♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
11.jpg လမင်းရှိုက်သံ
 moon1.jpg
11.jpg မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
yellowflowersfront.jpg

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

July 13, 2012

မိတောနှင့် အညိုရိပ်၅၀

Filed under: စာစု, ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:17 pm

ဒီမိုးမှောင်ကို မိတော မုန်းနေတာကြာပြီ။ နေရောင်ခြည်လင်းလာသည်နှင့် မိတောတစ်ယောက် ထမင်းစားချိန်ကို အကြောင်းပြုကာ၊ အလုပ်တွေအကုန်ပစ်ချ လမ်းလျှောက်ထွက်ဖို့ပြင်လေသည်။ အလုပ်ကလည်းများ၊ နေသာတော့ လမ်းကလည်းထွက်လျှောက်ချင်၊ ဒီကြားထဲမှာ ဥရောပဖလားကိုလည်း ကြည့်ချင်လိုက်သေးသည်။ gym ထဲမှာ ကစားရင်း ဘောလုံးပွဲကြည့်လို့ဖြစ်သော်လည်း ဒီအချိန်ဆို လူကများမည်၊ လူတွေများလျှင် မိတောက ရှက်တတ်သေးသည်။ နောက်ဆုံးတော့ အပြင်လမ်းထွက်လျှောက်ရန် ဆုံးဖြတ်ကာ ခြေလက်သန့်စင်၊ တီရှပ်လဲ၊ ဖိနပ်လဲရန် gym ဘေးမှ အ၀တ်စားလဲခန်းထဲသို့ သွားရန်ပြင်လေသည်။

မသွားခင် အခန်းထောင့် ဖိုင်တွဲသေတ္တာနားမှာ ကင်းဗတ်တစ်ရံရှိနေသဖြင့် အလုပ်လုပ်ရင်း ဖုန်းပြောရင်း မိတော ဖိနပ်ကိုလဲလေသည်။ ဖုန်းကတစ်ဘက်ဖြင့် စားပွဲနားမှာ ကုန်းကုန်းကြီးဖြစ်နေသဖြင့် ဖြတ်သွားဖြတ်လာ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းမများက ကွက်ကြည့်ကွက်ကြည့် လုပ်လေ၏။
မိတောဖုန်းချအပြီး အခန်းထဲသို့ သူငယ်ချင်းမ ခရစ်စတင်း ၀င်လာလေသည်။ လက်ထဲမှာလည်း စာအုပ်တစ်အုပ်ကိုင်ထားလေသည်။ မိတော မျက်လုံးကိုလှန်ကြည့်လိုက်သည်။

“မင်း ဟိုနေ့က ရှယ်ရီ ကို စာအုပ်အဖုံးဖုံးပေးလိုက်တာ သိပ်လှတာပဲ”

မိတော ကိုယ့်ကိုကိုယ် နည်းနည်းမြောက်သွားသည်။ “ဟဲဟဲ” ဟုတောင် အသံထွက်ရယ်ချင်သွားသည်။

“အဲဒါ.. သူ့စာအုပ်ကိုဖုံးပေးသလို ငါ့ရဲ့ ဒီစာအုပ် ဖုံးပေး”

ခရစ်စတင်း က သူမလက်ထဲက စာအုပ်ကို စားပွဲပေါ်သို့ ငြင်သာသိမ်မွေ့စွာပါပဲ “ဖုန်း”ဆို ပစ်ချလိုက်သည်။ မိတော စာအုပ်အဖုံးကို ကြည့်လိုက်ပြီး သက်ပြင်းကို ခပ်ကျယ်ကျယ်ချပစ်လိုက်သည်။ စာအုပ်က အမျိုးသမီးစာဖတ်ပရိတ်သတ်တွေကြားမှာ လောလောလတ်လတ် ရေပန်းစားနေသော “Fifty Shades of Gray” ဆိုသည့် စာအုပ်။ တော်ရုံလူ မဖတ်သင့်သော စာအုပ်ဟု မိတော တွေးထင်ထားသည်။ စာမျက်နှာ ၂မျက်နှာလောက်တိုင်းမှာ မောင်နှင့်နှမ သားနဲ့အမိ မပြောနှင့် တစ်ယောက်ထဲတောင် ဖတ်ပြီး နောက်ကျောမလုံသော အကြောင်းများပါသော စာအုပ်။ ဒါတွေဘယ်လိုသိသလဲမေးလျှင် ဗဟုသုတရရန် ၁၀မျက်နှာခန့်လှန်မိပြီး ပစ်ချထားခဲ့မိသည့်စာအုပ်ဟူ၍ အတိုချုပ်သာ မိတော ပြောလိုသည်။ ရှယ်ရီ့ကို ဖုံးပေးလိုက်ရသည်မှာလည်း ထိုစာအုပ်ပင်ဖြစ်လေသည်။ စာအုပ်ကို ကိုင်လိုက်စဉ်မှာ ရှယ်ရီ ကပါ အခန်းထဲ ၀င်လာသည်။

“သူ့ကို အဲဒါပေးဖတ်မလို့လား၊ ပေးမဖတ်နဲ့ သူနဲ့မကိုက်ဘူး၊ သူက ရိုးတယ်”

“အံမယ်.. ကိုယ်မရိုးပါဘူး၊ ကိုယ်လူလည်ပါ။ ဒါ.. မင်း ကိုယ့်ကို သက်သက် ကိုင်တာ”

မိတော တော်တော်လေး ဒေါပွသွားသည်။ ရိုးသည်ဟု အပြောခံရသည်ကို မခံချင်ဖြစ်သွားသည်။

“ဒီအရွယ်ကြီးရှိနေပြီ ရိုးမလား၊ ကိုယ် လုံးဝ မရိုးသားဘူး.. အိုကေ?” မိတော ခပ်ကျယ်ကျယ် ပြောလေသည်။

ရှယ်ရီနှင့် ခရစ်စတင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ မိမိ မရိုးသားကြောင်း အော်ဟစ်ကြေငြာတတ်သူကို သူတို့တွေ့ဖူးသွားပြီ။

“ကဲပါဟာ.. နင်စိတ်တိုတာ ခဏထား၊ ငါ့စာအုပ်ဖုံးပေးနော်၊ မဟုတ်ရင် ဒါကြီးကိုင်ကိုင်ဖတ်ရတာ ရှက်တယ်။ ငါက ရုံးကို ရထားနဲ့လာတာဆိုတော့ ဒါကြီးကိုင်ဖတ်နေရင် ငါဘာဖတ်နေလည်း ရထားတစ်တွဲလုံးက သိတယ်၊ နောက်ပြီး နင်က စာအုပ်ဖုံးတာ ဘယ်လိုတော်မှန်းမသိဘူး၊ တစ်ခါမှ ဒါမျိုး မမြင်ဖူးဘူး”

 

50.jpg

 

“ဘယ်မြင်ဖူးမလဲ၊ ဒါမျိုးလက်မှုပညာဆိုတာ ငါတို့ တိုင်းပြည်မှာ သူငယ်တန်းလောက်တည်းက တတ်တာ၊ ဖတ်စာအုပ်တွေကိုဆိုရင် အဖုံးလှလှလေးတွေဖုံးတတ်တာ ကလေးတွေဘ၀ထဲက…”

