♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 12, 2012

တောင်မြောက်ရယ်တဲ့ ခြစ်ရတယ်

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 5:42 pm

doodle2.jpgငုပ်တုပ်ပျင်းနေသူရဲ့ဦးနှောက်ဟာ စိတ်ကူးယဉ်အိပ်မက်တွေ (ဥပမာ သိန်းထီ၊ သန်းထီပေါက်တယ်၊ မော်ဒယ်ဂဲလ်လေးတစ်ဦးဦးနဲ့လျှောက်လည်နေတယ်.. စသဖြင့်) မက်နေတတ်တယ် လို့လည်းဆိုပါတယ်။

မနက်က ရုံးအသွားကားမောင်းရင်း ယာဉ်ကြောတွေပိတ်နေတာနဲ့ ကျမ အလွန်ပျင်းရိလာတယ်။ ဒါနဲ့ထုံးစံအတိုင်း နားထောင်နေကျ CBC Radio Station ကိုဖွင့်လိုက်တယ်။ အဲဒီမှာ တိုက်ဆိုင်စွာပဲ ပျင်းရိငြီးငွေ့ခြင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတာကို နားထောင်လိုက်ရတယ်။ ကိုယ့်ကိုကိုယ်လည်း အနည်းငယ်ပိုသိလာသလို၊ ပျင်းရိငြီးငွေ့ခြင်းနဲ့ ပတ်သက်ပြီးတော့ စာဖတ်သူတွေနဲ့ ဝေမျှမယ်လို့ စဉ်းစားလိုက်မိတယ်။

ပျင်းရိငြီးငွေ့ခြင်းအကြောင်းအရာဆိုတော့ ဖတ်ပြီး ပျင်းရိငြီးငွေ့ကုန်မှာလည်း စိုးပါတယ်။

ပျင်းရိခြင်း ဆိုတာကို လူတွေ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြသလဲ…။

လူတွေပျင်းပြီဆိုရင် သူတို့ရဲ့ဦးနှောက်လှုပ်ရှားမှုတွေဟာ အလွန်အမင်းမြန်ဆန်လာတယ်လို့ သုတေသနရှင်တွေက ရှာဖွေတွေ့ရှိထားတယ်။ တစ်ကယ်ဆို ပျင်းလာပြီဆိုရင် ဦးနှောက်က လေးလံထိုင်းမှိုင်းလာတတ်တယ်လို့ သာမန်လူတွေက ထင်တတ်ကြတယ် မဟုတ်ပါလား။ တစ်ကယ်ကတော့ အဲသလိုမဟုတ်ဘူးလို့ ဆိုကြတယ်။ လူ့ရဲ့ဦးနှောက်ဟာ အမြဲတမ်းတစ်ခုခုကို ခွဲခြမ်းစိတ်ဖြာနေတတ်လို့ ဘာမှမလုပ်ဘဲ ထိုင်နေရတဲ့အခါ (ဥပမာ) စာသင်ခန်းထဲမှာဖြစ်ဖြစ်၊ တစ်စုံတစ်ဦးရဲ့ ရှည်လျားထွေပြားလှတဲ့ မိန့်ခွန်းတစ်ခုခုကို စိတ်မပါစွာ နားထောင်လာရတဲ့အခါမှာ စိတ်ဝင်စားမှုလျော့လာတဲ့ ဦးနှောက်ဟာ စိတ်ဝင်စားမှုတစ်စုံတစ်ရာကို အလိုလို ရှာဖွေလာတယ်။ ခွဲခြမ်းစိတ်ဖြာမှုတစ်ခုခုကို အကြီးအကျယ်လုပ်လာတယ် လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ပျင်းရိငြီးငွေ့လွယ်သူတွေဟာ စိတ်ဓာတ်ကျလွယ်သူတွေ၊ စိတ်ကစဉ့်ကလျားဖြစ်လွယ်သူ၊ အရက်သေစာ၊ မူးယစ်ဆေး၊ လောင်းကစား စတာတွေကို စွဲလန်းတတ်သူတွေ၊ ထမင်းဟင်းမှန်မှန်မစားတတ်သူတွေ၊ ဒေါသကြီးသူတွေ၊ လူမှုရေးညံ့ဖျင်းသူတွေ၊ ကျောင်းသင်ခဏ်းစာတွေမှာ အမှတ်ကောင်းကောင်း မရသူတွေ၊ ရုံးလုပ်ငန်းတွေ အခြားလုပ်ငန်းခွင်တွေမှာလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်သူတွေ ဖြစ်နေတတ်တယ်။ တစ်စုံတစ်ရာကို လွယ်လွယ်လေး ငြီးငွေ့တတ်တော့ အလုပ်တစ်ခုမှ စွဲမြဲမနေတတ်တာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

