♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 30, 2012

မိတောနှင့် ၀ါးမီးတိုင်များ

Filed under: စာစု, ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:59 pm

bamboo.jpg

နွေရောက်ပြီဆိုရင် မိတောမှာ အိနြေ္ဒမဆယ်နိုင်လောက်အောင်ပင် ပျော်ရွှင်နေတတ်သည်။ ပန်းပင်၊ ပန်းခိုင်၊ ပန်းခက်အမျိုးမျိုးကို ပန်းဆိုင်တွေမှ ၀ယ်လျှင်ဝယ်၊ မ၀ယ်လျှင်လည်း အမေ နှင့် အဒေါ် ထံမှ မျိုးစေ့ ပန်းစေ့များသာမက အပင်ပေါက်များကိုပါ “မ” လာတတ်သည်။ အောင်မြင်ရှင်သန် ဖြစ်ထွန်းသွားပြီး အသီးအပွင့်ဝေေ၀ဆာဆာနှင့်ဆိုလျှင် မိတော မျက်နှာက မှိုရသလိုဖြစ်နေတတ်သည်။ ဒါ့အပြင် ညည ကြည်လင်သော ကောင်းကင်ပြင်ကို ဖျာကြမ်းချ၍ ပက်လက်တစ်မျိုး၊ ခုံပေါ်မှာ ကလေးလို ဇောက်ထိုးမျှော်၍ တဖုံ၊ ကြယ်လ နက္ခတ်များကို ငေးမောကြည့်တတ်သေးသည်။ တစ်ဆောင်းတွင်းလုံး အိမ်နံမည်စိုး၍ မကြော်မလှော်ဘဲ အောင့်အီးပြီး ကြုံရာကြိတ်မှိတ်စားခဲ့သမျှ အတိုးချ၍ အိမ်အပြင်မီးဖိုတွင် ငပိ၊ ငါးခြောက်၊ ငံပြာရည်၊ ငရုတ်သီး မျိုးမျိုးဖြင့် ချက်အပ်သော ရနံ့မျိုးစုံလှသော မြန်မာအစာများကိုလည်း ကြော်လှော်ချက်ပြုတ်တတ်သေးသည်။

ရုံးအားရက်များတွင်လည်း ကလေးများကို အကြောင်းပြုပြီး ပန်းခြံ၊ ရေကူးကန်၊ ရေလွှာလျောစီးကန်၊ စက်ဘီးစီး စသည်များသာမက၊ ချယ်ရီကောက်၊ ပန်းသီးကောက် စသည့်နေရာများမှာလည်း ကလေးများနှင့်အပြိုင်ဆော့ကစားနေတတ်သေးသည်။ တစ်ခါတစ်ရံတွင်လည်း အိမ်ရှေ့ပန်းရုံနားထိုင်ကာ နှင်းဆီပန်းရနံ့များကို ရှုရှိုက်ရင်း ငေးမောတွေဝေနေတတ်သေးသည်။ တစ်ခါတစ်ရံတွင်လည်း လူတွေမြင်မှာစိုးသဖြင့် လူခြေတိတ်ချိန်လောက်မှာ သူမခြံထဲက ပန်းသေးသေးလေးများကို ဒိုင်ဗင်ထိုးပြီး ဓာတ်ပုံရိုက်နေတတ်သေးသည်။

ညခင်းတစ်ခုတွင် ပန်းပြာပြာသေးသေးလေးများကို ဓာတ်ပုံရိုက်ရန် အိမ်ရှေ့တံခါးကို အသာ ဟ ပြီး မိတောထွက်လာခဲ့သည်။ ပန်းပြာလေးတွေဘေးမှာ မှောက်အိပ်လိုက်ပြီး ပန်းကလေးတွေကို စိတ်ရှည်လက်ရှည်ချိန်ကာ ရိုက်နေသည်။ ထိုအချိန်တွင် အိမ်ရှေ့တံခါး အနည်းငယ် ဟ နေသဖြင့် ကိုဗျိုင်းက တစ်ယောက်ယောက်ဖွင့်ပြီး မပိတ်ရသေးတာပဲ ဖြစ်မည်ဟု တွေးကာ တံခါးပိတ်ရန် ဟန်ပြင်လိုက်သည်။ နွေရာသီညက သာယာလွန်းလှသဖြင့် တံခါးမပိတ်ခင် ကိုဗျိုင်းတစ်ယောက် ညလေကလေးကို ရှုရင်း တံခါးအပြင်ကို ကိုယ်တစ်ပိုင်းထွက်ကာ လမ်းမကြီးဘက်ကို ငေးနေလိုက်သည်။ ထိုအချိန်တွင် ပန်းရုံနားမှာ တလှုပ်လှုပ်ဖြစ်နေသဖြင့် သူခိုးလား၊ ခွေးတစ်ကောင်ကောင်လားဟူသော အတွေးဖြင့် ကိုဗျိုင်းတစ်ယောက် ပန်းရုံနားသို့ အသံမမြည်အောင် ချဉ်းကပ်သွားလေသည်။

“ဟာ….”
“အမလေး…”
“မင်းကွာ… ညကြီး ဘာလုပ်နေတာလဲ”
“ဓာတ်ပုံရိုက်နေတာလေ.. မမြင်ဘူးလား.. တကတည်းမှပဲ လန့်လိုက်တာ”
“သူကပဲ လန့်ရတယ်ရှိသေးတယ်၊ တက်နင်းမိတော့မလို နည်းနည်းပဲ လိုတော့တယ်၊ လာ… အိမ်ထဲဝင်တော့” ကိုဗျိုင်း စိတ်ပျက်ပြီး အိမ်ထဲဝင်သွားတော့ မိတောလည်း ပန်းရုံကြားက ကုန်းထကာ နောက်က လိုက်သွားရလေတော့သည်။

တစ်ခါကလည်း မိတော အိမ်ရှေ့တံခါးစေ့ထားခဲ့ကာ လမ်းမကြီးအတိုင်း ဓာတ်ပုံထွက်ရိုက်ပြီး အပြန်၊ တံခါးမကြီးက သော့ပိတ်ထားသည်ကို တွေ့ရသည်။ ဘဲလ်တီးပါကလည်း တစ်အိမ်လုံးနိုးကုန်မည် စိုးသဖြင့် ကိုဗျိုင်းစာဖတ်လျှင် ထိုင်တတ်သည့် ပြူတင်းပေါက်နားသို့ ချုံတွေကိုဖြတ်ကာ တိုးကပ်သွားခဲ့သည်။ နွေရာသီမို့ ပြူတင်းတံခါးကပွင့်နေသည်။ ကိုဗျိုင်းက မီးတိုင်နားက ခုံကလေးမှာ စာထိုင်ဖတ်နေသည်။

“ဟိတ်.. ..”
“ဟိတ်… အာ… လန့်လိုက်တာ…”
“ဘာလုပ်နေတာလဲ…”
“စာဖတ်နေတာလေ၊ ဘယ်လိုဖြစ်လို့ အပြင်ရောက်နေရပြန်တာလဲ၊ အိပ်နေတာ မဟုတ်ဘူးလား”

“သြော်…. လူတစ်ယောက်လုံးအိမ်ထဲမှာ မရှိတော့တာတောင် မသိဘူးနော်၊ နောက်ပြီး အထဲက ချက်ချထားပြီး အိပ်နေတာ မဟုတ်ဘူးလား မေးနေရသေးတယ်၊ တစ်ခုခုဖြစ်နေတောင် သိမှာမဟုတ်ဘူး”
“ဘယ်တွေသွားနေတာလဲ၊ ကင်မရာတစ်လုံးနဲ့ လျှောက်လျှောက် မသွားပါနဲ့ပြောတာ မရဘူး”
“လူခြေတိတ်တဲ့ လမ်းမကြီးတွေပေါ်မှာ ဒီအရွယ်ရောက်မှ စိတ်လွတ်လက်လွတ်လျှောက်ဖူးလို့…..”

