♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 7, 2012

မောင်ပန်းမွှေးနှင့် မပန်းသွယ် (မတ်တပ်ရပ်နေသူများ ၂)

Filed under: အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:34 am
“ဟေ့ မောင်ပန်းမွှေး… နင် ဘယ်ကျောင်းက ပြောင်းလာလာ၊ ငါတို့ကျောင်းမှာ ဒါမျိုးတွေလာလုပ်လို့ မရဘူး”…..

မပန်းခက် (မတ်တပ်ရပ်နေသူများ -ပထမပိုင်း)

မောင်ပန်းမွှေး

သစ်ရိပ်ဝါးရိပ်တွေအောက်က ကျောင်းကလေးသည် မောင်ပန်းမွှေး နေခဲ့ဖူးသော မြို့ထဲက ကျောင်းကြီးကဲ့သို့ ထည်ထည်ဝါ၀ါမရှိသော်လည်း သာမန်ဆန်ပြီး နှစ်လိုဖွယ်ရာ ရှိလှသည်။ ကျောင်းသစ်၊ ဆရာ-ဆရာမအသစ်၊ သူငယ်ချင်းအသစ်၊ အရာရာအသစ်အဆန်းများကို ရင်ဆိုင်ရမည်ဖြစ်၍ အနည်းငယ် စိုးရိမ်မိသည်။ မောင်ပန်းမွှေးသည် သူငယ်ချင်းဟောင်းများကို လွမ်းဆွတ်နေမိသော်လည်း သူငယ်ချင်းအသစ်များ ရခြင်းသည်လည်း ကောင်း၏ဟု မိမိစိတ်ကိုဖြေလိုက်သည်။ မောင်ပန်းမွှေးသည် သန္ဓေကောင်းသူပီပီ၊ ကျောင်းသစ်ကို လိုက်ပို့သည့် မိဘများစိတ်ချမ်းသာစေရန် စိုးရိမ်စိတ်ကို အပြုံးဖြင့်ဖုံးပြီး ကျောင်းဝင်းလေးထဲသို့ ၀င်သွားလေသည်။

ကျောင်းထဲရောက်သွားသည်နှင့် ကျောင်းစင်္ကြပေါ်မှာ ကျောင်းသူ-ကျောင်းသားများသည် ဆူညံစွာရှိနေကြသည်။ အော်ဟစ်တိုးတိုက်ပြီး ပြေးလွှားသွားကြသူများလည်းရှိသည်။ အရင်ကျောင်းမှာတုန်းကဆိုလျှင် ဆရာ-ဆရာမတစ်ဦးဦးနှင့် စင်္ကြမှာမျက်နှာချင်းဆိုင်မိလျှင် လက်ကိုပိုက် ခေါင်းကိုငုံ့လျှက် “မင်္ဂလာပါ ဆရာ” “မင်္ဂလာပါ ဆရာမ” ဟု နှုတ်ဆက်ရလေ့ရှိသည်။ ကျောင်းစင်္ကြတို့သည်လည်း တိတ်ဆိတ်နေလေ့ရှိသည်။ စင်္ကြပေါ်မှာ ပြေးလွှားခြင်း၊ တွန်းထိုးခြင်း၊ အော်ဟစ်ရယ်မောခြင်းများ ပြုခွင့်မရှိ။ မုန့်စားဆင်းချိန်များမှာသာ ကစားကွင်းထဲတွင် အော်ဟစ်ရယ်မော ကစားခွင့် ရှိလေသည်။ ယခု စင်္ကြပေါ်တွင် ပြေးလွှားဆော့ကစားနေသူများကို အံ့သြပြီး မောင်ပန်းမွှေးကြည့်နေမိသည်။ လွတ်လပ်ခြင်းနှင့်စည်းကမ်းရှိခြင်း၏ ဆန့်ကျင်ဘက်ဒွန်တွဲမှုကြားက ပျော်ရွှင်မှုကို ခံစားလိုက်မိသည်။

ကျောင်းသားသစ်မောင်ပန်းမွှေးသည် နယ်မြေသစ်ကျောင်းသစ်မှာ အနည်ကျရန်ကြိုးစားနေခဲ့ပြီ။ သူ၏ အတန်းပို်င်ဆရာမက မောင်ပန်းမွှေးကို ချစ်သော်လည်း၊ သင်္ချာဆရာမကမူ သူ့ကိုအလိုလိုနေရင်း အမုန်းပွားနေသည်ဟု မောင်ပန်းမွှေးခံစားနေရသည်။ သင်္ချာဆရာမသည် ချပ်ချပ်ရပ်ရပ်နှင့် ထင်ရှားသော မေးရိုးများရှိသည်။ ဆရာမ၏ မျက်လုံးများသည် မောင်ပန်းမွှေးအပေါ်တွင် အထူးစူးရှလွန်းသည်။