လူ့ရဲ့သဘာဝဟာလည်း ဘ၀မှာ အဓိပ္ပါယ် ရှိတဲ့ အလုပ်တစ်ခုခုကို ရှာဖွေလုပ်ကိုင်တတ်ကြတယ်။ ဘ၀အဓိပ္ပါယ်ကို ရှာတတ်ကြတယ်ပေါ့နော်။ အဲသလို…. ဘ၀ဟာ အဓိပ္ပါယ် မရှိဘူးပြောနေတဲ့ နေ့ရက်အချိန်ဟာ ပျင်းနေတဲ့အချိန်မို့လို့ ပြောမိလိုက်တာလို့ဆိုကြပါတယ်။ သိပ်ပြီး ပျင်းရိတတ်တဲ့လူတွေကျတော့ လူ့အသိုင်းအ၀ိုင်းကို အန္တရာယ်ပေးတတ်တဲ့သူတွေတောင် ဖြစ်လာတတ်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀အဓိပ္ပါယ်ကို ရှာတဲ့အခါမှာ ကိုယ်မှန်တယ်ထင်တာတွေ၊ အဓိပ္ပါယ်ရှိတယ်ထင်တာတွေကို (ကိုယ့်အတွက်အဓိပ္ပါယ်ရှိတယ်ထင်ပေမယ့် ပတ်ဝန်းကျင်မှအခြားလူတွေတွက် အဓိပ္ပါယ် ရှိ-မရှိ၊ ရိုက်ခတ်မှု ရှိ-မရှိ မစဉ်းစားမိဘဲ) ထင်ရာထလုပ်တော့၊ လူ့အသိုင်းအ၀ိုင်းကို ကောင်းမှုပြုတာတွေရှိသလို၊ မကောင်းမှုဖြစ်သွားစေတာတွေကိုလည်း တွေ့ရတော့တယ်လို့ ဆိုပါတယ်။

“ယောင်္ကျားတွေဟာ မိန်းမတွေထက် လွယ်လွယ်နဲ့ ပျင်းရိငြီးငွေ့တတ်တယ်။ သူတို့ဟာ စိတ်ကိုအပျင်းပြေဖို့လို့ အန္တရာယ်ရှိတဲ့ အပျင်းဖြေမှုတွေကို ရှာဖွေပြီး အပျင်းဖြေတတ်ကြတယ်။ ပျင်းရိငြီးငွေ့တတ်သူတွေဟာ ပတ်ဝန်းကျင်ကို သာယာလှပတယ်လို့ မမြင်တတ်ကြဘဲ၊ စိတ်ပျက်ညစ်ညူးစရာ ပတ်ဝန်းကျင်လို့ မြင်တတ်ကြတယ်” လို့ ပျင်းရိငြီးငွေ့ခြင်းကို သုတေသနပြုနေတာ အနှစ်၂၀ကြာပြီဖြစ်တဲ့ University of West Florida in Pensacola မှ Stephen Vodanovich ကပြောပါတယ်။

“အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ လောင်းကစားခြင်း မှ အစ.. လေယာဉ်ပျံ၊ တံတားစတဲ့အပေါ်တွေကနေ ကြိုးတန်းလန်းနဲ့ စတန့်ထွင် ခုန်ချတဲ့ အပြုအမှုတွေ (risk taking activities) ဟာလည်း ပျင်းရိငြီးငွေ့ခြင်းရဲ့ လက္ခဏာတွေပဲဖြစ်တယ်” လို့ Ontario of Waterloo (Ontario, Canada) မှ Neuroscientist ဖြစ်သူ James Danckert က ဆိုပါတယ်။