လှပါတယ်ဆိုမှ ဒါတောင်ရေမချိုးရသေးပါဘူး ဆိုတဲ့ပုံစံ မိတော လုပ်လေပြီ။

သူငယ်ချင်းမတွေက မိတောကို ချော့မော့ပြီးပြောလေသည်။ မိတောက လမ်းလျှောက်ကပြန်လာရင် ဖုံးပေးမယ်ဟု ဆိုကာ အကျီင်္လဲရန် gym ဘက်ကို ထွက်ရန်ပြင်လေသည်။ အခန်းပြင်အထွက် မိတော ၀တ်စားဆင်ယင်ထားပုံကိုကြည့်ကာ သူငယ်ချင်းမများက ပါးစပ်အဟောင်းသား ဖြစ်ကြလေတော့သည်။

ဒါနောက်ဆုံးပေါ်ဖက်ရှင်လားဟု သြချကြလေ၏။ ဘလောက်စ်အကျီင်္အဖြူလေးနှင့် စကတ်အစိမ်းရောင်ရိုးရိုးလေးမှာ ဆံပင်ကို ကပိုကရိုထုံးထားပြီး အပေါ်ပိုင်းတစ်ပိုင်းလုံးက နွဲ့နှောင်းသယောင်ယောင်ရှိသလောက်၊ အောက်မှာတော့ ကင်းဗတ်ကြီးစီးထားသော မိတော၏ ကို့ရို့ကားယားပုံကို နောက်ဆုံးပေါ်ဖက်ရှင်အနေနှင့် ဓာတ်ပုံရိုက်ပါရစေဟုတောင် ခွင့်မတောင်းနိုင်ကြတော့ဘဲ အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်ခွက်၊ အိုင်ပက်လက်များ ထုတ်ကာ မိတောအား ဓာတ်ပုံရိုက်ကြလေ၏။ မိတောလည်း စိတ်ပေါက်ပေါက်ရှိသည်နှင့် မလုပ်တတ်လုပ်တတ် “ပဲ” ပေးကာ အရိုက်ခံလေ၏။

 ♥●••.. ˙·••●♥♫♫ ♥●••·˙….••●♥

မိတော ၀တ်ထားသည့် စကတ်အကြောင်းကိုလည်း အနည်းငယ်ပြောပြချင်သေးသည်။ ဤစကတ်ကို မိတော မြတ်နိုးသည်။ မြတ်နိုးဆို မြန်မာပြည် ကုန်တိုက်တစ်တိုက်မှ ၀ယ်လာခဲ့ခြင်းဖြစ်သောကြောင့်ပင်။ ရန်ကုန်ရောက်တိုင်း မိတော တောသူပြန်ဖြစ်သည်။ မသွားတတ်၊ မလာတတ်၊ ကားလမ်းတောင်မှ မကူးတတ်။ ဟိုတယ်တစ်ဘက်မျက်စောင်းထိုးက ကုန်တိုက်တောင် လမ်းကူး၍ မသွားတတ်သော မိတော သည်းညည်းခံနိုင်မှု ကုန်ဆုံးသွားသည့်တစ်နေ့၊ ဂျူနီယာတောလေးကို လက်ဆွဲကာ ထွက်လာခဲ့တော့သည်။

ကားလမ်းမကူးတတ်သဖြင့် မိနစ်ပေါင်းများစွာရပ်နေစဉ်၊ ကောင်းကင်နေမင်းကလည်း သဲကြီးမဲကြီးပူပြင်းပြလေသည်။ တီရှပ်တစ်ပတ်နွမ်း၊ ဂျင်းပင်တစ်ပတ်နွမ်းဖြင့် ချွေးပြိုက်ပြိုက်ကျနေသော မိတော၊ ဂျူနီယာတောကို ခါးထစ်ခွင်ချီလိုက်ကာ၊ ကားလမ်းကို မျက်စိမှိတ်ကာ ကူးပစ်လိုက်လေသည်။ အောင်မြင်စွာ ကူးအပြီး၊ ကုန်တိုက်ကြီးထဲသို့ ရင်ကော့ကာ ၀င်သွားလေ၏။

ကုန်တိုက်ထဲရောက်တော့ လေအေးစက်အရှိန်ကြောင့် အပူဒဏ်ကျသွားတော့သည်။ အအေးတိုင်းပြည်မှာ နေရလွန်းသဖြင့် မိတော အပူငွေ့ကို ချစ်တတ်နေသော်လည်း ဂျူနီယာတောကလေးမှာလည်း ဆံပင်တွေချွေးနင့်ကာ ကြွက်စုတ်ကလေးတစ်ကောင်သဖွယ် ဖြစ်နေလေ၏။ မိတောမှာလည်း ဆံပင်ကို ကလစ်ကြီးနှင့်ဆံထုံးသဖွယ်ညှပ်ထားရပြီး၊ မျက်နှာပေါ်တွင်လည်း ချွေးများဖြင့် ရွှဲနစ်နေလေသည်။ စကတ်အရှည်အလွန်ကြိုက်သောမိတော စကတ်ဆိုင်တစ်ဆိုင်ထဲ တ၀ဲလည်လည်ဖြစ်နေခဲ့သည်။ စကတ်အပြာရောင်လေး တစ်ထည်ကို ကိုင်ကြည့်နေစဉ် အနားမှာ ဒေါက်မြင့်သံတခွပ်ခွပ်ကို ကြားလိုက်ရသည်။

“ဒါ…. သုံးသောင်းနော်…”

အသံလာရာသို့ မိတောကြည့်လိုက်ကာ ပြုံးပြခေါင်းညိမ့်လိုက်သည်။ ပြီးတော့ “ဒီလိုဒီဇိုင်း အနက်သို့မဟုတ် အစိမ်းလေးများ ရှိလား” ဟု မိတောမေးကြည့်လိုက်သည်။

“ဒါ… သုံးသောင်းတန် စကပ်”

တစ်ခါပြောပြီးတာကို ထပ်ထပ်ပြောနေသော ဆိုင်ရှင်လား ဆိုင်ဝန်ထမ်းလား မသေချာသော မိန်းကလေးကို မိတော ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားသည်။ အခြား စကတ်လေးများကို လိုက်ကြည့်နေသည်ကိုလည်း နောက်မှ မသိမသာလိုက်ချောင်းနေလေ၏။

“ဒီလိုစကတ်လေး အခြားအရောင်ရှိလား မသိဘူး”

မိတောမှာ နေရင်းထိုင်ရင်း ဆိုင်ရှင်ကို လန့်နေမိသဖြင့် တိုးတိုးတုန်တုန်လေး ထပ်မေးမိသည်။

“ဒီဖက်ကဟာတွေက သုံးသောင်း၊ ဟိုဖက်ကဟာတွေက ခြောက်သောင်းခွဲ”
ဟု ဆောင့်ကြီးအောင့်ကြီးဖြေလေ၏။ မိတော ငိုချင်စိတ်ပေါက်လာသည်။ ထိုအချိန်တွင် ဂျူနီယာတောလေးက မိတောကို မပီကလာပီကလာဖြင့် ပြောလေ၏။

