♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

September 21, 2012

မိတောနှင့် အမွှာတံတားကြီး

Filed under: စာစု, ပြုံးစရာ, ၀တ္ထု (Novels) — မလေး @ 9:32 am

p2.jpg

နံနက်ခင်း အစောကြီး အိပ်ရာထလို့ ရုံးသွားရသည်ကို မိတော အလွန်နှစ်ခြိုက်မိသည်။ နှစ်ခြိုက်ရခြင်းအကြောင်းကတော့ နံနက်ခင်းစောစောများတွင် အရာရာသည် လှပလတ်ဆတ်နေတတ်သောကြောင့်ဖြစ်သည်။ ကြယ်အစုံကို မြင်ရတတ်သော နံနက်ခင်းကောင်းကင်၊ လူသူတိတ်ဆိတ်သော လမ်းမကြီးများ၊ ညံ့သက်လှသော နံနက်ခင်းလေပြေ ဖြင့် အရာရာသန့်စင်လှပနေသော လောကကြီးပင် ဖြစ်လေသည်။

ပြောင်လက်အောင် မဆေးထားသော လက်ညစ်ပတ်ကြီးများဖြင့် စောင်းကြိုးများပေါ်မှာ မတီးခတ်စဉ်၊ စောင်းကြိုးတို့သည် ညင်သာနူးညံ့လျှက်၊ မွေးပျံ့သန့်စင်လျှက် ရှိသကဲ့သို့ သြကာသလောကကြီးသည်လည်း လူသားတို့ မနိုးထမှီတွင် အလွန်မွှေးပျံ့သန့်စင်လျှက် ရှိကုန်လေ၏။

ကောင်းကင်က ကြယ်လနက္ခတ်တို့သည်လည်း ပိုလို့ တောက်လက်နေသယောင်၊ နွေနှောင်းပန်းတို့သည်လည်း ပိုလို့ မွှေးပျံ့လေသယောင်။ နံနက်ခင်း ကော်ဖီရနံ့တို့သည်လည်း ပိုလို့ချိုအီနေသယောင်။ ထို့အပြင်…. ကားလမ်းမကြီးတို့ပေါ်တွင်လည်း တစ်စင်းတစ်လေသာရှိသည့် ကားလေတိုးသံတို့သည် လည်းကောင်း၊ မီးရောင်မှိန်မှိန် တောင်တန်းပြာတို့သည် လည်းကောင်း၊ တိတ်ဆိတ်သော ရုံးကော်ရစ်ဒါများသည် လည်ကောင်း စာရေးချင်သော မိတောနှလုံးသားတို့ကို တအိအိလိမ့်သော လှိုင်းလုံးငြိမ့်ငြိမ့်လေးများသဖွယ် လှုပ်ခတ်နှိုးဆော်လေသည်။

