သာမန်လူ
ကြည်လင်သော ရေကန်ထဲမှာ ဖြူဖွေးလှပသော လည်တံရှည်ငန်းလေးတွေ ကူးခတ်နေကြသည်။ ငိုနေသော ၀စ်လိုး အရွက်စိမ်းတွေ လေအဝှေ့မှာ ခေါင်းလေးငဲ့လို့ သူတို့အချင်းချင်း တီးတိုးစကားဆိုနေကြသည်။ ကမ်းစပ်က ဖားလေးတစ်ကောင် ရေကြည်ကြည်ထဲကို ခုန်ဆင်းသွားတော့ ရေဘဲလေးက လန့်လို့ ပျံပြေးသွားသည်။ တိုင်းလုံးကိုမှီရင်း ရေထဲကို ကြည့်လိုက်မိတော့ ရေကန်ထဲမှာ ရိုမန်ခေတ်က တံတိုင်းတွေက လှုပ်လီလှုပ်လဲ့။ တံတိုင်းတွေထိပ်မှာတော့ ရင်သပ်ရှုမောဖြစ်စေလောက်သော ကောက်ကြောင်းတွေနဲ့ နွဲ့နွဲ့ပြောင်းပြောင်း ၀တ်ရုံတွေကို ခြုံ၊ သပ်ရပ်တဲ့ ဆံထုံးတွေထုံးထားသော ဂရိရဲ့ သမီးပျိုတွေ တံတိုင်းတွေပေါ် မျက်နှာမှောက်လို့ ငိုနေကြသည်။ တစ်ထောင့်ကိုးရာခြောက်ခုနှစ်က ငလျှင်ကြီးထဲမှာ ပျောက်ဆုံးသွားသော မြို့ကြီး၏ အပိုင်းအစများကို ယခုထို သတိရနေလို့များလား။ ကန်ထဲက အသက်ရာချီရှိနေသော လိပ်တို့ကတော့ ပနားမားတူးမြောင်းကြီးရဲ့ အောင်မြင်မှုကို ချီးကျူးနေကြဆဲ။ ရေကန်ဘေးမှာတော့ ယခုမှ ဘုရားကျောင်းထဲက ဘုန်းတော်ကြီး၏ ကောင်းချီးပေးမှုကို ခံယူပြီးကာစ ချစ်သူစုံတွဲလေးတွေ၊ နောက်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ။

လက်မှနာရီကို ကြည့်လိုက်မိသည်။ ချိန်းထားတဲ့အချိန်ထက် နာရီဝက်တိတိ လွန်နေပြီ။
သူမ မလာတော့ဘူးလား။
လက်ထဲက ဖုန်းကိုယူပြီး သူမလက်ကိုင်းဖုန်းသို့ ကောက်လှည့်လိုက်သည်။ သူမ ဖုန်းမကိုင်။ ဖုန်းကိုပိတ်ထားသည်။ သူမရုံးဖုန်းကိုကောက်လှည့်လိုက်သည်။ မက်စေခ်ျပွင့်လာသည်။ သူမ သူ့ကိုပေးထားသော ပါစ်ဝါဒ်ကို နှိပ်မည်လုပ်ပြီးမှ ဖုန်းကို ပိတ်ပစ်လိုက်သည်။ ပါစ်ဝါဒ်ပေးထားပေမယ့် သူ မကြားသင့်သော စာတွေ မက်စေခ်ျတွေက ရှိနေတတ်သည်။ သူမ ဘာကြောင့် မဖျက်တာလဲ။ ဒါမှမဟုတ် မေ့ပြီး မဖျက်မိတာလား။ တစ်ခါက သူမနှင့်ထိုင်နေကျ စားသောက်ဆိုင်တစ်ခုထဲမှာ လေးဆယ့်ငါးမိနစ် တိတိစောင့်နေအပြီး သည်းညည်းမခံနိုင်တော့သည့်အဆုံး သူမ၏ အသံမေးလ်ကို ဖွင့်နားထောင်လိုက်မိသည်။ ရုံးကိစ္စ၊ အလုပ်ကိစ္စ မက်စေခ်ျတွေအပြီး အနောက်နိုင်ငံသားတစ်ဦး၏ အသံတစ်ခု။
“ဟေး ဒီနေ့စောစော အိမ်ပြန်သွားတာလား၊ ဂရုစိုက်နော်၊ လွမ်းနေမယ်၊ အထူးသဖြင့် မင်းဖျော်ပေးနေကျ လိမ္မော်ရည်မွှေးမွှေးလေးကို၊ အိုကေနော်.. တွေ့မယ်၊ မွှား”
