♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

February 21, 2013

ကျွန်ုပ်နှင့် အချို့သော ဘလောဂါများအကြောင်း

Filed under: my notes, စာစု — အိမ့်ချမ်းမြေ့ @ 12:00 am

ယခုတလော ကျွန်ုပ်တို့ မြန်မာများ ပျော်ရွှင်စွာ ကျင်လည်ကျက်စား ချစ်ခင်မွေ့လျော် ရင်ခုန်တမ်းတ စိတ်တိုရန်ဖြစ် အံကြိတ်ပေါက်ကွဲ ဒေါသဖြစ်ခြင်း အဖုံဖုံစုစည်းရာ.. ဖွဘုတ်ခေါ်သော အရပ်ဒေသတစ်ခုလေးတွင်၊ လူအချို့.. မထွေးနိုင်မအန်နိုင် မရိုးနိုင်မအီနိုင် ဖြစ်နေကြသော အကြောင်းရင်းများစွာထဲက အကြောင်းတစ်ခုကြောင့် အနှီစာကို ရေးဖြစ်ပေတော့သည်။

ကျွန်ုပ်မှာ ဘလောဂ်လမ်းပေါ်ဝယ်လျှောက်လှမ်းလာရင်း၊ မုန့်ပျားသလက်ကလေးများသဖွယ် နူးညံ့ချိုအီသော စာကလေးများကို ကြိုးစားဖန်တီးရင်း (ကြိုကြားကြိုကြား ထထဖောက်သော “အသုံးမကျသော ပညာရေး” “ငါးကြင်းဆီနှင့် ငါးကြင်းကြော်” ကဲ့သို့သော ဆောင်းပါးများ မှလွဲ၍).. ၀ါသနာပါလွန်းလှသဖြင့် ရေးဖူးသော စာကလေးများကို (ပျံလွှားများ၊ တစ်တီတူးများ မပါ) ၂၀၀၉ မှစ၍ စာအုပ်ထုတ်ခဲ့ပါသည်။ အမှန်တစ်ကယ်ကတော့ စာအုပ်မထုတ်ခင်ကတည်းက မြန်မာနိုင်ငံထုတ် မဂ္ဂဇင်းစာမျက်နှာအချို့တွင် မှုန်မှုန်ဝါးဝါး ပါပြီးသားဖြစ်ပါသည်ဟု အရေးထဲကြော်ငြာဝင်ရပါသေးသည်။ ဘယ်မဂ္ဂဇင်းလည်းဟု မေးရင်တော့ အားနာနာနှင့်ပင် အသင်တို့ ဖတ်ခဲသော “မြဝတီ” “ငွေတာရီ” ဟု ဖြေရပါတော့အံ့။ ဝန်ခံရလျှင်လည်း ယခုလို ပွင့်လင်းလွတ်လပ်မြင်သာထင်သာသော ခေတ်ကြီးရောက်မှ ရဲရဲဝံ့ဝံ့ကြီး ကြော်ငြာရဲလတံ့။  ထို့ကြောင့် ကျွန်ုပ်ကို ဘလောဂါဘဝရောက်ပြီးမှ ပရင့်မီဒီယာပေါ်ရောက်သည်ဟု ဆိုဆို၊ ပရင့်ပေါ်ရောက်ပြီးမှ ဘလောဂါဖြစ်သည်ဟု ပြောပြော၊ ဘလောဂါဖြစ်ပြီးမှ စာအုပ်တွေလာထုတ်နေသည် သမုတ်သမုတ် ကျေနပ်နေမည်ပင်။

သေချာသည်မှာ အတားအဆီး အကန့်အသတ်တွေကြားတွင် ကျွန်ုပ် မနေလို။

ထိုသို့ စာရေးသူမကျ၊ ဘလောဂါ မကသော၊ ဘလောဂါခေါ်ခေါ်၊ စာရေးသူလို့ပဲ သမုတ်သမုတ် ကျေနပ်နေမည်ဖြစ်သော ကျွန်ုပ်သည်….. ဘလောဂါများနှင့် ထိုသို့ ချစ်ခရီးကိုလက်တွဲလှမ်းလာသမျှ ကာလပတ်လုံး အုပ်စုဖွဲ့ခြင်းလည်း တစ်ခါမှ မရှိခဲ့၊ ဖွဲ့ရန်လည်း အချိန်မရှိခဲ့။ အလွန်ဝေးလံသီခေါင်လှသော ကနေဒါအနောက်ဘက်က သာယာလှပအေးချမ်းသိမ်မွေ့လှသော မြို့ကလေးမှာ အေးချမ်းစွာဖြင့် စာကလေး၊ ငှက်ကလေးများကိုသာ ပစ်လွှတ်လျှက် ရှိနေလေသည်။

စာရေးသက်ကလေးများ ရင့်လာကြသော စာရေးဝါသနာပါသူ ဘလောဂါများသည်လည်း ကိုယ့်ချွေးနဲစာလေးများကို စုဆောင်းပြီး စာအုပ်လေးများထုတ်ရန် စိတ်ကူးမိကြလေတော့သည်။ အချို့ကလည်း ဝါသနာစေ့စော်ကလိထိုးမှုကြောင့် တစ်ကိုယ်တည်း ငွေကုန်ကြေးကျအကုန်ခံ၊ ပင်ပန်းဆင်းရဲခံကာ ထုတ်ဝေကြလေသည်။ ထိုထုတ်ဝေသူ ဘလောဂါများက သူ့စိတ်ထိတွေ့သမျှ စာလေးများကို သူ့ဘာသာရွေးလျှက် ထုတ်ခြင်းဖြစ်၏။ ကျွန်ုပ်က စာမူပေးရန်သာ။ ကျန်သည့် ကောင်းခြင်း၊ ဆိုးခြင်း ကိစ္စအဝဝသည် ထုတ်ဝေသူများကသာ ခေါင်းခဲခံကြရှာလေသည်။

အချို့စာအုပ်များကျတော့ ငွေလေး အနည်းငယ်စီ စုထည့်ကာ ထုတ်ဝေဖြစ်ကြသည်။ ဒါသည်လည်း သိပ်ကြီးကျယ်ဆန်းပြားရင်သပ်ရှုမော သြ….. ချ လောက်သည့် အဖြစ် မဟုတ်။ ကျောင်းတုန်းက သူငယ်ချင်းများ စုပြီး ကဗျာစာအုပ်ထုတ်သည့် သဘောသာဖြစ်၏။ ထုံးစံအတိုင်း တန်းမဝင်သေးသော ဝါသနာရှင်များအဆင့်သာ (ကိုယ့်ကိုကိုယ် သတ်မှတ်ထားခြင်းသက်သက်သာ - ဤစာရေးသူ ဘလောဂါများထဲတွင် တန်းဝင်နေသောသူများလည်း ပါပါ၏)