doodle2.jpg

လူမှုဝန်းကျင်တစ်ခုမှာ ပျင်းနေတဲ့လူတွေများလာပြီဆိုရင်ဖြင့် အဲဒီလူမှုဝန်းကျင်ဟာ ကမောက်ကမ ဖြစ်တော့တာပဲ လို့လည်း ဆိုကြပါတယ်။ ကိုယ့်ဘ၀ကိုယ် အဓိပ္ပါယ်ရှိဖို့ ကြိုးစားကြတဲ့အခါမှာ ကောင်းတာတွေကော ဆိုးတာတွေကော လုပ်မိကြတော့တာပဲလို့ ဆိုပါတယ်။
ပျင်းရိတဲ့လူတွေဟာ ကိုယ့်ကိုကိုယ်လည်း အပျင်းသက်သာအောင် မဖျော်ဖြေတတ်တော့ အဲသလို မူးယစ်ဆေးတို့ အရက်တို့ မိန်းမတို့ စတဲ့… မကောင်းတဲ့ ဖျော်ဖြေမှုတွေနဲ့ ကိုယ့်စိတ်အပျင်းကိုဖြေရတယ်လို့လည်း ဆိုပါတယ်။

York University မှ clinical psychologist ဖြစ်သူ John Eastwood ကတော့ တွီဗွီ၊ ရုပ်ရှင်၊ ဗွီဒီယိုဂိမ်းတွေနဲ့ အင်တာနက်တွေဟာလည်း ပျင်းရိမှုကို အားပေးတယ်လို့ ဆိုပါတယ်။ အဲဒါတွေနဲ့သိပ်နီးစပ်တဲ့အခါ sensory overload ဖြစ်လာတတ်တယ်လို့ဆိုပါတယ်။ sensory overload ဟာ ပျင်းရိခြင်းကို မီးမြိုက်ပေးတယ်လို့လည်း ဆိုပါတယ်။

ကိုယ့်ဘ၀မှာ ဘာဖြစ်ချင်လည်း တိတိကျကျမသိတော့သူတွေ၊ ဘာဆက်လုပ်ရမှန်းဝေခွဲမရသူတွေ၊ ကိုယ့်ကိုကိုယ် ပြန်မမြင်သူတွေ (self-awareness)၊ ကိုယ့်စိတ်ခံစားချက်တွေကို နားမလည်သူတွေရဲ့ ကိုယ်ထဲမှာ ပျင်းရိခြင်းဆိုတာ တွယ်ကပ်နေတတ်တယ်လို့လည်း ဆိုပါတယ်။
ပျင်းရိတတ်သူတွေဟာ စိတ်ခံစားချက်တွေ ပေါက်ကွဲမှုပြင်းထန်တယ်လို့လည်း ဆိုပါတယ်။ ပျင်းရိငြီးငွေ့လာတဲ့အခါမှာ ကိုယ်ခန္ဒာကြွက်သားတွေ ထုံထိုင်းလေးလံလာရုံမက၊ အမြင်အာရုံမှုန်ဝါးလာပြီး အိပ်ချင်လာတဲ့အထိဖြစ်တတ်ကြတယ်။ ဒါကြောင့် ပျင်းရိခြင်းဟာ လူသားတွေအတွက် အတိုင်းအတာတစ်ခုထိတော့ လိုအပ်တယ်လို့လည်း ဆိုတတ်ကြတယ်။ ပျင်းရိငြီးငွေ့ခြင်းကနေပြီးတော့ အိပ်စက်ခြင်းကို ကူးသွားဖို့အတွက်ပါ။ တစ်ကယ်ဆို လူတွေဟာ အိပ်ဖို့လည်း လိုအပ်ပါတယ်။

စာသင်ခန်းထဲမှာ အကြာကြီးထိုင်ပြီး ဆရာ-ဆရာမတွေရဲ့စကားကို နားထောင်နေရသူတွေရဲ့ ဦးနှောက်ကို စစ်ဆေးသုတေသနပြုတဲ့အခါမှာ၊ လှုပ်ရှားမှုမရှိတဲ့ ဦးနှောက်ရဲ့ ပျင်းရိငြီးငွေ့ပုံကို မြင်ကြရပါတယ်။ လက်ထဲမှာ စာရွက်နဲ့ခဲတံပေးထားရင် ရှေ့က ပြောနေ၊ ဟောနေသူက ပြောချင်ရာပြော၊ ဟောချင်ရာဟောနေချိန်မှာ၊ နားထောင်နေသူတွေဟာ လက်ထဲကစာရွက်မှာ တောင်ခြစ်၊ မြောက်ခြစ်တွေ လုပ်ကြတော့တာပါပဲ။ အဲသလို တောင်ခြစ်၊မြောက်ခြစ်လုပ်ကြသူတွေထဲမှာ လက်ရှိအမေရိကန် သမ္မတ အိုဘားမားတို့၊ တိုနီဘလဲတို့ ဘီလ်ဂိတ်တို့လည်း အပါအ၀င်ဖြစ်ပါတယ်။