“ဟိုတယ်ကို ပြန်ချင်တယ်”

ဂျူနီယာတောက မြန်မာလို ပြောခြင်း မဟုတ်၊ သိုးဆောင်း စကားကို ပြောခြင်းဖြစ်၏

‘သမီးနော် မြန်မာလို ပြော…” မိတော ဂျူနီယာတောကို ကြိတ်ဆူလိုက်သည်။

“ဟိုတယ်ပြန်ချင်တယ် “ဒါမှမဟုတ်လည်း အဘွားအိမ်သွားချင်တယ်.” “အိုက်တယ်” “ပူတယ်…” “ရေငတ်တယ်..” “ဗိုက်ဆာတယ်” “အနံ့တွေနံတယ်”

ဂျူနီယာတော ဂျစ်ကျလေပြီ။ မိတော ပျာယာခတ်သွားသည်။

“တိုးတိုးလုပ်ပါ သမီးရယ်.. မြန်မာလိုပြောပါ၊ ပြောတတ်ရဲ့သားနဲ့၊ ဘာနံ့တွေနံလို့လဲ၊ မေမေ ဘာနံ့မှကို မရပါလား”

“မပြောဘူး၊ မပြောဘူး၊ အနံ့တွေလည်း သိပ်နံတယ်၊ ရေငတ်တယ်၊ အခု အိုက်စကရင်စားချင်တယ်”

ဂျူနီယာတော စကတ်တန်းတစ်တန်းအောက်မှာ ထိုင်ချပစ်လိုက်သည်။ မိတောလည်း စိတ်ညစ်ညစ်ဖြင့် ငုတ်တုပ် လိုက်ထိုင်ချလိုက်သည်။

မိတောနှင့် ဂျူနီယာတော စကတ်တန်းတစ်တန်းအောက်မှာ ကြိတ်ကြိတ်ဖြစ်နေကြသည်။

“ရေငတ်တယ်” “ရူးပေါက်ချင်လာပြီ”

အသံကျယ်ကြီးဖြင့် အင်္ဂလိပ်စကားတွေနှင့် အော်အော်ပြောကာ ငိုရန် တာစူလေပြီ။

“အစ်မ.. သမီးလေးက ရေငတ်လို့ထင်တယ်၊ ရေခဲရေ ရှိတယ်၊ ယူမလား အစ်မ”

မော့ကြည့်မိလိုက်တော့ ခုနက မျက်နှာကြောတင်းတင်းဖြင့် “သုံးသောင်းနော်” ဟုပြောသော မိန်းကလေးဖြစ်နေလေသည်။ ချက်ချင်းပြောင်းလဲသွားသော မျက်နှာပေးကို မိတောတစ်ယောက် ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။

“သြော်… ဒီစကတ်လေးက ခရမ်းရင့်ရောင်လေးလည်းရှိတယ်၊ အစိမ်းနုလေးလည်းရှိတယ်၊ အစ်မနဲ့ဆို အစိမ်းလေးကလည်း လှမှာပဲ”

မိတောမှာ စကတ်ပုံအောက် ဂျူနီယာတောနှင့်အတူထိုင်ကာ ငိုရတော့မည့်ဘ၀မှ ချက်ချင်းအ၀တ်စားလဲခန်းထဲ ရောက်သွားတာ အရောင်မျိုးစုံသော စကတ်များကို ၀တ်ဆင်ကြည့်ခွင့်ရသွားလေတော့သည်။ ကြောင်ချေးရုပ်လေးဖြစ်နေသော ဂျူနီယာတောလည်း လောလီးပေါ့ တစ်ချောင်းဖြင့် ပန်ကာနားကခုံတစ်လုံးမှာ ငြိမ်သွားလေသည်။  ထိုနည်းဖြင့် စကတ်အစိမ်းကလေးကို ရရှိခဲ့ခြင်းဖြစ်သကဲ့သို့ နောက်နောင် ဈေးဝယ်ထွက်လျှင် ကိုယ့်ကိုယ်ကို သားသားနားနား ၀တ်စားဆင်ယင်ရန်လူအထင်ကြီးစေနိုင်မည့် အ၀တ်အစားများကို ၀တ်စားဆင်ယင်တတ်ရန်လည်း မိတောတစ်ယောက် သင်ခန်းစာ ရသွားခဲ့လေသည်။

♥●••.. ˙·••●♥♫♫ ♥●••·˙….••●♥

ယခု….. ထိုစကတ်နှင့်ပင် လမ်းလျှောက်ထွက်လိုသော်လည်း မိတော၏နောက်ဆုံးပေါ်ဖက်ရှင်ကို လူတွေဝိုင်းကြည့်မှာ စိုးသဖြင့်၊ စကတ်ကိုလဲရန် gym ထဲကဖြတ်၍ အ၀တ်စားလဲခန်းရှိရာသို့ ထွက်လာခဲ့သည်။

အ၀တ်စားလဲခန်းသည် အတော်အသင့်ကျယ်ပြီး ကြီးမားသော ကိုယ်လုံးပေါ်မှန်များလည်း ရှိလေသည်။ လော့ကာများ၊ ရေချိုးခန်းများအပြင်၊ လော့ကာများရှေ့မှာ ခုံတန်းလေးများရှိလေသည်။ မိတောတစ်ယောက် သူမလော့ကာထဲက တီရှပ်နှင့်ဘောင်းဘီ၊ အခြားပစ္စည်းများကိုထုတ်ပြီး ရေအိမ်ခန်းထဲသို့ ၀င်လိုက်သည်။

အများအားဖြင့် ပွင့်လင်းမြင်သာသော တိုင်းပြည်မှ မိန်းမများသည် ရေအိမ်ထဲ မ၀င်ဘဲ၊ လော့ကာရှေ့မှာပင် လဲလှယ်စရာရှိသည်များကို လဲလှယ်ကြသော်လည်း မိတောကမူ ရေအိမ်ခန်းလေးထဲမှာပင် အ၀တ်လဲလေ့ရှိသည်။ အ၀တ်လဲပြီး ကင်းဗတ်ကြိုးပြင်စီးနေစဉ် အခန်းထဲသို့ ရုံးဝန်ထမ်းတစ်ဦး ၀င်လာလေသည်။ ဤနိုင်ငံကို မိတော တစ်ခုနားမလည်သည်မှာ ရေအိမ်တံခါးများသည် အနည်းငယ်ဟနေသဖြင့် အပြင်မှလူကို မြင်နေရတတ်သည်။ အပြင်ကလူကလည်း အတွင်းမှာ လူရှိနေသည်လောက်ကို မြင်ရတတ်သည်။

