♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

December 4, 2012

မိတောနှင့် ဆန်ပိုးများ

Filed under: ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:42 pm

မိတောတစ်ယောက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မို့ မုန့်ဟင်းခါး (သို့မဟုတ်) အုန်းနို့ခေါက်ဆွဲ (သို့မဟုတ်) နန်းကြီး မုန့်တီ တစ်ခုခုလုပ်စားရန် နံနက်စောစော မီးဖိုထဲသို့ ဝင်လာခဲ့သည်။ ဆန်ကြာဇံ၊ ပဲကြာဇံထုတ်များထားသော ကုန်ခြောက်ထားသော အခန်းကလေးကို ဖွင့်လိုက်သည်။

အခန်းလေးထဲတွင် ကြာဇံခြောက်၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဆီသွပ်ဗူးအချို့၊ အခြားစားစရာဗူးများအပြင် မြန်မာပြည်မှ မုန့်ဟင်းခါးထုပ်၊ ပုန်းရည်ကြီးထုပ် စသည်တို့က သူ့အဆင့်နှင့်သူ သေသပ်စွာရှိနေသည်။

“ဟင်…”

ကြာဇံထုပ်များနားတွင် ပိုးကောင်မဲမဲသေးသေးလေး သုံးလေးကောင်ခန့်ကို တွေ့လိုက်ရသည်။ မိတော တံမြက်စည်းအသေးကလေးသွားယူပြီး အသာလေးဖယ်ထုတ်လိုက်သည်။ ကြာဇံထုပ်များကို ဖယ်ကြည့်လိုက်တော့လည်း အားလုံးက ရှင်းလင်းသေသပ်စွာ ရှိနေသည်။ မိတောလည်း မုန့်ဟင်းခါးကို (မြန်မာပြည်မှ အထုပ်မဟုတ်- မိတောလက်ဖြင့် ဆန်လှော်သည်မှအစ၊ ပဲကြီးထောင်းသည်အထိ အစမှအဆုံး ကိုယ်တိုင်ချက်ပြုတ်လေသော မုန့်ဟင်းခါး) တစ်နေကုန် စိမ်ပြေနပြေချက်ပြီး ညနေခင်းမှာ စိတ်မသန့်သလို ဖြစ်နေသေး၍ ကုန်ခြောက်များထားသော အခန်းကလေးကို ထပ်ဖွင့်လိုက်သည်။ ပစ္စည်းများကို အကုန်ဖယ်ထုတ်သော်လည်း အဆင့်များပေါ်တွင် ဘာပိုးကောင်မှ မရှိ။
မိတော ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး အခန်းကလေးထဲက အံဆွဲများအောက်သို့ ခေါင်းဝင်ငုံ့ကြည့်လိုက်သည်။

“အား…”

ထင်ထားသည့်အတိုင်း အံဆွဲအောက်ကို မော့ကြည့်မှ သစ်သားတန်းလေးများကြားထဲတွင် စုပြုံနေသော ပိုးကောင်လေးများကို မြင်နေရသည်။

“ဘာဖြစ်တာလဲ… လန့်လိုက်တာကွာ”

ခပ်လှမ်းလှမ်းမှာ သတင်းကြည့်နေသော ကိုရင်သာအေးက လှမ်းမေးသည်။

“သွားပြီ၊ မီးဖိုတစ်ခုလုံး ပိုးတွေတက်နေပြီ”

“ဘယ်ကပိုးတွေလဲ”

“မသိဘူး၊ လာပါ၊ မြန်မြန်လာကြည့်ပါ၊ အကောင်လေးတွေ ဆန်ပိုးလေးတွေလို သေးသေးမဲမဲလေးတွေ၊ အံဆွဲတန်းအောက်မှာ စုပြုံပြီးတိုးဝှေ့နေကြတယ်၊ အမလေး… အသည်းတွေလည်းယားလိုက်တာ”

“မင်းက အသဲပဲ ယားတာ၊ ငါတော့ မင်းပြောပုံကြားတာနဲ့တင် ဒီမှာ ခေါင်းတွေကော တစ်ကိုယ်လုံး ယားချင်လာပြီ”

ကိုရင်သာအေးက အနားကိုရောက်လာသည်။ သူလည်းငုတ်တုပ်ထိုင်ချကာ အခန်းလေးထဲက အံဆွဲတွေအောက်ကို ကြည့်ပြီး “ရှင်းရတော့မှာပဲ” စိတ်ပျက်သံကြီးနှင့်ဆိုသည်။
ကိုရင်သာအေးက နှင် မိတော အံဆွဲများ၊ အဆင့်များပေါ်က ပုန်းရည်ကြီးထုပ်များ၊ ကြာဇံထုပ်များ၊ မုန့်ဟင်းခါးထုပ်များ၊ ကြံမဆိုင်ထုပ်များ အခြားစားစရာထုပ်များကို ထုတ်ရှင်းကြသည်။

“ဟာ.. အများကြီးပဲ ဒီအထုပ်တွေထဲမှာ..”

ကိုရင်သာအေးက လက်ထဲမှ ပုန်းရည်ကြီးအမှုန့်ထုပ်ထဲ ကြည့်ပြီးပြောသည်။

ထို့နောက် ကိုရင်သာအေးသည် မိတော နှစ်သက်သော မုန့်ဟင်းခါး၊ ပုန်းရည်ကြီးစသည့်အထုပ်များကို အမှိုက်တောင်းထဲ အကုန်ပစ်ထည့်လေတော့သည်။ တစ်ထုပ်ပစ်ထည့်လိုက်တိုင်း မိတော ရင်တစ်ချက် အောင့်ရလေသည်။

အဲဆွဲအမြောင်းလေးတွေကြားမှာ စုပြုံနေသော အကောင်လေးတွေကို ရှင်းနေရင်းလည်း မိတော့မှာ စိတ်လည်းမကောင်း၊ မရှင်းလို့ကလည်း မဖြစ်။ ကလေးတွေစားသည် cereal ဆိုသည့် ဂျုံ၊ပြောင်း၊ ဆန် တို့နှင့်ပြုလုပ်အပ်သော နံနက်စာဗူးထဲမှာပင် အကောင်လေးတွေက ရောက်နေပြီဖြစ်သည်။

