♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 21, 2012

မပန်းခိုင် နဲ့ မောင်ပန်းထွေး (မတ်တပ်ရပ်နေသူများ ၃)

Filed under: အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:57 am

မပန်းခိုင် ..

ကျောင်းသစ်ကြီးကိုတက်ရတော့မည့် မပန်းခိုင်တစ်ယောက် အမေမီးပူတိုက်ထားပေးသော အဖြူအစိမ်းကျောင်းစိမ်း၊ ကွန်ပါဗူးအသစ်၊ ထမင်းဗူးအသစ်လေးမျာအား အရိပ်တကြည့်ကြည့် ဖြစ်နေသည်။ အိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်ဖြင့် အိပ်လို့လည်း မရ။ မိုးရယ်.. လင်းပါတော့။
နံနက်ခင်း ကျောင်းကားလာကြိုတော့ မေမေ့ကိုလက်ပြပြီး ကျောင်းကားပေါ်လိုက်ပါလာခဲ့သည်။ ကျောင်းကားသည် တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြင့် ကျောင်းသူကျောင်းသားများကို သယ်ဆောင်လာခဲ့သည်။ လမ်းတစ်လမ်းရှေ့သို့ရောက်သောအခါ ကျောင်းကားက ကျွိကနဲရပ်သွားသည်။ လမ်းထိပ်မှာ ကျောင်းကားစောင့်နေသော ဆရာမကြီးတစ်ဦးနှင့် ဆရာမနောက်နားမှာ ကပ်ရပ်နေသော ကျောင်းသူလေးငါးဦးခန့်ကိုတွေ့လိုက်ရသည်။ ဆရာမသည် အရှေ့ခန်းတွင်ထိုင်ရန်နေရာ သီးသန့်ရှိသော်လည်း ကျောင်းကားနောက်သို့လျှောက်လာခဲ့သည်။ ထို့နောက် ကျောင်းကားအတွင်းထဲသို့ ကဲ ကြည့်လိုက်သည်။

“ဟဲ့… အထဲကို တိုးကြ၊ တိုးလေ…. တိုး”

ကျောင်းကားထဲမှ ကျောင်းသူ၊ ကျောင်းသားများ ကားခေါင်းခန်းအတွင်းထဲသို့ တိုးဝင်သွားကြသည်။ ကားခေါင်းခန်းမှန်မှတဆင့် ပေါက်ထွက်တော့မလို ပိသိပ်နေလေပြီ။

“ဟဲ့.. တိုးဦးလေ.. ဘာလုပ်နေတာလဲ၊ သွား ဟိုဘက်တိုး၊ ငါ ပိတ်တီးပစ်လိုက်ရ”

ဆရာမက အသံကိုထပ်မြှင့်ပြီး အော်လိုက်သည်။ ကားအ၀င်ပေါက်မှာနေရာကျယ်သွားတော့မှ ဆရာမနောက်မှာ ရပ်နေကြသော ညီအစ်မ ငါးဖော်က ဟန်ပါပါဖြင့် တက်ထိုင်လိုက်ကြသည်။
ဆရာမသည် ထိုညီအစ်မငါးဖော် နေရာအတည်တကျဖြစ်ရန် နံနက်တိုင်း ထိုသို့အော်ဟစ်အမိန့်ပေးပြီးကာမှ ကျောင်းကားခေါင်းခန်းတွင် ကျကျနန၀င်ထိုင်လေ၏။ အစွန်တွင် လေတဖြူးဖြူးဖြင့် ဆံပင်တွေလေလွင့်ပြီး သက်တောင့်သက်သာရှိလှသော ညီအစ်မငါးဖော်ကို ကျောင်းကားထဲမှကျောင်းသူအားလုံးက အားကျလှသည်။ သူတို့လည်း အစွန်မှာအလှည့်ကျထိုင်လိုသော ဆန္ဒများက ထိန်းမနိုင်သိမ်းမရ။

ဆရာမကြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်သည့်နေ့များတွင်မတော့ ညီအစ်မငါးဖော်ကို အံတုလိုသည့်ကျောင်းသူများက ပေါ်လာတတ်သည်။ ထိုညီအစ်မငါးဖော်အတွက် ကျောင်းကားအတွင်းပိုင်းမှာ နေရာဖယ်ထားပေးလိုက်ပြီး အစွန်မှာထိုင်နေကြသည်။ ညီအစ်မငါးဖော်ကလည်း ကျောင်းကားထဲမ၀င်ဘဲ ကျောင်းကားနောက်တွင် စူ ပြီးရပ်နေကြသည်။ ကျောင်းကားထဲက ကျောင်းသူတွေကလည်း တုပ်တုပ်မျှမလှုပ်။

“ဟဲ့ ဟိုဘက်တိုး”

ညီအစ်မငါးဖော်ထဲမှ အကြီးဆုံးက ဆရာမကြီးလေသံအတိုင်းအော်လေသည်။ ကားထဲက တစ်ယောက်မျှ အသံမထွက်။

“ဟဲ့.. ဟိုဘက်တိုးလို့ ငါပြောနေတယ်နော်”

ကားထဲမှ ကျောင်းသူများ အနည်းငယ်လှုပ်လှုပ်ရွရွဖြစ်လာသည်။

“တိုးမလား၊ မတိုးဘူးလား။ အေး.. နင်တို့ကို မနက်ဖြန်ကျ ဆရာမကြီးနဲ့တိုင်မယ်”

ကျောင်းသူများ ကားခေါင်းနားကပ်လုနီးပါး လျောကနဲလျောကနဲရွေ့သွားကြတော့သည်။

မပန်းခိုင်တစ်ယောက် ထိုဆရာမကြီးနှင့် ကျောင်းကားပေါ်မှာတွင်သာမက အတန်းထဲမှာလည်း ဆုံရလေသည်။ ဆရာမကြီးသည် မပန်းခိုင်တို့သမိုင်းဆရာမဖြစ်လေ၏။ မပန်းခိုင်သည် ဆရာမကြီးလာလျှင် ခြင်းတောင်း၊ စာအုပ်မှန်သမျှကို အခြားကျောင်းသူများနှင့် အလုအယက်ပြေးယူသည်။ ဆရာမကြီးအတွက် ခြံထဲမှာ ပန်းကလေးများကိုလည်း ခူးယူ၍ပေးတတ်သည်။
ကျောင်းကြီးကိုအထင်ကြီးအားကျခဲ့သော မပန်းခိုင်၊ သူမနေခဲ့ဖူးသော အဆောင်ယောင်ကင်းမဲ့သော နယ်ကျောင်းကလေးကို တစ်ခါတစ်ရံလွမ်းမိ၏ ။ အမြဲတမ်းပြုံးနေတတ်သော အတန်းပိုင်ဆရာမကြီးကိုလည်း လွမ်းနေတတ်ပြီ။

ကျောင်းသူကျောင်းသားတို့ စုဝေးရာခန်းမကြီးထဲမှာ ကျောင်းသူများထောင်ချီပြီး တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည်။ မကြာခင် ကြီးမားသော အခမ်းနားကြီးတစ်ခု စတော့မည်။ ခန်းမကြီးသည် စိမ်းလန်းသောမြက်ခင်းပြင်ကြီး၏ ဘေးတွင်ရှိသည်။ လှပသော တိုင်လုံးကြီးများလည်းရှိသည်။ နံရံပေါ်မှာလည်း ရောင်စုံအလံများက တလွင့်လွင့်။ ခမ်းနားလှသောစင်မြင့်ကြီးနောက်က ကတ္တီပါကန့်လန့်ကာကြီးကလည်း နူးညံ့လွန်းသယောင်။ ခန်းမတွင်းက ဆရာမတွေကလည်း ချပ်ချပ်ရပ်ရပ်ဖြင့် စမတ်ကျလွန်းလှပါတကား။ မပန်းခိုင်တို့ တန်းစီပြီးထိုင်နေသည်မှာ ညီညာလွန်းလှသည်။ အခမ်းအနားစရန် ကျောင်းအုပ်ဆရာမကြီးနှင့် ဒု-ကျောင်းအုပ်ဆရာမကြီးကို စောင့်နေကြခြင်းဖြစ်သည်။ ပြူတင်းပေါက်တပေါက်ခြားစီမှာ ဆရာမများက စစ်သားရုပ်များလို ရပ်နေကြသော်လည်း မျက်လုံးများက ကျောင်းသူတွေအပေါ်မှာ ရွေ့လျားနေကြသည်။ ခန်းမကြီးသည် အပ်ကျသံကြားနိုင်လောက်သည်အထိ တိတ်ဆိတ်နေ၏။ အပြင်မှလေပြေလေးတိုက်ခတ်လာတော့ ပြူတင်းပေါက်ကန့်လန့်ကာများ လူးလွန့်သွားသည်။ စင်မြင့်ပေါ်က ကတ္တီပါကန့်လန့်ကာကြီးလည်း ဖြည်းဖြည်းလေး လူးလွန့်သွားသည်။ မျက်နှာကြက်ပေါ်က ပန်ကာများကတော့ တဂျစ်ဂျစ်။