သူ မျက်ခုံးရှုံ့ပြီး ဖုန်းကို ပိတ်ပစ်လိုက်သည်။ ဖုန်းကို စားပွဲပေါ်ချပြီး ကော်ဖီကို ငုံ့အသောက် သူမ ကဗျာကသီ ဆိုင်ထဲဝင်လာသည်ကို တွေ့လိုက်သည်။ နောက်ကျသွားသည်ဟု တောင်းပန်သည်။ သူမကို ထိုမက်စေခ်ျအကြောင်း မေးမိသည်။ အဓိက မက်စေခ်ျထဲက အနမ်းတစ်ခု အကြောင်းကို မေးမိသည်။ ဒီလိုပဲခင်မင်ရင်းနှီး၍ အဆန်းတကျယ်မဟုတ်ဟု သူမ ဆိုသည်။
“ကိုကို.. ကိုကို့ကို သိပ်ချစ်တာ မသိဘူးလားဟင်၊ တစ်ဘ၀လုံးနဲ့ ရင်းပြီးချစ်တာ” ဟု မျက်လုံးလေးဝင့်၊ နှုတ်ခမ်းလေထော်လို့ သူမ ဆိုတော့ ချစ်ချစ်တောက်ပူနေသော ကော်ဖီကို ရောင်ယမ်းမြိုချလိုက်မိသည်။
တစ်ခါကတော့ ပန်းခြံထဲက သစ်ခြောက်ပင်တစ်ပင်အောက်မှာ သူ နာရီပေါင်းများစွာစောင့်နေခဲ့သည်။ အဲဒီနေ့ကတော့ သူမ လုံးဝ ပေါ်မလာတော့။ အိမ်ပြန်ရောက်လို့ သူမ ဖုန်းကိုခေါ်တော့လဲ ဖုန်းက မက်စေခ်ျတောင် မပွင့်တော့။ အဲဒီနေ့က သူ ဘယ်ဖုန်းမှ မကိုင်ပဲ ၀ရံတာမှာ ထွက်ထိုင်နေလိုက်သည်။ ညနေခင်းတစ်ခုလုံး ဖုန်းတွေ အဆက်မပြတ်မြည်နေသည်။ သူမ ထံကဖုန်းတွေမှန်းသိလို့ မကိုင်ဘဲ အိမ်အပြင်မှာ တစ်ညနေလုံး ဘီယာပုလင်းတွေနဲ့ ထွက်ထိုင်နေလိုက်သည်။ မနက် တစ်နာရီထိုးခါနီးမှ အိမ်ခန်းထဲ ပြန်ဝင်လာလိုက်သည်။ ရေချိုးခန်းဘက်အသွား ဖုန်းက မြည်လာပြန်သည်။ ဒီတစ်ခါတော့ သူ စိတ်တိုတိုနှင့် ကောက်ကိုင်လိုက်သည်။ ဟလိုဟု သူ မဆို။ ဒီအတိုင်းကိုင်ထားလိုက်သည်။ ဟိုဘက်က ထုံးစံအတိုင်း မိန်းမူးစေလောက်တဲ့ အသံပိုင်ရှင် သူမ တုန်တုန်ရင်ရင်နှင့် သူငယ်ချင်းများအတင်းခေါ်သွားလို့ တစ်ခြားမြို့ကို ပါသွားကြောင်း ငိုတော့မလိုအသံနှင့် တတွတ်တွတ်ပြောနေသည်။ စာတော်တာကလွဲပြီး သာမန်လူဖြစ်တဲ့ ကိုကို့ကိုပဲ သာမန်ဆန်စွာ ချစ်တာပါဟု ပြောပြီးတော့ သူမ ဖုန်းချသွားခဲ့သည်။
ဒီနေ့တော့ ဂရိရဲ့ သမီးပျိုတွေ တံတိုင်းတွေမှီလို့ ပိုမိုငိုရှိုက်နေကြသည်ထင်သည်။ ရေဘဲလေးတွေလဲ မကူးချင့်ကူးချင်နှင့် ကူးခတ်နေကြသည်။ သူ လေးတွဲ့စွာမတ်တပ်ရပ်လျှက် ကားဆီသို့လျောက်လာသည်။ လာနေကြလမ်းအတိုင်းမပြန်ပဲ ဆန်ဖရန်စစ်စ်ကို တံတားကြီးဘက်က လှည့်ပြန်လိုက်သည်။ တံတားပေါ်ရောက်တော့ ကားတွေက နှစ်ဘက်လုံး ကျပ်ပိတ်နေသည်။ ရေဒီယိုကိုပိတ်ပြီး အခွေတွေထည့်သည့် ကားထဲကဗုံးထဲ မကြည့်ပဲလက်နှိုက်ပြီး လက်ထဲပါလာသည့် ကြုံရာတိတ်ခွေတစ်ခုကို ကတ်ဆက်ထဲ ထိုးသွင်းလိုက်သည်။ မြန်မာဆိုင်တစ်ဆိုင်ရောက်တုန်းက ကြုံတုန်းဝယ်လာပြီး တစ်ခါမှ နားမထောင်ဖြစ်သော မြန်မာသီချင်းတစ်ပုဒ်က ထွက်လာသည်။