“ဒါ မိန်းမ မပီသတာကို ပြတာ၊ ကိုယ့်ကိုကိုယ် စိတ်ပျက်နေပြီ”

မိတော တပျစ်တောက်တောက်ပြောနေမိသည်။

“ဆန်ပိုးလေးကို မိတောရာ….. ကိုယ်က မြန်မာပြည်ကလာတာပဲ”

ကိုရင်သာအေးက မိတောဘာဖြစ်ဖြစ် သူသုံးနေကျစကားဖြစ်သော… “ကိုယ်က မြန်မာပြည်ကလာတာပဲ” ဆိုတာကြီးကို ထုတ်သုံးပြန်လေသည်။

“ဟိုမှာက အကုန်ပူပူနွေးနွေးချက်ပြုတ်စားတာရှင့်၊ cereal က အစိမ်းရယ်၊ နို့စိမ်းထည့်ပြီး အစိမ်းစားတာ၊ အကောင်လေးတွေက နို့ထဲ ရေကူးချင်ကူးနေမှာ၊ ကလေးတွေ တစ်ခုခု မဖြစ်တာ ကံကောင်း”

“မင်း အကောင်ပလောင်ကားတွေ၊ အေလီယန် (ဂြိုလ်သား) တွေကို အရမ်းကြိုက်တာ မဟုတ်လား၊ ဒီဆန်ပိုးလေးတွေကလည်း မင်းကြိုက်တဲ့ ဂြိုလ်သားလေးတွေပဲပေါ့၊ ဂြိုလ်သားလေးတွေ မင်းမီးဖိုထဲမှာ ပွားနေတာပေါ့”

“ဟင်”

မိတော တစ်ယောက် ကိုရင်သာအေးကို “ပြောရက်လေခြင်း နှိုင်းယှဉ်ရက်လေခြင်း” ဟု ပါးစပ်အဟောင်းသာဖြင့် ကြည့်လိုက်မိသည်။

ဂြိုလ်သားဆိုလို့ မိတော ဂြိုလ်သားကားတွေကို ရုံတင်တိုင်း စီးရီးလိုက်သွားကြည့်တာကို မှတ်မိသေးသည်။ ငယ်စဉ်အခါတုန်းက အစ်မဝမ်းကွဲတစ်ယောက်နှင့် Jurassic park ဆိုသည့် ဒိုင်နိုဆောကား သွားကြည့်ဖူးသည်။ အစ်မက မလိုက်ချင်ဘဲ အင်တင်တင်ဖြစ်နေသည်။ မိတော ပြပါ့မည်ဆိုမှ လိုက်လာသည်။ ဒိုင်နိုဆောကြီးများက လက်သည်းချွန်ကြီးများ သွားချွန်ကြီးများထုတ်ကာ လူတွေကို လိုက်ရန်ရှာနေသည်ကို ရင်တဖိုဖိုအသည်းတအေးအေးဖြင့် ကြည့်နေသော မိတော ..။ ကြောက်လွန်း၍ လူတစ်ကိုယ်လုံးကို ချွေးပြန်ပြီး ခုံမှာမှီလျောပြီး အသည်းတယားယားဖြင့်ကြည့်နေစဉ်၊ အနားမှာ ဟောက်သံကြီးတစ်ခုက မှန်မှန် ထွက်ပေါ်နေလေသည်။ ပထမတော့ ဟောက်သံကြီးက ရှေ့ခုံတန်း သို့မဟုတ် နောက်ခုံတန်း ဒါမှမဟုတ် တတန်းတည်းထိုင်နေသူတစ်ဦးဦးထံမှ ထွက်ပေါ်လာနေသည်ဟု ထင်နေခဲ့သည်။ ဟောက်သံကြီးကို မိတော တော်တော်လေးကို သည်းညည်းခံနေသေးသည်။ နောက်ဆုံး ပိုပိုကျယ်လာသဖြင့် အရမ်းစိတ်တိုလာသဖြင့် ကိုယ်ကိုမတ်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိတော့ ဟောက်သံကြီးထွက်ပေါ်နေသည်မှာ မိတော အစ်မဝမ်းကွဲဆီကဖြစ်နေသည်ကို အံ့သြစွာ တွေ့လိုက်ရလေတော့သည်။

တစ်ခါကလည်း မိခင်ကြီးနှင့် ကြီးတော်ကြီးကို ဂြိုလ်သားကားကြည့်ချင်၍ အဖော်လိုက်ပါရန် အတင်းခေါ်ဆောင်သွားလေသည်။ ရုံထဲရောက်တော့ မိတော ကြည့်ချင်သည် ဂြိုလ်သားကားက အချိန်လွန်သွားပြီ။ မိခင်ကြီးကော ကြီးတော်ကြီးက ဂြိုလ်သားကားကို ကြည့်စရာမလိုတော့သဖြင့် ဝမ်းသာလုံးဆို့နေကြသည်။ နံရံပေါ်က ကြေငြာပြားတွေကို ကြည့်ပြီး လူကြီးကြိုက် “ဂါဝန်လှလှကြီးတွေ တကားကားနှင့် မိန်းမတွေအလှတွေအရမ်းပြင်တတ်သော ဝိတိုရိယခေတ်ရုပ်ရှင်ကားကို ကြည့်ပါလား” ဟု မိတော အကြံပေးလေသည်။ ကြီးတော်ကြီးကော မိခင်ကြီးကပါ “လိမ္မာလွန်းလှချေတကား” ဟု မိတောကို ချီးကျူးကာ လက်မှတ်ဖြတ်ရန်ပြောလေသည်။ ဂြိုလ်သားကား မကြည့်ရတော့သော မိတောလည်း မျက်နှာလေးငယ်ကာ သုံးယောက်စာ လက်မှတ်ဖြတ်ပြီး ရုံထဲသို့ဝင်လေသည်။ ဤရုပ်ရှင်ရုံသည် ရုံကြီးထဲတွင် ရုံကလေးပေါင်းများစွာဖြင့် ဆောက်ထားသည်ဟု အတိုချုပ် မိတော ပြောလိုပါသည်။ ရုံကလေးများထဲတွင် ဆိုင်ရာရုပ်ရှင်များကို ပြသနေခြင်းဖြစ်သည်။ မိတောလည်း ရုံပေါက်ဝမှ လက်မှတ်ဖြတ်သူ လက်ညှိုးထိုးပြလိုက်သည့် ရုံနံပါတ်သုံးထဲသို့ ဝင်သွားကာ နေရာယူလိုက်ကြသည်။