“ဟေ့ မောင်ပန်းမွှေး… နင် ဘယ်ကျောင်းက ပြောင်းလာလာ၊ ငါတို့ကျောင်းမှာ ဒါမျိုးတွေလာလုပ်လို့ မရဘူး”

လေ့ကျင့်ခန်းစာအုပ်တွေကို စားပွဲပေါ်ထပ်ထားပြီး မိမိခုံမှာ ပြန်ထိုင်နေသော မောင်ပန်းမွှေး ဆရာမ၏ စူးစူးရှရှအသံကြောင့် တုန်သွားသည်။

“ငါတို့ကျောင်းမှာ ဒါမျိုးတွေလာလုပ်လို့ မရဘူး” ဟူသော ဆရာမ၏ စကားကို မောင်ပန်းမွှေး နားမလည်။ မောင်ပန်းမွှေး ဒီကျောင်းကလေးကို ပြောင်းလာသည်မှာ ဆရာမ မကြိုက်ဘူးလား၊ တစ်ကယ်ဆို အရင်တုန်းကတက်ခဲ့သော ထည်ဝါသောကျောင်းကြီးထက် သစ်ရိပ်ဝါးရိပ်အောက်က ဒီကျောင်းကလေးကို မောင်ပန်းမွှေး ပိုနှစ်သက်သည်ပဲ။ ဒီကျောင်းဟာ မောင်ပန်းမွှေးရဲ့ ကျောင်းဖြစ်နေပြီ။ မောင်ပန်းမွှေးကို ဆရာမက ယခုထိ ဒီကျောင်းက ကျောင်းသားအနေနှင့် လက်မခံနိုင်သေးတာလား။

“ဖျောင်း…”

မောင်ပန်းမွှေး၏ လေ့ကျင့်ခဏ်းစာအုပ်လေးသည် စာသင်ခန်းအပြင်က စင်္ကြပေါ်အထိ လွင့်စင်သွားသည်။ မောင်ပန်းမွှေးတစ်ကိုယ်လုံး ရှက်သိစိတ်ဖြင့်မွှန်ထူတုန်ယင်နေလေပြီ။ အတန်းထဲက ကျောင်းသားများ၏မျက်လုံးပေါင်းများစွာကလည်း မောင်ပန်းမွှေးကိုယ်ပေါ်မှာ။

“ခုံပေါ်မှာ တက်ရပ်နေစမ်း”

မောင်ပန်းမွှေး ခုံပေါ်မှာ တက်ရပ်နေရင်း မျက်ရည်မကျအောင် ထိန်းထားခဲ့သည်။ ဆရာမ သူ့ကို ဘာကြောင့်စိတ်ဆိုးတာလဲ ဆိုတာ မောင်ပန်းမွှေးမသိ၊ “ငါတို့ကျောင်းမှာ ဒါမျိုးတွေ လာလုပ်လို့ မရဘူး” ဆိုသည်ကိုလည်း နားမလည်၊ သူဘာအမှားလုပ်သည်ဆိုတာကိုလည်း ဆရာမက မရှင်းပြ။ အရင်တုန်းက သင်္ချာမှားတွက်သည်ဆိုလျှင်လည်း ဘယ်ဆရာ-ဆရာမကမှ ခုံပေါ်မှာ တက်မရပ်ခိုင်း။ မှားသည့်သင်္ချာကို ပြန်တွက်ခိုင်းလျှင်တွက်ခိုင်းမည်၊ မုန့်စားချိန်မှာ သင်္ချာတွက်ပြီးမှ သွားကစားခိုင်းလျှင်ကစားခိုင်းမည်၊ ဒါမှမဟုတ်လည်း ဒဏ်ပေးသည့်အနေနှင့် အဲသလိုဆန်ဆန်ပုစ္ဆာ သုံးလေးပုဒ်ကို အိမ်မှာတွက်ခိုင်းလျှင် တွက်ခိုင်းမည်။ ယခုလည်း မောင်ပန်းမွှေး လေ့ကျင်းခဏ်းစာအုပ်ထဲမှာ ဆရာမခိုင်းသည်အတိုင်း တသွေမတိမ်း။ ဆရာမသည် သူမ စိတ်ပြေလောက်သည့် အခါကျမှ ခုံအောက်ကို ဆင်းခိုင်းသည်။ ပြီးတော့မှ လေ့ကျင့်ခဏ်းစာအုပ်ကို သွားကောက်ခိုင်းသည်။ အိမ်ရောက်တော့ မိဘမသိအောင် အခြားလူမသိအောင် မျက်ရည်ကျခဲ့သည်။ ထိုနေ့ကစပြီး သင်္ချာဘာသာ ကို မောင်ပန်းမွှေး မုန်းခဲ့ပြီ။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