တစ်ယောက်နှင့်တစ်ယောက် မြင်စေချင်လို့များ ရေအိမ်တံခါးတို့က စင်တီမီတာအနည်းငယ် ဟ နေကြရလားတော့ မသိဟု ကြံကြံဖန်ဖန်တွေးမိ၏။ ထို့ကြောင့် အပြင်မှ ရုံးဝန်ထမ်းကို မိတောလှမ်းကြည့်လိုက်သည်။ Cardiac Resource ဌာနမှ အိန္ဒိယအမျိုးသမီးတစ်ဦးဖြစ်လေသည်။ ဆံပင်ကောက်ကောက်လေးများကို ကျောပေါ်ဝဲချထားပြီး၊ ဘောင်းဘီအနက်၊ အနွေးထည်ခပ်ပါးပါးအညိုနုရောင်ကို ၀တ်ထားသည်။ သူမသည် လော့ကာများရှေ့မှာ ခေါက်တုံခေါက်ပြန် လမ်းလျှောက်ကာ အသံကျယ်ကျယ်ဖြင့် ဖုန်းပြောနေလေသည်။ ဒေါက်မြင့်သံက တတောက်တောက် ဆူညံလှလေသည်။

သူမ အာဘောင်အာရင်းသန်သန် ပြောနေသော စကားများကို မိတော နားမလည်။
မိတော မသိမသာ ချောင်းဟန့်လိုက်သည်။ အထဲမှာ လူရှိသည်ကို သိစေလို၍ လည်းကောင်း၊ သူမ မကြားစေလိုသည့် အကြောင်းများ ရှိခဲ့လျှင်လည်း မိတော မကြားချင်၍လည်းကောင်းဖြစ်လေသည်။ သို့သော်လည်း သူမသည် မိတော ချောင်းဟန့်သံကို ဂရုကိုမစိုက်ဘဲ၊ အသံကိုပိုမြှင့်ကာ ဆက်ပြောနေလေသည်။ တစ်စုံတစ်ယောက်ကို ဆူနေသည့်လေသံဖြစ်လေသည်။ အိန္ဒိယ စကားထဲတွင် အင်္ဂလိပ်စာကိုလည်း တစ်လုံးစ နှစ်လုံးစ ထည့်လေသည်။ နောက်တော့ ၀ါကျခပ်ရှည်ရှည်တွေပါ ထည့်လာသည်။

“ဒီကိုလာရင် Alberta ဘက်ကို ပြောင်းချင်ရင်ပြောင်းပေါ့”
“ထရပ်ကားမောင်းလို့ ရပါတယ်… ဟလို ဟလို.. အေးအေး”
“တစ်နာရီကို ဒေါ်လာ သုံးဆယ်လောက် ရတာပဲ အနည်းဆုံးတော့”
“တို့လည်း မင်းနဲ့အမြန်ဆုံးနီးရဖို့ လုပ်နေတာပဲလေ … ကြားရလား.. ဟလို”
“လုပ်နေတာပဲ.. စိတ်ကိုရှည်ရှည်ထားမှာပေါ့.. ကြားရလား”

စသည့် စကားများထဲတွင် အိန္ဒိယစကားများကိုလည်း တွင်တွင်သုံးကာ ပြောနေလေသည်။

“စိတ်ရှည်ရှည်ထားမှပေါ့” ဟု ပြောနေသော အမျိုးသမီးကိုယ်တိုင်က စိတ်တိုနေသံကြီးဖြစ်နေသည်ကို မိတော သတိထားမိလေသည်။ လိုင်းကလည်း မကောင်းသဖြင့် အော်ပြောနေရသေးသည်။ သူတို့တိုင်းပြည်လည်း မိတောတို့ တိုင်းပြည်လိုပဲ လိုင်းတွေ မကောင်းဘူးမို့ မဆီမဆိုင် “ငါတို့တိုင်းပြည်ဘဲ လိုင်းဆိုးတာ မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာ ဒီမိုကရေစီအကြီးဆုံးဆိုတဲ့ အိန္ဒိယပြည်ကြီးတောင် လိုင်းမကောင်းဘူး” ဆိုပြီး ကျေနပ်သလိုဖြစ်သွားပြီး ပြုံးစိစိကြီးဖြစ်နေ၍ “စိတ်ထားကောင်းကောင်းထား၊ ဒီမိုကရေစီနဲ့ ဖုန်းလိုင်းမကောင်းတာ မဆိုင်ပါ” ဟု ဘာသာ ဆုံးမလိုက်မိသေးသည်။ အပြင်က အမျိုးသမီးသည် သူမ၏ ချစ်သူ သို့မဟုတ် ယောင်္ကျားဖြစ်သူကို စိတ်ရှုပ်ကာဆူငေါက်နေသည်သာမက၊ ဒေါက်မြင့်ကိုဆောင့်နင်းပြီး အရှေ့အနောက်တောင်မြောက် လျှောက်နေသဖြင့် မိတော တစ်ယောက် ရေအိမ်အပြင်ကို ခပ်ကုပ်ကုပ်လေး ထွက်လာရသည်။ ပစ္စည်းများကို လော့ကာထဲ မိတောထည့်နေစဉ် အမျိုးသမီးက သူမ၏တစ်စုံတစ်ယောက်ကို ဆက်လက်ငေါက်ငန်းနေလေသည်။

“ကြားရလား… ဟင်.. ဟလို… ငါပြောနေတာ ကြားရလားဆို…”
“ဟလို… မကြားရဘူးလား၊ ကြားရလား။ ကြားရလား၊ မကြားရဘူးလား”

အမျိုးသမီးက ဖုန်းကိုလက်နှင့်အုပ်ပြီးအော်သော်လည်း လောကာခန်းထဲမှာ အသံက ဟိန်းထွက်နေသည်။ သူမ စိတ်တိုနေခြင်းက မိတောထံကို ကူးစက်လာသည်။

“ဒီလောက်ဖြစ်နေတာကို.. ကြားလား မကြားလား မေးနေရသေးတယ်။ တကတည်းမှပဲ.. လိုင်းမမိတဲ့ လော့ကာခန်းထဲဝင်ပြီးများ အိန္ဒိယနဲ့ကနေဒါ ဖုန်းလာပြောနေရသေးတယ်၊ စာကြည့်တိုက်အပြင်က ၀ရံတာပေါ်ထွက်ပြောတာ မဟုတ်ဘူး”

ကြားထဲက စိတ်တိုချင်သလိုဖြစ်လာသော မိတော ရင်ထဲက ပြောလိုက်ခြင်းသာဖြစ်သည်။ ထို့နောက် အယောင်ယောင် အမှားမှားဖြင့် နေကာမျက်မှန်ကို အပြင်ရောက်မှ တပ်ရမည့်အစား၊ လော့ကာခန်းအမှောင်ကြီးထဲ တပ်မိပြီး ထွက်လာမိသဖြင့် ခုံတန်းအစွန်းနှင့် တိုက်မိလိုက်သေးသည်။ နာလွန်းသဖြင့် ဒူးခေါင်းအထက် ပေါင်ကိုပွတ်ပြီး ထော့နဲ့ထော့နဲ့ဖြင့် မိတော ထွက်လာခဲ့သည်။

