြန်မာပြည်မှာကတော့ ကောင်းကင်မှာ ကြယ်တံခွန်ဖြတ်သွားနေလား၊ ကြယ်ကြွေနေလား၊ ဥက္ကာပျံနေလား အေးအေးဆေးဆေးကြည့်နိုင်ဖို့ရာ ရာသီဥတုက အခြေအနေပေးရုံ မကပါဘူး၊ light pollution အလွန်နည်းတဲ့အတွက် နက္ခတ်တာရာတွေကို စိတ်ဝင်စားသူတွေအတွက်ကတော့ ရင်ခုန်စရာ ညတွေပါပဲ။

belt.jpg

 

ဒါပေမယ့် အဲဒါတွေကို ဘယ်သူကမှ သိပ်ရင်မခုန်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ကိုယ်တစ်ယောက်သာလျှင် ညည ကြယ်တွေကို ချောင်းချင်လို့ ဘုရားပေါ်က လူရှင်းတဲ့နေရာလေးတွေနားကို သွားပေမယ့်လည်း၊ အခြား မမြင်မတွေ့သင့်တာတွေနဲ့ တွေ့လာတာနဲ့ ခဏခဏ ပြန်ပြန်လှည့်လာရပါတယ်။

ကောင်းကင်ကြယ်တွေ၊ လတွေ၊ ဥက္ကာပျံတွေကို စိတ်ဝင်စားဖို့လိုသလား၊ မသိရင်ကော မဖြစ်ဘူးလား လို့ ဆိုပြီး ဂရုမစိုက်လို့လည်း ဘာမှတော့ မဖြစ်ပါဘူး။ သူ .. ကျမကို ပြောသလို.. “အခုနေ.. အဲဒီ နာဆာက သိပံ္ပပညာရှင်တစ်စုရယ်.. သီအိုရီသမားတစ်စုရယ်နဲ့ လူမရှိ၊ စားစရာမရှိတဲ့.. ကျွန်းတစ်ကျွန်းပေါ် သွားထားလိုက်ချင်တယ်၊ ဒါတွေ ငေးနိုင် ပြောနိုင် ဆွေးနွေးနိုင်ကြဦးမယ်လို့ ကိုယ်မထင်ဘူး…” ဆိုသလိုပါပဲ၊ စားဝတ်နေရေးထက်တော့ အရေးမကြီးပါဘူး၊ ဒါပေမယ့် expansion of human knowledge ဆိုသည့်အရာကလည်း ရှိသေးတယ် မဟုတ်ပါလားလို့ အနည်းငယ် အတွန့်တက်ချင်မိတာပါ။

ဒီထက်ပိုပြီး ပြောလို့ရတာ တစ်ခု … ကျမ ဒီတစ်ခါ မြန်မာပြည်အပြန်မှာ သိလာရပါတယ်။ ကျမ မိတ်ဆွေအချို့ ကုမ္မဏီ ထောင်ဖို့ စီစဉ်ကြတယ်။ ကုမ္မဏီ ကလည်း နိုင်ငံခြားနဲ့ဖက်စပ်လုပ်မယ့် ကုမ္မဏီ လို့ အကျဉ်းရုံးပြောပါရစေ။ မိတ်ဆွေတွေအားလုံးဟာ ခေတ်ပညာတတ်တွေဖြစ်ကြပေမယ့် သူတို့အလွန်လေးစားအားကိုးတဲ့၊ ဗေဒင်ဆရာတစ်ဦး ကိုတော့ ဘာမဆို တိုင်ပင်လေ့ရှိတယ်။ (ဒီနေရာမှာ ကျမကိုယ်တိုင် ဆရာစံဇာဏီဘိုကို လေးစားမှုရှိတယ်ဆိုတာ ပြောပါရစေ) ပညာရပ်တိုင်းဟာ သူ့အထွာနဲ့သူ့အတိုင်းနဲ့သူ တန်ဘိုးရှိပါတယ်။ ဒါပေမယ့် ကျမမိတ်ဆွေတွေဟာ အဲဒီဗေဒင်ဆရာကို အိမ်က ကလေးအမည်ပေးတာက အစ (ဒီနေရာမှာ ကလေးကို မွေးတဲ့မိဘကလွဲလို့ ကျန်သူက အမည်ပေးပိုင်ခွင့်နဲ့ ပေးရန်သင့်-မသင့်တော့ ကျမ မပြောလိုတော့ပါဘူး) အိမ်မှာ ကြောင်နေမကောင်းတာက အစ၊ အုန်းသီး ကြွေကျတာကအစ ဗေဒင်ဆရာဆီ ပြေးတဲ့ ယဉ်ကျေးမှုတစ်ခုကို ကျမ နားလည်ပါတယ်။ ကိုယ်နဲ့လည်း မဆိုင်တဲ့အတွက် တစ်လုံးတစ်ပါဒမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါဘူး။ သူ့အရပ်နဲ့သူ့ဇာတ် အရာအားလုံးဟာ စည်းဝါးကိုက်ညီစွာရှိနေတတ်မှာပါ။