မပန်းသွယ်

ပန်းသွယ်၏ ကိုယ်လုံးကိုယ်ထည်သည် အတန်းထဲက အရွယ်တူမန်မိန်းကလေးတို့ထက် ထွားကျိုင်းသည်။ အရပ်ရှည်ရှည် ကိုယ်လုံးတောင့်တောင့်မို့ ရှိသည့်အသက်ထက် ပိုကြီးသည်ဟု ဆရာမများက ထင်တတ်ကြသည်။ ထို့ကြောင့် ကျောင်းသစ်သို့ရောက်လာသော ပန်းသွယ်ကို စာသင်ခုံ၏ နောက်ဆုံးတန်း၏ ရှေ့နှစ်တန်းတွင် နေရာပေးထားလေ၏။ နောက်တန်းများတွင်လည်း ပန်းသွယ်လို အရပ်ရှည်ရှည် မိန်းကလေးတွေ ရှိနေတတ်သည်။
ရှေ့နားက ကျောင်းသူလေးများသည် ဆရာမနှင့် အနီးဆုံးရှိနေသဖြင့်၊ အနည်းဆုံးတော့ ဆရာမကို တစ်စုံတစ်ရာမေးလိုပါက ပိုမိုပြီးလွယ်ကူကြသည်။ ဆရာမနှင့်လည်း အပြန်အလှန်ဆက်နွယ်မှုပိုရှိသည်။ အထူးသဖြင့် အနောက်တန်းများသို့ တစ်နေ့လုံးနေမှ တစ်ခေါက်ရောက်မလာတတ်သော ဆရာမများကိုဆိုလျှင၊် နောက်တန်းမှ ကျောင်းသူများအနေနှင့် စကားလှမ်းပြောရဖို့၊ တစ်ခုခုမေးရဖို့ကို တော်တော်လေးအားထုတ်ရမည်။ ဆရာမများအနေနှင့်လည်း ရှေ့တန်းများမှာ ထိုင်သော ကျောင်းသူများ၏ အမည်များကိုသာ အလွတ်ရပုံရလေသည်။ နောက်တန်းမှ ကျောင်းသူများအဖို့အတွက်မူ အချဉ်ထုတ်ခိုးစားရန်၊ ကဗျာခိုးစပ်ရန်၊ ကာတွန်းခိုးဖတ်ရန်၊ ကျောင်းပြူတင်းမှဖြတ်ကာ အပြင်က တိမ်ဖြူဖြူများ၊ စွန်များ၊ ငှက်ကလေးများကို ငေးရန် အခွင့်အရေးပိုပေးထားသလို ဖြစ်နေလေ၏။

ပထမအစမ်းစာမေးပွဲပြီးသောအခါမှ နောက်တန်းမှ ကျောင်းသူများထဲမှအချို့ အဆင့်တစ်မှငါးအတွင်းရသောအခါမှ ဆရာမများသည် အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်လာကာ၊ ထိုကျောင်းသူများကို မသိမသာ အရေးပေးလာမှုများ ပြုလာကြလေ၏။ ထိုသို့သော ကျောင်းသူများသည် အခြားသောအကြောင်းများဖြင့်လည်း ရှေ့တန်းသို့ရောက်သွားတတ်သေးသည်။

ပန်းသွယ်၏ကျောင်းသည် မိန်းကလေးကျောင်းမို့ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားလို့ရသည်။ မိန်းကလေးချည်းပဲ ရှိသည့်ကျောင်းမို့ အချို့မိန်းကလေးများသည် ယောင်္ကျားလေးများထက်ပင် ဆော့ကစားတတ်သည်ကို မည်သူကမျှ ယုံကြည်နိုင်မည် မဟုတ်။ သတ္တမတန်းမှာ ထမီစ၀တ်ရမည်ဟူသော ကျောင်းအမိန့်ကြောင့် ထမီကိုမ၀တ်တတ်ဝတ်တတ်ဖြင့်ဝတ်ကာ မုန့်စားဆင်းချိန်တစ်ချိန်တွင် ကျောင်းဘေးမြက်ခင်းတွင် အီစွတ်သွားခုန်မိသည့် ပန်းသွယ်တစ်ယောက်၊ ဒုက္ခလှလှရောက်သဖြင့် ရှက်ပြီး အတန်းထဲပြန်လာကာ ငူငူကြီးထိုင်နေလေ၏။

“ဒီကျောင်းမှာ မိန်းကလေးချည်းပဲ”