မိတော ရုံးဘေးပေါက်မှ ဆင်းလာပြီး လမ်းမကြီးအတိုင်း လမ်းလျှောက်ထွက်လာခဲ့သည်။ နေ့လယ်ခင်းနေသာချိန်တွေမှာ လျှောက်နေကျ လမ်းကြောင်းအတိုင်း ကနေဒါလမ်း (Canada Way) ဆိုသည့် လမ်းမကြီးအတိုင်း အနောက်ဖက်ကုန်းမြင့်ကြီးအတိုင်း တက်လာခဲ့သည်။ ကုန်းက တော်တော်လေးကို မြင့်သည်။ ထိုတောင်ကုန်း၏ ထိပ်တည့်တည့်တွင် ဆေးရုံတစ်ရုံရှိလေသည်။ ဆေးရုံဝင်း တောင်ဖက်နှင့် အနောက်ဖက်များတွင်တော့ လူနေရပ်ကွက်များရှိပြီး၊ မြောက်ဖက်နှင့်ရှေ့ဖက်များတွင် ရုံးများနှင့်အခြားဆိုင်များ ရှိလေသည်။ လူနေအိမ်ခြေကြားက ဖြတ်လျှောက်ကာ ပတ်ဝန်းကျင်လေ့လာမှုကို ပြုလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်နေသည်။ ခြံစည်းရိုးလေးတွေပေါ်က ပန်းကလေးတွေ၊ စာတိုက်ပုံးကလေးတွေ၊ ညီညာစွာဖြတ်ထားသော မြက်ခင်းစိမ်းစိမ်းတွေ၊ သစ်ပင်ပုလေးတွေဖြင့် လှပနေသည်။

လမ်းဘေးမှာ သစ်ပင်တွေ၊ ထင်းရူးပင်တွေ၊ တိတ်ဆိတ်သော ဘုရားကျောင်းလေး၊ တရုတ်ဘုံကျောင်းလေး၊ ဓာတ်ဆီဆိုင် စသည်များကိုဖြတ်ပြီး စမိုက်သ် (Smyth) ဆိုသည့် လမ်းပေါ်ကို တက်လာခဲ့သည်။ တစ်လျှောက်လုံးက အတက်ချည်း။ စမိုက်သ်လမ်းပေါ်အရောက် ရှေ့ခပ်လှမ်းလှမ်းတွင် အသက် ၈၀ အရွယ်ခန့် အဘိုးကြီးအဘွားကြီး စုံတွဲက ခပ်ဖြည်းဖြည်း သွားနေလေ၏။

မိတော တောင်ကုန်းကို ကုန်းကုန်းကုန်းကုန်းဖြင့် တက်လာသည်မှာ မိနစ်အနည်းငယ်ရှိပြီ။ အဝေးကိုလှမ်းကြည့်လိုက်တော့ ခုနက အသက် ၈၀ အဘိုးကြီးအဘွားကြီး စုံတွဲကလည်း ခပ်မှန်မှန်ပဲ ဆက်သွားနေသည်။ အချိန်သာကြာသွားသည်၊ မိတော့ သူတို့ကိုလိုက်မမှီ။ မိတော ခြေလှမ်းကိုခပ်သွက်သွက်လှမ်းကာ မိနစ်အနည်းငယ်လျှောက်သည်။ ဒါလည်း အဘိုးကြီးစုံတွဲကို မမှီသေး။ မိတော တစ်ယောက်တည်း စိတ်တိုလာပြီး အပြေးတပိုင်းလမ်းလျှောက်တော့သည်။ ဒါတောင် ဟောဟဲဆိုက်ကာနီးမှ ထိုအဘိုးကြီးစုံတွဲ နောက်နားကို ရောက်လာသည်။ တစ်ယောက်တည်း အဘိုးကြီးဘွားကြီးစုံတွဲနှင့် ကြိတ်ပြိုင်ရသည်မှာ Mr. Bean ဟာသကားထဲကလို ဖြစ်နေသည်။

အဘွားကြီးနောက်နားရောက်တော့ မိတော့ တကယ်ကို ဟောဟဲဖြစ်နေသည်။ အဘွားကြီးကတောင် လှည့်ကြည့်သည်။ မိတော မသိဟန်ဆောင်ကာ သစ်ပင်ပေါ်က ငှက်တစ်ကောင်ကို မော့ကြည့်သလို လုပ်နေလိုက်သည်။ ပလက်ဖောင်းကျဉ်းလေးမှာ သူတို့က ပိတ်ပြီးလျှောက်နေသည်။ ကျော်တက်ဖို့ မိတောကြိုးစားသည်။ အဆင်မပြေ။ ကျပ်ပြီးဖြစ်နေသည်။ ဟိုဘက်ယိမ်း ဒီဘက်ယိမ်းပြီး မသိမသာ အချက်ပြသော်လည်း သူတို့က ဂရုမစိုက်။ အဘိုးကြီးက အဘွားကြီးကို “လက်ထဲကပိုက်ဆံအိတ် ကူကိုင်ပေးရမလား အချစ်” ဟုမေးတော့ အဘွားကြီးက “ရပါတယ်ဒါလင်ရယ်” ဟုတောင် နှစ်ယောက်သား အကြည်ဆိုက်နေလိုက်ကြသေးသည်။ နောက်ဆုံးတော့ မိတော “ခွင့်ပြုပါ၊ ခွင့်လွှတ်ပါ” ဟု ယဉ်ယဉ်ကျေးကျေးတောင်းပန်ကာ သူတို့ကြားက အတင်းဝင်တိုးကာ ကျော်တက်ရတော့သည်။

အဘိုးကြီးအဘွားကြီးစုံတွဲကို ကျော်တက်အပြီး လမ်းတစ်ကွေ့က MacDonald’s ဆိုင်ထဲကို မိတော ၀င်လိုက်သည်။ အသက် ၈၀အရွယ် အဘိုးကြီးအဘွားကြီးစုံတွဲဖြင့် လမ်းလျှောက်ပြိုင်လာရသဖြင့် အရမ်းမောနေတာကို အကြောင်းပြကာ ဗဲနစ်လာရေခဲမုန့်တစ်ဗူးဝယ်ကာ ချောင်တစ်ချောင်တွင် ထိုင်စားလေသည်။ ဖြစ်ချင်တော့ ယူရို၂၀၁၂ ပေါ်တူဂီနှင့်စပိန် ပင်နယ်တီကန်ရတော့မည့် အချိန်နှင့် သွားတိုးနေသည်။ တီဗွီရှေ့တွင်လည်း ကိုးရီးယားမကြီး နှစ်ဦးမှလွဲ၍ လူရှင်းနေသည်။ ဘောလုံးပွဲကို မိန်းကလေးပေမယ့် ကြည့်ရန်ဝါသနာပါသူတွေထဲတွင် မိတောတစ်ယောက်တည်းမဟုတ်သည့်အပြင်၊ ယခုဆိုင်ထဲမှာဆိုလျှင် ကိုးရီးယားမကြီးနှစ်ဦးတောင် ရှိနေသဖြင့် အလွန်အမင်း အားတက်သွားသည့်အပြင် အလွန်ပျော်သွားကာ ခုံပြောင်းထိုင်ကာ ကြည့်နေလိုက်သည်။ ကိုးရီးယားမကြီးတွေက စပိန်ဘက်က အားပေးမှန်းသိပ်သိသာနေသည်။ စပိန်ဘက်က ဖိတိုင်း ရင်ခေါင်းသံကြီးတွေနှင့် တဟဲဟဲရယ်မောနေသဖြင့် သူတို့ကို မိတော မျက်စောင်းခဲကာ ခိုးကြည့်နေရသည်။