ရုပ်ရှင်စလေပြီ။

မိတောတို့ကြည့်နေသောရုပ်ရှင်သည် လေးပုံတစ်ပုံခန့်သာရောက်လာသော်လည်း၊ အပြင်မှာ ကြော်ငြာထားသကဲ့သို့ မိန်းမလှလှတွေလည်း မမြင်ရ၊ ဂါဝန်ကားကားကြီးတွေလည်း မမြင်ရသေး။ နူးညံ့သိမ်မွေ့သော ဝိတိုရိယအချစ်ကား ရုပ်ရှင်က ထက်ဝက်နီးပါးကျိုးလာလေသည်။ နူးညံ့သိမ်မွေ့သော အချစ်ကိုတွေ့ရန် မဆိုထားနှင့်၊ အညှစ်၊ အသတ်၊ အဖြတ် များ၊ နောက်ဆုံးပေါ်ကားများဖြင့် ငွေလု၊ သေနတ်ပစ်၊ ခေါင်မိုးပေါ်ဇောက်ထိုးထား ကြိုးနှင့်ဆွဲ၊ ရိုက်နှက်ကန်ကြောက်၊ ကြမ်းတမ်းလှလေသည်။ ရုံအပြင်မှာ ချိတ်ဆွဲထားသော ကြော်ငြာပေါ်က လှလှပပဂါဝန်ကြီးများနှင့် မိန်းမများကို ဇတ်ကားသာပြီးဆုံးသွားသည် - မမြင်လိုက်ရ။

မိတောရဲ့ မိခင်ကြီးနှင့် ကြီးတော်မှာ ဇာတ်ကားဆုံးသည်တိုင်အောင် စိတ်မလျော့ရှာကြသေးဘဲ ရုံအပြင်ကို ရောက်သည်အထိ သဘောပေါက်သည့်ပုံ မပေါ်။ လိုတိုရှင်း ပြောရမည်ဆိုလျှင် ရုံအပြင်မှ လက်မှတ်ဖြတ်ပေးသည့် ကောင်လေးက ရုံမှားပြီး လက်ညှိုးထိုးပြလိုက်သည်ကို ယုံကြည်လိုက်မိသော မိတော….. မိခင်ကြီးနှင့်ကြီးတော်ကို ရုပ်ရှင်အမှားကြီး ပြလိုက်မိခြင်းပင် ဖြစ်တော့သည်။ ဒီထက်ပိုပြီး တိတိကျကျပြောရမည်ဆိုလျှင်တော့ Alien ရုပ်ရှင်ကြည့်ရန် အားခဲသွားသောမိတော… အချိန်မမှီတော့၍ မိခင်ကြီးနှင့်ကြီးတော် ကြည့်ချင်ရှာသော နူးနူးညံ့ညံ့ရုပ်ရှင်ကို ကြည့်ရန်လက်မှတ်ဝယ်ပြီးကာမှ ရုံမှားပြီး မဲကြီး (ခေါ်) Mel Gibson သရုပ်ဆောင်လေသော အညှစ်အသတ်ဇတ်ကြမ်းကား “Pay Back”ရုပ်ရှင်ကို ကြည့်ပြီး ပြန်လာခဲ့ကြရခြင်းပင် ဖြစ်လေတော့သည်။

အဲသလို… ဂြိုလ်သားရုပ်ရှင်များကို ရင်ခုန်တတ်လေသောမိတော… ဂြိုလ်သားကားဆို စီးရီးအလိုက်ကြည့်ခဲ့သော မိတော၊ ယခုတော့ ကြည်နူးစွာရင်မခုန်နိုင်အားတော့ပြီ။

“Vent တွေကိုဖြတ်ပြီး တစ်အိမ်လုံးလျှောက်ပွားကုန်မှ ခက်မယ်”

“ဒါပဲလေ.. မင်းချစ်တဲ့ အေလီယံလေးတွေပဲပေါ့… အေလီယံကြီးတွေလိုပဲ.. သူတို့တွေလည်း လေပြွန်တွေထဲကနေ ပွားတတ်ကြတာပဲ”

“တော်တော့ ….. အားးးး”

မိတော၏ “တော်တော့” မှာ ကိုရင်သာအေးကို စိတ်တိုပြီး ပြောလိုက်သံဖြစ်ပြီး “အား” မှာ ဆန်ပိုးက ထပျံသဖြင့် မိတောလန့်ပြီး ထခုန်ရင်း အော်လိုက်သံဖြစ်လေသည်။

“ဘာဖြစ်ပြန်ပြီလဲ”
“ပျံတယ်…. အဲဒီအကောင်လေးတွေ ထပျံတယ်၊ ဒါဆန်ပိုးမဟုတ်ဘူး”
“ဆန်ပိုးပါကွာ…”
“ဟင့်အင်း .. ဆန်ပိုးက မပျံဘူး”
“ဆန်ပိုးလည်း ပျံတယ်ထင်တယ်”
“မပျံဘူးထင်တယ်”
“ပျံပါတယ်”
“မသိဘူး… အခု ဒီအကောင်လေးတွေကတော့ အကုန် ထပျံနေကြတယ်”

မိတော… ကိုရင်သာအေးလက်မောင်းကို ဖက်တွယ်ရင်း မျက်စိမှိတ်ကာ အော်နေလေသည်။ ကိုရင်သာအေးလည်း လက်ထဲက ပုန်းရည်ကြီးထုပ်များနှင့် ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်။ ခပ်လှမ်းလှမ်းလှေကားရင်းမှ အခြေအနေကိုစောင့်ကြည့်နေကြသော ဂျူနီယာတောနှင့် ဂျူနီယာသာအေးတို့လည်း မျက်စိမျက်နှာပျက်နေကြလေသည်။ ဂျူနီယာသာအေးက ကြောက်ပြီး အစ်မဖြစ်သူ ဂျူနီယာတောကို ဖက်ထားလေသည်။ ဂျူနီယာတောက “အသာနေစမ်း” ဟူသော ပုံစံဖြင့် မောင်ဖြစ်သူ၏ လက်ကိုဖယ်လိုက်ကာ မိတောတို့နားကို ဟန်ပါပါလျှောက်လာသည်။ အကောင်သေးသေးလေးတွေ ပတ်လည်ဝိုင်းခံနေရသော မိဘများကိုကြည့်ပြီး နားမလည်သလို မျက်လုံးလေးများ ဝိုင်းလာလေ၏။

