ကလပ်
အိမ်ရှေ့တံခါးကို သော့လှဲ့ပိတ်ပြီး ကားရှိရာသို့လျောက်လာတော့ အေးစက်ကျွတ်ခဲ နေသောလေက ဆံပင်တွေထဲ၊ လက်ချောင်းတွေထဲအထိ တိုးဝင်သွားသည်။ ကားတံခါးဖွင့်လိုက်ရင်း ကောင်းကင်ကိုမော့ကြည့်လိုက်တော့ လမင်းက တိမ်တွေခြံရံလျှက် ခပ်တိုးတိုးသာနေသည်။ ဟိုင်းဝေးလမ်းမပေါ်ရောက်တော့ ကားတွေရှင်းနေသည်။ သူ ကျေနပ်စွာပြုံးလိုက်သည်။ ကားဒိုင်ခွက်က နာရီက နံနက် ငါးနာရီကို ညွှန်ပြနေသည်။ ရေဒီယိုကိုဖွင့်လိုက်သည်။ နယူးယောက် ဂါဗာနာ အဲလိယက် စပစ်ဇာ အကြောင်း ယခုထိ ပြောလို့ မပြီးနိုင်ကြသေး။ မျက်ခုံးကို မသိမသာရှုံ့လိုက်ပြီး လိုင်းပြောင်းလိုက်သည်။ သတင်းကြေငြာနေသူ အမျိုးသမီးက ခပ်စွာစွာနှာခေါင်းသံနှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် အကမယ်တစ်ဦးအား ပိုက်ဆံပေးပြီး ကခိုင်းရာတွင် ထိုအကမယ်၏ ဒေါက်မြင့်ဖိနပ်က သူ့ပါးကိုထိသွား၍ တရားစွဲမည်ဆိုသည့်သတင်းကို စိတ်ဝင်စားအောင်ပြောနေသည်။ သူ မျက်ခုံးမြှင့်ပြီး သက်ပြင်းချမိသည်။ ရေဒီယိုကိုပိတ်ချလိုက်သည်။ ဒီလောက်လှတဲ့ နံနက်ခင်းမှာ ဒီလိုသတင်းတွေ နားမထောင်လိုသည့် သူ့ကို ဗဟုသုတ မရှာဖွေလိုသူ၊ ပတ်ဝန်းကျင်ဘာဖြစ်နေသလဲ မသိသော လူထူးလူဆန်းတစ်ဦးလို မြင်ကြလေမလား။ သူ့အတွက်ကတော့ ဒါတွေဟာ သတင်းတွေထက် အတင်းတွေဟု မြင်မိသည်။ လူ့သမိုင်းကိုပြောင်းလဲသွားစေနိုင်သည့် အဖြစ်အပျက်တွေဟုတ်မဟုတ်ကတော့ အချိန်က ဆုံးဖြတ်သွားပါလိမ့်မည်။
ကားပြူတင်းကိုတစ်ဝက်ရောက်သည် အထိ ဖွင့်ချလိုက်သည်။ ကျွတ်ဆတ်နေသောလေတွေ တရောဟော တိုးဝင်လာသည်။ ကားအရှိန်ကိုမြှင့်လိုက်သည်။ တံတားအောက်က ရေတွေ အရောင်တလက်လက် တောက်ပနေသည်။ ကတ်ဆက်ခလုတ်ကိုနှိပ်လိုက်တော့ မာရဇ္ဖ၏ အက်ရှနေသော အသံက ခပ်ကြမ်းကြမ်းလွင့်သွားသည်။
“အချစ်ဆုံးပေးတဲ့ ရက်စက်ခြင်း.. ဓားသွားထက်…”
ဟင်း အားလုံးခါးသီးနေကြပါလား။ မိုးတောင်မလင်းသေးဘူး ဘ၀ဆိုတာ ခါးသီးမှုတွေနဲ့ ကြုံနေရပါလားဟု နှုတ်ခမ်းကို မသိမသာတွန့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။ အသင့်ဖျော်လာတဲ့ ကော်ဖီခါးခါးကို မော့သောက်လိုက်ရင်း သီချင်းကို ထပ်ကျယ်ပစ်လိုက်သည်။