ပင်နယ်တီကန်ချိန်တွင် မိတော လက်ကိုင်ဖုန်းက မြည်လာသည်။

“ဟလို…”

“အင်း.. ဘယ်မှာလဲ” ကိုဗျိုင်းအသံက ထွက်လာသည်။

“MacDonald’s မှာ”

“ဘာလုပ်နေတာလဲ၊ နေ့လည်စာ စားနေတာလား၊ သူငယ်ချင်းတွေနဲ့လား”

“ဘောလုံးပွဲကြည့်နေတာ”

“ဘယ်သူနိုင်နေလဲ”

“ဘယ်သူမှ နိုင်မနေဘူး၊ ဘယ်သူမှလည်း ရှုံးမနေဘူး”

“ဟင်…”

“အင်း.. ဂိုးတွေ မပြောနဲ့ဆို၊ ညကျပြန်ကြည့်မှာဆို၊ ညမှကြည့်တော့၊ ကောင်းခန်းရောက်နေပြီ၊ ဒါပဲနော်..”

ကိုဗျိုင်းခမျာ ဘာမှပြောခွင့်ရမခင်၊ မိတော ဖုန်းကို ဂွပ် ကနဲ ချပစ်လိုက်သည်။ ပေါ်တူဂီနှင့်စပိန် ၂-၂ ဖြစ်နေချိန်မို့ ကိုးရီးယားမကြီးတွေက ရင်ခေါင်းသံကြီးတွေဖြင့် ရယ်နေကြပြန်သည်။ ထိုအချိန်တွင် ဖုန်းကထပ်မြည်လာပြန်သည်။ မိတော မြန်မြန်ကောက်ကိုင်လိုက်သည်။

“မေမေ… ခဏလေး ပြန်ခေါ်မယ်နော်…”

“စကားလေးတော့ ပြောပါရစေဦး တောတောရေ့”

“မဟုတ်ဘူး… ပေါ်တူဂီရှုံးတော့မယ်ထင်တယ်”

“ဒီအရွယ်ရောက်နေပြီ၊ ရုံးမှာ မဟုတ်ဘူးလား၊ ဘယ်နားသွားကြည့်နေပြန်တာလဲ၊ ငါးခေါင်းချဉ်ရည်ချက်ထားတယ်၊ လာမယူလည်း ညီမလေးကို လာယူခိုင်းလိုက်တော့မယ်”

“ဟာ… ဟုတ်ကဲ့ ဟုတ်ကဲ့၊ ယူမယ်၊ ယူမယ်၊ ညနေ ဆက်ဆက်လာယူမယ်နော်၊ မပေးပါနဲ့နော်… ဘယ်သူ့မှကို မပေးနဲ့နော်၊ သေချာကိုလာယူမယ်၊ နော်.. မေ.. နော်…”

မြန်မြန်ဆန်ဆန်တောင်းပန်နေတုန်း မိတောထက် စိတ်မြန်လေသော မေမေက ဖုန်းကို မိတော မဂွပ်ခင် ဂွပ်သွားတော့သည်။ မိတောလည်း ယခုချိန်မှာ မည်သူ့မှ မချော့နိုင်အား၍ ဖုန်းကိုပိတ်ကာ ပယ်နယ်တီကို အားရပါးရကြီး ဆက်ကြည့်နေလိုက်သည်။

♥●••.. ˙·••●♥♫♫ ♥●••·˙….••●♥

ပေါ်တူဂီရှုံးနိမ့်သွားပြီ။ မိတော ခေါင်းလေးငုံ့ကာ MacDonald’s ထဲက လေးတိလေးပင် ထွက်လာခဲ့သည်။ ဆိုင်ထဲက ကိုးရီးယားမကြီးနှစ်ဦး၏ ရင်ခေါင်းတွင်းရယ်သံကြီးများက မိတောကျောပြင်နောက်မှာ ကပ်ကာ ဆိုင်ပြင်ထိလိုက်လာသလားထင်ရသည်။

ရုံးကိုရောက်တော့ ရေကိုလောင်းရုံအမြန်ချိုး၊ အ၀တ်စားပြန်လဲ၊ ရုံးခန်းသို့ပြန်လာခဲ့သည်။ စားပွဲကိုရောက်တော့ မိတော မျက်လုံးပြူးသွားသည်။ မိတော စားပွဲပေါ်တွင် ခရစ်စတင်း၏ “Fifty Shades of Gray” စာအုပ်သာမက၊ နောက်ထပ် “Fifty Shades of Gray” ရှစ်အုပ်ခန့်က အထပ်လိုက်ဆီးကြိုနေသည်။ အလုပ်ကများရသည့်အထဲ၊ ပေါ်တူဂီကရှုံးရသည့်အထဲ၊ ဘာမဟုတ်သော “Fifty Shades of Gray” စာအုပ် ရှစ်အုပ်ကို အဖုံးဖုံးပေးရဦးမည့် အဖြစ်ကို မည်သူကမှ ယုံလိမ့်မည်မဟုတ်။ မိတောလည်း ဖုန်းကိုကောက်ကိုင်လိုက်ကာ “အဖုံးဖုံးပေးစေချင်ရင် မဂ္ဂဇင်း အဟောင်းတွေ လာပို့” ဟု ဘုတောလိုက်သည်။ မမတွေ မဂ္ဂဇင်းများဖြင့် ကုပ်ချောင်းချောင်း ရောက်လာကြသည်။ “ထားခဲ့လိုက်တော့” ဟု မိတောပြောလိုက်တော့ တစ်ခါ ကုပ်ချောင်းချောင်းဖြင့် ထွက်သွားကြပြန်သည်။ မိတောလည်း မဂ္ဂဇင်း စာရွက်များဖြင့် Fifty Shades of Gray စာအုပ်များကို ဖုံးပေးလိုက်လေသည်။ “ပြီးပြီ…လာယူကြတော့” ဆိုတော့ တစ်ပြုံကြီးကုပ်ချောင်းချောင်းဖြင့် လာယူသွားကြပြန်သည်။ အားလုံး ကိစ္စ၀ိစ္စပြီးပြီဟု မိတော ယူဆချိန်တွင် တယ်လီဖုန်းက မြည်လာပြန်သည်။

“ခရစ်စတင်း… ပြော”

“ဒီစာအုပ်တွေကို နင့်ကိုငါတို့ အဖုံးဖုံးခိုင်းတာ ဘာကြောင့်လဲ သိတယ်နော်”

“အင်း.. သိတယ်လေ၊ နင်တို့ဒါတွေဖတ်တာ လူတွေမသိစေချင်လို့ မဟုတ်လား”

“အင်း… ရှက်လို့…”

“သိတယ်လေ… အဲဒီတော့…”