“ဖေဖေနဲ့မေမေ”

“ဖေဖေနဲ့မေမေက အကြီးကြီးတွေ၊ ပိုးကောင်လေးတွေက သေးသေးလေးတွေကို ဘာဖြစ်လို့ အရမ်းတွေကြောက်နေကြတာလဲဟင်”

ဂျူနီယာတော မေးခွန်းအဆုံးမှာ မိတောနှင့် ကိုရင်သာအေး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ အနည်းငယ်ရှက်သွားကြသည့်အပြင်၊ ရုတ်တရက်မို့ ဘာဖြေရမှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်သွားကြလေ၏။

“ကလေးတွေ သွား..သွား.. ဒီနားမလာကြနဲ့၊ သမီး… မောင်လေးကို ခေါ်သွားချေနော်”

မိတောစကားအဆုံးမှာ ဂျူနီယာတောနှင့် ဂျူနီယာသာအေးတို့ ကြွက်ကလေးတွေလို ပုပြီး မီးဖိုနှင့်ဝေးရာသို့ ထွက်သွားကြလေတော့သည်။

မိတောနှင့် ကိုရင်သာအေးလည်း မီးဖိုချောင်တစ်ခုလုံးမှာ ပြေးလွှားပျံသန်းနေသော အကောင်လေးများကို ဖယ်ထုတ်ရလေတော့သည်။

“ကနေဒီယန်ဆန်ပိုးတစ်ဖြစ်လဲ အေလီယံလေးတွေမို့ အတောင်တွေ ပါတာထင်တယ်”
“…………….”
“~~~ အတောင်ပံပါရင်.. မင်းဆီကို….~~~”

ကိုရင်သာအေး မထိတထိ မခံချင်အောင်စနေသည်ကို မကြားဟန်ဆောင်ကာ မိတော မီးဖိုကိုရှင်းနေလိုက်သည်။

မီးဖိုထဲမှာ ဆန်ပိုးများရှင်းသွားပြီးနောက်…

မိတောတစ်ယောက် ထုံးစံအတိုင်း ကနေဒီယန်ဆန်ပိုးသည်… ပျံနိုင်ခြင်း ရှိ-မရှိ၊ မြန်မာဆန်ပိုးနှင့်အမျိုးကွဲပြားမှု ရှိ-မရှိ ဆိုသည်ကို စိတ်ဝင်တစား ရှာဖွေဖတ်ရှုလေသည်မှာ ရပ်ကွက်စာကြည့်တိုက်မှာပင် ၂နာရီခန့်ငုတ်တုပ်ထိုင်ဖြစ်သည်အထိပင် ဖြစ်လေသည်။ စာကြည့်တိုက်ပိတ်၊ မီးတွေမှိတ်မှ ထွက်လာသော မိတောလည်း မျက်လုံးထဲတွင် ဆန်ပိုး၊ ပဲ၊ ဂျုံ၊ ပြောင်း စသော ပိုးကောင်မျိုးစုံကို မြင်ယောင်လျှက် အိမ်ပြန်လာလေတော့သည်။
သိလာသမျှ ပိုးကောင်လေးများအကြောင်းကို ပြောချင်လွန်းသဖြင့် ကားမောင်းရင်းနှင့်ပင် ညီမတော်ကို ဖုန်းဆက်ကာ အချိန်ရသမျှ အမြန်ပြောမိလေသည်။ အလုပ်များလွန်းသဖြင့် ညအချိန်ရောက်နေသည်အထိ ရုံးမှာရှိနေသော ညီမတော်မှာလည်း စိတ်မပါ-တပါ နားထောင်ပြီး “စိုက်ပျိုးရေးဌာနမှာ အလုပ်လျှောက်သင့်တယ်” ဟုဆိုကာ… ဖုန်းချသွားလေသည်။

အိမ်ရောက်တော့လည်း ဘယ်သူ့ကို ပိုးကောင်လေးတွေအကြောင်းပြောပြရမည်လည်း လိုက်ရှာမိတော့ အင်တာနက်စာမျက်နှာများပေါ်တွင် မြန်မာပြည်အရေးများဖတ်ပြီး မျက်နှာတည်တည်ကြီးဖြစ်နေသော ကိုရင်သာအေးကို လှမ်းတွေ့လိုက်သည်။ သူ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ခြင်းဖြင့်၊ မြန်မာပြည်တစ်နေရာရာမှာ မြစ်ရေလျှံပြန်ပြီလား၊ မီးပြတ်ပြန်ပြီလား၊ မီးလောင်ပြန်ပြီလား၊ လက်ကိုင်ဖုန်းတွေ ဈေးတက်ပြန်ပြီလား၊ ဆည်တွေဆောက်ပြန်ပြီလား၊ တောင်တွေဖြိုပြန်ပြီလား၊ ဘယ်သူကဘယ်သူ့ကို နမ်းပြန်ပြီလဲ… တစ်ခုခုတော့ ဖြစ်နေပြန်ပြီကို ရိပ်မိလိုက်ရပြန်သည်။ ဒါကြောင့် ဘာမှ မပြောဝံ့တော့ဘဲ အိမ်ပေါ်သို့ အသာလေး တက်လာလေသည်။

ဤကဲ့သို့ အခြေအနေမကောင်းသဖြင့် အိမ်ပေါ်သို့တက်လာသည်တွင် အိပ်ခန်းတစ်ခန်းထဲက ကုတင်ပေါ်တွင်လှဲပြီး “သက်တံ၁၀စင်း” ကို စိတ်ပါဝင်စားစွာဖတ်နေသော မိခင်ကြီးကို ဝမ်းသာစွာတွေ့ရလေသည်။

“မေမေ.. ဟိုနေ့က မီးဖိုထဲမှာတွေ့တဲ့ ပိုးလေးတွေကလေ ဆန်ပိုးမဟုတ်ဘူး၊ ရွှေပိုးကောင်အမျိုး အသေးစား ရွှေပိုးကောင်အနီရောင်လေးတွေမျိုး မေမေရဲ့”