ဒီထက်ကို သာယာလှပရခြင်းအကြောင်းက မိတော နံနက်တိုင်းဖြတ်မောင်းနေကြ တံတားကြီးဘေးမှာ ကပ်ပြီး ဒေါ်လာ ၃.၃ ဘီလျှံနီးပါးတန်သော( အတိအကျမသိပါ) ကမ္ဘာ့အကျယ်ဆုံးဟု ဆိုလေသော အမွှာတံတားကြီးဖွင့်သော နေ့လည်းဖြစ်သောကြောင့်ပင်။ အရင်တုန်းက မိတော သုံးနေကျ တံတားသည် ယဉ်ကြောငါးလိုင်းဖြစ်သော်လည်း ယခုတံတားက ၁၀လမ်းပြိုင် တံတားကြီးဖြစ်လေ၏။ သုံးနေကျ တံတားဘေးမှာ အမွှာတံတားကြီးဆောက်နေသည်မှာ ၃နှစ်ခန့်ရှိလောက်ပြီထင်ပါသည်။ မိတောလည်း ညာဘက်က တောင်တန်းကုန်းမြင့်များကိုသာ ငေးပြီး စာရေးဖို့လောက်ပဲ စဉ်းစားနေသောကြောင့်လည်းကောင်း၊ ကိုယ်တိုင်းပြည်ဟု ဘယ်လိုမှစိတ်မရှိနိုင်သေး၍ ၁၀လိုင်းမပြောနှင့် လိုင်း ၄၀ လမ်းကြီးဖောက်လည်း ရင်မခုန်သောကြောင့်လည်းကောင်း၊ သတိမထားမိ။ ထိုအမွှာတံတားကြီးပြီးလျှင် မိတော သုံးနေကျ တံတားဟောင်းကို ဖြိုချမည်ဟု သိရသဖြင့် မိတောမှာ ရင်ထုမနာ နှမျောတသ ဖြစ်နေရလေသည်။ တံတာဟောင်းမှ ပစ္စည်းကောင်းများကို ကိုယ့်ပြည်ကိုယ့်ရွာကို ပြန်ပို့ချင်သော စိတ်တွေဖြစ်နေလေ၏။

p2.jpg

“အေးလေကွာ… အကောင်းကြီးကို ဖျက်ပစ်မှာ၊ နှမျောစရာ” ဟု ကိုဗျိုင်းကပါ မိတောခံစားချက်များကို ထောက်ခံလေသည်။ “ဒီထက်ဟောင်းတဲ့ တံတားတွေကျတော့ မပြင်ဘူး” ဟုပါ ဖြည့်စွက်သေး၏။

ဒီမိုကရေစီနိုင်ငံများတွင်ကောင်းကွက်များစွာရှိသလို စိတ်ပျက်ဖွယ်ရာအကွက်များလည်း များစွာရှိလေသည်။ တစ်ခုခုလုပ်ရန် နှစ်ပေါင်းများစွာ ငြင်းခုံကြလေသည်။ တစ်ယောက်တစ်ပေါက် အုပ်စုဖွဲ့ပြော၊ ဆန္ဒပြ၊ မဲထည့်တိုင်းလည်း လိုရင်းမရောက်။ လူများလျှင် စကားပိုများသည်ဟု ဆိုလေ့ရှိသည်။ ဒါတောင်မှာ ကနေဒါသည် လူဦးရေ သုံးဆယ့်ငါးသန်းခန့်သာ ရှိလေသည်။ ယခုလည်း ဒီတံတားကြီးဆောက်ရန် နှစ်ပေါင်း ၃၀ ကြာအောင် ငြင်းခုံကြလေသည်။ နှစ်ပေါင်း ၃၀ကျော် ငြင်းခုံ်ပြီးမှ လက်တွေ့အကောင်ထည် ဖော်နိုင်ကြခြင်းဖြစ်၏။

တိုးတက်လှပါသော နိုင်ငံကြီးများတွင် ရေမီးအစုံလာနေခြင်း၊ ကားလမ်း၊ ရထားလမ်း၊ လမ်းပန်းဆက်သွယ်ရေးများ ချောမွေ့နေခြင်း၊ စာကြည့်တိုက်များ၊ ပန်းခြံများကို လိုသလိုသုံးနေနိုင်ခြင်း ရှိသော်လည်း၊ လိုသလိုသုံးနေခြင်းဆိုသည့် နောက်တွင် အခွန်အတုတ်များကို ဆောင်နေရခြင်းဆိုသည်ကို ထည့်မပြော၍ မရပါ။ အိမ်တစ်လုံးပိုင်လျှင်လည်း ထိုအိမ်ပိုင်ဆိုင်သည့်တွက် နှစ်စဉ် အိမ်ပိုင်ဆိုင်မှုအခွန် ဆိုတာကြီးကိုလည်း နင့်ကနဲ နင့်ကနဲ ပေးကြရပါသေးသည်။