“အခု နင်ငါ့စာအုပ်ကို ဖုံးပေးတဲ့ အဖုံးက ပိုရှက်ဖို့ကောင်းနေတယ်၊ တခြားလူတွေဟာ အကုန်ကောင်းတယ်၊ ငါ့အဖုံးတစ်ခုထဲ တော်တော်လေးကို ဆိုးနေတယ်။ အဖုံးမရှိတာကမှ ပိုကောင်းဦးမယ်၊ ငါ ရထားပေါ်မှာ ဒီအဖုံးကြီးနဲ့ ဘယ်လိုလုပ်ဖတ်မလဲ”

“အွမ်.. ဘာဖြစ်လို့လဲ၊ ဘာများဆိုးလို့လဲ၊ ဘာအဖုံးတွေမှန်းတောင် မကြည့်မိပါဘူး”

ဖုံးလည်းဖုံးပေးရသေးတယ်၊ ကလေးလို ရစ်နေသော ခရစ်စတင်းကို စိတ်တိုချင်လာသည်။

“ငါ.. လာပြမယ်…”

သူကလည်း စိတ်တိုနေသည်။

“အင်း… ပြ”

မိတော ဖုန်းကို ဂွပ် လိုက်သည်။ မကြာခင် စာအုပ်လေးကို ရင်ခွင်ပိုက်လို့ ခရစ်စတင်းပေါ်လာသည်။ ဒီတစ်ခါတော့ မိတော စားပွဲပေါ်ကို ညင်သာစွာ ချပြလေသည်။ ပြီးတော့… “အသစ်လေး လှလှလေး ပြန်ဖုံးပေးနော်… ဒီအဖုံးကြီးနဲ့တော့ ရထားပေါ်မှာ ငါမဖတ်ပါရစေနဲ့” ဟု ဆိုကာ ထွက်သွားလေတော့သည်။ မိတောလည်း ခရစ်စတင်းကို ဖုံးပေးမိသော စာအုပ်အဖုံးကိုကြည့်မိလိုက်တော့………

 

cat.jpg

သက်ဆိုင်တာလေးတွေ…
(( မိတောနှင့် ပုရွက်ဆိတ်သိုင်းလေပွေရိုင်း ))
(( ရှင်ဂွိရဲ့နံနက်ခင်း ))

….

P Please consider the environment before printing this page

27 Comments »

  1. မိတော ဇာတ်လမ်းတွဲတွေကို အားပေးနေတယ်နော်။။
    တစ်ယောက်တည်း ကွန်ပြူတာရှေ့ ပြုံးပြုံးကြီးနဲ့ စာဖတ်ရတာ အရသာရှိလိုက်တာ…

    ခင်တဲ့
    နှင်းနဲ့မာယာ

    Comment by နှင်းနဲ့မာယာ — July 13, 2012 @ 1:09 pm

  2. စာဖတ်လိုက် ပြုံးလိုက် ရီလိုက်နဲ့… အရမ်းကောင်းတဲ့ ပို့စ်လေးပါ။။။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေး ဖတ်ရတဲ့ အတွက် ကျေးဇူးပါ။

    Comment by Snow Snow Lay — July 13, 2012 @ 2:22 pm

  3. မီးကတော့ အဖုံးဖုံးထားတဲ့စာအုပ်မြင်ရင် အဲဒါပဲမှတ်နေတော့မယ်

    Comment by Zi Zawa — July 13, 2012 @ 2:23 pm

  4. စာအုပ်အဖုံးလေး ကြည့်ပြီး မိတောက ပြုံးရုံပြုံးတယ်..ညီမလေးတော့ အားရပါးရ ရီမိတယ်မမ:):)

    Comment by angelhlaing — July 13, 2012 @ 2:27 pm

  5. We might expect a female humorist in ‘Myanmar’ literature now! :))

    Comment by pyaykaungaung — July 13, 2012 @ 3:12 pm

  6. ဟားဟား ရယ်ရတယ်၊ ညီမလေးကို ၃သောင်း ၆ သောင်းပြောသေး တယ်။ မကြီးတော့ ၁သောင်းခွဲတန်စကပ်ကိုမေးမိတာ ဒါဈေးကြီးတယ်အန်တီ… တဲ့။ စာဖတ်ပြီး စိတ်ထဲပေါ့ပါးသွားတယ်။ ကျေးဇူးဘဲ။

    Comment by ထိပ်ထား — July 13, 2012 @ 4:26 pm

  7. ဒီညနေ gym ရောက်တော့ မိတောကို တွေ့လေမလားလို့ ရှာကြည့်မိသေးတယ် မလေးရေ….း)….

    Comment by ရန်မင်းအောင် — July 13, 2012 @ 6:51 pm

  8. ဒီလိုရယ်စရာလေးတွေ ရေးတတ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး.း) Bravo….

    Comment by Yan Aung — July 13, 2012 @ 7:02 pm

  9. ဟုတ်ပါ့ MK ဆို ပိုဆိုးသေး ဘတ်ဈေးနော် ကျပ်နဲ့ မြှောက်ရမှာနော်ဆိုပြီး အမြင်ကတ်လို့  USD ယူမလား ညီမဆိုတော့လဲ လက်ခံ လို့ မရပြန်ဘူး ဘာမှန်းကို မသိဘူး အရောင်းစာရေးမ တွေက

    Comment by Khine Nwe Aye — July 13, 2012 @ 7:02 pm

  10. ငယ်စဉ်ဘဝက မောင်နှမတွေအားလုံးရဲ့ စာအုပ်ဖုံးတာဝန်က တီတင့်မို့ ကလေးဘဝကိုပြန်သတိရသွားတယ် မလေးရေ။
    ဂျူနီယာတောလေးကို ကထစ်ခွချီပြီးလမ်းကူးနေပုံနဲ့ ဈေးဝယ်ပုံလေး ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေမိတယ်း)
    မိတောဇာတ်လမ်းလေးဖတ်လို့ကောင်းတယ် အမြဲအားပေးနေတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — July 13, 2012 @ 7:10 pm

  11. စိတ်ပေါ့ပါးစွာ အားပေးသွားကြောင်းပါ ….နောက်ဆုံးကျမှ အဟီးးး ဆိုပြီး ရယ်မိတယ် … :D

    Comment by Than Lae — July 13, 2012 @ 7:59 pm

  12. စာဖတ်ရင်း google street view နဲ့ပါ အမောတကောလိုက်ကြည့်ရသေးတယ်…။ အဲသလို Lunch time မျိုးလေးလိုချင်လိုက်တာ…… :) ။ ဖတ်ရင်းအဆုံးသတ်မှ ၀ါးကနဲရယ်မိတော့တယ်… ကြောင်ကလေးချစ်စရာကောင်းပါရက်နဲ့. :P။

    Comment by Evergreen Phyo — July 14, 2012 @ 1:06 am

  13. အံမာလေး …
    မလေးရယ်
    ခေါင်းစဉ်ကနေ စပြီး ဖတ်လာလိုက်တာ
    အောက်ဆုံးစာသားနဲ့ ပုံရောက်တော့
    အားရပါးရကို အော်ရယ်လိုက်တော့တယ်။
    ဟားဟားဟားဟား

    Comment by aye — July 14, 2012 @ 1:56 am

  14. အံမာလေး မလေးရဲ့
    ခေါင်းစဉ်ကနေ ဖတ်လာလိုက်တာ
    နောက်ဆုံးစာကြောင်းပြီးတော့
    ပုံကိုတွေ့လိုက်တာ
    အားရပါးရကို ရယ်မိသွားပါတယ်။
    ဟားဟားဟားဟား
    :P

    Comment by aye — July 14, 2012 @ 2:04 am

  15. hee hee.. ရီရတယ်ဗျာ..