“သူတို့က နွေးတဲ့ရာသီဥတုကိုကြိုက်ပေမယ့် အေးတဲ့ဒေသတွေမှာ လုံလုံခြုံခြုံနေရရင်လည်း ပေါက်တယ်၊ ဆန်ပိုးထက် ၁ မီလီမီတာလောက် ပိုရှည်တယ်”

မိတောတစ်ယောက် မိခင်ကြီးဘေး ပစ်လှဲကာ ဗိုက်ကိုဖက်ပြီး ကလေးတစ်ယောက်လို တတွတ်တွတ်ရွတ်နေလိုက်သည်။

မိခင်ကြီးဆီက ဘာသံမှ မကြား။ မိခင်ကြီး.. သက်တံ့၁၀စင်းကိုသာ သဲကြီးမဲကြီး ဆက်ဖတ်နေလေ၏။

“ဆန်ပိုးက ခြောက်လလောက်ပဲ သက်တမ်းရှိတယ်၊ ရွှေပိုးကောင်နီလေးတွေက တစ်နှစ်လောက် သက်တမ်းရှိတယ်”

“ဆန်ပိုးရဲ့ ပိုးတုံးလုံးလေးတွေမှာ ခြေထောက်မရှိဘူး၊ ရွှေပိုးကောင်နီလေးတွေရဲ့ ပိုးတုံးလုံးလေးတွေမှာ ခြေထောက်ခြောက်ချောင်းတောင်ရှိတယ်… သိလား မေမေ”

“တော်ပါတော့ သမီးရယ်..”

မိခင်ကြီးဆီက အသံထွက်လာသဖြင့် မိတော အနည်းငယ်ဝမ်းသာသွားသည်။ မိခင်ကြီးထံမှ စိတ်ဝင်စားမှုကို ရလိုက်ပြီကို သိလိုက်ရသည်။

“ဆန်ပိုးလေးတွေက သိပ်လည်တယ်၊ သေချင်ဟန်ဆောင်တတ်တယ်”

“ဆန်ပိုးရဲ့မွေးရာဇာတိကတော့ အိန္ဒိယနိုင်ငံတဲ့ မေမေ၊ ရွှေပိုးနီကောင်ကလည်း အာရှကပဲလာတာတဲ့”

“ရောဂါပိုးမွှားမှန်သမျှ မေမေတို့ အာရှကချည်းပဲ၊ မကောင်းတာမှန်သမျှ အာရှကအထုတ်ဆုံး ဆိုတာချည်းပဲ၊ လွန်ကိုလွန်တယ်၊ သူတို့ဆီမှာ ရောဂါပိုးမွှားတို့ အမှိုက်သရိုက်တို့ မရှိတော့တာ ကျနေတာပဲ”

မေမေ့အသံထွက်လာတော့ မိတော အရှိန်ပိုတက်လာသည်။

“ကြောင်တောင်တောင်ဂျုံစားပိုးကောင်ဆိုတာလည်း ရှိသေးတယ်”

“ဘာရယ်…”

“ဟုတ်တယ်၊ နာမယ်ကိုက ကြောင်တောင်တောင်ဂျုံစားပိုးကောင် တဲ့.. confused flour beetle လို့ကိုခေါ်တာ၊ သူကတော့ အာရှကဆင်းသက်လာတာမဟုတ်ဘူး၊ အာဖရိက က တဲ့.. အဟွန်း”

“ရှိသမျှ ရောဂါဇစ်မြစ်ဆို အာရှရယ်.. အာဖရိကရယ်….ဒါပဲ”
မေမေက သက်တံ၁၀စင်း စာရွက်တွေကို လှန်ရင်း ပြောသည်။

“အဲဒီပိုးကောင်လေးတွေက အမျိုးရာချီနေတာမေမေရဲ့၊ မြန်မာပြည်မှာတွေ့ရတဲ့ ရွှေပိုးကောင်တို့ နွားချေးပိုးတို့က အဲဒီ အမျိုးထဲမှာပါတယ်၊ ဒါပေမယ့် ရွှေပိုးကောင်တို့ နွားချေးပိုးတို့က ပိုကြီးတာပေါ့၊ ဟိုနေ့ကအကောင်လေးတွေ ပျံတာကလေ.. အပူချိန် ၂၃ဒီဂရီစီကျော်လို့ ပျံတာ၊ အိမ်ထဲမှာ အပူချိန်များနေလို့၊ အဲဒီအကောင်လေးတွေက သေးသေးလေးတွေဖြစ်နေလို့ မေမေရဲ့၊ အကြီးကြီးတွေသာဖြစ်ကြည့်၊ လူတွေဘယ်လိုမှ အံတုနိုင်မှာ မဟုတ်ဘူး၊ အဆပေါင်းများစွာချဲ့ပြီး ရိုက်ထားတဲ့ပုံတွေကြည့်ရင် တစ်ကယ့်ဂြိုလ်သားကြီးတွေလိုပဲ… သိလားမေမေ…”

ထိုညက မိခင်ကြီးနားထောင်ချင်လား မထောင်ချင်လား မစဉ်းစားပဲ ပြောချင်ရာတွေပြောပြီး မောပြီး အိပ်ပျော်သွားလေသည်။ အိပ်ပျော်သွားသည်မှာ မိတော ဟု မထင်လိုက်ပါနှင့်။ မောပြီးအိပ်ပျော်သွားသည်မှာ… မိတော၏ မိခင်ကြီးပင် ဖြစ်လေ၏။ တစ်ကယ်ကတော့ မိခင်ကြီးရင်ခွင်ထဲမှာ ဗိုက်ကိုဖက်၍ တတွတ်တွတ်ပြောနေသော်လည်း ဘာသံမှ ပြန်မလာ၍ ကြည့်လိုက်တော့ ပါးစပ်ဟပြီး အိပ်ပျော်နေပြီဖြစ်သော မိခင်ကြီးကို တွေ့လိုက်ရခြင်းပင်ဖြစ်လတံ့။

“ဟွန့်… ဒီကတော့ ပြောလိုက်ရတာ”