ရုံးအောက်က ကားပါကင်ထဲရောက်တော့ နံနက်ငါးနာရီခွဲပြီ။ ကားသုံးလေးစင်းပဲတွေ့သေးသည်။ ဆာရီမချွတ်တမ်းဝတ်သည့် hematologist အမျိုးသမီးကြီး၏ ကား၊ လုံခြုံရေးသမား၏ကား၊ အစားသောက်တွေပြင်ဆင်သည့် အမျိုးသမီးများ၏ကားများ သူ့နေရာနှင့်သူ ရပ်ထားသည်။ စားပွဲရောက်တော့ ကော်ဖီခွက်ကို ချလိုက်ပြီး မျက်နှာချင်းဆိုင်က ကိုဒက်(Kodak) ရုံးအ၀ကို ကြည့်လိုက်သည်။ မီးတွေမလင်းသေး။ သူ ကွန်ပြူတာကို ဖွင့်လိုက်ပြီး ထုံးစံအတိုင်း စာများဖွင့်ဖတ်၊ ပြန်သင့်သည်များကို ပြန်ရင်း မျက်လုံးက ကိုဒက်အ၀င်ဝကို ကြည့်နေမိသည်။ ပရိုဂျက်တစ်ခုအတွက် အသံသွင်းကတ်ဆက်ကို ဖွင့်ပြီး debrief တစ်ခုကို ပြန်နားထောင်နေသည်။ စိတ်ကမပါ။ မျက်လုံးက ကိုဒက်အ၀င်ဝကိုသာ ရောက်ရောက်သွားသည်။
နေရောင်ခြည်က တဖြည်းဖြည်းလင်းလာသည်။ အပြင်ဘက်က ထင်းရှုးပင်ပေါ်က ငှက်ကလေးတွေက ခုန်ဆွခုန်ဆွနှင့်။
ဟော…
နံနက်ခင်းနေရောင်အောက်မှာ လွင့်မျောလာတဲ့ ရင်းနှီးဖူးခဲ့သော ရွှေရောင်ဆံပင်၊ ပေါင်မှာသိမ်ပြီး ခြေဖမိုးနားမှာ မသိမသာကားသွားတဲ့ အနက်ရောင်ဘောင်းဘီရှည်၊ ပေါင်လည်ထိရှည်တဲ့ ဂျက်ကတ်။ ခပ်တိုတိုစလင်းဘက်အိတ်၊
သူမ ဟန်ပါပါနှင့် လှမ်းလာနေသည်။ သူမ၏ ညာဘက်လက်မှာ ကြိုးရှည်တစ်ချောင်း၊ ထိုကြိုးရှည်နှင့် ချည်ထားခြင်းခံရသည့် အရာတော့ အမွေးပွပွ တယ်ရီယာလေးတစ်ကောင်။ သူရှိရာ ရုံးခန်းဘက်ကို သူမ လှဲ့ကြည့်လိုက်သည်။ သူ မသိမသာ ခေါင်းကိုလွှဲပြီး ကွန်ပြူတာဘက် အကြည့်ပို့ထားသည်။ သူမ ကိုဒက်ထဲကို ခွေးနှင့်ဝင်သွားသည်။ မြောက်ကြွမြောက်ကြွနှင့် လျောက်လှမ်းသွားသော သူမနောက်ပိုင်းကို ကြည့်ပြီး သူ နှုတ်ခမ်းကို ရွဲ့လို့ ပြုံးလိုက်မိသည်။ ကိုဒက်ဧည့်ကြိုအခန်းမမှာ သူမ၏ ဒေါက်မြင့်သံ တဂွပ်ဂွပ်မြည်နေမှာကို တွေးမိလိုက်သည်။
နေရောင်ခြည် ပိုလင်းလက်လာသည်နှင့်အမျှ ကိုဒက်၏ အလုပ်သမားများ ခွေးကိုယ်စီနှင့် လုပ်ငန်းခွင်စရန် တသဲသဲရောက်လာကြသည်။ သူ့ဘေးသို့ သူ့လုပ်ဖော်ကိုင်ဘက် စကော့ဆိုသူ ရောက်လာသည်။ သူ့လက်ထဲက ကော်ဖီခွက်က အငွေ့တထောင်းထောင်း ထနေသည်။
“မောနင်း.. အဆင်ပြေလား”
“အင်း.. ဒီနေ့ ဘော့ပ် နဲ့ အစည်းအဝေးရှိတယ်နော်..”