ဘလောဂါများ စာအုပ်ထုတ်ခြင်းသည် ငွေရေးကြေးရေးအမြတ်နှင့်မဆိုင်။ စာအုပ်ထုတ်ဖူးသူများ သိကြပါလိမ့်မည်။ မြန်မာပြည်တွင် စာအုပ်ထုတ်ခြင်းသည် အရှုံးဘက်ကို မြှားဦးက တည့်တည့်ကြီးလှဲ့နေတတ်သည်က များသည်။ အထူးသဖြင့် ကျွန်ုပ်တို့လို လူမသိ၊ သူမသိ စာပေဝါသနာအိုးများ၏ စာများဆိုလျှင် ပိုဆိုးပါသေးသည်။ နာမယ်ကြီးချင်လွန်းလို့ ဒီလောက် အပင်ပန်းခံနေသည့် အထဲ ကျွန်ုပ်တော့ မပါ။ ပြောရလျှင်.. သူ့ဖားခြေရာခွက်ထဲမှာ သူ့အထွာနှင့်သူ နာမယ်ကြီးပြီးသား ဖြစ်ပါ၏။ နာမယ်ကြီးချင်ပါက အပြင်လောကမှာ နာမယ်ကြီးအောင်လုပ်မည် စိတ်ကူးမိပါသည်။ လူလေးနှမ်းစေ့လောက်ရှိသော ဖွဘုတ်ပေါ်တွင် နာမယ်ကြီးသွားတော့လည်း…. ကိုယ့်လုပ်စာကိုယ်ဆက်၍ ရှာစားရသည့် ဘဝက တက်မည် မဟုတ်။

စာကိုရေးချင်လို့ ရေးနေခြင်းထက် ကျွန်ုပ် မပို။ ကျွန်ုပ်၏ အတွေးအခေါ်တွေ သူမတူအောင်ပြောင်မြောက်ထက်မြက်နေ၍ အတွေးခေါ်ပညာရှင်ကြီးတစ်ဦးအနေနှင့် အားလုံးက လေးစားကြည်ညိုရန်လည်း တစ်ခါမျှ အိပ်မက် မမက်ခဲ့။ စာကောင်းပေမွန်တွေ ထုတ်ဖော်ကာ ဆုတွေတသီကြီးယူရန်လည်း စိတ်ကူးလေးတောင် မသန်းခဲ့။

စာကို ရေးချင်၍ ရေးနေခြင်းထက် မပို။

စာအုပ်ထဲတွင်ပါသော အချို့ဘလောဂါများနှင့်ဆိုလျှင်… ကျွန်ုပ် ခင်လည်းမခင်၊ သိလည်း မသိ။ စာရေးဆရာ သတိုး ကို ဥပမာ ပြရပါတော့မည်။ သူ့စာကို ကျွန်ုပ် တစ်ခါမျှ မဖတ်ဖူး၊ သူကလည်း ကျွန်ုပ်စာကို တစ်ခါမျှ ဖတ်ဖူးလိမ့်မည် မထင်။ အပြင်မှာလည်း မသိ၊ လိုင်းပေါ်မှာလည်း မသိ၊ မြန်မာများ ပျော်ရွှင်စွာ ကျင်လည်ကျက်စား ချစ်ခင်မွေ့လျော် ရင်ခုန်တမ်းတ စိတ်တိုရန်ဖြစ် အံကြိတ်ပေါက်ကွဲ ဒေါသဖြစ်ခြင်း အဖုံဖုံစုစည်းရာ ဖွဘုတ်ဟူသော အံဘွယ်နေရာကြီးမှာတောင်မှ မနေ့တစ်နေ့လောက်မှ သူငယ်ချင်းအဖြစ် အက်ဒ်ကြရခြင်းပင်။ ဒါတောင်မှ မခင်မင် မရင်းနှီးကြသေး။ အုပ်စုဖွဲ့ရန် နေနေသာသာ သူ့ကိုယ်မသိ၊ ကိုယ့်သူ မသိ။

ဆရာသတိုး၏ စာကိုလည်း သက်တံ၁၀စင်း ထဲမှာ သိပ်ပြီး စွဲစွဲလန်းလန်း မရှိလှ။
သို့သော်….
“မိုင်တိုင်နှစ်ဆယ်” ထဲက “အဆုံးမဲ့နိဂုံး” မှာ ကျွန်ုပ် စွဲလန်းမှုဖြင့် ခွေကျသွားလေတော့သည်။

ခင်မင်းတစ်ယောက် မမရည်ကို အိပ်မက်မက်နေသည့် အခန်းကို စိတ်ဝင်တစားဖတ်နေစဉ်မှာ ကျွန်ုပ်၏ အိမ်ဦးတော်ကြီးက “ဘာတွေ ဒီလောက်စိတ်ဝင်စားနေလဲ” ဟု မေးလေသည်။
သတိုး.. သတိုး ဟု နှုတ်က ဖွဖွလေး ရွတ်နေစဉ်….
“မောင့် .. ပြစမ်း” ဟု ဆိုကာ ဆွဲယူသွားပြီး… အစ.. အဆုံးကြီး ဖတ်နေသဖြင့် ကျွန်ုပ်မှာ မမရည်မျက်လုံးကြီးပြူးနေသည့် အခန်းမှာ တန်းလန်းကြီးဖြစ်လျှက် မချိတင်ကဲ ဖြစ်နေရလေ၏။
“ပြန်ပေးပါ… ဒီမှာဖတ်မပြီးသေးဘူး” ဆို.. လည်း မရ။ “မမရည်လျှာထွက်နေပြီ.. ပြန်ပေးပါတော့” ဆိုလည်း မရ။ သူက စာထဲ နစ်ဝင်နေမို့ ကျွန်ုပ်အတွက်.. အဆုံးမဲ့နိဂုံး ကို ပိုမိုစွဲလန်းစေရသော အဖြစ်။
ထိုကဲ့သို့ သတိုး ဆိုသည်ကို စာအုပ်နှစ်အုပ်မှာ နှစ်ခါ အတူတူပါဖူးတာတောင်မှ အဲသလို စာအုပ်ပေါ်မှာ သိရပါသော ဘလောဂါများ ဘဝ…ပါ။