“ဟဲ့.. . မပန်းခိုင်”

ရင်သတ်ရှုမောဘွယ်ရာ ခန်းမကြီးကို လိုက်ကြည့်နေမိသော မပန်းခိုင် ကိုယ်လုံးလေး တုန်တက်သွားသည်။

“ဘာ ကျီးကြည့်ကြောင်ကြည့် ကြည်နေတာလည်း၊ လူလေးက ခွေးပစ်တဲ့တုတ်လောက်ပဲ ရှိတယ်၊ နင့်မျက်လုံးကို ငြိမ်ငြိမ်ထား”

သူမတို့အတန်းကို စောင့်ကြည့်နေသော သမိုင်းဆရာမက မပန်းခိုင်ကို လှမ်းအော်လိုက်ခြင်းပင်။ မပန်းခိုင်ခေါင်းကို ငုံ့ချလိုက်သည်။ ဤခန်းမကြီးအတွင်းက ထောင်ဂဏန်းနီးပါးရှိသော ကျောင်းသူတွေအကုန်လုံးက သူမကို ၀ိုင်းကြည့်နေသလိုခံစားနေရသည်။ တစ်ကိုယ်လုံးပူထူကာ ရှက်ရွံဝမ်းနည်းစိတ်ဖြင့် တုန်နေခဲ့သည်။ မျက်ရည်တွေက မငိုဘဲကျနေခဲ့ခြင်းဖြစ်သည်။ ဘေးနားက သူငယ်ချင်းအချို့ထံမှ သက်ပြင်းကြိတ်ချသံအချို့။ တုန်နေသော ကိုယ်ကို ငြိမ်အောင်လုပ်နိုင်စွမ်း သူမမှာ မရှိခဲ့။ ထမီစကို လက်ဖြင့်ပွတ်ခြေရင်း နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်နေခဲ့သည်။ ဖြစ်နိုင်လျှင် သူမ အငွေ့ပျံပျောက်ဆုံးသွားချင်ခဲ့မိပါတော့သည်။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

မောင်ပန်းထွေး ….

ကျောင်းတက်ရမှာကို စိတ်ညစ်ညူးနေမိသည်။ စိတ်ညစ်ညူးရခြင်းအကြောင်းက မောင်ပန်းထွေးတို့ သတ္တမတန်း အတန်းပိုင်အင်္ဂလိပ်စာ ဆရာကို အလိုလိုနေရင်း ကြောက်နေမိခြင်းပင်။ ဆရာက မောင်ပန်းထွေးကို ဘာမှ မလုပ်။ ဘာမှ မလုပ်သည့်အပြင် အတန်းထဲတွင် မောင်ပန်းထွေးဆိုသည့် ကျောင်းသားတစ်ယောက် ရှိနေသည်ဆိုတာကို ဆရာက သတိထားမိပုံတောင် မပေါ်။ ဆရာသည် သူ၏ကျူရှင်မှာတက်သော ကျောင်းသားများနှင့် ရင်းနှီးကျွမ်းဝင်နွေးထွေးသည်ဟု မောင်ပန်းထွေးထင်မိသည်။ ဆရာ၏ ထိုသို့သောလစ်လျှူရှုခြင်းခံရသည့်အဖြစ်မှ လွတ်မြောက်ရန် မောင်ပန်းထွေးမှာ ဆရာ သို့မဟုတ် ဆရာကတော်ပေးသော အင်္ဂလိပ်စာကျူရှင်ကို တက်ရလျှင်ကောင်းလေမလားဟု စဉ်းစားလာမိသည်။ ဆရာ့ကျူရှင်ထဲမှာ ပါဝင်သော ကျောင်းသူ-ကျောင်းသားများနှင့် ဆရာသည် ရင်းနှီးကျွမ်းဝင်မှု ရှိသလို မောင်ပန်းမွှေးလည်း ဆရာနှင့် ရင်းနှီးကျွမ်းဝင် လိုလှသည်။