ရှေ့ကပြောချင်ရာပြော အောက်ကနားထောင်ရင်း တောင်ခြစ်မြောက်ခြစ်တာတွေဟာ ကျောင်းသူကျောင်းသားတွေသာလုပ်ရင်တော့ ထိပ်ခေါက်ခံထိမှာဖြစ်ပေမယ့်လည်း၊ အထင်ကရလူတွေရဲ့ တောင်ခြစ်မြောက်ခြစ်ကြတာတွေကတော့ ကမ္ဘာကျော်ရုံမက သုတေသနပါ လုပ်ခံထိုပါတယ်။

doodle.jpg

ပျင်းနေတဲ့လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ အရမ်းလှုပ်ရှားနေတယ်လို့ သုတေသီတွေကဆိုပါတယ်။ ဒါဟာ ဦးနှောက်ရပ်ဆိုင်းမသွားအောင် (Shut down မဖြစ်အောင်)၊ ဦးနှောက်အမြဲအလုပ်လုပ်နေအောင် ဖန်တီးထားတဲ့ သဘာဝကြောင့်လို့ ဆိုပါတယ်။ ငုပ်တုပ်ပျင်းနေသူရဲ့ဦးနှောက်ဟာ စိတ်ကူးယဉ်အိပ်မက်တွေ (ဥပမာ သိန်းထီ၊ သန်းထီပေါက်တယ်၊ မော်ဒယ်ဂဲလ်လေးတစ်ဦးဦးနဲ့လျှောက်လည်နေတယ်.. စသဖြင့်) အိပ်မက်မက်နေတတ်တယ် လို့လည်းဆိုပါတယ်။ အဲသလို ပျင်းပျင်းနဲ့စိတ်ကူးယဉ်နေတဲ့ ဦးနှောက်ဟာ စွမ်းအင်တွေကို အလွန်အကျွံသုံးရတယ်လို့လည်း ဆိုတယ်။
University of Plymouth မှ psychology ပရိုဖက်ဆာဒေါက်တာ ဂျက်ကီအန်ထရိတ်က သုတေသနတစ်ခုလုပ်ပါတယ်။ အခန်းတစ်ခုထဲမှာ အလွန်ပျင်းစရာကောင်းတဲ့ တိတ်ခွေတစ်ခုကိုဖွင့်ထားပေးပြီး လူတစ်စုကို ထိုင်နားထောင်ခိုင်းထားတယ်။ အချို့ကို ပျင်းရင် တောင်ခြစ်မြောက်ခြစ် ခြစ်ဖို့ စာရွက်နဲ့ခံတံပေးထားတယ်။ အချို့ကိုတော့ ဘာမှ မပေးထားဘဲ သေချာနားထောင်ခိုင်းထားတယ်။ တိတ်ခွေဆုံးသွားလို့ စစ်ဆေးတဲ့အခါမှာ သေချာနားထောင်သူတွေဟာ တောင်မြောက်ခြစ်နေသူတွေလောက် ဘာတွေပြောသွားမှန်း မမှတ်မိဘူးလို့ ဆိုပါတယ်။ တောင်မြောက်ခြစ်နေသူတွေဟာ သေသေချာချာနားထောင်နေသူတွေထက်ကို ၂၉ရာခိုင်နှုန်း တိတ်ခွေထဲက အကြောင်းအရာကို ပိုမှတ်မိတယ်လို့ ဆိုတယ်။

ဒါကြောင့် စာသင်ခန်းထဲမှာတို့ ဟောပြောပွဲတို့မှာ တောင်မြောက်ခြစ်နေသူတွေရဲ့ ဦးနှောက်ဟာ၊ နားထောင်နေသလိုလိုနဲ့ ပျင်းနေလို့ စိတ်ကူးယဉ်ပြီးဟိုတွေးဒီတွေးအတွေးရောက်နေတဲ့ ဦးနှောက်တွေထက် မှတ်မိမှုနှုန်းပိုမြင့်တယ်လို့ ကောက်ချက်ဆွဲကြပါတယ်ရှင်။