ဒါပေမယ့် ကုမ္မဏီ အမည်ပေးဖို့ ကိစ္စမှာတော့ ကျမ နဲ့လည်း တစ်နည်းတစ်ဖုံ ပတ်သက်နေတဲ့အတွက် လိုက်သွားခဲ့ပါတယ်။ အဲဒီမှာ ဗေဒင်ဆရာဟာ ကုမ္မဏီကို မာကျူရီ လို့ အမည်ပေးခိုင်းပါတော့တယ်။ မျက်မှန်ကြီးတဝင့်ဝင့်နဲ့ မာကျူရီဆိုတာ နေစင်္ကြာထဲမှာ အကြီးဆုံးဂြိုလ်ကြီးဖြစ်တဲ့အတွက် ကြီးမားမြင့်မြတ်မှုတွေ နဲ့ ပြည့်စုံလို့ ကုမ္မဏီအမည်ကိုလည်း မာကျူရီ လို့ မှည့်ရမယ်လို့ အမိန့်ချပါတယ်။ ကျမဟာ တောက်လျှောက် နှုတ်ခမ်းအတွင်းသားကို ဖိကိုက်ထားပြီး ပြန်လာခဲ့ပါတယ်။

မိတ်ဆွေတွေဟာလည်း သူတို့လေးစားတဲ့ ဗေဒင်ဆရာက မာကျူရီလို့ မှည့်ခိုင်းတဲ့အတွက် မှည့်မယ် တကဲကဲ။ မာကျူရီဟာလည်း အကြီးဆုံးဂြိုလ်ကြီးဖြစ်တယ်ဆိုပြီး ဝိုင်းကာစီကာ ပြောနေခဲ့တယ်။ ကျမတို့ နက္ခတ်တာရာတွေနဲ့ ပတ်သက်တဲ့ astronomy ကို ဘယ်နှစ်တန်းက စသင်ရသလဲ ဆိုတာ မမှတ်မိတော့ဘူး။ ဂြိုလ်ကြီးကိုးလုံးကို ၆ တန်းလောက်မှာ သင်တယ်ထင်မိတာပါပဲ။ ဒါပေမယ့် စာအုပ်ထဲကနေပဲ အော်ကျက်ပြီး လက်တွေလည်း သတင်းစာတွေကို လုံးခြေပြီး ဂြိုလ်ကိုးလုံးပရောဂျက်လည်း မလုပ်ခဲ့ဖူးဘူး၊ လုပ်ရကောင်းမှန်းလည်း မသိခဲ့ဘူး၊ အဲသလို ပရောဂျက်လုပ်ဖို့လည်း ဘယ်သူကမှ မဆော်သြောခဲ့ဘူး၊ တစ်ကယ်လို့ ဆရာတစ်ယောက်ယောက်က ဆော်သြောမယ်ဆိုရင်တောင် အဲဒီဆရာတစ်ယောက်ယောက်ကို ကြောင်နေတယ်လို့တောင် ထင်ကောင်းထင်မယ့် society တစ်ခုတည်းမှာ ကျမ ကျင်လည်ခဲ့တယ်နဲ့ တူပါတယ်။