“၁၁နာရီ.. ဒါနဲ့ ငါတို့ လဲ ရုံးကိုခွေးခေါ်လာလို့ရရင်ကောင်းမယ်.. ငါ့ကောင်ကြီးကားထဲမှာပဲ နေနေရတာ”
“ဒါဆိုလဲ ဟိုဘက် ရုံးပြောင်းပေါ့၊ ခွေးတွေသိပ်ချစ်စရာကောင်းပေမယ့် ငါခွေးအမွှေးနဲ့ မတည့်ဘူး၊”
သူ ခပ်တည်တည်ပြောလိုက်တော့ စကော့ ပခုံးတွန့်ပြီး ထွက်သွားသည်။
****
ချယ်ရီဖူးလေးတွေ စီရရီအပင်အောက်မှာ သူစာအုပ်တစ်အုပ်နှင့် ထိုင်နေသည်။ နေရာက ကိုဒက်ရုံးနှင့် သူု့ရုံး နှစ်ခုအလယ်က သစ်ရိပ်ပြာနဲ့ ခုံတန်းလေးတွေ။ သူလက်ကို ခေါင်းနောက်မှာ ယှက်ထားပြီး နေကာမျက်မှန်တပ်ထားရင်း ကုလားထိုင်ကို မှီပြီး မျက်စိမှိတ်ထားမိသည်။ သူ့ပေါင်ပေါ်က စာအုပ်က ဟန်ပြ၊ ပေါင်ပေါ်မှာ မှောက်ရက်၊ ခုတစ်လော စာဖတ်လို့က သိပ်အဆင်မပြေ၊ လေပြေလေးတွေ၏ အထိအတွေ့ကို ခံစားနေမိသည်။ နှာခေါင်းထဲမှာ ရေမွှေးနံ့လိုလို ရ၍ နေကာမျက်မှန်ကို အကာအကွယ်ယူပြီး မျက်စိကို စင်းပြီးကြည့်လိုက်သည်။ တဒုတ်ဒုတ်နဲ့ အသံတစ်ခုက သူ့ရင်ဘတ်ထဲက ထွက်လာနေသည်။ ကပ်လျက်ခုံမှာ ဟန်ပါပါထိုင်ရင်း မုန့်တစ်ခုကို ဟန်ပါပါစားနေသော၊ သူ့အနားမှာ တမင်လာထိုင်နေသော သူမ ကို မျက်မှန်နောက်မှ သူငေးကြည့်နေမိသည်။
“အိပ်ချင်ဟန်ဆောင်မနေနဲ့၊ ကွတ်ကီ စားမလား”
သူ ကိုယ်ကို တည့်မတ်လိုက်ပြီး အပြင်းဆန့်လိုက်သည်။
“တော်ပါပြီ၊ ကျေးဇူးတင်ပါတယ်..”
ထိုအချိန်မှာ သူမ၏ ခွေးက သူ့အနားကို ကပ်လာသည်။
“မင်း.. ခွေးလေးတောင် ကြီးလာပြီနော်…”
“အင်း…” သူမ မပွင့်တပွင့်လုပ်ပြီး သူမခွေးကို သူ့နားမကပ်ရန် ဟန့်လိုက်သည်။
“ခုထိ ခွေးကိုမချစ်တတ်သေးဘူးလား”
“ငါ ခွေးချစ်ပါတယ်.. ဒါပေမယ့် သူများခွေးမွေးတိုင်း ကိုယ်မမွေးနိုင်ဘူးလေ”
“သိပါတယ်.. ဒါကြောင့်လဲ ရှင့်လို ခွေးနဲ့ မတည့်တဲ့သူနဲ့…….”