အာဘောင်အာရင်းသန်သန် ရေငတ်လု ပြောနေတဲ့သူကိုတောင် အားမနာဘဲ၊ အိပ်ပျော်သွားနိုင်ရက်အားသော မိခင်ကြီးကိုသိပ်မကျေနပ်သော်လည်း ချစ်ခင်မြတ်နိုးစွာ စောင်ခြုံပေးပြီး အိပ်ခန်းထဲက ခြေဖျားထောက်ထွက်လာခဲ့သည်။ ထို့နောက် ကလေးများအိပ်နေသော အိပ်ခန်းထဲသို့ သွားကြည့်လေသည်။ ကလေးနှစ်ယောက်မှာလည်း စောင်ကလေးတွေ ကိုယ်စီဖက်လို့ အိပ်ပျော်နေကြပြီဖြစ်သည်။ ဂျူနီယာသာအေးမှာ အစ်မဖြစ်သူဂျူနီယာတောကို ချစ်လွန်းသဖြင့် ဂျူနီယာတောနှင့်သာ အိပ်ချင်လွန်းလှပါသည်ဆို၍ တစ်ကုတင်တည်း မောင်နှမနှစ်ယောက်ကို သိပ်ထားခြင်းဖြစ်လေသည်။

မိတောလည်း တစ်နေကုန် ပိုးကောင်တွေအကြောင်းဖတ်၊ ပိုးကောင်တွေအကြောင်းတွေး၊ ပိုးကောင်တွေအကြောင်းပြောပြီး မောသွားကာ အိပ်ပျော်သွားလေသည်။ တစ်နေကုန် ဒါပဲလုပ်နေသဖြင့် နွားချေးပိုးများ၊ ရွှေပိုးကောင်များကို အိပ်မက်မြင်မက်လေတော့၏။ အိပ်မက်ထဲမှာ ထိုပိုးကောင်များက ဧရာမကြီးတွေဖြစ်နေလေသည်။ အစွယ်များ၊ သွားချွန်ကြီးများ၊ အတောင်ပံကြီးများ၊ လက်သည်းချွန်ကြီးများကြားမှာ မိတော ရောက်နေသည်။ မိတောမှာ အရှင်လတ်လတ် အေလီယန်ကမ္ဘာကို ရောက်နေရလေသည်။

အိပ်မက်ထဲမှာ ဧရာမပိုးကောင်ကြီးများမြင်သွားမည်ကို စိုးရိမ်ပြီး ချောက်ကမ်းပါးယံများကြားမှာ တွယ်တက်နေစဉ် အိပ်မက်ထဲမှာ ကယ်ပါ ယူပါ တစာစာ အသံကို ကြားနေရလေသည်။ ထို ကယ်ပါ ယူပါ အသံက ထူးဆန်းစွာပင် အင်္ဂလိပ်လိုကော မြန်မာလိုပါဖြစ်သဖြင့် ဝေဝေဝါးဝါးတွေ ဖြစ်နေမိသေးသည်။

Help! .. Help!.. ဆိုသည့်အသံကြီးတစ်သံကိုလည်း ကြားနေရသည်။ ထိုအသံများကို အပြင်မှာ တစ်ကယ်ကို ကြားလာရသဖြင့် မိတော လန့်နိုးကာ စောင်ကိုဖက်ပြီး အိပ်ချင်မူးတူး နားစွင့်နေမိသည်။ အသံက ပိုကျယ်လာတော့မှ ဂျူနီယာသာအေး၏ အသံမှန်းသိလိုက်ရသဖြင့် ကမူးရူးထိုးအမြန်ထ၊ ကလေးတွေ အခန်းထဲကို အမြန်ဝင်သွားတော့ စောင်ကိုဖက် မျက်စိကိုစုံမှိတ်ကာ အော်နေသော ဂျူနီယာသာအေးကို တွေ့လိုက်ရသည်။

ဂျူနီယာတောကိုကြည့်လိုက်တော့ မောင်ဖြစ်သူ ဒီလောက်အော်နေတာကို မနိုးဘဲ ကန့်လန့်ကြီး အိပ်မောကျနေသည်ကို မြင်ရလေသည်။ ဂျူနီယာတော၏ ခြေထောက်တစ်ဘက်ကလည်း ဂျူနီယာသာအေး၏ လည်ပင်းပေါ်မှာ ကန့်လန့်ဖြတ်ခွလျှက်သား ရောက်နေလေသည်။ ဒါကြောင့် လှုပ်မရလေသော ဂျူနီယာသာအေးခမျာ help!…… help! ဟု တစာစာအော်နေခြင်းဖြစ်လေ၏။

မိတောလည်း ဂျူနီယာတော ခြေထောက်ကိုဖယ်မက ပြန်ရွေ့ပြီး ဂျူနီယာသာအေးကို “မေမေ ရှိတယ် . ..” ဟု အားပေးရလေသည်။ “ကိုယ့်အခန်းကိုယ်ပြန်အိပ်မလား” ဟု ဂျူနီယာသာအေးကို မေးတော့ စောင်ကိုဖက်လျှက် တရှုံ့ရှုံ့ငိုကာ “မမနဲ့ပဲ အိပ်မယ်” ဟု ဆိုလေသည်။

“မမ မင်းလည်ပင်းကို သူ့ခြေထောက်ကြီးနဲ့ ထပ်ခွမိရင် ဘယ်လိုလုပ်မလဲ၊ ကိုယ့်အခန်းကိုယ် ပြန်အိပ်”

“အိုင်ရုန့်လိုက်ခ် ကိုယ့်အခန်းကိုယ်ပြန်အိပ်၊ စလိဝှသ် မမ” ဟု ပြောငိုလေ၏။

“ဒါဆို မေမေနဲ့လာအိပ်”

အိုင်ရုန့်လိုက်ခ် မေမေနဲ့လာအိပ်တူး၊ စလိဝှသ် မမ” ဟု ထပ်ပြောပြီး စောင်ဖက်ပြီး ဟိုဘက်လှည့်ကာ ကိုယ်လုံးလေးလှုပ်ကာလှုပ်ကာ ဆက်ငိုနေသည်။

“ဒါဆိုလည်း မငိုနဲ့တော့၊ ငိုမယ်ဆို မေမေနဲ့လာအိပ်၊ မေမေချော့သိပ်မယ်.. မင်းငိုနေရင် မေမေကဘယ်လိုအိပ်နိုင်မှာလဲ”