ကျွန်ုပ်သည်…. ဘလောဂါများကို ချစ်ခင်နှစ်သက်စွဲမက်မဆုံးဖြစ်သော်လည်း…. ဘလောဂ်တစ်ဦးတစ်ယောက်နှင့်မျှ၊ ဘလောဂ်ဖတ်သူတစ်ဦးတစ်ယောက်နှင့်မျှ ဘယ်တော့မှ မတွေ့….၊ တစ်သက်လုံး ကိုယ်ရောင်ဖျောက်ပြီး စာရေးသွားမည်ဟူသော ကြီးမားလှသော သံဓိ ဋ္ဌာန် ချကာ တင်းကာနေရစ်လေသမျှ… တစ်နေ့သောအခါ….
ပြည်တော်ပြန်မိလေသော… ထိုတစ်နေ့သော အခါ……….
မတွေ့မဖြစ်သော အကြောင်းကလေးများက ဖြစ်လာရတော့သည်….။

ကျွန်ုပ်မြန်မာပြည် ပြန်ရခြင်းအကြောင်းကတော့ အလုပ်ကိစ္စအချို့ကို အကောင်ထည်ဖော်ရန်ဟုသာ လိုတိုရှင်းပြောလိုပါသည်။ ဘလောဂါများ၊ ဘလောဂ်ဖတ်သူများနှင့် မတွေ့ဘဲ ကိုယ်ရောင်လေးဖျောက်ကာ တစ်သက်လုံးနေသွားမည်ဟု စိတ်ကူးလေးတွေယဉ်ခဲ့ပါသော်လည်း…ဘလောဂါအချို့နှင့် အမှတ်တရ ဆုံဖြစ်ခဲ့ပါသည်။

“ဘလောဂါမြသွေးနီ”

ဘလောဂ်ပေါ်မှာ ကော့မန့်အပြန်အလှန်ရေးကြသည်မှလွဲ၍ ချက်လည်းမထိုင်ဖူး၊ စကားလည်း များများ မပြောဖူး။ သူ့အကြောင်း ကိုယ့်အကြောင်းလည်း သိပ်မသိ။ သို့ပေမယ့် တစ်နေ့…. သူ့ရုံးခန်းမှာ တွေ့သည့်နေ့ကတော့ ဘယ်လိုဖြစ်သွားကြသည် မသိ…. ငယ်စဉ်တောင်ကြေးကလေးဘဝက ကြည့်ဖူးသော… ကျော်ဟိန်းနှင့် ခင်သီတာထွန်း သရုပ်ဆောင်သည့် တစ်ခါကတစ်ဘဝ ရုပ်ရှင်ထဲကလို နှစ်ယောက်သား ပြေးဖက်လိုက်မိကြလေသည်။ ပြီးတော့ “ငါဘယ်လိုဖြစ်သွားတာပါလိမ့်” ဆိုပြီး ကျွန်ုပ်ကိုကျွန်ုပ်လည်း ရှက်သွားမိသေးသည်။ ငယ်စဉ်ကတည်းက အဲသလိုပြေးဖက်ချင်အောင့် စေ့ဆော်ထားသော ‘တစ်ခါကတစ်ဘဝ’ ရုပ်ရှင်ကိုပဲ အပြစ်တင်ရမည်လား၊ အဲသလိုပြေးဖက်ရမည့်သူ မရှိလို့ မမြသွေးနီကိုပဲ ပြေးဖက်မိသော ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမည်လား မသိ။ နှစ်ယောက်သားတော့ မလွှတ်တမ်းဖက်ထားမိ၍ အနီးရှိ ဘလောဂါကိုရန်အောင်က ချောင်းဟန့်ရသည် အထိ။

“ဘလောဂါပန်ဒိုရာ”

သူမ နှင့်က ဟိုးပဝေသဏီကမ္ဘာဦးကတည်းက ချစ်ခင်နေကြခဲ့ကြသူများ။ စင်္ကာပူနှင့်ကနေဒါ ဖုန်းကလေးတစ်ချက်ပြောဖူးပြီး အသံသေးသေးလေးတစ်ခါလေးသာ ကြားဖူးရသူ။ ရန်ကုန်ရောက်နေသည်မို့ ဆုံရအောင်ဟု ဖဘမှ ခဏခဏဆိုသော်လည်း မဆုံဖြစ်ဘဲ၊ နွေမိုးဆောင်းမှာ ချိန်းသည့်အခါတွင်တော့… “သူများတွေနဲ့ချိန်းတဲ့ပွဲမှ ချိန်းတယ်.. တွေ့ချင်သူဆိုတော့လည်း လာရမှာပေါ့” ဟု ဆိုကာ.. ရောက်လာခြင်းဖြစ်သည်။ ဟိုရောက်တော့လည်း စကားတွေဖောင်ဖွဲ့အောင် မပြောမိကြ၊ တစ်ယောက်နှင့်တစ်ယောက်ပြုံးကြည့်ကာ အပြန်မှာ သူ့ကိုဆွဲပြီး ဖက်ပစ်လိုက်သည်နှင့် ပြီးသွားတော့သည်။

“ဘလောဂါသူသူဟန်”

သူလေးကတော့ နွေမိုးဆောင်းရဲ့ ထမင်းစားပွဲထိပ်မှာ မိန့်မိန့်ကြီးနှင့်ပြုံးပြုံးကြီးထိုင်နေခဲ့သူ။ မြန်မာထမင်းဟင်းမို့ ကိုယ့်ဟင်းကိုယ် မှာစားကြရသည့် ယဉ်ကျေးမှု။ ကိုယ်ကလည်း သူသူဟန့် ကြက်သည်းကြက်မြစ်ကို မျက်စိကျနေသူ။ ကိုယ့်ရှေ့က မြင်းခွာရွက်သုပ်ကို သူ့ပေးရင်တော့ဖြင့် သူ့ဆီက ကြက်သည်းကြက်မြစ်လာတန်ကောင်းပါရဲ့ဟု မျှော်လင့်ကာ ‘မြင်းခွာရွက်သုပ်လေး စားပါဦး ညီမလေး” ဟု ပန်းကန်ကိုလှမ်းပေးလိုက်မိသော်လည်း………. ကျွန်ုပ်၏ မြင်းခွာရွက်သုပ်သာ ၂ဇွန်းပါသွားသော်လည်း သူ့ထံမှာ ကြက်သည်းကြက်မြစ် ပြန်မလာပါလေသော.. ချစ်စရာကောင်းသော..ဆရာမရွှေအိမ်စည် (ခေါ်) ဘလောဂါသူသူဟန်။ သူမ သွားတွေ သိပ်လှပါသည်။