ကိုဗျိုင်း စိတ်ပျက်လက်ပျက်ဖြင့် အိမ်ရှေ့ဘက်ကို တံခါးဖွင့်ပေးရန် ထွက်သွားလေသည်။ မိတောလည်း ချုံတွေကို ပြန်တိုးပြီး အိမ်ရှေ့ပေါက်ကို ထွက်သွားလေတော့သည်။ အိမ်ရှေ့ပေါက်မှာ တံခါးလာဖွင့်ပေးသော ကိုဗျိုင်း ဆူသံကို မသိဟန်ပြုကာ မိတော အိမ်ပေါ်သို့ တက်သွားလေတော့သည်။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

အဲသလို… နွေရာသီညခင်းတွေကို အိပ်ပစ်လိုက်ခြင်းဖြင့် မကုန်ဆုံးသွားစေချင်သည့်အတွက်၊ ကလေးတွေ အိပ်ပြီဆိုသည်နှင့် ပန်းခြုံကြားတိုး ဓာတ်ပုံရိုက်၊ လမ်းမပေါ် ကင်မရာတစ်လုံးနှင့်လျှောက်၊ ကြယ်လနက္ခတ်တွေကို သန်းခေါင်သန်းနွဲထိ ငေးမောတတ်သော မိတော၊ မိုးလင်းလျှင် ကမူးရူးထိုးဖြင့် ရုံးကိုပြေးရလေသည်။ နံနက်ခင်းတစ်ခုမှာ ရုံးနောက်ကျမည်စိုးသဖြင့် ကြုံရာဘလောက်အကျီ င်္အဖြူလေးနှင့် စကတ်အဖြူပေါ်မှာ အနက်ပွင့်ကလေးတစ်ထည် တွေ့ရာကောက်ဆွဲပြီး ၀တ်သွားသောနေ့….
ဌာနထဲဝင်လိုက်ပြီး ဘယ်သူ့ကိုမှ “မမောနင်း” နိုင်တာ့ပဲ သော့ကိုပစ်ချကာ ကွန်ပြူတာခလုပ်ကိုနှိပ်ချလိုက်သည်။

“မောနင်း… မိတော”
“မောနင်း”

နှုတ်ဆက်လာသည့် သူငယ်ချင်းကို မော့မကြည့်ဘဲ ၀တ်ကြေတန်းကြေ တိုတိုတုတ်ဖြေလိုက်ကာ မျက်မှောင်ရှုံ့ပြီး မေးလ်တွေကိုဖတ်ရဦးမည်ကို စိတ်ညစ်နေမိသည်။

“နင် မတ်တပ်ထ လိုက်စမ်း”
“အမ်”
သူငယ်ချင်းကို အဲဒီတော့မှ မော့ကြည့်ဖြစ်သည်။
“ထ လိုက်ပါဆို”
ထိုင်နေသူကို အတင်းထ ခိုင်းနေသဖြင့် မထချင်ထချင် ထ လိုက်သည်။
“လိုက်ခဲ့”

သူငယ်ချင်းဆွဲခေါ်သွားရာနောက်ကို စိတ်တိုပြီး လိုက်သွားသည်။ ဌာနထဲမှာ လူစုံနေသည်။ ရုံးထဲက သူငယ်ချင်းမများအားလုံးကလည်း မတ်တပ်ကြီးတွေ။ မိတော အူကြောင်ကြောင်ဖြစ်နေသည်။

“ဟိုဘက်လှည့်”
“ဟင်”
“သြော်… ကိုယ်ကိုတစ်ပတ်လှည့်ပါဆိုနေ”
“ဘယ်လိုဖြစ်နေကြတာလဲ၊ လူကို မော်ဒယ်မင်းသမီးများ ထင်နေကြလား.. ဟွန်း”
ပြောပြောဆိုဆို မိတော ကိုယ်ကိုတစ်ပတ်လှည့်လိုက်သည်။
“ဟိဟိ ငါတို့တွေအားလုံး တိုက်တိုက်ဆိုင်ဆိုင် အဖြူနဲ့အမည်းတွေ ၀တ်ထားတယ်”
“ဟယ်…….. ဟုတ်ပါရဲ့”

ဌာနထဲက သူငယ်ချင်းမတွေအကုန် တိုက်တိုက်ဆိုင်ဆိုင် အဖြူနှင့်အမည်းတွေချည်း ၀တ်ထားကြသည်ကို မှုန်နေသောမိတော ချက်ချင်းသဘောကျကာ ရယ်လိုက်မိသည်။

“ဓာတ်ပုံရိုက်ကြရအောင်”

သူငယ်ချင်းတွေ ထုံးစံအတိုင်း အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်ခွက်၊ အိုင်ပက်လက်တွေ ထုတ်လိုက်ကြပြီး ပဲအမျိုးမျိုးပေးကာ ဓာတ်ပုံရိုက်ရန်ဟန်ပြင်နေစဉ် မာန်နေဂျာရဲ့မာန်နေဂျာက ၀င်လာတော့သည်။ ခုံကို မခို့တရို့မှီ်၊ နံရံကိုမှီ၊ လက်ကိုခါးထောက်၊ လက်၂ချောင်းထောင်၊ နဖူးကိုသေနတ်နဲ့တေ့သလိုလုပ်၊ ရင်ကော့၊ အချင်းချင်းခါးဖက်၊ ခေါင်းကိုစောင်း၊ မျက်လုံးစွေ၊ လျှာထုတ် စသဖြင့် ဓာတ်ပုံရိုက်ဖို့ ပုံစံအမျိုးမျိုးဖြင့် ပဲပေးရန်ပြင်နေသူ၊ ကလေးတွေလို အူမြူးနေသူ မိတောတို့ကိုကြည့်လိုက်ပြီး ခပ်တည်တည်ဖြင့် တစ်ခွန်းချင်း လေးလေးကြီး ပြောလိုက်သည်။

“System တွေ ဒေါင်းနေတယ်။ ဒီတစ်ခါ ဘီစီပြည်နယ်တစ်နယ်ထဲ ဒေါင်းတာမဟုတ်ဘူး။ တိုရန်တိုဌာနချုပ်က Systemတွေပါ ဒေါင်းတာ၊ ဒါကြီးမားတဲ့ system ဒေါင်းမှုကြီးဖြစ်တယ်၊ ဒါကြောင့် DRP ကိုင်ဖို့ပြင်ကြတော့”