အခု ကျမ ပြောနေရေးနေတာဆိုတာကလည်း တစ်ကယ်ကတော့ ဖခင်မျိုးစေ့ချပေးတာကို အသည်းမှာစွဲနေတာရယ်၊ ကျမနဲ့တူတဲ့ သမီးကလေးကို လက်ဆင့်ကမ်းပေးချင်တာရယ်ပဲရှိတယ်။ ကျမ အခုရေးနေတဲ့ astronomy အဆင့်က တစ်ကယ်ဆိုရင် ကနေဒါရဲ့ ပထမတန်း-ဒုတိယတန်းအဆင့်ပဲ ရှိပါတယ်။
ဒါနဲ့ ကုမ္မဏီနာမယ်ကို နေစင်္ကြာထဲမှာ အကြီးမားဆုံဂြိုလ်ကြီးရဲ့အမည် မာကျူရီဆိုပြီး ပေးမယ်လို့ နိုင်ငံခြားခေတ်ပညာတတ်တွေ နဲ့ နိုင်ငံခြားလုပ်ငန်းအတွေ့အကြုံရှိတဲ့ မိတ်ဆွေတွေက ဆုံးဖြတ်ချက်ချတော့မယ့် အခြေအနေဆိုက်နေပါပြီ။ ပထမတော့ ပေးချင်တဲ့နာမယ် ပေးကြပါစေဆိုပြီး အယူသည်းမှုနည်းတဲ့ ကျမ ပါးစပ်ပိတ်ပြီး ဘုရားစာပဲ ရွတ်နေခဲ့တယ်။ ဒါပေမယ့် ဒီမာကျူရီကို ဘယ်လိုကြီးမားကြောင်း ဗေဒင်ဆရာက ဘယ်လိုမာကျောခွန်အားတောင့်ကြောင်း မွှန်းနေတာကိုပဲ ထပ်ထပ်ပြောနေကြတော့… အပေါ်စားမှန်ပြောင်းလေးတွေနဲ့ အပေါစား မှန်ဘီလူးလေးတွေနဲ့ ညည ကြယ်တွေကိုကြည့်တတ်တဲ့ ကျမ ဘယ်လိုမှ မနေနိုင်တော့ပါဘူး။

solar.JPG

မာကျူရီဆိုတာ နေစင်္ကြာမှာ အသေးဆုံးဂြိုလ်ဖြစ်ပြီး diameter မိုင် သုံးထောင်ပဲ ရှိကြောင်း၊ ဂျူပီတာသာလျှင် အကြီးဆုံးဖြစ်ကြောင်း ပြောလိုက်မိပါတော့တယ်။ အခု ဒီပုံမှာ မြင်ရတဲ့အတိုင်းဆိုရင် ပလူတိုက အသေးဆုံးဂြိုလ်လိုဖြစ်နေပါတယ်။ ဒါပေမယ့် တစ်ကယ်က ပလူတိုဟာ dwarf planet ဖြစ်ပါတယ်။ ဒါကြောင့် နေစင်္ကြာမှာ မာကျူရီဆိုတာ အသေးဆုံးဂြိုလ်ပါ။ ကျန်တာ စိတ်မဝင်စားရင်တော့ ကိုယ်နေတဲ့ solar system လောက်တော့ စိတ်ဝင်စားသင့်တယ်ထင်မိပါတယ်။

