♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

September 1, 2011

ရှင်ဂွိရဲ့နံနက်ခင်း

Filed under: ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 5:29 pm

ကျယ်လောင်သော အသံတစ်သံကြောင့် ရှင်ဂွိတစ်ယောက် လန့်နိုးလာသည်။

ခေါင်းရင်းမှာထားသည့် နာရီနှိုးစက်သံကြောင့်လား၊ မဟုတ်။
ခေါင်းအုံးအောက်မှာထားသည့် ဆဲလ်ဖုံးနှိုးစက်သံကြောင့်လား၊ မဟုတ်။
အိပ်ခန်းတံခါးကို လာခေါက်သံ တစ်သံကြောင့်လား၊ ဒါလဲ မဟုတ်။

နိုးလာစဉ်မှာ ရင်တွေ တဆတ်ဆတ်တုန်နေပြီး ရှင်ဂွိ ကိုယ်ကြီးက လှုပ်လို့ မရတာပဲသိသည်။ စိတ်က နိုးနေပေမယ့် ကိုယ်ခန္ဒာက ချက်ချင်းလှုပ်လို့ မရသေး။ အခုနလေးကတင် ရှင်ဂွိတစ်ယောက် အိပ်မက်လှလှကလေး မက်နေသေးသည်။ အိပ်မက်ထဲမှာ ရှင်ဂွိတစ်ယောက် ရေပြာပြာသောင်စပ်မှာ ခရုကလေးတွေ ကောက်နေလိုက်သေးသည်။ ထမီရေစိုကို ဒူးအောက်နားထိ တိုတိုဝတ်ကာ ရေစပ်စပ်သောင်ထဲ ခြေဖုဝါးတွေကို အကုန်မြှုပ်ထားပြီး ငုတ်တုပ်ထိုင်ကာ အနီးနားက ခရုကလေးတွေကို ကောက်နေခြင်းဖြစ်သည်။ နွေးထွေးသော လေပြေက ရှင်ဂွိ၏ ဆံပင်တွေထဲ ကမူးရှုးထိုး တိုးဝင်ခွေလိုက်၊ ပြီးတော့ အဝေးကို လွင့်ပါးသွားလိုက်နှင့်။ ခပ်လှမ်းလှမ်းက အုန်းပင်တွေက လိမ့်တက်လာသည့် လှိုင်းခေါင်းဖြူတွေကို ငုံ့ကာကိုင်းကာဝိုက်ကာဝေ့ကာ နှုတ်ခွန်းဆက်လို့။ ကောင်းကင်ကြီးကလည်း ကြည်လင်ပြာလဲ့လို့…။ လှလိုက်သည့်ဖြစ်ခြင်း။
ယခုတော့ ဘယ်ကအသံကြောင့် လန့်နိုးလာပါလိမ့်။ ရှင်ဂွိတစ်ယောက် အိပ်ရာထဲမှာ ဆန့်ဆန့်ကြီးဆက်လှဲရင်း မျက်လုံးကြီးပြူးကာ မျက်နှာကျက်ကို ငေးကြည့်နေမိသည်။ နေရောင်ဖျော့ဖျော့က အခန်းထဲကို မှန်ကူကွက်တွေကိုဖောက်လို့ ၀င်လာနေသည်။ ဖျော့တော့သော နံနက်ခင်းနေရောင်ရယ်၊ မျက်စိရှေ့က လှပသောကွက်ဖော်မျက်နှာကျက်တွေကို မြင်လိုက်သည်နှင့် နွေးထွေးသော ရပ်ဝန်းတစ်ခုနှင့် အဝေးကြီးမှာ ရောက်နေတာပါလားဟု ရှင်ဂွိ သတိဝင်လာမိသည်။

“ဘာသံကြောင့် ငါနိုးလာတာပါလိမ့်”
“အို.. ဘာသံကြောင့် နိုးနိုး၊ ငါ နိုးဖို့ အချိန်သင့်နေပြီ”
ရှင်ဂွိတစ်ယောက် ခေါင်းဦးအောက်က ဆဲလ်ဖုန်းကို စမ်းနေမိသည်။
“ဆဲလ်ဖုန်းကို အိပ်ခန်းထဲမှာတောင် မထားသင့်ဘူး။ အို…. ကိစ္စမရှိပါဘူး”
တစ်ယောက်တည်းပြောရင်း ဆဲလ်ဖုန်းကို ဆက်စမ်းနေမိသည်။
“၀ုန်း.. ၀ုန်း…. အီး… အီး… ၀ုန်း”

ဆဲလ်ဖုန်းကို လက်ကစမ်းမိသည်နှင့်တစ်ပြိုင်နက် ထူးဆန်းသောအသံကြီးကြောင့် မျက်နှာကျက်ကို စိုက်ကြည့်နေသော ရှင်ဂွိမျက်လုံးကြီးတွေ ပိုပြူးသွားသည်။

“လုပ်ပြီ၊ သူများအိပ်ကောင်းချိန်ဆို လုပ်ပြီ”

ရှင်ဂွိ အိပ်ရာထဲမှ လူးလဲထကာ ပြူတင်းပေါက်ဆီ ကပ်သွားလိုက်သည်။ ခုနက လှုပ်မရသည့် ကိုယ်ခန္ဒာက လှစ်ကနဲ ပြူတင်းနား ဘယ်လိုရောက်သွားလည်း မသိလိုက်။ ပြူတင်းမှန်ကို ဝေါကနဲပင့်တင်လိုက်ကာ.. ၀ုန်း.. ၀ုန်း.. အီး အီ ဆိုတဲ့ အသံရှင်ကို ရှင်ဂွိတစ်ယောက် စိုက်ကြည့်ပစ်လိုက်သည်။