ခုနက ဟီလာတိုက်နေသူတွေ မီးကိုပြာဖြင့်ပက်လိုက်သလို ငြိမ်ကျသွားသည်။ ပဲပေးရန် ပြင်ဆင်နေကြသည့် မျက်နှာတွေက၊ ပဲမပေးနိုင်ကြတော့ဘဲ ငိုမလိုမျက်နှာများဖြစ်သွားသည်။

မာန်နေဂျာ့ မာန်နေဂျာထွက်သွားတော့ ကိုယ့်နေရာကို ကုပ်ကုပ်လေးတွေ ပြန်သွားကာ DRP အတွက် စတင်ပြင်ဆင်ကြတော့သည်။
“တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ကျမှ ငါတို့ဘာလို့ အဖြူနဲ့အမည်းတွေ အားလုံးဝတ်ထားမိကြတာလဲ၊ တော်ရုံပဲပေးချင်တာမဟုတ်ပါဘူး၊ ဒီနေ့ပဲပေးပြီး ဓာတ်ပုံရိုက်ချင်ပါတယ်ဆိုမှ System တွေကလည်း ကွက်တိ ဒေါင်းရတာလဲ” ဟု မိတောကို လာခေါ်သည့်သူငယ်ချင်းက တစ်ယောက်တည်း တတွတ်တွတ် ရွတ်နေလေတော့သည်။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

နေ့လည်ခင်းထမင်းစားချိန်ရောက်တော့ သူငယ်ချင်းအချို့ စာကြည့်တိုက်ထဲမှာ ဆုံဖြစ်ကြသည်။ ရောက်တတ်ရာရာတွေပြောရင်း “မာစီ”က “လင်း” ကို ပိုက်ဆံအိတ်လေးလှလိုက်တာ ဘယ်က ၀ယ်တာလဲ ဟု မေးလေသည်။

မာစီ — “လှလိုက်တဲ့ ပိုက်ဆံအိတ်လေး… ဘယ်က၀ယ်တာလဲ”
လင်း — “မင်းတို့ နားက ရှော့ပင်မောလ် က ၀ယ်တာ၊ GF mall လေ”
မာစီ — “ဟုတ်လား ..”
လင်း– “အဲဒီနားမှာ အလံတိုင်ကြီးအကြီးကြီးတောင် ရှိတယ်လေ”
မာစီ — “mall တော့သိတယ်၊ အလံတိုင် မသိဘူး၊ ဘယ်က အလံတိုင်လဲ”
လင်း — “ဟင်.. အဲဒီအလံတိုင်က ရှယ်ရတန်ဟိုတယ်ရှေ့မှာရှိတယ်လေ… မြောက်အမေရိကမှာ အကြီးဆုံးအလံတိုင်”
မာစီ — “အင်… မြောက်အမေရိကမှာ အကြီးဆုံးအလံတိုင်”
လင်း — “ အေး မသိဘူးလား”
မာစီ — “ဟင့်အင်း၊ ဘာအလံတိုင်မှကို မမြင်တာ”
လင်း — “ ပြဿနာပဲ၊ ဒီလောက် ကြီးတဲ့အလံတိုင် ကိုယ့်အိမ်နားမှာရှိနေတာတောင် မသိဘူး”
မာစီ — “အို… တို့တွေက အမေရိကန်တွေလို မဟုတ်ဘူး။ မျိုးချစ်စိတ်ဆိုပြီး တစ်ချိန်လုံးအော်မနေဘူး၊ သူ့ဟာသူ အလံတိုင်ဘယ်လောက်ကြီးကြီး… ဟွန်း”
လင်း– “မျိုးချစ်စိတ်ဆိုတာလည်း ရှိသင့်ရင်ရှိရမှာပေါ့”
မာစီ — “အို.. မျိုးချစ်စိတ် မျိုးချစ်စိတ်ဆိုပြီး တဖွဖွအော်နေရကတည်းက မျိုးမချစ်လို့”

ကနေဒီယန် “မာစီ” နှင့် အမေရိကန် “လင်း” တို့ အပြန်အလှန်ပြောနေကြသည်ကို မိတောက မျက်လုံးကလေးပြူးကာ ကြည့်နေလိုက်သည်။ စိတ်ထဲကတော့ အခုနေများ အင်္ဂလန်အိုလံပစ်တုန်းက တောင်နဲ့မြောက်ကိုရီးယားအလံမှားလွှင့်သလို၊ အမေရိကန်အလံနှင့် ကနေဒီယန်အလံမှားလွှင့်ထူမိလျှင်လည်း ကိုရီးယားတွေလို ဟီးချမငိုတဲ့အပြင်၊ ဒီအတိုင်းပဲ ဆက်ကစားနေကြမည်လားဟု တွေးနေမိသေးသည်။ System ဒေါင်းလို့ ပင်ပန်းစိတ်ညစ်နေကြရသည့်အထဲ၊ ပိုက်ဆံအိတ်လှတာချီးကျူးမိသည့်ကိစ္စမှ အစပြုကာ၊ ဘာမဟုတ်သည့် အလံတိုင်ကိစ္စ ငြင်းခုံနေကြသည့် သူငယ်ချင်းမများကို ထားပြီး ရုံးခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