“ဘလောဂါချစ်ကြည်အေး”

သူမကတော့ စကားပြောရင် အေးအေးကလေးနှင့် သီချင်းဆိုရန်စိတ်ဝင်စားသော သီချင်းဆိုကောင်းသူ/ စာရေးကောင်းသူလေး တစ်ဦးအဖြစ်သာ သိလေသည်။ သူမ ထမင်းစားခါနီး အားလုံးကဝိုင်းပြီး “မျက်မှန်ကြီး ချွတ်ထားလိုက်စမ်းပါ” ဟု ဆိုသဖြင့်… သူမရဲ့မျက်မှန်လေးကို ညင်သာစွာချွတ်လိုက်တာကို သတိထားလိုက်မိသည်။ “ဒီစားပွဲမှာထိုင်နေတဲ့ ဘလောဂါတွေနဲ့ နှလုံးသားချင်း ရင်းနှီးနေကြသော်လည်း လူချင်းတွေက ခုမှ တွေ့မိကြသည်” ဟု ကျွန်ုပ်ဆိုမိရာဝယ် သူမက… “သူ… သိပ်ကဗျာဆန်တယ်နော်” ဟုဆိုကာ.. ခိုးခိုးခစ်ခစ် ရယ်မောလေသည်။

“ဘလောဂါရန်အောင်”

သူနှင့်ကလည်း ဘလောဂ်ပေါ်မရောက်ခင် ဖိုရမ်တစ်ခုတွင်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြသော်လည်း၊ ခင်မင်မှုနှစ် ရှစ်နှစ်ကျော်ကာလအတွင်း ဘလောဂ်ပိုစ်များအပေါ်အစာမကြေမှုများအပေါ် အာဘောင်အာရင်းသန်သန် ငြင်းခုံမှုများ၊ ဖိုက်တင်ချမှုများ ရှိခဲ့ကြသော်လည်း အပြင်တွင်မတော့ ပြုံးပြုံးပြုံးပြုံးနှင့် “မိန်းကလေးတွေကြားထဲ ကျနော်တစ်ယောက်တည်း အနေရကြပ်လိုက်တာ…” ဆိုသည့်ပုံနှင့် ကုပ်ကုပ်လေး နေရှာလေသည်။

ထိုဘလောဂါများနှင့် ထမင်းစားဝိုင်းသည် တည်ငြိမ်သည်။ ကျန်သည့်အပိုစကားတွေလည်း မပြောကြ။ ကိုယ့်အကြောင်းလည်း မပြော၊ ဘယ်သူ့အကြောင်း ဘယ်ဝါ့အကြောင်းမှလည်း မပြောကြ။ နိုင်ငံရေး မပါ၊ နှလုံးသားရေးရာ မပါ၊ ကိုယ်ရေးကိုယ်တာ မပါ။ ထိုထမင်းစားဝိုင်းသည် အုပ်စုဖွဲ့သည့် ဝိုင်းလည်း မဟုတ်။ အုပ်စုတစ်စုလည်း မဟုတ်။ ထိုသူတွေနှင့် ထပ်တွေ့ဖြစ်ကောင်းတွေ့ဦးမည်၊ ဘယ်တော့မှ ထပ်၍ ဆုံဖြစ်ချင်မှလည်း ဆုံဖြစ်တော့မည်။
မသေချာ၊ ဘဝတို့သည် မရေရာ…။

ကျွန်ုပ် တွေ့ခွင့်မကြုံလိုက်ရသော ဘလောဂါများစွာထဲမှာ… ရတနာ(ဘလောဂ်ဖတ်သူ)၊ မောင်မျိုးနှင့် ဏီလင်းညိုတို့ အပါအဝင်ဖြစ်လေသည်။ ဖုန်းနှင့်သာ စကားပြောလိုက်ရသည်။ ထိုဘလောဂါများကလည်း သူတို့နှင့်တွေ့ရန် မဖန်တီးသဖြင့် စိတ်ဆိုးခြင်း၊ စိတ်ခုခြင်း၊ စိတ်ကောက်ခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်သောကရောက်ခြင်း၊ စိတ်ပင်ပန်းခြင်း၊ စိတ်ထောင်းကိုယ်ကြေဖြစ်ခြင်း စသည်တို့ဖြစ်သည်ဟုလည်း မကြားမိ။ အေးအေးဆေးဆေးပင်လျှင် ဘလောဂ်လမ်းပေါ် သူတို့… ဆက်လက်လျှောက်လှမ်းနေကြသတံ့။

ကျန်သည့် ရန်ကုန်ရောက်… မကေသွယ်၊ မမေဓာဝီ၊ ဗညားရှိန် စသည် ဘလောဂါတို့သည်လည်း သူ့အလုပ်နှင့်သူ။

ကျွန်ုပ်တို့ ဘလောဂါများသည် အွန်လိုင်းများပေါ်တွင် ကိုယ်နှင့်သဘောမတူပါက စာတစ်ပုဒ်အပေါ်တွင် ငြင်းခုန်ဖြစ်ချင် ငြင်းခုန်ဖြစ်မည်၊ အာဘောင်အာရင်းသန်သန် ဆွေးနွေးဖြစ်ချင် ဆွေးနွေးဖြစ်မည်။ အွန်လိုင်းပေါ်မှာ ဆွေးနွေးငြင်းခုန်သော်လည်း၊ အခြေအတင်ဖြစ်ကြသော်လည်း၊ အပြင်မှာ မောင်လေးနှင့် မမ ဖြစ်ကောင်းဖြစ်နေမည်၊ အစ်ကိုနှင့်ညီမလေး ဖြစ်ကောင်းဖြစ်နေမည်၊ မမနှင့်ညီမလေး ဖြစ်ကောင်းဖြစ်နေမည်။ ဒီလူများနှင့် ဒီတစ်ခေါက် စာအုပ်စုထုတ်သော်လည်း… ဒီလူများ မပါဘဲ.. နောက်လူများနှင့် နောက်စာအုပ်ထုတ်ဖြစ်ချင် ထုတ်ဖြစ်ဦးမည် ဖြစ်ပါသည်…။ ဒီတစ်ခေါက် ရန်ကုန်အရောက် ဒီဘလောဂါများနှင့်တွေ့သော်လည်း… နောက်တစ်ခေါက် အခြားဘလောဂါများနှင့်လည်း တွေ့ဖြစ်ကောင်းတွေ့ဖြစ်ဦးမည် ဖြစ်ပါသည်။