အိုင်ရုန့်လိုက်ခ် ငိုနေ” ဆိုပြီး အသံတိတ်သွားမှ မိတောလည်း သက်ပြင်းချနိုင်လေသည်။

ကလေးတွေကို သေသေချာချာစောင်ခြုံပေး၊ နှစ်ယောက်ကြားမှာ ခေါင်းအုံးတစ်လုံးခံပေးကာ ကိုယ့်အခန်းထဲ ပြန်လာလေ၏။

မိတောမှာ တစ်နေကုန်ဖြစ်သမျှ ရင်တွေတုန်ပြီး ချက်ချင်းအိပ်မပျော်သေးသဖြင့် မျက်နှာကြက်ကို ငေးကြည့်နေမိလေသည်။ နောက်ဆုံးတော့ မိတောခမျာ… သက်ပြင်းအခါခါချရင်း… မျက်လုံးထဲမှာ
ရွှေပိုးကောင်များ၊ နွားချေးပိုးများ၊ ဆန်ပိုးများကို မြင်ယောင်ရင်း အိပ်ပျော်ကာ သွားလေတော့သတည်း။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

ဤပို့စ်မှ အစပြုပြီး ကိုဗျိုင်းအား ကိုရင်သာအေး ဟု ပြောင်းလဲခေါ်ပါရန်….း))

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

သက်ဆိုင်တာလေးတွေ…
(( မိတောနှင့် ဘဲဆီ ))
(( မိတောနှင့် အမွှာတံတားကြီး ))
(( မိတောနှင့် အညိုရိပ်၅၀ ))
(( မိတောနှင့် ပုရွက်ဆိတ်သိုင်းလေပွေရိုင်း ))
(( ရှင်ဂွိရဲ့နံနက်ခင်း ))
(( မိတောနှင့် ၀ါးမီးတိုင်များ ))

….

P Please consider the environment before printing this page

21 Comments »

  1. မိတောလေးကို စာဖတ်သူတွေ စွဲနေပြီနော် မလေး…
    ကိုရင်သာအေး နာမည်ပြောင်းလိုက်တာကလည်း ရိုးရှင်းလိုက်တာ…
    နာမည်ပြောင်းတဲ့ အထိမ်းအမှတ်နဲ့ မုန့်လေးဘာလေးများ မကျွေးဘူးလားဟင်..:)

    Comment by မြသွေးနီ — December 5, 2012 @ 12:39 am

  2. မလေး.. ရယ်ချင်နေတယ်…
    ကိုဗျိုင်းကနေ ကိုရင်သာအေးဖြစ်သွားလားဆို စနေကြလို့…

    Comment by မလေး — December 5, 2012 @ 12:43 am

  3. ဂျူနီယာသာအေးစကားပြောတာ ချစ်ဖို့ ကောင်းလိုက်တာ၊
    မနေ့ ကပဲ ကောက်ညှင်းဆန်တွေ ဆန်ပိုးတက်သွားလို့  ဝမ်းနည်းနေတာ၊ ဆီထမင်းလုပ်ကြည့်သေးတယ်၊ ပိုးစော်နံလို့  မစားနိုင်ဘူး. :(

    Comment by sin sin — December 5, 2012 @ 12:46 am

  4. မလေး ရေ ဂျူနီယာတော စာအုပ်ထုတ်ရင် ၀ယ်ချင်ပါတယ် ။ အမြန်ထုတ်ဖြစ်ပါစေ ။

    Comment by Thandar Lwin — December 5, 2012 @ 12:46 am

  5. မိတော ဂြိုလ်သားကားတွေကို ရုံတင်တိုင်း စီးရီးလိုက်သွားကြည့်တာဆိုလို့ ဂြိုလ်သားကားဆိုရင်
    မလွတ်န်းကြည့်တဲ့ တီတင့်လည်း အိမ်ကဆန်အိုးကြီးကို သေချာပြန်ကြည့်အုံးမှ အိမ်ဦးသခင်က ကိုရင်သာအေးလို ပြောနေမှဖြင့် :P
    စာရေးကောင်းတယ် မလေးရေ။ မိတောဆိုတာနဲ့တင် တစ်လုံးမကျန် အကုန်ဖတ်ဖြစ်သွားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — December 5, 2012 @ 1:42 am

  6. နာမည်ပြောင်းရင်ဒီအတိုင်းရမလားကွ။ မုန့်ဟင်းခါးလေးဘာလေးနဲ့လေ။ ဒေါ်လေးအိပ်ပျော်တာလဲမပြောနဲ့ ဒေါ်ထိပ်ထားတောင်မောတယ်။

    Comment by ထိပ်ထား — December 5, 2012 @ 2:02 am

  7. မမ နာမည်ပြောင်းရင် မုန့်ကျွေးပြိးမှ အတည်ဖြစ်တာတဲ့ … မုန့်ကျွေးနော်မမ …:)
    အားပေးမယ့် ပရိသတ်က မီတောစီးရီးကို မျှော်နေကြပြီ …:) ပျော်စရာကြီး ..မမ

    Comment by အိန်ဂျယ်လှိုင် — December 5, 2012 @ 2:02 am

  8. မိတောစီးရီးစ်ရဲ့ ထုံးစံ အသောအထေ့လေးတွေနဲ့ မြူးလှတယ် မလေးရေ..၊
    ဂြိုဟ်သားတွေ၊ ဆန်ပိုးတွေ၊ မဲလ်ဂစ်ဘ်ဆန်၊ စာကြည့်တိုက်၊ ဝိတိုရိယ၊ ဂျူနီယာကလေး နှစ်ယောက်… အားလုံးကို ရက်ဖောက်သွားတာ သဘောကျလိုက်တာ…။ :)

    Comment by ညီလင်းသစ် — December 5, 2012 @ 3:09 am

  9. ကိုဗျိုင်းကနေ ကိုရင်သာအေးဘာကြောင့် ပြောင်းလိုက်လဲဆိုတာ သိချင်နေမိတယ် မလေး။ :P

    I do love and enjoy reading your မိတော စီးရီး as always. :)

    Comment by ဇွန်မိုးစက် — December 5, 2012 @ 6:32 am

  10. ဂျူနီ ယာ သာ အေးလဲအမေတူဖြစ်မယ်ထင်တယ် သူ့အိပ်မက်ထဲမလဲ ပိုးကောင်တွေပါလားမှ မသိတာ