ညနေအိမ်ရောက်တော့ စိတ်ကူးပေါက်သည်နှင့် ငပိကြော် စားရန် ပြင်ဆင်လေသည်။ ကြက်သွန်ုဖြူလေးတွေကို သေချာလှီး၊ ကြက်သွန်နီလေးတွေကို ပါးပါးလှီး၊ ပုဇွန်ခြောက်ကိုကြိတ်စက်ထဲမှာကြိတ်အပြီး၊ နေ၀င်ရီရောအချိန်လေးမှာ အိမ်နောက်ဘက်ထွက်ပြီး ဆီများများနှင့်ကြော်ပါလေတော့သည်။ စိမ်းစားငပိ ၂ဇွန်းထည့်ပြီး မွှေလိုက်သည့်အချိန် စက္ကန့်ပိုင်းအတွင်းမှာပင် ယင်မဲအုပ်ကြီးက ထင်းရူးတောများကိုဖြတ်ကာ တ၀ီဝီပျံသန်းချီတက်လာတော့သည်။ စိမ်းစားငပိနံ့၊ ပုဇွန်ခြောက်နံ့တို့သည်လည်း အငွေ့တလူလူဖြင့် လေသင့်ရာ အလုံးလိုက်ဝေ့၀ဲနေလေသည်။ ကြည့်တတ်လျှင်တော့ သည်မြင်ကွင်းဟာ အလွန်ကဗျာဆန်ပေသည်။ မိတောလည်း ပတ်ဝန်းကျင်၏ ကဗျာဆန်မှုအပြင်၊ ယင်ကောင်များ၏ အနံ့ခံကျွမ်းကျင်မှုကို ရင်သပ်ရှုမော ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ ပတ်ဝန်းကျင်မှာ မီးခိုးနံ့၊ ငပိနံ့၊ ပုဇွန်ခြောက်နံ့တို့ လှိုင်လှိုင်သင်းနေသဖြင့် ဘေးအိမ်က ကိုရီးယားအဘိုးကြီး၏ အိမ်နောက်ဘက်တံခါးက ဝေါကနဲပွင့်လာသည်။ မိတောလည်း မီးကို နည်းနည်းလျော့လိုက်ကာ ပန်းသီးပင်နားကို ခပ်သုတ်သုတ်သွား၊ ပန်းသီးပင်နှင့်ကွယ်ပြီးရပ်နေလိုက်သည်။ မီးလျော့လိုက်၍ မီးခိုးလုံးကျသွားသော်လည်း ကနေဒီယန်ယင်ကောင်များကတော့ တစ်ခါမှ မရှုရှိုက်ဖူးဟန်တူသော၊ မွှေးကြိုင်သင်းပျံ့သော၊ ထူးခြားဆန်းကျယ်လှသော အနံ့လှိုင်းထဲမှာ စီးမျောနေကြရင်း အိနြေ္ဒမဆည်နိုင်လောက်အောင် ယစ်မူးကခုန်နေကြလေသည်။ စိတ်မထိန်းနိုင်သည့် ယင်ကောင်အချို့ကတော့ ဒယ်အိုးထဲ ခုန်ချတော့မတတ်ကို တိုက်လေယာဉ်များဗုံးကြဲပျံသန်းမည့်အသွင်မျိုးဖြင့် ကပ်ပြီး တ၀ီးဝီး ပျံသန်းနေကြလေသည်။ ကိုရီးယားအဘိုးကြီးကတော့ လည်ပင်းကြီးရှည်က အနံ့ခံအပြီး စိတ်ညစ်သည့်ပုံဖြင့် ခေါင်းကုပ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။ အဲဒီတော့မှ ပန်းသီးပင်နှင့်ကွယ်ရပ်နေသော မိတောလည်း ယောင်းမတစ်လက်ဖြင့် မီးဖိုနားကို ပြန်ကပ်လာရဲတော့သည်။ ကိုရီးယားအဘိုးကြီး ပြန်ထွက်မလာခင် ငရုတ်သီးအကြမ်းမှုန့်ကို စိတ်မှန်းဖြင့် အမြန်လောင်းချလိုက်မိသည်မှာ ဇွန်းကြီးငါးဇွန်းစာခန့်ပါသွားသည်။ မတတ်နိုင်တော့ဘူးဟု တစ်ဦးတည်း ရွေရွတ်ကာ အမြန်ကလေးမွှေ၊ အဖုံးပိတ်၊ မီးပိတ်ကာ အိမ်ထဲသို့ခိုဝင်သွားလေတော့သည်။

ထိုညနေက မိတော၏ ဘာလချောင်ပုဇွန်ငါးပိကြော်ကို မြိန်ရှက်စွာစားလေသော ကိုဗျိုင်းလည်း ရေအိမ်သို့ ၁၅ခါခန့် ၀င်လိုက်ရလေတော့သည်။ ဗိုက်ကိုနှိပ်ကာ “မင်းငါ့ကို တမင်များ လုပ်ကြံလေသလား မိတော” ဟု အံကြိတ် မေးရှာသည်။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

နောက်တစ်နေ့ မိုးလင်းတော့ အလုပ်ကိစ္စတစ်ခုဖြင့် အစိုးရရုံးတစ်ရုံးသို့ မိတောထွက်လာခဲ့သည်။ နံနက်စောစောမို့ လူရှင်းသော အည့်ကြိုနေရာတွင် ကော်ဖီခွက်ကိုလက်ကကိုင်၊ ခြေကိုချိတ်၍ တိတ်ဆိတ်အေးမြမှုကို သဘောကျကာ၊ ပြူတင်းအပြင်ဘက်က ပန်းတွေ နံနက်ခင်းနေရောင်အောက်မှာ ပွင့်ဖူးနေသည်ကို ငေးမောနေသည်။ ရုံးထဲမှာလူရှင်းနေသော်လည်း ချိန်းထားသည့်အမျိုးသမီးက ထွက်မလာသေး၍ စောင့်နေစဉ် ခပ်လှမ်းလှမ်းက တရုတ်အဘိုးကြီးတစ်ဦးကို သတိထားလိုက်မိသည်။ ထိုအဘိုးကြီးသည်လည်း သူနှင့်ချိန်းထားသည့်သူ ထွက်မလာသေး၍ ပျင်းရိလာနေပုံရသည်။ ထို့နောက် အများပြည်သူကြည့်ရန် ထားထားပေးသည့် ကွန်ပြူတာနားကို ချဉ်းကပ်သွားလေ၏။ ထိုကွန်ပြူတာသာမက တင်ထားသည့်ခုံကပါ အရှင်တွေဖြစ်သည်။ အရှင်ဆိုရာဝယ် မတ်တပ်ရပ်ကြည့်သူအရပ်နှင့်ညီအောင် ခလုပ်နှိပ်ညှိနိုင်သလို၊ ကွန်ပြူတာမျက်နှာပြင်ကလည်း ၃၆၀ဒီဂရီလှည့်လို့ရလေသည်။ အဘိုးကြီးသည် ကွန်ပြူတာခုံနားတိုးကပ်သွားလေသည်။ ခုံက တော်တော်လေးမြင့်နေသည်။ အရှေ့ကကြည့်သွားသူတစ်ဦးက တော်တော်လေး အရပ်ရှည်ပုံရသည်။ အဘိုးကြီးက ခုံကို သူ့အရပ်နှင့်ညီအောင်ညှိရန် ကြိုးစားလေသည်။ ခလုပ်ကို ကြောက်ကြောက်ရွံ့ရွံ့တုန်တုန်ယင်ယင်လေး နှိပ်သည်။ ခုံကြီးက ၀ူးဝူးဆိုမြည်ပြီး အောက်ကိုနိမ့်သွားသည်။ အဘိုးကြီးက ခလုပ်ကိုပိတ်ရမည့်အစား လန့်ပြီးလက်ကို လွှတ်လိုက်သဖြင့် ခုံကြီးက အဘိုးကြီးပေါင်နားထိ ကျသွားပြီး အလိုလိုရပ်သွားသည်။ အဘိုးကြီးက ခါးကုန်းပြီး ကီးဘော့ကိုနှိပ်သည်။ အရမ်းနိမ့်နေသဖြင့် အဆင်မပြေ။ ခလုပ်ကိုနှိပ်ပြန်သည်။ ခုံကြီးက တ၀ူးဝူးမြည်ပြီး ပြန်တက်သွားပြန်သည်။ အဘိုးကြီးရင်ဘတ်နားထိ တက်သွားပြန်သည်။ အဘိုးကြီးက လက်ကလေးကိုမြှောက်ကာ ကီးဘော့ကိုနှိပ်ပြီး စကရင်ကို ကြည့်သည်။ စကရင်က နည်းနည်းစောင်းနေသဖြင့် စကရင်ညှိရန် စာတန်းထိုးမျှားပြထားသော ခလုပ်တစ်ခုကို နှိပ်ချလိုက်သည်။ စကရင်က တတီတီမြည်ကာ ရိုဘော့ကြီးလို လည်သွားပြီး စကရင်မျက်နှာပြင်က အဘိုးကြီးနှင့် ဆန့်ကျင်ဘက်အရောက် “ဒန်” ဆို ရပ်သွားသည်။ အဘိုးကြီးက စကရင်မျက်နှာလှည့်ရာဘက်ကို လျှောက်သွားကြည့်သည်၊ လက်နှင့်စကရင်ကိုလှည့်ကြည့်သည်၊ မရ။ ခေါင်းကုပ်သည်၊ ဒီဘက်ပြန်လာသည်၊ ခလုပ်တွေကို ထပ်နှိပ်သည်။ စကရင်က တစ်ပတ်ထပ်လည်ပြန်သည်။ ကွန်ပြူတာတင်ထားသော ခုံကြီး အောက်ကို တ၀ူးဝူးကျလာပြန်သည်။ စကရင်ကော ခုံကော ဖြစ်ချင်တိုင်းဖြစ်နေသည်။ မိတောတစ်ယောက် အဘိုးကြီးကို သနားလည်းသနား၊ အရမ်းလည်း ရယ်ချင်နေမိသည်။ မနေနိုင်တော့သည့်အဆုံး လက်ထဲက ကော်ဖီခွက်၊ စာရွက်စာတမ်းတွေကို စားပွဲပေါ်ချပြီး အဘိုးကြီးဆီသွားသည်။ ခလုပ်တွေနှိပ်ပြီး လိုသလိုပြင်ပေးလိုက်သည်။ အဘိုးကြီး ကျေနပ်သွားသည်။ ခေါင်းငြိမ့်ပြသည်။ မိတော ပြန်ငြိမ့်ပြသည်။ မိတော နေရာမှာ ပြန်လာထိုင်သည်။ အဘိုးကြီး အရမ်းကျေနပ်ပြီး ကွန်ပြူတာကြည့်သည်။ ပြုံးပြုံး ပြုံးပြုံြး့ဖင့် ကြည့်နေသည်မှာ ၂မိနစ်လောက်ပဲ ရှိဦးမည်။ ချိန်းထားသည့် အမျိုးသမီးက သူ့ကိုလာခေါ်သွားလေတော့သည်။ အဘိုးကြီးက အကုန်လုံးအဆင်ပြေ ကွန်ပြူတာကြည့်တော့မည်ဆိုကာမှ လာခေါ်သောအမျိုးသမီးနောက်သို့ မကျေမနပ် လိုက်ပါမသွားခင် စိတ်တိုပြီး မောက်စ် ကို တစ်ချက် မသိမသာဆောင့်ချလိုက်သည်။