ကြယ်ကြွေတာတွေဘာတွေကလည်း ကြုံတောင့်ကြုံခဲ မင်းပြောင်းမင်းလွှဲမှာ ထကြွေတာမျိုး မဟုတ်ပါဘူး။ ကြယ်တွေဟာ အမြဲကိုကြွေနေတာပါ။ ကြယ်တံခွန်တွေဟာ တစ်စင်းမဟုတ်ရင်တစ်စင်း ကမ္ဘာနားမှာ အမြဲဖြတ်ပြန်တတ်ကြတာပါ၊ နှစ်တစ်နှစ်မှာ ကြယ်တွေ ပြုံလိုက် အနည်းဆုံး သုံးခါ ကြွေတတ်ပါတယ်။ အမြဲကြွေနေတာပါ.. ကိုယ်တွေကသာ စားဝတ်နေရေးနဲ့ ဘဝတဏှာထဲ ရုန်းကန်နေရလို့ မသိလိုက်တာပါ။ ကမ္ဘာပတ်လမ်းကြောင်းရယ်.. ကြယ်တံခွန်တွေ ဖြတ်ပျံသွားပြီး ရေခဲမှုန်တွေကို ခါချခဲ့တဲ့ လမ်းကြောင်းရယ်.. သွားဆုံတဲ့အခါ၊ ကမ္ဘာ့လေထုကို ဖြတ်လာတဲ့ ရေခဲမှုန်တွေ လောင်ကျွမ်းပျက်စီးသွားကြတာဖြစ်ပါတယ်။ ဒါကို ကြယ်တွေကြွေတယ်လို့ အလွယ်တကူ ပြောနေကြတာပါ။ တစ်ကယ်ကတော့ ကြယ်တွေကြွေတာ မဟုတ်သလို.. ကြယ်တွေကို တစ်စုံတစ်ယောက်က ပစ်ဖောက်လိုက်တာ (shooting stars) လည်း မဟုတ်ပါဘူး။ကမ္ဘာပေါ်က သာမန်မျက်လုံးတွေဟာ စိတ်ဝင်စားမယ်ဆိုရင် တစ်နှစ်မှာ ရှစ်လလောက် ကြယ်မိုးရွာတာကို မြင်ရတတ်ပါတယ်။

ဒါတွေကို ကိုယ်စိတ်မဝင်စားဘူးဆိုရင်တောင် ကိုယ့်ကလေးတွေ တူ-တူမတွေ စိတ်ဝင်စားတဲ့အခါမှာလည်း… “ဒါတွေ ထမင်းစားလို့ မရဘူး” ဆိုတဲ့ လက်လွတ်တော့ မပြောမိစေချင်တာ ကလေးတွေအတွက် စေတနာပါ။ အနည်းဆုံးတော့ general knowledge ရတယ်၊ လူလိမ် ခံရဖို့ နည်းတယ်ပေါ့နော်။

ဒီနေရာမှာ ဒီဂြိုလ်တွေရဲ့ အရွယ်အစားကို ဘယ်သူမှ အနားမရောက်ဘဲနဲ့ ဘယ်လိုတိတိကျကျ သိမှာလဲ။ ပြောနေသူတွေကကော ဘယ်လောက်မှန်မှာလဲလို့ အတွန့်တက်လို့ ရပါသေးတယ်။ ဒါပေမယ့် ခုခေတ်က လူတိုင်းနီးပါး ကင်မရာကိုင်နိုင်တယ်၊ မှန်ဘီလူး၊ မှန်ပြောင်းတို့လည်း ဝါသနာပါရင် ဝယ်လို့ရတဲ့အတွက် ပညာရှင်ဖြစ်မှာ မြင်နိုင်ကြရတဲ့ အရာတွေ မဟုတ်တော့ပါဘူး။

ဥပမာ.. ခုနှစ်စင်ကြယ် ဆိုပါတော့၊ ကျမတို့သိတာ ကြယ် ခုနှစ်လုံးပဲ သိတယ်။ တစ်ကယ်ကတော့ ခုနှစ်စင်ကြယ်အပြီးက နောက်ဆုံးကရေတွက်လို့ ဒုတိယမြောက်ကြယ်ဟာ ၂လုံးတွဲကြယ်ဖြစ်ပါတယ် (Mizar and Alcor) လို့ ခေါ်ပါတယ်။ အဲဒီမှာမှ နောက်ထပ် ကြယ်က တစ်လုံးထပ်တွဲပါသေးတယ်။  ကိုယ်တိုင် မမြင်ရရင်တော့ ၂လုံးတွဲ သို့မဟုတ် သုံးလုံးတွဲဆိုလည်း ယုံရမှာပါပဲ။ မောင်ရင်ဆိုင်းထမ်းရဲ့ ခါးပတ်ကြယ်တစ်လုံးဟာ ကြယ်တွေမွေးဖွားရာ ပန်းနုရောင်သန်းနေတဲ့ nursery ဆိုလည်း ခေါင်းငြိမ့်ခဲ့ရတာပဲ၊ ဒါပေမယ့် ကိုယ်တိုင်မှန်ပြောင်းနဲ့ မြင်တဲ့အခါကျတော့ ပါးစပ်ကို မပိတ်နိုင်တော့ပါဘူး။ (ဥပမာပြောပြတာပါ) နက္ခတ်သမားတွေ စိတ်ကူးယဉ်ပြီး ပြောချင်တိုင်းပြောလို့ ရတာမျိုး မဟုတ်ပါဘူး။