အမုန်းတွေနဲ့လမ်းထက်မှာ တို့ကျန်နေရစ်ခဲ့
အပြုံးတုလေးအားစွဲလမ်းမိတာ တကယ်ကို သိပ်မှားသွား
အချစ်တွေကိုယ်ဆုံးရှုံးပြီ အလွမ်းတွေနဲ့အဆွေးများ
နှုတ်ခမ်းပါးလေးရဲ့ နှိပ်စက်မှုဟာ ဒဏ်ရာတွေပဲလား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
ရုတ်တရက်ကြီးကို အထီးကျန်ကာ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ ရက်စက်တဲ့အမုန်းတွေလေ
သီချင်းလေးက ငြိမ့်ငြောင်းလွန်းလှသည်။ ကားပြူတင်းပေါက်ကို ချလိုက်ပြီး တစ်ဘက်က မျက်နှာချင်းဆိုင် ကားတွေဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကားတွေက ဘီးလှိမ့်ရုံသာ သွားနေသည်မို့ တစ်ဘက်က ကားအနီလေးတစ်စင်းပေါ်က လူရည်သန့်သန့် နေကာမျက်မှန်အကောင်းစားနှင့် လူဖြူတစ်ယောက်ကို လှမ်းကြည့်လိုက်မိသည်။
အဝေးကိုပြန်တမ်းတရင် မောနေတဲ့အလွမ်းများ
အသည်းကွဲရင်းနဲ့လုံးဝမမေ့နိုင် ငိုနေတဲ့နှလုံးသား
တို့ရင်ခုန်ခြင်းနေ့တွေ စွန့်ခွာလို့ထားသွား
လွမ်းလည်းမထူးတဲ့ရက်စက်မှုဟာ သေချာနေပြီးသား
မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များအမုန်းတွေလား
အလူးအလဲပဲ ကိုယ်ခံစားရ
ရင်ခုန်တဲ့နှလုံးသွေးများလည်းအေးခဲသွား
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ..။
သူ့ဘက်လက်တံတောင်ဆစ်ကို ကားဘောင်ပေါ်ဟန်ပါပါတင်လျှက် စတီရီယာကိုကိုင်ထားသည်။ တစ်ဘက်လက်ကတော့ သူ့ဘေးက မိန်းကလေးတစ်ယောက်၏ ပုခုံးကို ဖက်ထားသည်။ မိန်းကလေးက သူ့ပခုံးမှာ ခေါင်းမှီထားသည်။ ကားရေကာမှန်နောက်က သူတို့ကို မှုန်ရီဝိုးတ၀ါးမြင်နေရာမှ ကားနှစ်စင်းက တန်းသွားသည်။ သူ ခေါင်းကိုငဲ့ပြီး ကားထဲကို ကြည့်လိုက်သည်။ ကားထဲက မျက်လုံး နှစ်စုံကလဲ သူ့ကို ပြန်ကြည့်လိုက်သည်။
တစ်ယောက်တည်း…. လမ်းတွေအလယ်
မျှော်လင့်ခြင်းမဲ့စွာနဲ့ သံယောဇဉ်များလည်း
လေထဲလွင့်မျောပျောက်ကွယ် အပူဆုံးမီးတွေထဲ ထားရစ်ခဲ့သူရယ်
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့အနမ်းများရင်မှာထင်ကျန်ခဲ့ပြီ
ဟေးး ဘေးဘီ အပြုံးတုရဲ့အမုန်းတွေလေ
ကိုယ်ကြေကွဲတယ်
ရက်စက်တဲ့ အမုန်းတွေလေ…..