သည်လိုနှင့် ဆရာ့ကျူရှင်ဝိုင်းထဲမှာ မောင်ပန်းထွေးပါဝင်လာခဲ့သည်။ ဆရာ့ကျူရှင်သည် အတန်းထဲက ကျောင်းသူလေးတစ်ဦး၏ အိမ်တွင်ဖြစ်လေသည်။ သစ်ပင်ပန်းမာလ်ပင်များဖြင့် အုံ့ဆိုင်းဆိုင်း နှစ်ထပ်ပျဉ်ထောင်အိမ်ကလေးသည် သာမန်အချိန်များမှာဆိုလျှင် သာသာယာယာရှိနိုင်သော်လည်း ကျူရှင်ချိန်များတွင်မူ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလွန်းလှသည်။

“ငါတော့ နားမလည်တော့ပါဘူးဟယ်။ ငါးတန်း-ခြောက်တန်းလေးတွေက ကျူရှင်တက်ရတယ်လို့၊ တစ်နေကုန်ထိုင်၊ ကျူရှင်မှာလည်း ထိုင်။ မင်းတို့တွေ ထိုင်ရာက ထိုင်းရုံရှိတော့မယ်၊ ကိုယ်လက်လှုပ်ရှားလေးဘာလေးလည်း လုပ်ကြပါဦး၊ ကျမ်းမာရေးလေးဘာလေး လိုက်စားကြပါဦး၊ ကလေးတွေက ကလေးတွေနဲ့တောင် မတူတော့ဘူး” ဟု အဘွားက တတွတ်တွတ်ပြောသည်။

အဘွားမသိသည်က ဆရာပေးသည့် ကျူရှင်ကို မလိုအပ်ဘဲ တက်သည့်အဖွဲ့ထဲမှာ မောင်ပန်းထွေးပါနေရသည့် အကြောင်းပင်ဖြစ်လေသည်။ ဆရာ့ကျူရှင်တွင် အချိန်ကာလ တစ်လ၊ နှစ်လတန်လာသည့်အခါတွင်မတော့ ကျူရှင်တက်ရမည်ထက် ကျားမြီးကို ဆွဲလိုက်ချင်စိတ်တွေ မောင်ပန်းထွေးမှာ ပေါ်လာတော့သည်။
အသက်ငယ်ရွယ်သော မောင်ပန်းထွေးသည် ကျူရှင်မှာကော အတန်းထဲမှာပါ ဘာကြောင့်မှန်းမသိ၊ ဆရာ့မျက်နှာကိုလည်း စေ့စေ့မကြည့်ရဲတော့။ ဆရာနှင့်ပို၍ပို၍ဝေးရန် မောင်ပန်းထွေးနေတတ်လာသည်။ ဆရာ့သည် သူ့အတွက် ထိုးဖောက်၍မရသော သံတောင်အထပ်ထပ်လို ခံစားလာရသည်။

ထိုနေ့က ကျူရှင်သို့အစောကြီးထွက်လာသော မောင်ပန်းထွေးသည် အိမ်ကလေး၏ ဘေးဘက်လှေကားမှတဆင့် အပေါ်ထပ်ကျူရှင်အခန်းထဲသို့ ၀င်လာခဲ့သည်။ ကျူရှင်အခန်းထဲမှာ ခုံတန်းတွေက စီစီရီရီ။ ကျောက်သင်ပုန်းပေါ်မှာ အရင်တစ်ချိန်က သင်ထားသောစာများလည်း ရှိနေသည်။ အခန်းထဲမှာ ငြိမ်ငြိမ်ကလေးထိုင်နေရင်း ရေငတ်လာသဖြင့် အိမ်ကလေး၏ မီးဖိုဆောင်ဘက်သို့အသွား စင်္ကြက သောက်ရေအိုးစင်နားသို့ မောင်ပန်းထွေးလျှောက်လာခဲ့သည်။ စင်္ကြမှတည့်တည့်သွားလျှင် မီးဖိုချောင်ရှိသည်၊ ပြူတင်းပေါက်တစ်ခုရှိသည်။ ကျူရှင်လာတက်သည့်ကျောင်းသားများက သောက်ရေအိုးစင်နားအထိသာသွားကြသည်။ သောက်ရေအိုးစင်နား မောင်ပန်းထွေးအရောက် မီးဖိုဘက်မှာ တီးတိုးစကားသံများကြောင့် ခေါင်းကိုငဲ့စောင်းပြီး ကြည့်လိုက်သည်။