တစ်ကယ်ဆို… ကျွန်ုပ်နှင့် ဘလောဂါများ ဆုံတွေ့ချစ်ခြင်း မွေ့ပျော်ခြင်းများသည်…. ကျွန်ုပ်တွက်သည်သာမက.. မည်သူ့အတွက်မှ.စာဖွဲ့စရာတစ်ခု မဟုတ်သော်လည်း
ကျွန်ုပ်ရင်တွင်းမှာ… အမှတ်တယ… စာဖွဲ့မိသည်သာ။

ထို့ကြောင့်… စာရေးသူမကျ၊ ဘလောဂါ မကသော၊ ဘလောဂါခေါ်ခေါ်၊ စာရေးသူလို့ပဲ သမုတ်သမုတ် ကျေနပ်နေမည်ဖြစ်သော ကျွန်ုပ်သည်….. ဘလောဂါများနှင့် ထိုသို့ ချစ်ခရီးကိုလက်တွဲလှမ်းလာသမျှ ကာလပတ်လုံး အုပ်စုဖွဲ့ခြင်းလည်း တစ်ခါမှ မရှိခဲ့၊ ဖွဲ့ရန်လည်း အချိန်မရှိခဲ့ပဲ…. အလွန်ဝေးလံသီခေါင်လှသော ကနေဒါအနောက်ဘက်က သာယာလှပအေးချမ်းသိမ်မွေ့လှသော မြို့ကလေးမှာ အေးချမ်းစွာဖြင့် စာကလေး၊ ငှက်ကလေးများကိုသာ ပစ်လွှတ်လျှက် ဆက်လက်တည်ရှိ နေပါတော့သတည်း..။

P Please consider the environment before printing this page

===

PrintPrint Friendly

29 Comments »

  1. ကောင်းထှာ ။
    ရေးထားတာလေး က ချစ်စရာ ။

    Comment by Thandar Lwin — February 21, 2013 @ 12:24 am

  2. ဒီစာ ဖတ်ရတာ အလွန်ပျော်စရာကောင်း… ထို့ကြောင့် ခိုးခိုးခစ်ခစ် ရယ်မောသွား… :D :D :D

    Comment by သက်ဝေ — February 21, 2013 @ 12:32 am

  3. မလေးရေ့…..

    စာကလေးတွေ၊ ပျံလွှားတွေ၊ တစ်တီတူးတွေ၊ နှံပြည်စုတ်တွေ၊ ကြိုက်ရာသာလွှတ်ပါ….။
    အနော်တို့ကတော့ စောင့်ဖမ်းပြီး ကင်စား၊ အဲ့လေ….ဟုတ်ပေါင်… စောင့်ပြီး ဖတ်ရှုနေပါ့မည့်အကြောင်း အသိပေးအပ်ပါသည်။
    အနော်လည်း ဘလော့ဂ်ပေါ်မှာ တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ လျှောက်နေတုန်းပါပဲရယ်…..။
    စကားမစပ်… ပြုံးစိစိနဲ့ ဖတ်သွားတယ်ရယ်……

    ခင်မင်ခြင်းအားဖြင့်….
    ဏီလင်းညို

    Comment by ဏီလင်းညို — February 21, 2013 @ 12:48 am

  4. ဟောတော့.. !!!!!!!
    ရေးထားတာလေးက ပြုံးချင်စရာ၊ ချစ်ခင်စရာကောင်းလိုက်တာ
    အစ အဆုံးပြုံးပြုံးကြီးဖတ်သွားတယ်။
    မြင်းခွာရွက်နဲ့ အသည်းအမြစ်က ဒီအထိပါလာသေးတယ်ကွယ်..ဟီးး
    :D :D :D :D
    (သွားပါပြီဂျာ…နာမည်တွင်ပါဘီ :D )

    Comment by ရွှေအိမ်စည် — February 21, 2013 @ 12:49 am

  5. ဇွန်… ဗန်ကူးဗားအထိရောက်အောင် လာလည်မယ်ဆို မလေးက တွေ့မှာလား???

    အမှန်တကယ် သိချင်စိတ်ဖြင့် မေးသွား… :)

    Comment by ဇွန်မိုးစက် — February 21, 2013 @ 12:52 am

  6. Vancouver ထိ လာမှတော့ မလေး… ထွက်ပြေး.. အဲလေ.. တွေ့ပါတယ် ဇွန်ရယ်….း)))

    Comment by မလေး — February 21, 2013 @ 12:53 am

  7. ဘာရယ် မဟုတ်ဖူး ဘလော့ဂ် တွေဖတ်ပြီး ဘလော့ဂါ တွေကိုမမြင်ဘူးခင်ကတည်းက စိတ်ထဲမှာ ခင်နေမိတယ်။

    Comment by AATO — February 21, 2013 @ 12:55 am

  8. လူတစ်ယောက် ခံယူချက်တစ်မျိုးပေါ့ မလေးရယ်။ AATO ပြောသလိုပဲ တီတင့်လည်း
    ဘလော့အိမ်တွေ လည်ပြီးဖတ်တိုင်း ဘလော့ပိုင်ရှင်လေးတွေကို ရင်းနှီးခင်မင်နေမိတယ်။
    အွန်လိုင်းမှာခင်မိတော့လည်း အပြင်မှာဆုံတဲ့အခါ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်ဆုံသလိုမျိုးခံစားရတယ်။
    သားငယ်ရှိရာ စင်္ကာပူကို သွားတုန်းကလည်း မလေးရှားကို ဈေးဝယ်ထွက်တယ်ဆိုတာ အကြောင်းပြချက်သက်သက်ပါ
    တကယ်တော့ မလေးမှာရှိတဲ့ ဘလော့ဂါတွေနဲ့ ဆုံချင်လို့တမင်ရောက်အောင် သွားခဲ့တာ။ အဲ့ဒီလို တူညီတဲ့ခံစားချက်နဲ့ပဲ
    ရန်ကုန်ကို ‘မလေး’ ရောက်နေတယ်လို့ ညီမမြသွေးဆီကကြားကြားခြင်း ဆုံချင်လို့ ဖုန်းဆက်ခဲ့တာပါ။ ဆက်သွယ်တာ
    နောက်ကျသွားတာကြောင့် မဆုံဖြစ်ခဲ့ရလို့ တီတင့်ကစိတ်မကောင်းတောင်ဖြစ်သွားခဲ့တယ်။ မလေးရဲ့ ခံယူချက်လေးအခုမှဖတ်မိတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — February 21, 2013 @ 1:30 am