မျက်လုံးဝိုင်းမလေးရဲ့ မျက်လုံးတွေ ပိုဝိုင်းသွားသည်။ နှုတ်ခမ်းလေးတွေ ပွင့်ဟာ သွားပုံများ လူတွေကို မြင်စေချင်စမ်းသည်။ ဂန္တ၀င်မြောက်လိုက်ပုံများ။ ကိုကို ဟုပင် ယောင်ယမ်းခေါ်လိုက်သေးသည်ထင်သည်။ သာမန်လူကိုပဲချစ်သည်ဆိုသူ သူမ သာမန်လူနောက်တစ်ယောက်ပခုံးပေါ်မှာ သာမန်ဆန်ဆန် ခေါင်းလေးမှီနေသည်ကို သူ ကြည့်နေမိသည်။ သူ နှုတ်ခမ်းကို ကိုက်ပြီး တစ်ချက်ပြုံးလိုက်သည်။ ခေါင်းကို ဆတ်ကနဲ့ သည်ဘက်ကိုလှည့်လိုက်ပြီး ဆံပင်တွေထဲ လက်ကိုထိုးသွင်းလိုက်သည်။ နေလုံးက ပင်လယ်ထဲကို မြုပ်ဝင်သွားသည်။ တံတားအောက်က မြူတွေ အလိပ်လိုက်တက်လာသည်။ အနီရောင်ကြိုးလုံးတွေကြားထဲကို ညငှက်တစ်ကောင်ပျံတက်သွားပါတော့သည်။







‘သာမန်လူ’ သည် ရိုးရှင်းသောချစ်၊ကွဲ၊ညားဇာတ်လမ်းတပုဒ်လော (သို့) ဆက်ရန်ရှိသော ဇာတ်လမ်းတခု၏ နိဒါန်းအစလော။ ဇာတ်အိမ်ကိုချဲ့ရေးလျှင် …… အားပေးအုံးမှာ….. ဟီးဟီး
Comment by 182 — April 20, 2008 @ 5:55 pm
ဆီပုံးရှိတော့ဘူးလားဂျ … ဆက်မသွားနိုင်လို့ ဆီဝင်ထည့်တာကို တွေ့ရတော့ဘူး … မမလေး ပျော်ရွှင်ပါစေနော်
Comment by ကိုဖြိုး — April 22, 2008 @ 12:17 am
သာမာန် လူ ရဲ့ ခံစားချက်တွေ ခံစား သွားပါတယ်
Comment by စိုးထက် - Soe Htet ! — April 26, 2008 @ 4:49 am
သာမန်မိန်းကလေးကိုး…သာမန်လူရဲ့..။
Comment by layma — April 30, 2008 @ 11:23 pm
စိတ်မကောင်းခြင်းများစွာနဲ့ လာရောက်လည်ပတ်သွားပါကြောင်း…
Comment by yamin — May 12, 2008 @ 8:52 pm
ကိုယ် ကိုယ်တိုင်က ခံစားသူကြိုက် ဝတ္တုသမားလား မသိဘူး ခံစားမှု ပန်းကုံးတွေနဲ့ သီးဖွဲ့ထားတာတွေ့ရင် လိုက်ပြီး ခံစားတတ်တယ်လေ့။ သာမန်လူ မှာ လှပစွာ ရေးဖွဲ့ ပုံဖေါ်မှုအားကောင်းလွန်းတယ်လို့ ခံစားရတယ်။ ဒါက စာဖတ်သူအနေနဲ့ ကိုယ်ပိုင် ခံစားချက်ပါ။
Comment by ကိုလွမ်းလူ — June 7, 2008 @ 12:18 am
အရမ်းကောင်းတဲ့ ၀တ္ထုတိုလေးပဲဗျာ..။
Comment by အညာသား — July 3, 2008 @ 7:32 pm
လေထဲလွင့်မျောပျောက်ကွယ် အပူဆုံးမီးတွေထဲ ထားရစ်ခဲ့သူရယ်
မင်းပေးခဲ့ အိပ်မက်လေးတွေလည်း အခါခါကြေကွဲ~~~~~~~~
let me at the burning world.,.,.,.,.,.
hay baby Don’t left me please
Comment by shinningSUN — May 8, 2009 @ 2:05 pm
ဘယ်တုန်းက မောင့်လပြည့်ဝန်း ကြီးတက်လာတာတုန်းမသိဘူးနော်… လွဲနေဘီ
Comment by shinningSUN — May 8, 2009 @ 2:08 pm