“ဘာမှရှက်မနေနဲ့” “ပြန်လာခဲ့” ဟူသော သူငယ်ချင်းများ၏ လှမ်းခေါ်သံများကို မျက်ကွယ်ပြုကာ အတန်းထဲသို့ ပြန်ပြေးလာခဲ့သည်။ ပန်းသွယ် ငူနေရသောအကြောင်းနောက်တစ်ခုမှာလည်း သူမထိုင်နေသော ခုံအစွန်နေရာမှ ကျောက်သင်ပုန်းသို့ကြည့်လျှင် ကျောက်သင်ပုန်းသုံးပုံတစ်ပုံခန့်က အလင်းပြန်ကာ၊ အထူးသဖြင့်နေပူသောနေ့များတွင် သင်ပုန်းပေါ်မှ စာများကို မမြင်ရသောကြောင့်ဖြစ်သည်။ မုန့်စားဆင်းချိန် မည်သူမျှမရှိသောအတန်းထဲတွင် တစ်ယောက်တည်းထိုင်နေသော ပန်းသွယ်ကို စင်္ကြမှဖြတ်သွားသော ဆရာမတစ်ဦးက စူးစူးရဲရဲလှမ်းကြည့်သွားသည်။ ထိုဆရာမသည် အခြားအခန်းများမှာ အင်္ဂလိပ်စာသင်သော အင်္ဂလိပ်ဆရာမတစ်ဦးဖြစ်သည်။ ထိုဆရာမသည် ရင်ဘတ်တွင်နှင်းဆီပန်းတစ်ပွင့် အမြဲထိုးထားတတ်သည်။ ဆံပင်ကိုခပ်မြင့်မြင့်ထုံးကာ၊ လက်ကလည်းကြိမ်လုံးတစ်ချောင်းကို အမြဲကိုင်ထားတတ်၏။ ထိုဆရာမ၏ ဖိနပ်သံ တောက်တောက် ကို အဝေးကပင်ကြားရတတ်သည်။

အတန်းပြန်တက်တော့ ဆရာမက သင်ပုန်းပေါ်မှာ စာတွေရေးလေသည်။ စာများကိုကူးနေသော ပန်းသွယ်၊ အလင်းပြန်သင်ပုန်းကြောင့် မမြင်ရသောနေရာအရောက်တွက် မတ်တပ်လေးရပ်ပြီး ကူးလေသည်။ မြင်ရသောနေရာရောက်လျှင် ထိုင်ပြီးကူးလေ၏။ ပန်းသွယ်လို အလင်းပြန်လမ်းကြောင်းပေါ်က ကျောင်းသူလေးများလည်း ထိုနည်းတူ စာကူးနေကြလေသည်။ ဆရာမသည် သင်ပုန်းပေါ်တွင် စာတွေရေးအပြီး တစ်နေရာသို့ထွက်သွားလေပြီ။ စာကူးနေသော ပန်းသွယ်တို့အခန်းဘေး စင်္ကြပေါ်မှာ ယခုနက အင်္ဂလိပ်စာဆရာမက ဖြတ်လျှောက်ပြန်လေ၏။ မတ်တပ်ရပ်နေသော ပန်းသွယ်တို့အနားသို့ ထိုဆရာမ ရောက်လာသည်။ ပန်းသွယ်စာကို ဆက်ကူးနေလိုက်သည်။

“ဖျန်း”

ပန်းသွယ်တစ်ကိုယ်လုံး တုန်သွားသည်။ အံ့သြစိတ်ဖြင့် ပန်းသွယ်အသံလာရာသို့ ကြည့်လိုက်သည်။ ရှက်ရွံနားမလည်သောမျက်လုံးများမှ မျက်ရည်များ ၀ဲလာသော နောက်တန်းက သူငယ်ချင်းမကို တွေ့လိုက်ရစဉ်၊ ထိုအင်္ဂလိပ်ဆရာမသည် ကိုယ်ကိုတစ်ပတ်လှည့်ကာ၊ လက်ကကြိမ်လုံးကို ရမ်းလျှက် ခွာသံပြင်းပြင်းဖြင့်ထွက်ခွာသွားလေတော့သည်။

ကိုယ်ကိုချာကနဲလှည့်ချိန်တွင် စကားတစ်ခွန်းလည်း ပြောသွားသေးသည်။

“-င်တွေ မပါကြဘူးလား၊ စာကိုထိုင်ကူး”
သူငယ်ချင်းမက ခုံပေါ်ကို ထိုင်ချလိုက်ပြီး ရှက်ပြီး ရှိုက်၍ငိုနေလေပြီ။
“မိန်းကလေးတွေချည်းပဲမို့ တော်သေးတာပေါ့”
“ယောင်္ကျားလေးတွေရှေ့မှာဆို ဘယ်လောက်ပိုရှက်လိုက်မလဲ” ဟု၊ ပန်းသွယ်တို့ တွေးနေခဲ့မိသည်။