P Please consider the environment before printing this page

12 Comments »

  1. မှတ်မိနှုန်းဆိုတဲ့အထဲမှာ တစ်ချို့အရာတွေကို စွဲစွဲမြဲမြဲ မှတ်မိနေပြီး တစ်ချို့အရာတွေက ကြည့်နေမြင်နေပေမယ့် မမှတ်မိ မမြင်မိတာများ ရှိနေမလား မသိဖူး။ ဟုတ်ချင်မှလည်း ဟုတ်မယ်ထင်တယ်နော်.. :)

    Comment by ဂျွန်မိုးအိမ် — October 12, 2012 @ 7:53 pm

  2. အဲ့.. ဟုတ်ချင်မှ ဟုတ်မယ်ဆိုတာ ကျွန်တော့် အတွေးကို ပြောတာပါ.. လွဲမှာစိုးလို့

    Comment by ဂျွန်မိုးအိမ် — October 12, 2012 @ 7:53 pm

  3. နောက်ဆို လျှောက်ခြစ်ဖို့ ဆင်ခြေရသွားပြီ။

    Comment by ပုံရိပ် — October 12, 2012 @ 8:29 pm

  4. ပျင်းရမှာတောင် ပျင်းတယ် ညီမလေးရေ…။

    Comment by ထိပ်ထား — October 12, 2012 @ 9:46 pm

  5. တောင်မြောက်ခြစ်နေသူတွေရဲ့ ဦးနှောက်ဟာ၊ နားထောင်နေသလိုလိုနဲ့ ပျင်းနေလို့ စိတ်ကူးယဉ်ပြီးဟိုတွေးဒီတွေးအတွေးရောက်နေတဲ့
    ဦးနှောက်တွေထက် မှတ်မိမှုနှုန်းပိုမြင့်တယ်လို့ ကောက်ချက်ဆွဲကြပါတယ်ရှင်။
    အဲတာဟုတ်တယ်နော်
    jas အထင်ပေါ့မလေးရေ
    ခင်မင်တဲ့ jasmine

    Comment by စံပယ်ချို — October 13, 2012 @ 1:27 am

  6. ကျနော်ကတော့ အားအားရှိ စာရေးဖို့အကြောင်းတွေပဲ စဉ်းစားနေမိတာ။
    အဲ့…စဉ်းစားရင်းနဲ့ ပျင်းလာတော့ ဘာစာမှ သိပ်မရေးဖြစ်တော့ဘူး…..:P
    စာလေးကို ဖတ်မှတ်သွားပါတယ်ဗျာ….

    ခင်မင်ခြင်းအားဖြင့်….

    Comment by ~ဏီလင်းညို~ — October 13, 2012 @ 2:43 am

  7. ပျင်းပျင်းနဲ့ လာဖတ်သွားတယ် မလေး :)

    Comment by မေဓာဝီ — October 13, 2012 @ 5:33 am

  8. ဒီနေ့ တောင် ပရော်ဖက်ဆာက လက်ချာပေးတာ အိပ်ပျော်သွားလို့ ..နောက်ဆို တောင်ခြစ်မြောက်ခြစ် လုပ်ရမယ်..

    Comment by စန်းထွန်း — October 13, 2012 @ 8:45 pm

  9. မလေးရေ တစ်ခါတစ်ခါတော့လည်း လက်ရှိနေရာကို ကျေနပ်မိပေမဲ့
    တစ်ခါတစ်ခါတော့လည်း ပျင်းရိတဲ့ စိတ်တွေ ဖြစ်ဖြစ်လာတယ်။ ငါဘာဖြစ်ချင်မှန်း ကိုယ့်ကိုယ်ကို သေချာမသိတဲ့အထဲမှာ တစ်ယောက်အပါအဝင်ပါဘဲ..
    အဲဒီအချိန်တွေမှာတော့ လောကကြီးကို ပျင်းရိငြီးငွေ့လာတယ်။

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — October 13, 2012 @ 9:47 pm

  10. ၀ါး…….. (သန်းလိုက်တာရယ်..)) :P :P

    Comment by မလေး — October 13, 2012 @ 11:58 pm

  11. ကြိုက်လို့ ရှယ်သွားပါတယ် မလေး

    Comment by ရန်မင်းအောင် — October 14, 2012 @ 2:24 pm

  12. အခုချိန်က စပြီး တောင်မြောက်ခြစ်တော့မယ်..။

    Comment byွှThwin — May 4, 2013 @ 1:22 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------