ရုံးရောက်တော့ မိတော သူငယ်ချင်းများက မိတောတို့ ရပ်ကွက်ထဲတွင် ညက သေနတ်ပစ်မှုဖြစ်ပြီး လူတစ်ဦးအနည်းဆုံး သေဆုံးသွားကြောင်းပြောသည်။ ကားထဲမှ အိမ်ရှေ့ရပ်နေသူကို ပစ်ပြေးသွားကြောင်း ပြောကြသည်။ မိတော ကွန်ပြူတာခလုပ်တွေကို နှိပ်ကာ သတင်းကို လိုက်တော့သည်။ ဂူဂဲလ်မြေပုံနှင့် ရှာသည်။ မိတောတို့ နေအိမ်နှင့် မနီးမဝေးက လမ်းထဲတွင် ဖြစ်သွားခြင်းဖြစ်သည်။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

အိမ်ရောက်တော့ ကိုဗျိုင်းနှင့် ဟိုဘက်လမ်းကအကြောင်းပြောဖြစ်သည်။ “ကလေးတွေကို ဘယ်နားသွား ပြုစုပျိုးထောင်ရမည်မသိ” ဟု မိတော တဗျစ်တောက်တောက် ပြောနေမိသည်။ စိတ်ညစ်ပြီး မျက်နှာမှုန်ကာ ငူငူကြီးထိုင်နေမိသည်။ ညနေတော်တော်စောင်းတော့ မိတောတစ်ယောက်ဈေးသွားချင်၍ ကိုဗျိုင်းကို အကူအညီတောင်းလေသည်။

“သွားလေ…”
“ဟင့်အင်း လိုက်ပို့ပါ”
“အရင်ကတော့ သွားချင်တဲ့နေရာ တ၀ီဝီ တဒီဒီသွားနေတာ မဟုတ်လား”
“သြော်… လိုက်ခဲ့စမ်းပါဆို…”
“ဒီနေ့မှ ထူးထူးဆန်းဆန်း လိုက်ပို့ခိုင်းနေတယ်”
“ဟိုမှာ သေနတ်တွေဘာတွေ ပစ်ခတ်ကြတယ်လေ”
“သြော်… ဟင်းဟင်း”
ရှိသမျှ မြန်မာအရေး ဖတ်နေသည့် ကိုဗျိုင်းက အံကြိတ်ရယ်ပြီးနောက် စကရင်ကြီးကို ပိတ်လိုက်ကာ လိုက်ပို့လေသည်။
ကားမောင်းနေသော ကိုဗျိုင်းက ဈေးကိုသွားသည့်လမ်းဘက်ကို မကွေ့ဘဲ၊ မြောက်ဘက်ကို မောင်းသွားသည်။
“ဘယ်သွားမလို့လဲ၊ ဒီဘက်သွားရမှာလေ”
“မနေ့က သေနတ်တွေပစ်ကြတဲ့အိမ်သွားကြည့်ရအောင်”
“အင်…. မသွားချင်ဘူး၊ ကြောက်တယ်၊ မသွားသင့်ဘူးလေ”
“လာပါ၊ ဘာမှမဖြစ်ဘူး”

သေနတ်တွေပစ်ကြသည့် အိမ်ရှိသည့် လမ်းထဲရောက်တော့ မိတော အလိုလိုနေရင်း ကျောချမ်းနေမိသည်။ သစ်ပင်ပန်းမာလ်တွေဖြင့် စိမ်းစိုသာယာလှပသော အိမ်တွေက မထင်ရက်လောက်အောင် ငြိမ်သက်တိတ်ဆိတ်နေသည်။ ဒီလမ်းထဲကို မိတော မကြာခဏရောက်ဖူးသည်။ အချို့အိမ်ရှေ့အ၀င်ဝမှာ အလှထားသည့် အရုပ်ကြီးတွေက မိတော ကို အမြဲစိတ်မသက်မသာရှိစေသည်။ အလှထားသည့် အရုပ်ကြီးတွေက မကောင်းဆိုးဝါးအရုပ်ကြီးတွေ ဖြစ်နေတတ်သောကြောင့်ပင်။ အခုလည်း သေနတ်ပစ်ခတ်ကြသည့်အိမ်က ထိုအရုပ်ကြီးထားသည့် အိမ်ဖြစ်နေသည်ကို မိတော တွေ့လိုက်ရလေသည်။ အိမ်ရှေ့တွင်လည်း ရဲကားတွေ တန်းစီရပ်နေဆဲဖြစ်သည်။ စမတ်ကျလှသော ယူနီဖောင်းများဖြင့် ဗျောက်များကို ခါးကြားထိုးကာ ရပ်နေကြသော ရဲများကိုလည်း တွေ့ရသည်။ ကြီးမားလှသော ကားဂိုဒေါင်ကြီးပွင့်နေပြီး ဂိုဒေါင်ထဲတွင် နောက်ဆုံးပေါ်ဈေးကြီးကားများအပြင်၊ ပြောင်လက်တောက်ပနေသော အပျော်စီးသဘောင်္ကြီးတစ်စင်းကို လှမ်းတွေ့နေရသည်။ ကိုဗျိုင်းက ရဲကားတွေတန်းစီရပ်ထားသည့်ကြားကဖြတ်ကာ အနိုင်၏တောသီချင်းကို အကျယ်ကြီးဖွင့်ထားပြီး လသာသာအောက် ကားလျှောက်မောင်းသည့်ပုံဖြင့် မောင်းလေသည်။ မိတောလည်း ခေါင်းကြီးငုံ့ပြီး နေနေမိသည်။