ဒီဘက်ကျောက်သင်ပုန်းထောင့်က အတန်းတစ်တန်းလုံးနီးပါး ထိုင်လိုက်ထလိုက်ဖြင့် စာကူးနေကြရသည့်အကြောင်းရင်းကို၊ အနည်းငယ်မျှ လေ့လာမှု၊ စူးစမ်းမေးမြန်းမှု မရှိဘဲ၊ ကြိမ်လုံးတရမ်းရမ်းဖြင့် နီးရာလူကို ရွှမ်းသွားသော ဒေါက်မြင့်ခွာသံတတောက်တောက်ဖြင့် ထိုအင်္ဂလိပ်ဆရာမကို ဘယ်ကျောင်းသူကမျှထပြီး ဖြေရှင်းချက်လည်းမထုတ်၊ ထုတ်ခဲ့လျှင်လည်း လက်မြန်ခြေမြန်ဖြင့် ထပ်ရွှမ်းခံရမည်မှာလားလည်း မသေချာ၊ သည်လိုမျိုး စိတ်လွတ်ကိုယ်လွတ်ရိုက်နှက်သည်ကိုလည်း ဘယ်သူကမှလည်း မှားသည်မထင်။ ထိုဒေါက်မြင့်ခွာသံတတောက်တောက်ဖြင့် ရင်ဘတ်တွင်နှင်းဆီဖြင့်ထိုဆရာမသည်ကား၊ မိမိကိုယ်ကို ထက်မြက်၍ စည်းကမ်းရှိသူဟု ထင်မြင်ကာ၊ နှစ်ပေါင်းများစွာ ထိုအဖြစ်ကို ဂုဏ်ယူကောင်းဂုဏ်ယူနေပေလိမ့်မည်။

ပန်းသွယ်ကမူ …..

(ဆက်ရန်…)

♫ ♥●••·˙ ဘုန်းတော်ဘွဲ့တွေကြားက ဘယ်သူမှ သိပ်မပြောဖြစ်တဲ့ ခါးသက်သက်ဖြစ်ရပ်မှန်လေးတွေကို ခံစားကြည့်ကြရအောင်ပါ….˙·••●♥♫

P Please consider the environment before printing this page

15 Comments »

  1. ဆရာမရေးတဲ့ အဲလို ကလေးပညာရေး စာလေးတွေ အရမ်းသဘောကျတယ်ဗျာ… ငယ်ငယ်က ပညာသင်ချိန်တွေကို ပြန်အမှတ်ရမိသွားတတ်တယ်… စိတ်ထဲမှာလည်း တစ်ခုခုကို ခံစားမိသလိုမျိုး ဖြစ်ဖြစ်သွားတယ်… ကျေးဇူးတင်ပါတယ်ဗျာ… ခုလို စာလေးတွေ ဖတ်ခွင့်ရလို့…