“ဟင်”

မောင်ပန်းထွေး ခေါင်းနဘမ်းကြီးသွားသလို ခံစားလိုက်ရသည်။ ရေသောက်ချင်နေသည့် လည်ချောင်းများ ပိုမိုခြောက်ကပ်လာသလို။ မီးဖိုထဲက ပြူတင်းပေါက်နားမှာ အရိပ်နှစ်ခုက လွန်စွာပူးကပ်နေသည်။ ပူးကပ်နေသောအရိပ်နှစ်ခုထဲမှ တစ်ခုသည် ဆရာ့အရိပ်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ အတန်းထဲကကျောင်းသူလေး၏ အစ်မဖြစ်သူ၏ အရိပ်ဖြစ်လေသည်။ မောင်ပန်းထွေး ရေမသောက်တော့ဘဲ ကျူရှင်ခန်းထဲသို့ အမြန်ပြန်လျှောက်လာပြီး ထိုင်နေမိသည်။ တစ်ကိုယ်လုံးပူထူပြီး ဇောချွေးပြန်နေသည်။ စင်္ကြမှခြေသံတစ်ခုကို ကြားနေရသည်။ မောင်ပန်းထွေး ကိုယ့်ရင်ခုန်သံကို ကိုယ်ပြန်ကြားနေရသည်။ အခုချိန်မှာ ထပြန်သွားဖို့ကလည်း မဖြစ်။

ဆရာက အခန်းထဲသို့ဝင်လာသည်။ ဆရာ့ကို မော့မကြည့်ရဲ။ ဆရာက ကျောက်သင်ပုန်းဘက်သို့ လျှောက်သွားသည်။ ကျောက်သင်ပုန်းပေါ်မှာ စာများကိုဖျက်နေစဉ် အခြားအတန်းသားများ ၀င်လာလေသည်။ စာသင်ချိန်တစ်လျှောက်လုံးလည်း မောင်ပန်းမွှေးခေါင်းကို တွင်တွင်ငုံ့ထားမိသည်။ တစ်ချိန်မှာတော့ ဆရာနှင့်အကြည့်ဆုံလေပြီ။ ဆရာ၏စူးရဲသော အကြည့်တို့သည် မောင်ပန်းထွေး၏ ရိုးတွင်းခြင်ဆီတို့အထဲထိ စိမ့်ဝင်သွားသလို။ မောင်ပန်းထွေးကိုယ် ဆတ်ကနဲတုန်သွားတော့ ဆရာ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်စလှစ်ကနဲ။

ဆရာနှင့်ပို၍ပို၍ဝေးရန် မောင်ပန်းထွေးနေတတ်လာသည်။ ဆရာ့သည် သူ့အတွက် ထိုးဖောက်၍မရသော သံတောင်အထပ်ထပ်လို ခံစားလာရသည်။ နဂိုကတည်းက မောင်ပန်းထွေကို စကားမပြောသော ဆရာကလည်း ထိုနေ့တစ်ရက်မှာစပြီး မောင်းပန်းထွေးကို လုံးဝလစ်လျူရှုလိုက်လေတော့သည်။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