“မှတ်လိုက်ပြီ”
“ဟင်.. ဘာမှတ်လိုက်တာလဲ”
မိတော ပြူးပြူးပျာပျာ မေးမိသည်
“ကားပလိတ်ပြားနံပါတ် ကောက်မှတ်လိုက်ပြီ”
“ပြောသားပဲ၊ မလာပါနဲ့ဆိုတာကို၊ လာတာကိုး၊ သိပ်စိတ်ညစ်တာပဲ၊ မြန်မြန်မောင်းလေ”

“ပလိတ်ပြားနံပါတ်မှတ်လဲ ဘာအရေးလဲကွာ.. နံပါတ်ကို ကွန်ပြူတာထဲ ကောက်နှိပ်လိုက်တာနဲ့ ကိုယ်တို့ကောင်းရောင်းကောင်းဝယ် သမားတွေဆိုတာ သူတို့သိပါတယ်”

မိတောလည်း ကိုဗျိုင်းကို မျက်စောင်းသာ ကြိတ်ပြီးထိုးထည့်လိုက်တော့သည်။ ဒါတင်လားဆိုတော့ မဟုတ်။ ဟိုဗျိုင်းတစ်ယောက် ကားကိုပြန်ကွေ့ပြီး ထိုအိမ်ရှေ့က ဒုတိယအကြိမ်ဖြတ်ပြန်သည်။ ခုနကအတိုင်းပဲ အနိုင့် သီချင်းကိုအကျယ်ကြီးဖွင့်ကာ ရဲကားတွေ၊ ရဲတွေကြားက ဖြတ်ပြန်သည်။ မိတော ကိုဗျိုင်းကို နားကိုမလည်။ မျက်လုံးကြီးပြူးကြည့်နေမိသည်။ ဒီလိုနှင့် မိတောတို့ ဈေးကို ရောက်လာကြတော့သည်။

ဈေးထဲမှ ၀ါးမီးတိုင် လေးချောင်းကို ခြံထဲမှာထွန်းရန် မိတော ၀ယ်လာသည်။ တစ်တိုင်ကိုမှ ငါးမူးသာ (၅၀ဆင့်) ပေးရသဖြင့် အလွန်တန်လှသည်။ ပထမတော့ ၂တိုင်ပဲ ၀ယ်ရန်ဖြစ်သော်လည်း ပိုက်ဆံချေခါနီးမှ ငါးမူး ဈေးချထားတာသိလိုက်ရသဖြင့် ၀မ်းသာလုံးဆို့ကာ လေးချောင်းကို ၂ဒေါ်လာကြီးများတောင် ပေးကာ ၀ယ်ခဲ့လေသည်။ ၀ါးမီးတိုင်ချောင်း ထိုးထိုးထောင်ထောင်လေးချောင်းအပြင် မီးစာအတွက် ဆီဗုံးကြီးကိုင်ကာ ပြန်လာသော မိတောကို ကိုဗျိုင်းက ကားနားမှာရပ်ကာ မျက်လုံးပြူးကာကြည့်နေလေသည်။

“ကုန်ပါပြီ.. ကုန်ပါပြီ”
“ဘာတွေကုန်တာလဲ”
“ဘာသဘောနဲ့ ၀ါးဆီမီးတိုင်တွေဝယ်လာပြန်တာလဲ”
“နွေရာသီမို့ ခြံထဲမှာထွန်းဖို့လေ၊ တစ်တိုင်လုံးမှ ငါးမူးထဲရယ်”
“ဟုတ်ပါပြီ၊ ဆီဖိုးကကော ဘယ်လောက်လဲ”
“ဟဲ… ဟဲ…”

မိတော ဆီဖိုးဘယ်လောက်ကျသလဲ မဖြေဘဲ… တဟဲဟဲပဲ လုပ်ကာ ၀ါးတိုင်များထိုးထိုးထောင်ထောင်ကို ကားနောက်ခန်းထဲ အတင်းထည့်ပြီး အိမ်ပြန်ခဲ့ကြသည်။ ကားပေါ်မှာ မောလွန်းသဖြင့် မိတော မှေးကနဲဖြစ်သွားသည်။ တစ်နေရာရောက်တော့ ကားအရှိန်လျော့ကျသွားတာကို ခံစားလိုက်ရသဖြင့် မျက်လုံးလေးကို အသာဖွင့်ကြည့်လိုက်သည်။ ခုနက သေနတ်တွေပစ်ကြသည်ဆိုသည့် အိမ်ရှေ့ကို ကားက ရောက်နေပြန်ပြီ။ ရဲကားတွေက ၂၄နာရီကို ရပ်ထားလေသည်။
“ဟင်… ဘာလာလုပ်ပြန်ပြီလဲ ဒီလမ်းထဲကို”
“လာကြည့်တာလေ”
“ခုနကလည်း လာကြည့်ပြီးပြီ၊ ဒီနေရာကိုပဲ ပတ်မောင်းနေတာပဲ၊ ကြောက်ပါတယ်ဆိုမှ”
“ဒါကြောက်စရာမှ မလိုတာ၊ ထူးခြားမှု ရှိ-မရှိ လာပတ်ကြည့်တာ”
“ဟင်… ဘာထူးခြားမလဲ၊ ထူးခြားလဲ ရှင့်အလုပ်လားတော်…၊ ထူးခြားမှု ရှိ-မရှိက ရဲက စိတ်ဝင်စားရမှာကို ရှင်ကစိတ်ဝင်စားနေတယ်… စိတ်ညစ်လိုက်တာ၊ ပြန်မယ် ဒီနေရာကနေသာ မြန်မြန်လေး မောင်းပေးပါ”