အခု ဒီပိုစ်ကလည်း ဗေဒင်ဆရာအကြောင်း ပြောချင်တာမဟုတ်ပါဘူး။ ပြောရင်း မိတောမုဒ်ဝင်ပြီး ဗေဒင်ဆရာဆီ ရောက်သွားခြင်းပါ။ ဒီပိုစ်ရဲ့ မူလဇစ်မြစ်ရည်ရွယ်ချက်ကတော့…. PanSTARRS ဆိုတဲ့ ကြယ်တံခွန်ကို မတ်လထဲမှာ မြင်ရမှာဖြစ်ကြောင်း ကိုယ်လို ဝါသနာရှင်တွေကို သတင်းပေးခြင်းပါရှင်။ 1997 Hale-Bopp လောက် ထိန်လင်း မတောက်ပပေမယ့် နေဝင်ပြီးစအချိန်မှာ တွေ့ရနိုင်ပါတယ်။

comet.jpg

 ဝါသနာရှင်တွေဟာဆိုရင် ဒီလိုကြယ်တံခွန်မျိုးနောက်ကို လေယာဉ်ခတွေ အကုန်ခံပြီးတော့ကို လိုက်တတ်ကြပါတယ်။ မေလ ၁၂ နဲ့ ၁၃ ရက်တွေမှာ နေဝင်ပြီးစကောင်းကင်နားက လခြမ်းကွေးနားမှာ မြင်ရမှာ ဖြစ်ပါတယ်။ သာမန်မျက်စိနဲ့ကို မြင်ရမှာပါ။ ဒီ PanSTARRS ဆိုတဲ့ ကြယ်တံခွန်ဟာ ဖုန်မှုန့်တွေထုတ်လွှတ်တဲ့အတွက်… အမြီးကလေးကိုလည်း မြင်ရနိုင်တယ်လို့ ဆိုပါတယ်ရှင်။

ဒါကြောင့် ကောင်းကင်ကြည်လင်သာယာလှပတဲ့ မြန်မာပြည်လို နေရာမျိုးမှာ ဝါသနာပါသူတွေတွက် ရေးလိုက်ရခြင်းပါရှင်။


ဇွန် ၄ရက် ၂၀၁၂ - လကြတ်ခြင်း
ကောင်းကင်ရဲ့ ခြေရာများ (၂၀၁၂)
ကြယ်မိုး
ကြယ်တွေရဲ့အကြောင်း
ဂလက်ဆီတို့ရဲ့ စစ်ပွဲ
leonids ကြယ်ကြွေရက် (နိုဝင်ဘာ ၁ရ -၁ဂ ၂၀၁၁)
လငပုတ်ဖမ်းခြင်း (ဒီဇင်ဘာ ၁၀ရက် ၂၀၁၁)
ဇန်န၀ါရီ ၃ - ၄ ကြယ်မိုး (၂၀၁၂)
စိန်တွေနဲ့ပြည့်နေတဲ့ ဂြိုလ်ကြီး
အောက်တိုဘာကောင်းကင်နှင့် ကြယ်ကြွေမိုး

—-

8 Comments »

  1. မေလထဲကျရင် အဲရာက်ခါနီးရင် ဖေ့စ်ဘုတ်မှာ Warn ပေးပါဦးမလေး…. ကြည့်ချင်လို့… စိတ်ဝင်စားတယ်…. ကြယ်တွေကြည့်တဲ့အကြောင်း ဝတ္တုတိုလေးရေးမလို့လုပ်နေတာ မလေးစာလေးဖတ်လိုက်ရတာ ဗဟုသုတတစ်ခုရသွားတယ်ဗျာ ကျေးဇူး… ဟီးး