    Comment by Moe Aung San — December 5, 2012 @ 9:47 am

  11. “အိုင်လိုက်ခ် မိတောနှင့် ဆန်ပိုးများ..။” ချစ်ဖို့ကောင်းလိုက်တာ ဂျူနီယာသာအေးလေး စကားပြောပုံလေးက…။

    Comment by Su Myat Htar — December 5, 2012 @ 9:47 am

  12. ၀ါးးးးးးးးးးးးးးးးးးးးးးး အားကျတယ်ကွာ…သူများတွေ ဖတ်ပြီးလို့ ကွန်းမန့်တွေ ပေးကုန်ပြီ…။ နာ အခုထိ မဖတ်၇သေးဘူး….ရုံးရယ်…မြန်မြန်ဆင်းပါတော့…. :(((

    Comment by Thu Rain — December 5, 2012 @ 9:48 am

  13. ပိုးကောင်အကြောင်းဖတ်ချင်တယ်..အင်္ဂလိပ်နာမည်ဘယ်လိုခေါ်လဲမလေး…ဂြိုလ်သားကားတွေတော့မကြည့်ပါနဲ့လား.. ကြောက်စရာ..။ ဂျူနီယာတောလေးနဲ့သာအေးလေးကို အရမ်းချစ်သွားပြီ… ။ တောလေးက အသာနေဆိုတဲ့အခန်းကိုမြင်ယောင်ပြီး သဘောကျသွားတယ်..။ သာအေးလေးကလည်း help help လို့တော့အော်တတ်သား… ။

    Comment by Evergreen Phyo — December 5, 2012 @ 9:48 am

  14. မလေးရေ… သတိရလို့… နောက်တစ်ခေါက်ပြန်လာတာ။ ဂျူနီယာတောလေးနဲ့ ဂျူနီယာသာအေး အသက်ဘယ်လောက်ကွာလဲဆိုတာ သိချင်လို့။ ဂျူနီယာသာအေးလေးပုံ ဟိုတစ်ခါမြင်ဖူးတည်းက အရမ်းချစ်သွားတာ။း)

    Comment by ဇွန်မိုးစက် — December 5, 2012 @ 7:21 pm

  15. ဒီပို့စ်ဖတ်ပြီး အရင် မိတော စီးရီးဟောင်းတွေ ပြန်ဖတ်အုံးမှ :P

    ဒါနဲ့ အစ်မ အလုပ်က စိုက်မျိုးရေးလား ဒါမှမဟုတ် အကောင်ပလောင် သုတေသန တစ်ခုခုများလား ။ ရုံးမှာ အလုပ်ရှုပ်နေတယ်ဆိုတာ အဲ့တာတွေကြောင့်ပဲဖြစ်ရမယ် ။

    Comment by မောင်မျိုး — December 5, 2012 @ 8:54 pm

  16. ဇာတ်ကောင်တွေရော ဇာတ်ကောင်နာမည်တွေရော အရေးအသားရော ဘာမှ ပြောစရာမရှိအောင် ဆွဲဆောင်မှုကောင်း၊ ချစ်စရာကောင်း…

    Comment by သက်ဝေ — December 5, 2012 @ 10:54 pm

  17. ချစ်စရာပိုစ့်ကလေး..
    ပိုးကောင်အကြောင်းတွေ ချစ်ဖို့ကောင်းအောင်ရေးတတ်တဲ့ မလေးဘဲ…
    ကိုရင်သာအေးကတော့ ခပ်အေးအေးပေါ့ နော်

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — December 5, 2012 @ 11:23 pm

  18. အစအဆုံးဖတ်မိပြီး
    အခါခါ ပြုံးမိတယ် မလေး

    “မြန်မာပြည်တစ်နေရာရာမှာ မြစ်ရေလျှံပြန်ပြီလား၊ မီးပြတ်ပြန်ပြီလား၊ မီးလောင်ပြန်ပြီလား၊ လက်ကိုင်ဖုန်းတွေ ဈေးတက်ပြန်ပြီလား၊ ဆည်တွေဆောက်ပြန်ပြီလား၊ တောင်တွေဖြိုပြန်ပြီလား၊ ဘယ်သူကဘယ်သူ့ကို နမ်းပြန်ပြီလဲ… တစ်ခုခုတော့ ဖြစ်နေပြန်ပြီကို ရိပ်မိလိုက်ရပြန်သည်။ “

    အဲဒီ့အသုံးအနှုန်းလေးကို သဘောတကျ အသံထွက်ရယ်မိတယ်.။
    ဒါ ဇွတ်အတင်းရယ်စရာ မဟုတ်တဲ့ သရော်စာ ပုံစံလေးလေ
    အရင်ဟာတွေ မဖတ်ဖူးဘူး
    အခုမှ ပြန်ရှာဖတ်ရတော့မယ် ထင်တယ် မလေး
    ခပ်သွက်သွက်လေး ရေးထားတာလေးက နှစ်သက်စရာ
    :)))

    Comment by ရွှေအိမ်စည် — December 6, 2012 @ 3:53 am

  19. ဒီနေ့တစ်နေကုန် မလေးဆီမှာ စာလာဖတ်နေတာ..မဖတ်ရသေးတဲ့ အကြွေးတွေအများကြီး ဆပ်ပြီးသွားတယ်။ စာမဖတ်ခင်က တင်းနေတဲ့စိတ်တွေ အနည်ပြန်ထိုင်သွားလို့ မလေးကို ကျေးဇူးတင်ပါတယ် :)
    P.S မိတောဇာတ်လမ်းနောက်တစ်ပုဒ် မျှော်နေပါသည် :D

    Comment by ပန်းချီ — December 18, 2012 @ 12:12 am

  20. အမ … မင်္ဂလာပါ..
    အခုမှ လင့်တွေ့လို့ လာလည်တာပါ အမ
    မိတော ကိုဖတ်ပြီး..
    မျက်စိထဲမှာပါမြင်ယောင်ကြည့်သွားတယ်အမ
    နောက်ထပ် မိတော series လေးတွေလည်းအများကြီးဖတ်ချင်ပါသေးတယ်..အမ

    Comment by ပစ်ပစ် — January 2, 2013 @ 11:05 am

  21. ဂြိုလ်သားဆို မီးမီးကြောက်ကြောက်..မိတော စီးရီးတွေကတော့ ဖတ်တိုင်း ပြုံးရတာပဲ..း)

    Comment by Anonymous — January 19, 2013 @ 9:55 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------