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

အိမ်ပြန်ရောက်တော့ ၀ါးမီးတိုင်တွေနှင့် မိတော အလုပ်ရှုပ်တော့သည်။ ပလစ်စတစ်တွေခွာ၊ တံဆိပ်တွေခွာ၊ ဆီထည့်သည့် သံဗူးလေးတွေကိုထုတ်၊ ဆီကို ကတော့နှင့် သံဗူးလေးတွေထဲထည့်၊ ဖယောင်းတိုင်၊ မီးခြစ် ရှာဖွေစု လေသည်။ နောက်ဘက်ကိုထွက်ပြီး ၀ါးတိုင်စိုက်ဖို့ မြေပျော့ပျော့ရှာတော့ ပန်းသီးပင်အောက်မှာ သွားတွေ့သည်။ ပန်းသီးပင်အောက်မှာ ၀ါးမီးတိုင်တွေကို စိုက်ပြီး မီးထွန်းလေသည်။ မီးစာတွေကို တော်တော်လေးဆွဲထုတ်လိုက်မိ၍ မီးညွန့်ကြီးတွေကို လှိုင်လှိုင်လင်း လေတော့သည်။ မိတောလည်း သဘောကျကာ ခုံချထိုင်ကာ ငေးနေလေ၏။ သို့ပေမယ့် နောက်ဖေးမီးဖိုချောင်နှင့်တီဗွီခန်းထဲက မီးရောင်တွေက ခြံထဲကိုကျနေသဖြင့် မီးတိုင်အလင်းကို မှေးမှိန်သွားစေသည်ကို မိတော မကျေနပ်။ မီးဖိုထဲဝင်သွားတော့ ထမင်းစားပွဲမှာ ဂျူနီယာတောကလေးက မြင်းရုပ်ကလေးနှင့် ကစားနေသည်။ တစ်ညနှစ်ည လာအိပ်သော မိတော မိခင်ကြီးက ပန်းသီးများလှီးနေသည်၊ ကိုဗျိုင်းက တီဗွီရှေ့မှာ ထုံးစံအတိုင်းတီဗွီဖွင့်ထားရင်း မြန်မာ့အရေး၊ ကမ္ဘာ့အရေးကို ကွန်ပြူတာပေါင်ပေါ်တင်ကာ ဖတ်နေလေ၏။

“ခဏလေး မီးတွေပိတ်ပေးကြပါ၊ မီးလေးတွေ ခဏလေး ပိတ်ပေးကြပါ”

မိတော ပြောပြောဆိုဆို မီးဖိုချောင်မီး၊ ထမင်းစားခန်းမီး၊ တီဗွီခန်းမီးများသာမက၊ တီဗွီကိုပါ ပိတ်လိုက်သည်။ မိခင်ကြီးကတော့ ဘာမှမပြော၊ ပန်းသီးများကို ဆက်လှီး၊ ဂျူနီယာတောလေးကလည်း တစ်ခွန်းမ မဟ၊ မြင်းကလေးကို ဆက်ကစား၊ ကိုဗျိုင်းကလည်း မျက်မှောင်ကြီးရှုံ့ကာ ကွန်ပြူတာကို ဆက်ပြီး စိုက်ကြည့်နေသည်။ ဂျူနီယာတောလေးကို လှမ်းခေါ်သော်လည်း သူမက မီးတိုင်များထက် သူ့မြင်းကလေးကို စိတ်ဝင်စားနေသည်။ မိတောလည်း ခြံထဲပြန်ထွက်ကာ ခုံမှာထိုင်၍ ငါးမူးတန် ၀ါးမီးတိုင်လေးချောင်းမှာ ထိန်ထိန်ငြီးတောက်လောက်နေသော မီးတောက်များကို ကြည့်လိုက်၊ ကောင်းကင်ကြယ်များကို ကြည့်လိုက်ဖြင့် ကဗျာဆန်လှသော ညနေခင်းအဖြစ် ကြည်နူးနေမိသည်။

ခဏနေတော့ အိမ်ထဲက အသံဗလံများကို ကြားလာရတော့သည်။

“မိတောရေ့… မပြီးနိုင်သေးဘူးလား၊ ဒီမှာ မေမေ မင်းတို့အတွက် ပန်းသီးလှီးနေတာ ဘာမှကို မမြင်ရတော့ဘူး၊ လက်ကိုလှီးမိတော့မှာပဲ”

“မာမီ…. အရမ်းမှောင်တယ်၊ ဘာမှ မမြင်ရဘူး၊ မြင်းကလေးကိုလည်း မမြင်ရတော့ဘူး၊ မာမီ့မီးတိုင်တွေကအလင်းရောင်က အိမ်ထဲထိ မရောက်ဘူး၊ မီးပြန်ဖွင့်ပြီး ကစားလို့ ရပါပြီလား၊ အခု မြင်းကလေးရဲ့ လှည်းကလေးလည်း ခုံအောက်ကျသွားပြန်ပြီ၊ ခုံအောက်မှာလည်း ဘာမှမမြင်ရဘူး၊ မှောင်မည်းနေတာပဲ”
မိခင်ကြီးက အော်လို့ မဆုံးသေးခင် ဂျူနီယာတောကလည်း ကြွက်ကြွက်ညံတော့သည်။

“မင်းကွာ…… ကိုယ်က မြန်မာပြည်ကလာတာကို၊ အဆန်းတကျယ်တွေ သိပ်လုပ်ချင်တာပဲ၊ ဒီမှာ အကုန်လုံး မျက်စိတွေပျက်တော့မယ်”

ကိုဗျိုင်းဆီကပါ အသံထွက်လာတော့ မိတောလည်း သက်ပြင်းလေးချကာ၊ အကုန်လုံး မြန်မြန်အိပ်ပါစေတော့ဟု ဆုတောင်းရင်း ပန်းသီးပင်အောက်မှာ ငုပ်တုပ်လေးသာ ဆက်ထိုင်နေရလေတော့သည်။

ည ကိုးနာရီခွဲပြီ။ တစ်အိမ်လုံးလည်း အိပ်ရာဝင်သွားပြီ။ မိတောပျော်သွားသည်။ တစ်အိမ်လုံးမီးတွေ အမှောင်ချကာ ၀ါးမီးတိုင်အလှကို တစ်ယောက်တည်း ရှုစားရန် ထိုင်ခုံလေးမှာ ထိုင်ချလိုက်သည်။ ကြယ်တွေလတွေကို ငေးရန်ဟန်အပြင် တစ်ဘက်အိမ်က နောက်ဖေးတံခါးက ဝေါဝေါ ဆို ပွင့်လာသည်။ ကိုရီးယားအဘိုးကြီးထွက်လာသည်။ မီးတောက်တွေဘက်ကို စိုးရိမ်တကြီးကြည့်သည်။ မိတော ခုံမှာကွေးကွေးလေး ပုနေလိုက်သည်။ အဘိုးကြီး ခြံစည်းရိုးနားထိ ကပ်လာသည်။ တစ်ကယ်က မီးတောက်တွေနှင့် ပန်းသီးပင်ကအဝေးကြီးဖြစ်သော်လည်း အဝေးကကြည့်လျှင် ပန်းသီးပင် မီးထစွဲမလိုဖြစ်နေသည်။ အဘိုးကြီး လည်ပင်းကြီးရှည်ပြီး မီးတောက်တွေဘက်ကိုကြည့်သည်၊ သူ့ခြံထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်သည်။ မီးတိုင်တွေဘက်ကိုလည်း မကြာခဏလှမ်းလှမ်းကြည့်သည်။ အဘိုးကြီး ဂဏာမငြိမ်ဖြစ်နေရှာသည်။ မိတောလည်း မနေနိုင်တော့ဘဲ မတ်တပ်ရပ်ကာ လူရှိနေကြောင်း မသိမသာ ဟန်ရိပ်ပြလိုက်တော့မှ ကိုရီးယားအဘိုးကြီး ထုံးစံအတိုင်းခေါင်းကုပ်ပြီး သူ့အိမ်ထဲ ပြန်ဝင်သွားတော့သည်။