  9. ဟေးးးး ဟုတ်ပ…ရုတ်တရက်တွေ့လိုက်ချိန် တစ်ခါကတစ်ဘ၀က မင်းသားမင်းသမီးတွေတောင် လက်မှိုင်ချသွားနိုင်တယ်နော် မလေးရေ… အဟမ်း..ဆိုတဲ့ ချောင်းဟန့်သံကြီးကိုတောင် နားထဲ ပြန်ကြားမိတယ်.. :)

    မလေးရေ.. အုပ်စုဖွဲ့တယ်ဆိုတာတွေ ကြားနေရတော့ ကိုဏီလို ပြုံးစေ့စေ့တောင်မဟုတ်ပဲ မပြုံးပဲဝါးလုံးကွဲကို ရယ်ချင်မိတယ်.. ရယ်စရာပြောရရင် ပြည်တွင်းစစ်တွေ မရပ်တန့်နိုင်တာ အခြေခံမှာ အဲ့လိုလူတွေ တပုံကြီးရှိနေလို့..:P
    အဲ့ဒီလိုပြောနေသူတွေကို ကိုယ့်ကိုယ်ကို ငါရော အုပ်စုဖွဲ့မိနေသလားလို့ ပြန်မေးကြည့်စေချင်တယ်.. မေးကြည့်ပြီးရင်လည်း မှန်မှန်ကန်ကန် မညာစတမ်း ဖြေကြည့်စေ့ချင်တယ်…

    တကယ်တော့ အွန်လိုင်းသုံးနိုင်တဲ့အချိန်က အစ်မအတွက် အရမ်းကို ရှားပါးပါတယ် မလေးရေ… အစ်မကတော့ ဘလော့ဂါတစ်ယောက်ဖြစ်ခွင့်ရတဲ့ဘ၀ကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး… တန်ဘိုးလည်း အရမ်းထားပါတယ်… အားလုံးကိုလည်း ခင်ခင်မင်မင် လေးလေးစားစား ဆက်ဆံပါတယ်… အခြေအနေပေးသရွေ့ဘလော့ဂါတွေနဲ့ တွေ့ခွင့်ရနိုင်သမျှ တွေ့နေဦးမှာပါဘဲ..
    တကယ်တော့ ဘ၀က တိုတိုလေးဆိုတာကို မေ့နေကြတာပါ…

    Comment by မြသွေးနီ — February 21, 2013 @ 1:31 am

  10. တီတင့်…….. နောက်ခါ မလေး လာတွေ့ပါ့မယ်နော်…

    Comment by မလေး — February 21, 2013 @ 1:47 am

  11. မလေး ရေးတာ ချစ်ရာ ကောင်းလိုက်တာ

    Comment by Cho Cho — February 21, 2013 @ 2:03 am

  12. မလေးအိမ့်ချမ်းမြေ့ ကို ရန်ကုန် ရောက်တုန်း လာတွေ့ နှုတ်ဆက်ချင်ပါတယ်။ မလေးအိမ့်ချမ်းမြေ့  က ပုန်းနေတာကိုဗျာ…. :(
    ဘလော့ဂ် ဂါစစ်စစ် တွေ ပဲ ရွေးခေါ်ထုတ်သွားတယ်နော်…. ဖားတပိုင်း ငါး တပိုင်း ဘလော့ဂ်ဂါ ဆိုယင် မတွေ့ ချင်ဘူးထင်ပါရဲ့နော်…

    Comment by မောင်မောင် — February 21, 2013 @ 2:55 am

  13. စာလေးဖတ်နေရင်းနဲ့ ကို နွေးထွေးတဲ့ခံစားချက်လေး ရပါတယ်…..အဲ့ဒါကြောင့်လည်း ဒီပတ်ဝန်းကျင်အသိုင်းအ၀န်းလေး ကို ကျမ သဘောကျနေမိတယ်ထင်ပါရဲ့နော်….
    မလေးအိမ့်ချမ်းမြေ့ ကိုယ်စိတ်နှပါးရွှင်လန်းချမ်းမြေ့ပါစေနော်….

    Comment by Anonymous — February 21, 2013 @ 3:42 am

  14. ဘလော်ဂါချင်းချင်း အပြင်မှာ တွေ့ကြရင် ဘယ်လိုရေစက်ကြောင့် စိမ်းမနေဘဲ ခင်မင်ရင်းနှီးစိတ် ရှိနေကြတယ် မသိဘူးနော်
    တကယ်တမ်းဆို အပြင်မှာ မရင်းနှီးဘဲ စတွေ့တွေ့ချင်း တအားရင်းနှီးသလို ဖြစ်ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်
    ဒါပေမဲ့ စာရေးနေကြသူ (စာရေးနေကြသူဆိုတဲ့နေရာမှာ ကဗျာရေးရေး ဘလော့ရေးရေး ၊ ဘယ်နေရာမှာ ရေးရေး) ရေးနေကြသူတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲက ချစ်ခင်ရင်းနှီးမှု အခြေခံရှိပြီးသားမို့ တွေ့တာနဲ့ ခင်မင်ကြတတ်ကြတယ်လို့ ထင်မိပါတယ်။ ရင်ထဲက တကယ်ချစ်ခင်စိတ် မပါဘဲ ရင်းရင်းနှီးနှီး ဖြစ်ဖို့ဆိုတာ ဘယ်မှာလွယ်ပါ့မလဲနော်။
    ဘာဘဲဖြစ်ဖြစ် တွေ့ကြဆုံကြတယ်ဆိုတာ ကြည်နူးစရာ ပျော်ရွှင်စရာပါ။
    ကျွန်မဆို ဘလော်ဂါတွေ ရှိတဲ့နေရာနဲ့ အလှမ်းဝေးနေလို့၊ အချိန်မပေးနိုင်လို့ ၊ မအားလပ်လို့ မရောက်နိုင်ပေမဲ့ တွေ့ခွင့်ရလို့ တွေ့ကြသူတွေအားလုံးကိုယ်စား ပျော်ရွှင်မိပါရဲ့။ ခုလည်း မလေးရေးထားတာလေး ဖတ်ပြီး ပျော်ရွှင်သွားမိတယ်။ ရေးထားပုံကလည်း ချစ်စရာလေး
    ဘယ်အရာဘဲဖြစ်ဖြစ် ပျော်ရွှင်စိတ်နဲ့ ကြည့်ရင် ပျော်စရာလို့ မြင်ပါတယ် နော မလေးရယ်။။
    ဇွန့်လိုဘဲ မလေးရှိရာ ဗင်ကူးဗားထိ အလည်လာချင်လိုက်တာ ဟိဟိ