တစ်ကယ်တော့ စစ်မှန်တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဟာ မြေသြဇာနဲ့တူတယ်။
ကိုယ်ကြီးထွားရှင်သန်စေချင်တဲ့ အပင်လေးတစ်ပင် လှပဖြစ်မြောက်အောင်မြင်သွားတဲ့နေ့ဟာ
သူ့မှာရှိတဲ့မြေသြဇာအဆီအနှစ်တွေ ကုန်ခမ်းသွားချိန်လည်း ဖြစ်နိုင်တယ်။
သူကတော့ မြေဆီလွှာမဲ့တဲ့ဘ၀နဲ့ မြေပြင်ပေါ်မှာ တုံးတုံးလဲကျနေချိန်မှာ
သူပြုစုပျိုးထောင်လိုက်တဲ့ အပင်ကလေးကတော့ အညွှန့်တလူလူဖြစ်နေတာကို
ကျေနပ်ပီတိဖြစ်စွာ ငေးကြည့်နေတတ်လိမ့်မယ်။
ပန်းပင်ကလေးက ပွင့်ဖတ်ခြွေချလို့ မြေဆီလွှာကို ခွန်အားပြန်ဖြည့်ပေးလိုက်မှာကိုတောင် စိုးရိမ်တတ်တယ်..
ပန်းပင်ကလေး ဒီလိုလန်းဆန်းနေတာကိုလည်း မနာလိုမဖြစ်သလို… ဆရာကို အံတုတယ်လို့လည်း ထင်မှာမဟုတ်ဘူး။
ဒီလိုစေတနာဆရာပေါင်းများစွာရဲ့ တပည့်ဖြစ်ခွင့်ရခဲ့တာကိုလည်း အမြဲသတိရလို့ ကျေးဇူးတင်ဦးထိပ်ထားနေမှာ ဖြစ်ပါတယ်။
(အိမ့်ချမ်းမြေ့)

♫ ♥●••·˙ ဘုန်းတော်ဘွဲ့တွေကြားက ဘယ်သူမှ သိပ်မပြောဖြစ်တဲ့ ခါးသက်သက်ဖြစ်ရပ်မှန်လေးတွေကို ခံစားကြည့်ရင်း….˙·••●♥♫

မပန်းခက် (မတ်တပ်ရပ်နေသူများ -ပထမပိုင်း)

မောင်ပန်းမွှေးနှင့် မပန်းသွယ် (မတ်တပ်ရပ်နေသူများ ၂)

ဆက်ရန်…

P Please consider the environment before printing this page

8 Comments »

  1. ဖတ်ရင်းနဲ့ ဒေါသအလိပ်လိုက်ထွက်လာမိတယ်မလေးရေ။
    စာအရေးအသား အရမ်းကောင်းတာပဲဗျာ။ လူကိုမျောသွားတာ

    Comment by Yan Naing — May 21, 2012 @ 2:15 am

  2. သူသူ ကိုးတန်းတုန်းက အဖြစ်အပျက်ကို သတိရမိတယ် မလေး
    အတန်းပိုင်ဆရာက Chemistry သင်တယ်
    ဆရာမကျူရှင်ကို တစ်တန်းလုံးနီးပါးတက်ကြတယ်
    သူသူ မတက်နိုင်ခဲ့ဘူး
    လစဉ်စာမေးပွဲ အမှတ်ထွက်တော့ ဆရာမဘာသာကော တခြား Physics & Biology သုံးဘာသာပေါင်း ကို ကိုးဆယ်ကျော်ရတယ်
    ( အဲ့ တုန်းက သာသာတွဲတဲ့ ခေတ်ကိုး….ကိုးဘာသာ သင်ရတဲ့ စနစ်လေ)
    ဆရာမChemistry ဘာသာက 35 ပေးတာမှာ 35 ရတော့ အဲ့ ဆရာမ သူသူ့ကို ဘာမေးသလဲ သိလား
    နင် ဘာလို့ ပြည့်နေတာလဲ တဲ့ :))

    ဆရာမကို အကြောင်သားပဲ ငေးကြည့်နေမိတယ်
    တကယ်ဆိုရင် အမှတ်ပြည့်တဲ့ တပည့်တစ်ယောက်ကို ဆရာတစ်ယောက်က ချီးမွမ်းပေးရမှာ၊ အပြုံးတစ်ချက်တော့ ပြသင့်တယ် မဟုတ်လား
    ဒါပါပဲ မလေး
    ပြောစရာတွေတော့ အများကြီးရယ်ပါ
    ဒီပို့စ် နဲ့ ဆိုင်တာပဲ ပြောခဲ့ပါတယ်
    မလေး ဆက်ရေးပါဦး
    ချစ်တဲ့
    ညီမလေး …..သူသူ