ယခုလည်း အိစက်ညက်ညောချောမွတ်လှလေသော ၁၀လိုင်းပြိုင် တံတားကြီးပေါ်မှာ သီချင်းကလေးဖွင့်ပြီး အေးငြိမ်းစွာ သွားနေခြင်းနောက်တွင် တစ်ခါဖြတ်လျှင် ၃ ဒေါ်လာ ၇၅ ဆင့် ပေးရမည်ဖြစ်ပေသည်။ အသွားအပြန် ၂ခါဖြစ်သည့်တွက် တစ်နေ့လျှင် မိတောအိတ်ထဲမှာ ရ ဒေါ်လာခွဲ၊ တစ်လလျှင် ဒေါ်လာ ၁၅၀ ထွက်မည်ဖြစ်ပါသည်။ အလတ်စား လည်ရှည်ဖိနပ်တစ်ရံကို တစ်လကုန်တိုင်း မြင်နေမိမည်ဖြစ်သည်။ ဒါကြောင့်…. အဲသလိုသာပေးနေရရင်ဖြင့် မိတော အလုပ်လုပ်ရသမျှ ဘာကျန်မလဲ.. ဘာကျန်မလဲကွယ်… ဟုသာ ရင်ဘတ်စည်တီး၍ မေးလိုက်ချင်တော့သည်။

မြန်မာပြည်ရှိ ညီမလေးဆီ ဖုန်းဆက်တုန်းကလည်း လခ ဘယ်လောက်ရလဲ သူကမေးလို့ ဖြေမိသည်ကို မြန်မာငွေနှင့်တွက်ပြီး အရမ်းတွေအထင်ကြီးနေသည်။ ၀င်ငွေခွန်နှုတ်၊ ကားပါကင်ဖိုးနှုတ်၊ အိမ်ဖိုး၊ မီးဖိုး၊ ရေဖိုး၊ ဖုန်းဖိုး၊ အင်တာနက်၊ တွီဗွီ၊ ဓာတ်ဆီဖိုး၊ အာမခံကြေး၊ အမှိုက်ခွန်၊ ကားခွန်၊ စသည်အပါအ၀င် လေရှုခအခွန်နှင့် (ကမ္ဘာပေါ်တွင် ကနေဒါလေက အသန့်ဆုံးဆို သိပ္ပံပညာရှင်တွေပြောနေတာ မကြာခင် ပေးရတော့မည်ထင်သည်) လူခွန်၊ အသက်ရှင်နေသည့်အတွက် အသက်ရှင်ကြေးအခွန် စသဖြင့် မပေးရတာ ကံကောင်းဟု ကတ်သီးကတ်သတ် ပြောရန်အားခဲစဉ်..

“မဟုတ်ဘူး… ညီမလေး ထင်သလို မဟုတ်ဘူး၊ မဟုတ်ပါဘူး..” လို့ ပြောနေရင်း ဖုန်းလိုင်းကျသွားသဖြင့် တစ်ယောက်တည်း မချိတင်ကဲကြီး ကျန်ခဲ့ရဖူးသည်။

ထိုသို့အခွန်အကောက်များ များလှသည့်တိုင်းပြည်တွင် တံတားဖြတ်တိုင်း ၇ ဒေါ်လာခွဲ ပေးရမည့်အရေးတွက် မိတော စိတ်မသက်သာလှ။ (ယခုတော့ တစ်ခါဖြတ် ၁ဒေါ်လာခွဲသို့ ဈေးချလိုက်ပြီဟု သိရသည်) ဒီဇင်ဘာ မတိုင်ခင်ထိ အလကားဖြတ်ခွင့်လည်း ရနေဦးမည်ဟု သိရသဖြင့် ၀မ်းသာလုံးဆို့မိသေး၏။