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — February 21, 2013 @ 4:00 am

  15. ကျေးဇူး မလေးရေ ဆုံကြတာပေါ့နော် :)

    Comment by အန်တီတင့် — February 21, 2013 @ 4:10 am

  16. မလေးရောက်နေတာ အစက မသိဘူး။ မပြန်ခင်တရက်မှပဲ ကိုရန်အောင် ပြောလို့ သိတာ။ ဒါနဲ့ ဖုန်းနံပါတ်တောင်းပြီး မမေ ဆက်သေးတယ်။ ဆက်လို့မရတာနဲ့ နှုတ်မဆက်လိုက်ရတာ မလေးရယ်။
    မလေးကို တွေ့ဖူးချင်နေတာလေ … နောက်တခေါက်လာရင် ပြောနော် …
    စက္က )))) လုလု)))) ဆိုပြီး စလိုးမိုးရှင်းနဲ့ ပြေးဖက်ရအောင်လို့ :D

    Comment by မေဓာဝီ — February 21, 2013 @ 5:04 am

  17. ဟိ မလေးက မချစ်ကို သိမ်မွေ့သူလေး ချိုအေးသူလေးပုံပေါက်အောင် ရေးထားတော့ ဖတ်ရတာ ရင်တွေတောင် ခုန်သွားပါရေား)
    မလေးရေ ဘာတွေ ဘယ်လိုဖြစ်ဖြစ် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ပါပဲနော်…။ ကျန်တာတွေ အာရုံနောက်လို့ ခေါင်းထဲ သိပ်မထည့်ဘူး။ ကိုယ်စိတ်ချမ်းသာတာ ကိုယ်လုပ် (သူများလည်း မထိခိုက်ဘူးဆိုရင်လေ)၊ ဒါမှလည်း စာရေးတဲ့အခါ အကြည်ဓါတ်လေး ရနေမယ် အိုခေး)))

    Comment by ချစ်ကြည်အေး — February 21, 2013 @ 5:32 am

  18. အင်းးးးးးး
    မလေးက ရေးတတ်လိုက်တာ…စိတ်ဝင်စားဖွယ်
    ကြည်နူးဖွယ်ရာလေးးးးးးးးး ပြုံးရုံတင်မက ဖတ်ပြီး
    ပျော်ရွင်သွားရပါတယ် မ ရေ…နောက်တစ်ခါလဲ
    ဘလော့ဂါမောင်နှမတွေနဲ့ တွေ့ဖြစ်ကြအုံးမယ်ဆိုရင်
    ညလေး ၀မ်းသာနေမှာပါ မ :)))
    ချစ်ခင်လေးစား အားကျလျက်
    မိုးနတ်

    Comment by မိုးနတ်ကြယ်စင် — February 21, 2013 @ 6:06 am

  19. တကိုယ်တည်း …. ဒါပေမယ့် ခြင်္သေ့ ..:)

    Comment by အိန်ဂျယ်လှိုင် — February 21, 2013 @ 11:51 am

  20. ရေးတတ်လိုက်တာ စာရေးသူမကျ၊ ဘလောဂါ မကသော မလေးရေ…ဖတ်ပြီးရင်းတကယ့်ဘဲ ကိုယ့်ကိုကိုယ်တိုင် ထမင်းဝိုင်းထဲ ရောက်သလိုခံစားလိုက်ရတယ်..Bravo!!!

    Comment by Yan Min Aung — February 21, 2013 @ 9:24 pm

  21. ဘလော့ဂ်တွေက ခြောက်သွေ့ပြီး ဖေ့စ်ဘွတ်ခ်မှာ ပိုစည်ကားနေကြတာတော့အမှန်။ အတိတ်ကို တကယ်သတိရပါတယ်။ ၅ နှစ် ၆ နှစ်ဆိုပေမယ့်လည်း ဟိုးကလေးငယ်စဉ်ဘဝကို သတိရမိသလို ခံစားရတတ်တယ်။ နောက်တစ်ခါလာရင် ဆုံချင်ပါသေးတယ်။ နှစ်ကိုယ်ကြား :P

    Comment by pandora — February 21, 2013 @ 10:00 pm

  22. တပြုံးပြုံးဖတ်လာရင်း စာဆုံးသွားတော့ ငို၍ ရယ်၍ မရသောမျက်နှာကြီးနဲ့ စိတ်ထဲမှာ ၀မ်းနည်းဝမ်းသာ ခံစားချက် မျိုးစုံ ရောနေတယ်။ အမှန်ဆို စာကလေး မတောက်တခေါက် ရေးတာထက်ပိုလို့ ကိုယ့်ကိုယ်ကိုယ် အဖြစ်ရှိတယ် မထင်။ လူတောတိုးဝင်ရမှာ သေမလောက်ကြောက်တုန်း…။ ဒါကြောင့် ဘလော့ဂါတွေထဲမှာ မမြသွေးတစ်ယောက်နဲ့သာ မမျှော်လင့်စွာ ဆုံဖူးကာ ကျန်အားလုံးနှင့် အဝေးမှာ။ သို့ပေမယ့် သူရို့စာတွေ ဖတ်ပြီး ရင်းနှီးကျွမ်းဝင်ပြီးနေသလို စိတ်မှာ စွဲနေပြီးသားပါ။ အဝေးက စာရေးဖော် ဘလော့ဂါတွေ တဖွဲဖွဲရောက်လာကြတာ သတင်းတွေဖတ်ရတော့ လှမ်းငေးအားကျရင်း ဘယ်သူနှင့်မှ ဆုံခွင့်မရခဲ့။ သို့ပေမယ့် သူတို့ ဓါတ်ပုံတွေငေးရင်း ကိုယ့်စိတ်နှလုံးက သူတို့ကို ပြုံးကြိုနေမိသလို သူတို့လည်း ကိုယ်အကြောင်း တစွန်းတစ ပြောနေကြမှာလို့ ဒီပို့စ်ကိုဖတ်ပြီး ကြည်းနူးစွာ နားလည်နေမိပြန်တော့ တကယ့်ကို ၀မ်းလည်းနည်းကာ ၀မ်းလည်းသာ….း))