    Comment by shweainsi — May 21, 2012 @ 10:09 pm

  3. ငယ်စဉ်က အထင်ကြီးလေးစားအားကျခဲ့ရတဲ့ စေတနာထက်သန်စွာနဲ့ ကြင်ကြင်နာနာ ဖေးဖေးမမ ရှိခဲ့တဲ့ ဆရာဆရာမတွေနဲ့ ကြုံဆုံခဲ့ရဖူးသလို သူ့ကျူရှင်မတက်လို့ဆိုပြီး ခွဲခြားဆက်ဆံတတ်တဲ့ ဆရာဆရာမတွေနဲ့လည်း ကြုံခဲ့ရဖူးပါတယ်။
    ရင်ထဲမှာ ပြောစရာတွေကတော့ အများကြီးပါပဲ။
    တစ်နေ့နေ့တော့ မလေးလိုမျိုး ရေးချဖြစ်မယ် ထင်ပါတယ်ဗျာ.
    နောက်ဆက်တွဲတွေ မျှော်နေမယ် မလေး.

    ခင်မင်လျက်

    Y.

    Comment by Yan — May 22, 2012 @ 12:21 pm

  4. ၆တန်းတုန်းက… ပထ၀ီသင်တဲ့ဆရာမ ကိုအရမ်းကြောက်ခဲ့ဖူးတယ်..
    ကြည့်လိုက်ရင်မျက်ထောင့်နီကြီးနဲ့….
    စာသင်တဲ့အချိန် စကားသံနဲနဲထွက်တာကြားတာနဲ့တစ်ခန်းလုံးခုန်ပေါ်တက် အရိုက်ခံရတယ်…
    တစ်ခေါက် ဆရာမ ခုံပေါ်မှာ ခြေချင်းချိတ်ထိုင်တာ ထမီနဲနဲတိုတော့ အောက်ခံစကတ်ကပေါ်နေရော..
    အဲဒါနဲ့ အရှေ့ဆုံးတန်းကကျောင်းသားက ဆရာမကိုတိုးတိုးလေးသွားပြောတာ…
    ဆရာမက ငါတောင်ထိုင်ရဲသေးတာ နင်ကဘာကိုမကြည့်ရဲစရာရှိလဲလို့ အော်ပြောတော့သူမှာရှက်လို့…
    နောက်တစ်ပတ်လောက်ကျောင်းပျက်သွားတယ်…..

    Comment by စန္ဒကူးမေ — May 23, 2012 @ 7:22 pm

  5. ဟုတ်တယ်နော်ဒါကြောင့်မို့ထင်ပါတယ်
    ဆရာတစ်ချို့အမြဲပြောတတ်ကြတယ်
    တပည့်ဆိုတာ ဆရာထက်ပိုပြီးတော်ကြတယ်တဲ့(ရိုးသားကျိုးစားသောတပည့်များသာ)

    Comment by စံပယ်ချို(တောင်ကြီး) — May 24, 2012 @ 8:03 am

  6. ဘုန်းတော်ဘွဲ့တွေကြားက ဘယ်သူမှ သိပ်မပြောဖြစ်တဲ့ ခါးသက်သက်ဖြစ်ရပ်မှန်လေးတွေကို ခံစားကြည့်ရင်း………..။

    ဟူးးးးးးးးးးးး ရင်မောတယ် မလေးရယ်။ ဒီလို ခါးသက်သက်တွေ ဖတ်မိတော့ တူးငယ်ရဲ့ ငယ်ဘ၀လေးတွေ ချိုမြိန်ခဲ့တာ ပြန်ပြောင်း အောက်မေ့ သတိရရင်း သက်ဆိုင်ရာ ဆရာ၊ ဆရာမအားလုံးကို ကျေးဇူးတင်မြတ်နိုးလျက်။

    Comment by Nora (aka) Tu Tu Nge Nge — May 30, 2012 @ 5:21 am

  7. I think students’ parents’ should demand to prescribe a federal law in Myanmar .

    Comment by pyaykaungaung — June 7, 2012 @ 9:41 pm

  8. I mean to restraint from beating and brutal punishment.

    Comment by pyaykaungaung — June 7, 2012 @ 9:45 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------