    Comment by Min Myo Oo — May 7, 2012 @ 1:04 am

  2. ဒီတစ်ပိုင်းလည်း တစ်မျိုးလေးပဲ

    Comment by လွမ်းသုရင် — May 7, 2012 @ 1:04 am

  3. အင်း.. အဲလို ဆရာမမျိုးတွေနဲ့ မတွေ့ခဲ့ဖူးတာ ကံကောင်းလိုက်လေခြင်းနော်…

    Comment by သိင်္ဂါကျော် — May 8, 2012 @ 1:15 pm

  4. မလေးရေ…. ဒီစာလေးတွေက မလေးရဲ့ လမင်းရှိုက်သံနဲ့အခြားဝတ္တုတိုများ စာအုပ် လိုပဲ စာအုပ်ထုတ်ဖြစ်ရင် သိပ်ကောင်းမှာပဲ။ ဒီစာမျိုးကတော့ အတွေးအမြင်ဆိုတာထက် ပညာပေးစာပေအမျိုးအစားထဲ ပါဝင်မယ် ထင်တယ်။ တစ်ကယ်တမ်းတော့ ကလေးတွေကို ပြုစုပျိုးထောင်တယ်ဆိုတာ ပန်းပင်လေးတွေ စိုက်ပျိုးသလိုပါပဲ။ ဒါကြောင့်လည်း ဆရာ၊ဆရာမတွေကို ဥယျာဉ်မှုးနဲ့ တင်စားကြတယ် ထင်ပါရဲ့။ တူးငယ်လည်း ကိုယ်တိုင် အိမ်ထောင်သားမွေး မပြုဖူးသေးပေမယ့် အိမ်မှာ တူလေးတွေ၊ တူမလေးတွေနဲ့ နေခဲ့ဖူးတော့ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး အလေးထားသင့်တယ်၊ သူတို့ကို ဆုံးမခါနီးတိုင်း သူတို့လေးတွေဘက်က တွေးတောဆင်ခြင်သင့်တယ်ဆိုတာ လက်တွေ့ သိခဲ့ရဖူးပါတယ်။ ဒါတောင် ကိုယ်တွေမှာ တစ်ခါတစ်လေ ဒေါသအလျောက် ပြောလိုက် ဆူလိုက်မိတာတွေ ရှိသေးတယ်။ ဆရာ၊ ဆရာမတွေကတော့ ဒါဟာ သူတို့ရဲ့ professional အလုပ်မို့ အများကြီး လေ့လာသင့်တယ်။ ဆရာဝန်တွေ၊ သူနာပြုတွေကို ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဘာသာတစ်ခုအနေနဲ့ သပ်သပ်လေ့လာခိုင်းသလိုမျိုးပေါ့။ ဒီကလေးတွေဟာ နောင်တစ်ချိန်မှာ အနာဂတ်ရဲ့ လူငယ်တွေ ဖြစ်လာကြမှာမို့။ ကမ္ဘာမြေကြီးရဲ့ အရောင်အသွေးစိုပြေလှပဖို့ အတိုင်းအတာက သူတို့လေးတွေ ငယ်စဉ်ဘ၀ ဆရာ၊ဆရာမတွေရဲ့ ဆေးရောင်ခြယ်မှုက အဓိကကျတဲ့ အခန်း ကဏ္ဍက ပါဝင်နေတယ်ဆိုတာ ဆရာ၊ဆရာမတွေ မမေ့ထားသင့်ဘူး။ လူဆိုတာ ကိုယ့်ဘာသာကိုယ် အပြစ်မမြင်မိတတ်ကြတဲ့အမျိုးပဲမို့ ဒီလို ပညာပေးစာလေးတွေက အနည်းဆုံးတော့ ဆရာ၊ဆရာမတွေကို remind လုပ်သလိုမျိုး ဖြစ်နိုင်မှာပါ။ မလေးစာလေးတွေက ပညာပေးစစ်စစ်မဟုတ်ပဲ အတွေးအမြင်နဲ့ ပညာပေးလေးလုပ်ထားတော့ (ကိုယ်ကသာ ဆရာလုပ်မယ်။ ကိုယ့်ကို ဆရာပြန်လုပ်ရင် မကြိုက်တတ်ကြတဲ့) ဆရာ၊ ဆရာမတွေအတွက်တော့ လက်ခံနိုင်မယ့် စာမျိုးလေးတွေပါ။ ဆရာ၊ဆရာမတွေမှ မဟုတ်ဘူး။ ကိုယ့်မျိုးဆက်တွေအတွက် လက်ဦးဆရာ ဖြစ်လာမယ့် တူးငယ်တို့လို့ လူငယ်လေးတွေအတွက် အများကြီး တွေးတောဆင်ခြင်နိုင်မယ့် စာတွေကို မျှဝေတဲ့အတွက် ကျေးဇူးပါ မလေး။

    မလေးရေ…မတ်တပ်ရပ်နေသူများ (၂) အတွက် comment က ရှည်သွားတော့ လူတွေက တူးငယ်ကို ဆရာကြီးလာလုပ်နေတယ်ဆိုပြီး တစ်မျိုးမြင်ကြမှာစိုးလို့ message ကနေပဲ ပို့လိုက်တယ်နော်။ ဗျူးဗျူးဗြဲဗြဲ လုပ်တယ် ထင်ကြမှာစိုးလို့။ :)

    Comment by Nora Gal — May 8, 2012 @ 10:51 pm

  5. ပန်းခက် (မတ်တပ်ရပ်နေသူများ) နဲ့ မောင်ပန်းမွှေးနှင့် မပန်းသွယ် (မတ်တပ်ရပ်နေသူများ ၂) ကို ကြက်သီးထစွာနဲ့ ဖတ်သွားပါတယ် .. မြန်မာပြည်ရဲ့ ပညာရေး စနစ်က အကြီးအကျယ် မှားယွင်းနေတယ်လို့ ထင်တယ် .. ဆရာမတွေ အုပ်ချုပ်မှု ပုံစံကိုက မှားနေတယ်လို့ ယူဆတယ် .. ကလေးတွေကို ငယ်ငယ်ကတည်းက ကြောက်စိတ်ဝင်အောင် လုပ်ပေးသလိုပဲ .. အပြစ်မရှိ ငယ်ရွယ်နုငယ်တဲ့ ကလေးတွေကို အလကားနေ ခြောက်လန့်နေသလိုပဲ .. ကိုယ်ကိုယ်တိုင်လဲ ငယ်ငယ်က ဒါမျိုးဆန်ဆန်တွေ ကြုံခဲ့ဘူးတယ် .. အခု ပိုဆိုးလာတယ်လို့ ထင်တယ် .. အနာဂတ်ရဲ့ ကလေးများအားလုံး ကံကောင်းပါစေလို့ ..