    Comment by Tom — July 14, 2012 @ 11:13 am

  16. ဇဝနဥာဏ် အပြည့်နဲ့မို့ တပြုံးပြုံးနဲ့ ဖတ်သွားရတဲ့ ပို့စ်လေးပါပဲ..၊
    တစ်ခုပြီးတစ်ခု စီကာစဉ်ကာ ဖြစ်သွားတဲ့ ဖြစ်စဉ်တိုင်းမှာ ဟာသ အတို့အထိလေးတွေက ပေါ့ပေါ့ပါးပါးနဲ့ကို အဆုံးထိ ခေါ်သွားခဲ့ပါတယ်…။

    Comment by ညီလင်းသစ် — July 15, 2012 @ 12:53 pm

  17. ကျနော်တော့ ဒီပို့စ်မှာ အင်္ဂလိပ်လိုပြောတာလေးကြားတာနဲ့တင် ဆက်ဆံရေးပြောင်းသွားတဲ့ အရောင်းစာရေးမလေးကို အမြင်တော်တော်စောင်းသွားတယ် ။

    ကြောင်ကလေး ခုန်နေတာက ချစ်စရာပါ မမ တွေက ဖတ်လည်းဖတ်ချင် ရှက်လည်းရှက်သေး ဘာစာအုပ်လဲမသိ :P

    Comment by မောင်မျိုး — July 15, 2012 @ 10:22 pm

  18. မလေးရေ……
    ဖြိုး …မလေးကို ရှာမတွေ့တော့ဘူးဖြစ်နေလို့… ဘယ်တွေပျောက်သွားတာလဲဟင်…. ဒါမှမဟုတ် ဖြိုးကိုပဲ ဖျောက်သွားတာလားဟင်….. ဘာလို့လဲမသိ..စိတ်ထဲမှာ စိတ်ပူနေမိပြီး၊ စိတ်မကောင်းဖြစ်နေတယ်……..မလေး ရေ အကြောင်းပြန်ပါအုံးနော်……….

    မလေးကို ခင်တဲ့
    ဖြိုး

    Comment by phyo — July 17, 2012 @ 3:07 am

  19. အားလုံးကို ကျေးဇူးတင်ပါတယ်..
    မလေး ဟိုတစ်လောက သိပ်နေမကောင်းလို့ပါ..

    Comment by မလေး — July 19, 2012 @ 1:40 pm

  20. ဇွန် လာလည်သွားတယ် မလေး။ စာလည်း ဖတ်သွားတယ်နော်။ ခုတလော… သိပ်နေမကောင်းလို့။ နဲနဲချူချာနေတယ်။ တော မိသားစုအကြောင်းလေးတွေ ဖတ်လို့သိပ်ကောင်းတာပဲ။ :)

    Comment by ဇွန်မိုးစက် — July 21, 2012 @ 8:59 pm

  21. ဖတ်ပြီး စိတ်ထဲမှာ အဟာရကောင်း မှီဝဲလိုက်ရသလို ကျေနပ်သွားတယ်… တပုဒ်လုံးမှာ အကြိုက်ဆုံးက ဂျူနီယာတောလေး သောင်းကျန်းတဲ့နေရာလေး…း)

    Comment by ရွှေပြည်သူ — July 25, 2012 @ 8:43 pm

  22. ကုန်တိုက်က အရောင်းစာရေးမတွေက အဲဒီလိုမျိုး များတယ်..အပြင်သွားရင် မေ့ကို ကောင်းကောင်းမွန်မွန် ဝတ်စားဖို့  အမြဲ ပြောရတယ်..ကြောင်လေး ခုန်နေတာ ချစ်စရာလေးပါ..ငယ်ငယ်တုန်းက Times မဂ္ဂဇင်းတွေနဲ့  စာအုပ်ဖုံးခဲ့ရတာ သတိရမိတယ်..အဆုံးရောက်တော့ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို ပြုံးသွားတယ်..

    Comment by စန်းထွန်း — July 29, 2012 @ 6:13 am

  23. အစ်မရဲ့ စာတွေကို ဖတ်ရတာ အရမ်းကို အရသာရှိတာဘဲ။ ဒီလိုဖတ်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ အားပေးနေမယ်နော်။

    Comment by Nant Thidar — August 22, 2012 @ 10:19 pm

  24. ချစ်စရာ ရယ်မောစရာ အရေးအသားတွေနဲ့ မိတော စာစုလေး… နောက်ဆုံးမှာတော့ အသံထွက် ရယ်လိုက်မိတယ်… :D :D :D

    Comment by သက်ဝေ — August 31, 2012 @ 10:29 pm

  25. စာအုပ်ဖုံးတဲ့ နည်းတောင် နည်းနည်း မေ့ချင်နေပြီ။ စမ်းကြည့်ဦးမှ။ ကျောင်းရှေ့မှာ Times magazine ထဲက ကြော်ငြာလှလှလေးတွေကို စာအုပ်ဖုံးဖို့ ရောင်းတဲ့ ဈေးသည်ကြီးကို သတိရတယ်။

    Comment by ပုံရိပ် — September 24, 2012 @ 7:47 pm

  26. သက်တန့်ဆယ်စင်းကို အငှားဆိုင်မှာတွေ့လို့ ငှားဖတ်မိတယ်။ စိတ်ဝင်စားတာနဲ့ စာအုပ်ဝယ်ထားလိုက်တယ်။ အလုပ်မအားလို့ ပြီးအောင် မဖတ်ရသေးဘူး။ ရတဲ့အချိန်လေးမှာ အိမ့်ချမ်းမြေ့ကို အားပေးနေပါတယ်။ ငပိဖုတ်က စဖတ်တာ ၃ ပုဒ်ဖတ်ပြီးသွားပြီ။ သိပ်ကြိုက်ပါတယ်။ ဖတ်ပြီးသဘောကျတယ်။ အားလုံးဖတ်မယ်နော်။ အားတဲ့အချိန် ကြိုးစားဖတ်မယ်။ အမြဲအားပေးသွားမယ်နော်။

    Comment by cho cho lwin — October 22, 2012 @ 7:01 am

  27. ချိုချိုလွင်— သက်တံ၁၀စင်းကို ၀ယ်ယူအားပေးကော.. မလေးဆိုက်ကို အရောက်လာလည်တာတွေတွက် နွေးထွေးစွာခံစားရပါတယ်…
    ဆက်လက်ပြီးလည်း ကြိုးစားပါမယ်….း)

    Comment by မလေး — October 23, 2012 @ 12:01 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

ယောက် စာဖတ်နေပါတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

web site hit counter