သူမ တစ်ပိုင်းတစ်စနှင့် ရပ်သွားသည်။
“အဲဒီ ကလပ်တစ်ခုထဲ ၀င်ဖို့အတွက်တော့ ငါခွေးမမွေးပါရစေနဲ့ကွာ”
“ကျွန်မကလဲ ရှင့်ကို မမွေးခိုင်းပါဘူး”
“မင်းတို့ ခွေးမွေးတာ ခွေးလေးတွေကို တစ်ကယ်ချစ်လို့လား၊ ဒါမှမဟုတ် အဲဒီ ကလပ်ထဲ ၀င်ချင်လို့လား”
“အိုး နှစ်ခုလုံးပဲပေါ့ရှင့်၊ ရှင့်လို လုဂွစာတွေသာ ဘာမှ မသိနားမလည်တာ”
အရင်တုန်းကတော့ သူ့ကို အချစ်ရယ်ဟု မွတ်သိပ်စွာ ခေါ်ခဲ့ဖူးသော သူမ၏ နှုတ်ခမ်းလွှာကို လွမ်းမောစွာ ကြည့်နေမိသည်။
“ဒါကြောင့် မင်းငါ့ကို ထားခဲ့တာပေါ့.. ဟုတ်လား၊ ဒါနဲ့ အခုမင်းတွဲနေတာ မင်းလိုပဲ ခွေးချစ်တတ်သူလား၊ မင်းတစ်ကယ်ခွေးချစ်တာ ကိုယ်သိပါတယ်၊ ဒါပေမယ့် မင်းလူကကော ခွေးချစ်တတ်သူလား၊ တချို့တွေက ခွေးအမျိုးပေါင်း ရာထောင်ချီရှိတယ်ဆိုတဲ့ အကြောင်းတောင် ကောင်းကောင်းမသိဘဲ ခွေးချစ်သူတွေကြားမှာ ယောင်လည်လည်နဲ့ကလပ်အသင်းဝင်ဖြစ်ချင်တာနဲ့.. ခွေးတစ်ကောင် ကောက်မွေးလိုက်တတ်ကြသလားလို့ပါ”
“သူကတော့ ကျွန်မလိုပဲ ခွေးချစ်သူ၊ ကျွန်မလိုပဲ အဲဒီကလပ်ရဲ့ အသင်းဝင်၊ ကျွန်မနဲ့ စိတ်တူကိုယ်တူ၊ ရည်မှန်းချက်တူသူပေါ့ရှင်”
“အော်.. မင်းအတွက်ဝမ်းသာပါတယ်။ တစ်ကယ်တော့ ငါ ခွေးသိပ်ချစ်ပါတယ်.. ဒါပေမယ့် ငါက မွေးရာပါ ခွေးအမွှေးနဲ့ ဘယ်လိုမှ မတည့်လို့ဆိုတာ မင်းလဲ သိ……”
ထိုအချိန်မှာ လမ်းတစ်ဖက်တွင် ဒိုဘာမင်ခွေးတစ်ကောင်နှင့် လူတစ်ဦး သူမကို လက်ယပ်ပြီး လှမ်းခေါ်လိုက်သည်။ သူမ ၀မ်းနဲရိပ်သန်းသော သူ့စကားကို ဆုံးအောင်တောင် နားမထောင်တော့ပဲ ကဗျာကသီနှုတ်ဆက်ပြီး ထထွက်သွားသည်။ တယ်ရီယာလေးက ကြိုးတန်းလန်းနှင့် ကားရားကားရား ပါသွားသည်။ ဒိုဘာမင်နှင့် ထိုသူကို သူမ ခြေဖျားထောက်ပြီး နမ်းလိုက်သည်။ ဒိုဘာမင်နှင့် လူက သူမခါးကို အလိုက်သင့်ဖက်လိုက်သည်။ သူတို့ အချိန်အတော်ကြာကြာ နမ်းနေကြသည်။ သူဆံပင်တွေထဲ လက်ထိုးသွင်းပြီး ခေါင်းငုံ့ချလိုက်သည်။ ထိုအချိန်တွင် ခွေးနှစ်ကောင်ကတော့ တစ်ကောင်ကို တစ်ကောင် ကြည့်ပြီး မာန်ဖီနေကြပါတော့သည်။။





ရုပ်ဝတ္ထု တိုးတက်မှုတွေ နောက်က ကပ်ပါလာတဲ့ ရေးစီကြောင်းတွေထဲမှာ
တစ်ချို့ လဲ ဘာမှမဟုတ်မှန်း သိသိနဲ့ ကူးခပ်ရှင်သန်နေဆဲ..