 

p3.jpeg

ထိုနေ့က တံတားသစ်ကြီးဖွင့်သည့်နေ့အပြင်၊ ရုံးသို့ နံနက်လေးခွဲ ထလာသည့်နေမို့ လူက အူမြူးနေသည်။ ရေဒီယိုသတင်းမဖွင့်မိအောင် ကြိုးစားနေသည်။ “မြန်မာပြည်မှာလို တံတားဖွင့်ပွဲ မလုပ်ဘူးလား မသိ” ဟုလည်း တွေးမိလိုက်သေးသည်။ သီချင်းအေးအေးလေးဖွင့်ပြီး တောင်တန်းပြာတွေပေါ်က မီးရောင်လက်လက်လေးတွေမြင်ကာ မြန်မာပြည်တောင်တန်းတွေပေါ်က ဘုရားလေးတွေကို လွမ်းနေမိစဉ် ထုံးစံအတိုင်း တံတားကြီးပေါ်မှာအရောက် ကားတွေက ရပ်နေတော့သည်။ ယခင်နေ့များကဆိုလျှင် နံနက်လေးနာရီခွဲမှာ ကားတစ်စင်းတစ်လေသာ မြင်ရတတ်သည်။

နံနက်စောစော စိတ်ကြည်လင်နေတာလေး ပျောက်မှာစိုးလို့ ဘယ်သတင်းကိုမှ မကြားချင်ပါဘူးဆိုမှ.. traffic radio ကို ဖွင့်လိုက်ရသည်။ “ညက တံတားဆောက်လုပ်ရေးအလုပ်သမားတွေ လိုင်းပိတ်သည့်ပုံးကြီးတွေကို မေ့ပြီး ပြန်မရွေ့သွားသည့်အတွက် လိုင်းတွေအကုန်လုံးပိတ်ပြီး တစ်လိုင်းသာ သွားလို့ရပါသည်…” တဲ့

“လုပ်လိုက်ရင် ဒီအတိုင်းကြီးပဲ”

မိတော ဘယ်သူ့ကိုစိတ်ဆိုးရမှန်းမသိဘဲ စတီယာရင်ကို နှစ်ချက် ထုပစ်လိုက်သည်။

ရုံးရောက်တော့ အခြားမြို့မှလာတဲ့ သူငယ်ချင်းတွေအချို့လည်း တံတားပရိုဂျက်က ကြီးသဖြင့် ဒိုမီနိုအီဖက်တွေဖြစ်ပြီး လမ်းတွေမှားပြီး အခြားမြို့တွေကို ရောက်ခဲ့သည်ဟုလည်း သိရလေသည်။ တံတားလေးတစ်ခုဖွင့်တာကို တစ်မြို့လုံးဖြစ်ချင်တိုင်းဖြစ်နေသည်ကို မိတော အံသြမှင်တက်နေမိလေသည်။ ညနေအိမ်အပြန်လမ်းမှာလည်း လမ်းဖောက်အင်ဂျင်နီယာ တစ်ယောက်ယောက်က တစ်ခုခုမှားလမ်းလွှဲလိုက်မိလို့ အိမ်မရောက်ဘဲ ၀ါရှင်တန်စတိတ်များ ရောက်သွားမလားဟု ရင်တထိတ်ထိတ်ဖြင့် ပြန်လာရလေသည်။

ညနေစားသောက်အပြီး ကိုဗျိုင်းက “တံတားသစ်ကြီးပေါ်မောင်းကြရအောင်” ဟု ဆိုလေသည်။ တစ်နေကုန် ဒီတံတားကြောင့် စိတ်မကြည်နေရသည့်အထဲ ထပ်သွားရဦးမည်ဆိုတော့ လူကစိတ်တိုချင်သွားသည်။

“ဘာလို့သွားမှာလဲ တံတားကြီးပဲကို”