    ခင်မင်စွာဖြင့်
    ကိုကိုးအိမ်

    Comment by ကိုကိုးအိမ်(မန္တလေး) — March 2, 2013 @ 2:34 am

  2. မမရေ … မှတ်သားစရာလေးတွေ မှတ်သားသွားပါတယ် … ဗဟုသုတရပါတယ် … ဒါနဲ့လေ “ညချမ်းတွေမှာ ဘုရားတွေပေါ်မှာ ဆည်းလည်းသံလေးတွေကို နားဆင်ပြီး၊ လေတဖြူးဖြူးကြားက ကောင်းကင်ကို မော့ကြည့်ရတာလောက် သာယာငြိမ်းချမ်းတာ မရှိပါဘူး။” အဲလိုလေး မမကပြောတော့ အပြေးလေးတောင် သွားချင်လာပြီ … အဲဒီအချိန်လေးဆို တော်တော်လေး အေးချမ်းနေမှာနော် … :)

    Comment by မိုးညချမ်း — March 2, 2013 @ 2:37 am

  3. မျိုးစေ့ချပေးခဲ့တဲ့ မလေးရဲ့ ဖခင်နဲ့ လက်ဆင့်ကမ်းပေးချင်တဲ့ မလေးရဲ့ သမီးလေးတို့နဲ့ ဆက်နွယ်ပြီး
    နက္ခတ်တာရာဆိုင်ရာဖက်မှာ အားနည်းတဲ့ တီတင့်အတွက်တော့ ဗဟုသုတတွေ ရသွားပြီ ကျေးဇူးပါနော်။
    ကြယ်မိုးရွာတာကို စိတ်ဝင်စားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — March 2, 2013 @ 6:36 am

  4. မလေးရေ…မိုးနတ်လဲ ကြယ်တွေအကြောင်း သိပ်စိတ်ဝင်စားတယ်…
    ကိုကိုးပြောသလို မေလထဲကျရင် သတိတရ Warn ပေးပါအုံးနော်….
    ခုလို မလေးသိသရွေ့ မျှဝေပေးတာ ကျေးကျေးပါရှင်….:)
    ခင်မင်လေးစားလျက်
    မိုးနတ်ကြယ်စင်

    Comment by မိုးနတ်ကြယ်စင် — March 2, 2013 @ 6:37 am

  5. Thank a lot for knowledge sharing Ma Lay.
    with regard,

    Comment by mg moe khin — March 2, 2013 @ 4:44 pm

  6. မသိသေးတဲ့ အကြောင်းအရာတချို့အတွက်…ကျေးဇူးပါ မလေးရေ့…
    ကြယ်ကြွေတာကိုတော့ ကိုယ်နဲ့သိပ်မကြုံလို့ ခဏခဏ မမြင်ခဲ့ဖူးပါဘူး…
    (ဗေဒင်ဆြာကြီးနဲ့တွေ့တဲ့အချိန်ကို စိတ်ထဲကနေမြင်ယောင်နေမိတယ်… :P )

    ခင်မင်ခြင်းအားဖြင့်….

    Comment by ~ဏီလင်းညို~ — March 3, 2013 @ 2:45 am

  7. ဒီတခါသေချာဖတ်တယ်။ ကြည့်တယ်… ။ နောက်ပို့စ် ကျရင် မြန်မာပြည်ခရီးစဉ်လေး ရေးပေးပါ နော်နော်နော်…..။

    Comment by ထိပ်ထား — March 4, 2013 @ 7:25 pm

  8. မေ၇ာက်တာကြာလို. လာလည်သွားတယ်မလေး…
    ကျွန်တော်လဲ အစ်မစာတွေကိုလွမ်းနေတာ…
    ဒီနေ့တော့ အကုန်ဖတ်သွားတယ်..း)

    Comment by tom — March 6, 2013 @ 1:00 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------