    Comment by shwekhaing — May 9, 2012 @ 12:37 am

  6. အင်းးး
    အဖြစ်အပျက်တွေကတော့ တကယ်အများကြီးရှိတယ် မလေး
    အပိုင်းလိုက်၊ အကန့်လိုက်လေး ဆွဲခေါ်ရေးပြသွားနိုင်ရင် ပိုကောင်းတယ်
    လူငယ်စာပေတွေ သဘောကျတယ်
    လူငယ်တွေမှ လူကြီးတွေပါ ဖတ်သင့်တဲ့၊ သိထားသင့်တဲ့ စာမျိုးလေးတွေ
    Teen မှာဆိုရင် မသီတာ တို့လိုမျိုး ရေးပေးတာလေးတွေ တကယ် သဘောကျတာ
    အဲလို စာမျိုးတွေ ရေးဖို့က ရေးတဲ့သူက Sampathy နဲ့ မေတ္တာ၊ နှစ်ဖက်မြင်စိတ် ရှိသင့်တယ်လို့ ညီမလေး ထင်တယ်
    ညီမလေး မရေးနိုင်သေးဘူး
    မလေး ရေးတာလေး စောင့်ဖတ်မယ်
    ဆက်ရေးပါ မလေး
    မလေး က အမြင်စိတ်အေးချမ်းပါတယ်
    နောက် ရှုထောင့်တည့်မတ်ပါတယ်

    ချစ်ခင်လျှက်
    ညီမ ငယ်

    Comment by shweainsi — May 9, 2012 @ 1:15 am

  7. ဖတ်လို့  ကောင်းလိုက်တာ မလေးရေ..ဒီခေတ်ပညာရေး စနစ်ကြီးကို မီးမောင်းထိုးပြတယ်..အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ယူရမယ်ဆိုတာတွေ ထည့်ပါဦးနော်..ဆက်ရန်ကို မျှော်နေပါသည်…

    Comment by စန်းထွန်း — May 12, 2012 @ 9:39 am

  8. ဆရာ ဆရာမတွေဟာ အလွန်စေတနာနဲ့ပြည့်ဝသူတွေပါ။ ဒါပေမယ့် သူတို့ဟာလည်း လူတွေဆိုတော့ အမှားမကင်းကြပါဘူး။ တစ်ခါတစ်ရံ မရည်ရွယ်ပဲ ပြုမိတာလေးတွေဟာ နုနယ်တဲ့နှလုံးသားတွေမှာ ဒဏ်ရာရစေတဲ့အခါ…
    အဲဒီနုနယ်နှလုံးသားလေးတွေဟာ ဆရာ-ဆရာမတွေကို evaluation ပြန်ပေးခွင့်ရှိခဲ့မယ် ဆိုရင်….
    အားလုံးတွက် ပိုအဆင်ပြေမယ့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာနိုင်မလား…

    Comment by မလေး — May 14, 2012 @ 7:34 pm

  9. မိဘအလိုက်ခံထားရလွန်းလို့  အကျင့်ဆိုး ဝင်နေတဲ့ ကလေးဆိုးလေးတွေကို ရော ဘယ်လိုပြုပြင်လို့ ရနိုင်မလဲ။

    Comment by Min Myo Oo — May 14, 2012 @ 7:35 pm

  10. ကျနော်တို့တက်ခဲ့ကြတာကတော့ ဆင်းရဲသား ကျောင်းသားဆိုးတွေအများစု နေတဲ့ကျောင်းဆိုတော့ ဆရာ-ဆရာမတွေကပဲ ကျောင်းသားတွေကို လိုက်ချော့နေရတာပဲ ကြုံခဲ့ပါတယ်။ သူတို့သာမြေတောင်မြှောက်မပေးခဲ့ရင် ဒီနေ့ ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေ့မြို့ပေါ်ကျောင်းတွေ အတော်များများမှာ ကျနော်တို့ ရရှိခဲ့ဖူးတဲ့ ဆရာတွေရဲ့ မေတ္တာတွေ ဘယ်ရောက်ကုန်မှန်း မသိတော့ပါဘူး။

    Comment by Naing Tun Lin — May 14, 2012 @ 7:35 pm

  11. မိဘအလိုလိုက်ထားလို့ ကျောင်းမှာဆိုးနေရင် ဆရာ-ဆရာမတွေနဲ့ မိဘတွေ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပါတယ်။ အဲဒီနေရာမှာ မိဘတွေဟာ ဘာရာထူး-ဂုဏ်တွေ ရှိနေနေ ဆရာနဲ့မိဘမှာ ကျောင်းသားကောင်းဖို့ကလွဲလို့ ကျန်တဲ့ မဆိုင်တာတွေကိုဘေးဖယ်လို့ ဆွေးနွေးကြပါတယ်။ မိဘတောင် မနိုင်တဲ့ကျောင်းသားကျတော့လည်း သူ့ထိုက်နဲ့သူ့ကံပေါ့လေ.. ၊