“သွားကြည့်ရအောင်ပါ၊ နောက်ဆို တစ်ခါဖြတ် လေးဒေါ်လာနီးပါး ပေးရမှာနော်၊ ဖရီးရတုန်း အပြတ်အသတ် မောင်းထားမှ၊ ဒီချိန်ဆို ရှုခင်းတွေကလည်း ပိုလှတယ်လေ.. ညနေခင်းလေညှင်းခံရင်းပေါ့”

“အွမ်…….လေညှင်းကလည်း ဒီတံတားပေါ်သွားခံမှလား၊ ငါ့မြင်းကလေးကို မညှာမတာစီးလို့၊ မင်းလှေကို မညှာမတာလှော်တယ် ဆိုသလိုဖြစ်နေဦးမယ်နော်”

ဆိုင်မဆိုင်မသိ၊ ပြောလိုက်သော်လည်း မိတောတစ်ယောက် နေ၀င်ရီတရော ကနေဒါရော့ကီးတွေပေါ်မှာ မာကျူရီညမီးရောင်များ လင်းစအချိန်ဝယ်… ဒေါ်လာ သုံးဒဿမသုံး ဘီလျံခန့်တန်သော ကမ္ဘာ့အကျယ်ဆုံးဆိုသည့် ကြိုးတံတားကြီးထံသို့ အလကားဖြတ်ခွင့်လေးရတုန်း တစ်ခေါက်အရောက် သွားရပြန်လေတော့သတည်း။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

သက်ဆိုင်တာလေးတွေ…
(( မိတောနှင့် အညိုရိပ်၅၀ ))

(( မိတောနှင့် ပုရွက်ဆိတ်သိုင်းလေပွေရိုင်း ))
(( ရှင်ဂွိရဲ့နံနက်ခင်း ))
(( မိတောနှင့် ၀ါးမီးတိုင်များ ))

….

P Please consider the environment before printing this page

18 Comments »

  1. ဟားဟား ရယ်ရတယ်။ မကြီးလည်း အရမ်းဖျားနေရက်က သွားလိုက်တယ်။လေညှင်းခံ ပြီးတာနဲ့ မချိမဆန့် အဖျားတက်ပါလေရောကွယ်။ အိမ်မှာတယောက်ထဲ ရ ရက်ရှိပြီ။

    Comment by ထိပ်ထား — September 21, 2012 @ 10:20 am

  2. တံတားဟောင်းကလေးကို မဖြိုချခင်လည်း အဝ ဖြတ်မောင်းထားသင့်တယ်နော…၊း)
    နှုတ်ဆက်ဖို့ ရက်တွေက သိပ်ကျန်ချင်မှ ကျန်တော့မှာလေ…၊ မိတောစီးရီးစ်ရဲ့ ထုံးစံ ပေါ့ပါးသွက်လက်တဲ့ စာစုလေးပါပဲ မလေး…။

    Comment by ညီလင်းသစ် — September 21, 2012 @ 12:19 pm

  3. မလေးတော့ တံတားအဟောင်းလည်း မဖြိုခင်မို့ အမှတ်တယ ထပ်ခါဖြတ်၊ အသစ်လည်း toll မပေးရခင် ဖြတ်နဲ့.. ကိုယ့်ကိုကိုယ် အရမ်းမြင်ယောင်နေပြီးd

    Comment by မလေး — September 21, 2012 @ 1:26 pm

  4. မနက်အစောကြီးထ,ပြီး လာဖတ်သွားတယ်။
    တံတားတွေက အမိုက်စားပဲနော်ဗျ……
    နို့ပေမယ့် တံတားဖြတ်ခက ကျောချမ်းစရာရယ်…..ဟိဟိ