တစ်လောကလုံးအိပ်သွားပြီ၊ ကြယ်ကလေးတွေ ပိုလို့လင်းလာပြီ၊ ညလေကလေးက ညင်ညင်သာတိုက်ခတ်လို့ ….
အဲဒီတော့မှ မိတောလည်း သူမ၏ ငါးမူးတန် ၀ါးမီးတိုင်အလှများကို အေးငြိမ်းစွာ ရှုစားနိုင်လေတော့သတည်း။

 bamboo2.jpg

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

သက်ဆိုင်တာလေးတွေ…
(( မိတောနှင့် အညိုရိပ်၅၀ ))

(( မိတောနှင့် ပုရွက်ဆိတ်သိုင်းလေပွေရိုင်း ))
(( ရှင်ဂွိရဲ့နံနက်ခင်း ))

….

P Please consider the environment before printing this page

19 Comments »

  1. အော် မိတော မိတေား)) မိတော ပေမို့လို့သာပဲး)))))))

    Comment by ဗညား — August 30, 2012 @ 4:52 pm

  2. What a happy and lovely family life!!

    Comment by Anonymous — August 30, 2012 @ 5:40 pm

  3. မိတောအကြောင်း စိတ်ဝင်စားစရာ မလေးရေ။
    စာရေးကောင်းတဲ့ဘလော့ဂါတွေကို အားကျတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — August 30, 2012 @ 8:14 pm

  4. မိတော ကတော့..မနိုင်ဘူးနော်…:)…..

    Comment by Yan Min Aung — August 30, 2012 @ 9:11 pm

  5. သူငယ်ချင်းတွေ ထုံးစံအတိုင်း အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်ခွက်၊ အိုင်ပက်လက်တွေ ထုတ်လိုက်ကြပြီး ပဲအမျိုးမျိုးပေးကာ ဓာတ်ပုံရိုက်ရန်ဟန်ပြင်နေစဉ် မာန်နေဂျာရဲ့မာန်နေဂျာက ၀င်လာတော့သည်

    Comment by Kyawzin Maung — August 30, 2012 @ 9:12 pm

  6. မလေးးးးးးးးးးးးးး

    ဘာလို့ အဲလို ရယ်စရာတွေ ရေးတတ်နေတာလဲ. ထင်မထားဘူး…

    ကြုံရဆုံရ မိတော၏ ဘ၀စာမျက်နှာများ ဆိုပြီး စာအုပ်ထုတ်ဗျာ.း)))

    ဆက်ရယ်လိုက်ဦးမယ်. အဟတ်ဟတ်.

    Y.

    Comment by Yan — August 30, 2012 @ 9:35 pm

  7. ကိုရီးယား အဖိုးကြီးတော့ မိတောရဲ့ အိမ်နီးချင်း ဖြစ်ရတာ တချိန်လုံး မျက်ခုံးလှုပ်နေ တော့မှာပဲ..၊း)
    သွက်လက်ပေါ့ပါးပြီး ဇဝနဉာဏ် အပြည့်ပါတဲ့ ပို့စ်မို့လို့ ဖတ်ရတာ ‘မြူး’ တယ် မလေး…။

    Comment by ညီလင်းသစ် — August 31, 2012 @ 12:34 am

  8. မိတောအကြောင်း ရေးတိုင်း သဘောကျမိတယ် မလေးရေ…
    အဲ့လို ဇာတ်ကောင်လေးတွေ ထားရေးတာ ဖတ်ရတာ စာဖတ်သူနဲ့ ဇာတ်ကောင်ကြား ရင်းနှိးမှုရလာသလိုပဲနော်။
    မိတောဇာတ်လမ်းတွေ အများကြီး ဖတ်ချင်ပါသေးကြောင်း။

    Happy Blog Day !

    Comment by မြသွေးနီ — August 31, 2012 @ 1:06 am

  9. မိတော… အဲလေ… မလေး… သိပ်ဖတ်လို့ကောင်းတာပဲ…
    နောက်လည်း အဲဒါမျိုးလေးတွေ ရေးပါအုံးနော်…း))

    Comment by သက်ဝေ — August 31, 2012 @ 2:10 am

  10. ချစ်ဖို့ကောင်းတဲ့ မိတောလေးနော်….
    သဘာဝတရားကို အလွန်ချစ်တတ်သူလေးဘဲ….
    သဘောကျလိုက်တာ.

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — August 31, 2012 @ 5:05 am

  11. ဒီတစ်ခါ မုဒ်ဝင်ပြီး နည်းနည်းရှည်သွားတယ်..

    စိတ်ရှည်လက်ရှည် ဖတ်သွားတဲ့ သူငယ်ချင်းမိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်…း))

    ပျော်ရွှင်ကြပါစေရှင်…

    Comment by မလေး — August 31, 2012 @ 11:12 am

  12. House warming တုန်းကရထားတဲ့ မီးထွန်း ဆီ ရှိ တယ်။ လိုချင်ရင်ပြောနော်။ မမေ့နဲ့ ဦး ဒီည Blue moon.

    Comment by ထိပ်ထား — August 31, 2012 @ 6:31 pm

  13. Always love your Mi Taw Posts. :)

    Comment by ဇွန်မိုးစက် — August 31, 2012 @ 10:42 pm

  14. ကိုဗျိုင်းဆူတာလေး သဘောကျတယ်မမ….:))))

    Comment by အိန်ဂျယ်လှိုင် — September 1, 2012 @ 12:14 am

  15. လာဖတ်သွားတယ် အစ်မ… ကျွန်တော်လဲ အစ်မလို စာရေးတတ်တဲ့လူ ဖြစ်ချင်တယ်။
    အစ်မစာလေးတွေ ဖတ်ရတိုင်း ရင်ထဲမှာ တခုခုကျန်တယ်။
    အခုလဲ အပျော်တွေ ကျန်ခဲ့တယ်..း)

    Comment by tom — September 1, 2012 @ 11:35 am

  16. ကိုဗျိုင်းတော့ မလေးကို..အဲ မိတောကို တော်တော်အနွံတာခံရမှာဘဲ ဟိဟိ..။

    Comment by Evergreen Phyo — September 2, 2012 @ 1:45 pm

  17. Evergreen Phyo + 1

    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 3, 2012 @ 6:42 am

  18. ငါးမူးတန် ဝါးမီးတိုင်လေးအလှကို ခံစားဖို့ က အခက်အခဲတွေ များလှပါဘိ..မိတောအကြောင်း ဖတ်ရတိုင်း ပြုံးရတယ်..

    Comment by စန်းထွန်း — September 3, 2012 @ 6:00 pm

  19. မလေးရေ့….

    ပြုံးပြုံး ပြုံးပြုံးနဲ့ ဖတ်သွားတယ်။

    Comment by ဏီလင်းညို — September 18, 2012 @ 9:20 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------