    ဒီပိုစ်ကတော့ နာကျင်နှလုံးသား (လူနည်းစုလို့ပြောရမလား) သူတို့ဘက်ကနေ ရေးထားတဲ့စာမို့ လူကြိုက်များမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချို့သော ဆရာ-ဆရာမတွေရဲ့ မတရားလုပ်တာခံရသူတွေ၊ လူပုံအလယ်မှာ အရှက်ခွဲခံရသူတွေနဲ့ မျက်နှာလိုက်ခံရတဲ့ အဖြစ်တွေကို သူတို့ဘက်က ခံစားရေးကြည့်တာပါ..

    ဘယ်မိဘကတော့ ဘာရာထူးမို့၊ ဘယ်ဆရာ/ဆရာမကတော့ ဘယ်အကောင့်သား/သမီး မို့လို့ဆိုတာ မလေး လက်ရှိနေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာ နည်းတယ်။ ကလေးပညာရေးနဲ့ ကလေးအနာဂတ်ကိုပဲ သူတို့ဦးစားပေးတယ်။ တစ်နှစ်ကို သုံးခါ မိဘနဲ့ဆရာ-ဆရာမ မျက်နှာချင်းဆိုင် ဆွေးနွေးတယ်…။ ကျောင်းသူ/သား တွေကို လူပုံအလယ်မှာ အရှက်ခွဲတာမျိုးကတော့ မရှိသလောက်ရှားတယ်။ ဒါပေမယ့် ကိုယ်နေတဲ့လူမှုဝန်းကျင်ပေါ်မှာ မူတည်ပြီး humilate လုပ်လို့လုပ်နေမှန်းတောင် မသိလိုက်ဖူးထင်တယ် (မရည်ရွယ်ဘူးပေါ့နော်) ဒါပေမယ့် နှလုံးသားတွေကတော့ ထိခိုက်သွားပြီ။

    Comment by မလေး — May 14, 2012 @ 7:37 pm

  12. မလေးရေ…ကျနော် ရဲ့ ၁၀တန်းကျောင်းဘဝကို ပြန်သတိရမိပါတယ် ကျနော်တို့နယ်မှာ ဆရာမစုံလို့ ၁၀ တန်းအောင်ချင်လွန်းလို့ မြို့ပေါ်တက်ပြီး ကျောင်းပြောင်းတာ. .ကျောင်းသစ်ကိုစတက်တက်နေ့မှာ ဘဲ ဓာတုဗေဒ ဆရာမက နောက်ထပ် ကျောင်းသားသစ်ထပ်ရောက်ရင် ဆရာမ တို့ အလုပ်ထွက်စာတင်တော့မယ်လို့ ပြောလိုက်တာ .ပြီးတော့ သူဆီမှာ ကျူရှင်ယူတဲ့သူတွေကို ဘဲ ဂရုစိုက်တာတို့ကို ပြန်သတိရမိတယ်..အဲဒီကတည်းက ဒီဆရာမ ငါ့ကို ကြည့်မရဘူးထင်တယ်ဆိုတဲ့ စိတ်ကစွဲပီး ကျနော်လည်း ဓာတုဗေဒကို စိတ်မဝင်စားတော့တဲ့ အထိဖြစ်ခဲ့ရပါတယ်… ကျနော့်စိတ်မှာ ဆရာမကို မုန်းတဲ့စိတ်လုံးဝမဖြစ်ခဲ့ပါဘူး..ဒါပေမဲ့ အဲဒီအချိန်တုံးကတော့ တော်တော်လေး မချိမခံသာဖြစ်ခဲ့ရတာပေါ့….

    Comment by Yan Min Aung — May 14, 2012 @ 7:38 pm

  13. လူအမျိုးမျိုးစိတ်အထွေထွေဆိုပေမယ့်
    ဆရာမဆိုတာလည်း တစ်ချိန်တုန်းက ကျောင်းသူပါ မလေးရေ။ အပြစ်ရှိလို့ အရိုက်ခံရရင် ခံသာပေမယ့်
    အဓိပ္ပာယ်မဲ့ ရိုက်ချက်ကတော့ ခံစားရခက်ရှာမှာပဲ။ ဆက်ရန်လေး စောင့်မျှော်နေတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — May 17, 2012 @ 1:43 am

  14. ပညာပေးစာမို့ ကြိုက်ပါသည်

    Comment by phonepyae — May 21, 2012 @ 12:03 am

  15. Our children might been learned/ regard ethical codes not serious from their schools such as bribery- getting is not a guilt;not to like unfairness, brutality, ” moe- khar- yay- thauk” should be easily done, etc.

    Comment by pyaykaungaung — June 8, 2012 @ 12:45 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------