တချို့ လဲ လူ့ ဘဝရဲ့ တန်ဖိုးတစ်ခုလို မွတ်သိပ်စွာ ဆွတ်ခူးနေဆဲ…
အဲဒီလို မျိုး မလုပ်တဲ့လူတွေ ကိုကြတော့ စည်းအပြင်ကို တွန်းထုတ်ကြတယ်….
ခေတ်အလို အရ
DSA တက်တယ် (လူအများစုကို အပေါ်စီးက မြင်လိုစိတ်နဲ့ )
နိုင်ငံရေးလုပ်တယ် ( တတိယနိုင်ငံတွေ အလကား မတ်တင်းသွားလို စိတ်နဲ့ )
ဝတ္ထုထဲ က ကောင်မလေးလဲ
ကလပ်ထဲဝင်ချင်တာ နဲ့  သူ့  ရင်ခုန်သံ ကို သူကိုယ်တိုင် မျက်ကွယ်ပြုတယ်
သူမွေးထားတဲ့ ခွေးလေးလောက်တောင် မရိုးသားတော့ဘူး…
ထင်တယ် အဲဒီခွေးလေး က ကလပ်ထဲ ဝင်ချင်ရုံနဲ့ တော့ ဘာကောင်မှမွေး မှာ မဟုတ်သလို ဘယ်လိုလူရဲ့ (ခွေးထီးရဲ့ ပေါ့လေ) နမ်းတာကို မှလဲခံမယ် မထင်ဘူး….
လူဖြစ်ချင်းရဲ့ အဓိပ္ပါယ်က အဲဒါပဲ ဆိုရင်တော့ လူဖြစ်ဖို့  မကောင်းတော့ဘူး …. ….
Comment by မိုးထက်နေ — March 21, 2008 @ 3:42 am
ကလပ်ကို လာဖတ်သွားတယ်။ မရောက်တာကြာလို့ သတိရတယ်။ လာလည်ပါအုံး.. ခံစားချက်နဲ့ အသီးအနှံလေးတွေ။
အားလုံးအဆင်ပြေပါစေ။
Comment by ချစ်ဦး — March 22, 2008 @ 10:23 am
ကလပ်… ကို ရိုးရိုးဖတ်..သည်..။ ကိုမိုးထက်နေ မှတ်ချက်တွေ့တော့ အမျိုးမျိုးထပ်ဖတ်သည်…။ ထို့နောက် ပြောခဲ့ချင်တာကတော့…. လေးမလည်း ခွေးချစ်တတ်သည်..။
Comment by လေးမ — April 7, 2008 @ 7:37 am
ကို Thinker ညွှန်းလို့ ကလပ်လာဖတ်တယ်။ အရမ်းကောင်းတာပဲ။
မင်္ဂလာနှစ်သစ်ပါနော်။
Comment by honey — April 13, 2008 @ 8:36 am
ဂလိုတွေလဲ ရှိသကို.. အံ့သြချက်
Comment by ရွာတောင်ပိုင်း က ဆြာမောင်သိုင်း — April 17, 2008 @ 4:22 pm
aww di lo lar.
ant aw sa yargyi naw.
Comment by aprilborn — June 12, 2008 @ 7:55 pm
[…] http://www.ainchannmyay.com/?p=141#more-141 […]
Pingback by М М Ŧ ђ і ŋ ķ є я | (100th Post) မတ်လ ပို့စ်/ဘလော့ဂ် အညွှန်း March, 2008 Post/Blog Guide (Thinker’s Collections) — August 3, 2008 @ 4:15 am
[…] http://www.ainchannmyay.com/?p=141#more-141 […]
Pingback by (100th Post) မတ်လ ပို့စ်/ဘလော့ဂ် အညွှန်း March, 2008 Post/Blog Guide (Thinker’s Collections) « KoThinker — December 22, 2008 @ 3:42 am