    ခင်မင်သော သတိုး

    Comment by Anonymous — February 21, 2013 @ 10:01 pm

  23. တပြုံးပြုံးဖတ်လာရင်း စာဆုံးသွားတော့ ငို၍ ရယ်၍ မရသောမျက်နှာကြီးနဲ့ စိတ်ထဲမှာ ၀မ်းနည်းဝမ်းသာ ခံစားချက် မျိုးစုံ ရောနေတယ်။ အမှန်ဆို စာကလေး မတောက်တခေါက် ရေးတာထက်ပိုလို့ ကိုယ့်ကိုယ်ကိုယ် အဖြစ်ရှိတယ် မထင်။ လူတောတိုးဝင်ရမှာ သေမလောက်ကြောက်တုန်း…။ ဒါကြောင့် ဘလော့ဂါတွေထဲမှာ မမြသွေးတစ်ယောက်နဲ့သာ မမျှော်လင့်စွာ ဆုံဖူးကာ ကျန်အားလုံးနှင့် အဝေးမှာ။ သို့ပေမယ့် သူရို့စာတွေ ဖတ်ပြီး ရင်းနှီးကျွမ်းဝင်ပြီးနေသလို စိတ်မှာ စွဲနေပြီးသားပါ။ အဝေးက စာရေးဖော် ဘလော့ဂါတွေ တဖွဲဖွဲရောက်လာကြတာ သတင်းတွေဖတ်ရတော့ လှမ်းငေးအားကျရင်း ဘယ်သူနှင့်မှ ဆုံခွင့်မရခဲ့။ သို့ပေမယ့် သူတို့ ဓါတ်ပုံတွေငေးရင်း ကိုယ့်စိတ်နှလုံးက သူတို့ကို ပြုံးကြိုနေမိသလို သူတို့လည်း ကိုယ်အကြောင်း တစွန်းတစ ပြောနေကြမှာလို့ ဒီပို့စ်ကိုဖတ်ပြီး ကြည်းနူးစွာ နားလည်နေမိပြန်တော့ တကယ့်ကို ၀မ်းလည်းနည်းကာ ၀မ်းလည်းသာ….း))

    ခင်မင်သော သတိုး

    Comment by သတိုး — February 21, 2013 @ 10:02 pm

  24. အမ ရေးထားတာလေးက ချစ်စရာလေး…ပြတ်သား ရှင်းလင်းမှုလေးတွေ နှောထားတဲ့ ခံစားချက်လေးပါ .. :)

    Comment by ပန်းအိ — February 21, 2013 @ 10:14 pm

  25. ဖတ်ကောင်းကောင်းနဲ့ ဖတ်သွားပါတယ်။ လက်ကတောင် မချချင်လောက်အောင် ( မှားသွားလို့) မျက်လုံးတောင် မခွာနိုင်လောက်အောင် ဖတ်သွားပါတယ်။ :D

    Comment by နေလင်းအောင် — February 21, 2013 @ 10:33 pm

  26. စာပေအနုပညာကို ခုံမင်မြတ်နိုးတတ်သူတွေဟာ ငြိမ်းချမ်းမှုကိုလည်းမြတ်နိုးကြမှာလို့ ထင်ပါတယ် …

    Comment by ငြိမ်းစိုးဦး — February 21, 2013 @ 10:36 pm

  27. တို့လည်း စာကလေး လွှတ်ပွဲမှာ ပါမယ်။ :)

    Comment by ပုံရိပ် — February 22, 2013 @ 11:25 pm

  28. စာကလေးတွေ ဆက်ရက်တွေ ဆက်ပစ်ချင်သပဆိုလည်း သဘောသဘော..တစ်သက်လုံး ဘလော့ဂ်ဂါတွေနဲ့ မတွေ့ဘူးဆိုတဲ့ မဟာသံဓိဌာန်ကြီး ပျက်သွားတာ…စိတ်မကောင်းပါဘူးကွယ်..ဟီဟိ

    Comment by မိုးယံ — February 25, 2013 @ 5:47 am

  29. မလေးအဖွဲ့သန်လို့ ဆရာသတိုးရဲ့ မမရည်ကြီးလျှာထွက်တာတောင် မျက်လုံးထဲပြန်ပေါ်လာပြီ….. :)

    မလေးနဲ့ အမမြသွေးရဲ့ တစ်ခါကတစ်ဘဝလိုပဲ ကိုကိုးလည်း ကိုရန်အောင်ကြီးကိုတွေ့တော့ စိတ်ထဲ အားကြီးခင်တာနဲ့ ပြေးဖက်လိုက်တာပဲ…. မဒိုးကန်နဲ့ဆို လက်ညှိုးကြီးထိုးပြီး ဟားးးးးးးးးးးးးးးးးး ဆိုပြီး အကျယ်ကြီးအော်ကြတယ်……

    မမြင်ဖူးကြတဲ့ လူတစ်ယောက်နဲ့တစ်ယောက် စတွေ့တဲ့အချိန်မှာ တကယ့်မောင်နှမရင်းတွေလိုဖြစ်နေတာ အံ့သြဖို့ကောင်းတယ်…. ရှိလိမ့်မယ်လည်း မထင်ခဲ့မိဘူး… တကယ်ပျော်ရတယ်…. မလေးစာတွေကိုဖတ်ပြီး နုနုရွရွလေးတွေရေးတတ်တာမို့…. တကယ်နုတဲ့ ဒေါ်မိတောကို အပြင်မှာတွေ့ပြီး စာရေးဖြစ်တဲ့ခံစားချက်လေးတွေ မေးချင်မိတာ အမှန်ရယ်……

    ဒါနဲ့ ကျနော်လည်းလေ အုပ်စုဖွဲ့တယ်ဆိုတဲ့ မပီတပီအပုပ်ချသံကြီးကို မထင်မှတ်ပဲကြားလိုက်တဲ့အချိန် မပြုံးဘဲဝါးလုံးကွဲရယ်ခဲ့မိတယ်…. (ရိုက်မစစ်ဘဲဝန်ခံခြင်း) :D

    လေးစားခင်မင်စွာဖြင့်
    ကိုကိုးအိမ်(မန္တလေး)

    Comment by ကိုကိုးအိမ်(မန္တလေး) — March 2, 2013 @ 4:32 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------