    ခင်မင်ခြင်းအားဖြင့်…

    Comment by ဏီလင်းညို — September 21, 2012 @ 4:04 pm

  5. Good writing !

    Comment by Anonymous — September 21, 2012 @ 5:07 pm

  6. Good writer !

    Comment by Ko Gyi Kyaw — September 21, 2012 @ 5:09 pm

  7. ဒီမိုကရေစီနိုင်ငံတွေမှာ ကောင်းကွက်ရှိသလို စိတ်ပျက်စရာတွေလဲ ရှိတယ်ဆိုတာ အမှန်ပဲ မလေးရေ … ။
    မိတောပို့စ်လေးတွေက အရေးသွက်သလို တွေးကွက်လေးတွေလဲ ပါလို့ သဘောကျတယ်။
    မိတောစီးရီးချည်း စုပြီး စာအုပ်ထုတ်ဖို့ အကြံပေးချင်ပါ၏။

    Comment by မေဓာဝီ — September 21, 2012 @ 5:59 pm

  8. အင်း . . . အခွန် . . အခွန် . . . စိတ်အနာဆုံး စကားလုံးပဲ ။

    Comment by ဗညားရှိန် — September 21, 2012 @ 6:03 pm

  9. မလေးရေ
    ဟိုးအနောက်က တောင်တန်းကြီးတွေက လှလိုက်တာနော်။.
    အတော်ကို အေးချမ်းသာယာမဲ့နေရာကလေးဘဲ
    လေညင်းခံရင်း လေသန့်လေးရှူရင်း တံတားပေါ်က ဖြတ်ရတာ ကြည်နူးစရာအတော်ကောင်းမှာဘဲ…

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — September 21, 2012 @ 10:52 pm

  10. ရေးထားတာလေးကောင်းတယ်ဗျ မလေး……

    Comment by Zaw Pyae Thaung — September 21, 2012 @ 11:39 pm

  11. Yes, ma lay, u r good creative author ! Easy and smooth writing. Like it.

    Comment by Kyawzin Maung — September 21, 2012 @ 11:39 pm

  12. မိတော လာပြီ ဟိဟိ စောင့်ရကျိုးနပ်ပါပြီ

    Comment by Thu Rain — September 21, 2012 @ 11:40 pm

  13. မိတောရယ်. ဒီပို့ စ်လေးဖတ်ပြီး စစ်ကိုင်းတံတား သွားသတိရတယ်.

    Comment by တန်ခူး — September 22, 2012 @ 9:07 am

  14. ရှုခင်းတွေ အရမ်းလှတယ်…း)

    Comment by tom — September 23, 2012 @ 10:48 am

  15. Washington ဖက်ရောက်တော့လည်း ၀င်လည်လိုက်ပေါ့ မလေးရယ်။ :)

    Comment by ပုံရိပ် — September 24, 2012 @ 7:32 pm

  16. အစ်မတန်ခူး……….. အရမ်းပျောက်နေတယ်နော်… နေကောင်းရဲ့လား၊ အလုပ်တွေများနေတယ်ထင်တယ်.. စာတွေဖတ်ချင်သေးတယ်။
    Tom… မလေးတို့မြို့က တောင်တန်းတွေများတယ်..း)
    ပုံရိပ်…… ပေါ်တော်မူကြီးး))

    Comment by မလေး — September 24, 2012 @ 8:38 pm

  17. တံတားကြီးက မိုက်တယ်..တံတားဖြတ်ခ ဖရီးတုန်း တဝကြီး လေညင်းခံထွက်ထား မလေးရေ..စကားမစပ် ဒိုမီနိုအီဖက်ဆိုတာ ဘာကို ဆိုလိုတာလဲဟင်..

    Comment by စန်းထွန်း — September 26, 2012 @ 5:36 pm

  18. အော်…. ဖျားချင်ဖျားပလေ့စေ.. အဲ့အမြွှာနှစ်ကောင်အပေါ်ကို ဒေါ်တောဖြတ်သလို စီယာရင်ထုထုပြီး ဖြတ်ချင်ပါသေးသည်လေ……

    ခင်မင်စွာဖြင့်
    ဟိဟိ

    Comment by ကိုကိုးအိမ်(မန္တလေး) — October 4, 2012 @ 9:48 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------