“ဗစ်ကီ…. စတော့ပ် အစ်တ်တ်…၊ တိတ်တိတ်နေစမ်း”

ရှင်ဂွိတစ်ယောက် အင်္ဂလိပ်လိုကော မြန်မာလိုပါ ဗစ်ကီဆိုသည့် အယ်ဇေးရှင်းနဲ့နွားသိုး စပ်ကျထားဟန်ရှိသော ဟိုဘက်ခြံက ခွေးညိုကြီးကို အသံအုပ်အုပ်နှင့် ဟောက်ပစ်လိုက်သည်။

ရှင်ဂွိ၏ ဘာသာစကားနှစ်မျိုးဖြင့် နံနက်တိုင်း ဟောက်ခံထိဟန်ရှိသော ဗစ်ကီက အမြီးကုပ်သွားတာ တအီအီကြိတ်ညည်းရင်း သူ့ခွေးအိမ်ကလေးထဲ ၀င်ခွေသွားတော့မှ အောင်နိုင်သူအပြုံးနှင့် ရှင်ဂွိတစ်ယောက် ပြုံးလိုက်သည်။
ရှင်ဂွိ တစ်ယောက် လက်မှ ဆဲလ်ဖုန်းကို ဟန်ပါပါ ငုံကြည့်လိုက်သည်။

“ဟိုက်….”

“အမလေးတော်..”

“ဘုရားသခင်”

စိတ်ထဲမှာ အာမေဋိတ်သံတွေ ဆူညံသွားသည်။

“နောက်ကျတော့မယ်၊ ဒီနေ့ကျမှ ဘယ်လိုဖြစ်ပြီး အိပ်ပျော်သွားပါလိမ့်”

အရင်နေ့တွေကဆိုလျှင် ရေချိုးခန်းဘက်ကို စင်္ကြအတိုင်း အိပ်ရေးမ၀-တ၀ ဆင်မယဉ်သာခြေလှမ်းများနှင့် လျှောက်တတ်သော ရှင်ဂွိ၊ လှေကားထိပ်မှ ခြံထဲက နှင်းဆီ ဘယ်နှစ်ပွင့် ပွင့်ပြီလည်း လှမ်းကြည့်တတ်သေးသည်။ သူမ၏ နှင်းဆီပန်းများပေါ် နေရောင်ခြည်ကလေး ထိုးကျနေလျှင်… လှလိုက်တဲ့ ကမ္ဘာလောကကြီး လူဖြစ်ရကျိုးနပ်၏ ဟု ပြောတတ်သေး၏။ ဒီနေ့ကတော့ နှင်းဆီပန်းများကိုလည်း အတွေးနှင့်ပင် မနမ်းနိုင်တော့။ ရေချိုးခန်းထဲ ခုန်ဝင် သွားကို အဖြစ်တိုက်၊ ရေကိုအဖြစ်ချိုး၊ ခေါင်းကို ခေါင်းလျှော်ရည်တွေ အများကြီးနှင့်မွှေးနေအောင် တမင်လျှော်၊ ကြုံရာအ၀တ်ကိုစွတ်ချ၊ တွေ့ရာ ကုတ်အကျီ င်္ကိုအမြန်ဝတ်ကာ အိမ်ပေါက်ဝကို အပြေးအလွှားထွက်လာခဲ့သည်။

“ဖရန် ရေ… ကလေးတွေကို ဂရုစိုက်နော်..”

ရှင်ဂွိတစ်ယောက် မီးဖိုထဲက ဖရန့်ကို တစ်ချက်လှမ်းအော်လိုက်သည်။ ရှင်ဂွိ၏ ကလေးတွေက ရှင်ဂွိအသံကြားတော့ မီးဖိုထဲက ပြေးထွက်လာကြသည်။

“မေမေ.. ရုံးသွားနဲ့”
“မေမေ… ကစ်ကစ်”
“မေမေ မှန်ဘီလူးလိုချင်တယ်”
“မေမေ ဂေါ်လီလုံး ၀ယ်ပေးမယ်ဆို”

ရှင်ဂွိ၏ ကလေးတပြုံကြီးက အကျီ င်္အစွန်း၊ ဘောင်းဘီစသည့် မှီရာနေရာကို ဆွဲကြပြီး တီတီတာတာလေးတွေ ပြောသည်။

“ဟဲ့ဟဲ့… နေကြပါဦး။ သြော်… ကဲ.. အကုန် ကျွတ်ကုန်တော့မှာပဲ၊ နေကြစမ်းပါဦး။ မေမေ ရုံးနောက်ကျနေပြီ”

အပေါက်ဝမှာ ကလေးတွေနှင့် ၀ရုန်းသုန်းကားဖြစ်နေသည်ကို မမြင်ရက်သော ဖရန်က မီးဖိုထဲက ပြေးထွက်လာသည်။ လက်ထဲမှာလည်း ရှင်ဂွိတွက် ကော်ဖီဗူးလေး။

“အစ်မ ဒီမှာ.. ကော်ဖီ…”
“သြော်.. အေး၊ ကျေးဇူးပဲ ဖရန်.”.

ကလေးတွေကို မြန်မြန်ထက်ထက် ရွှတ်ကနဲရွှတ်ကနဲ နမ်းပစ်လိုက်သည်။ နဖူး၊ပါးပြင်၊ဆံပင်၊နှုတ်ခမ်း မှီရာ မြန်မြန်သွက်သွက်နမ်းအပြီး အိမ်ထဲက အမြန်ထွက်၊ ကားထဲကို ပြေးဝင်ထိုင်လိုက်သည်။ နောက်ဘက်မှာ အိမ်တံခါးပိတ်သံ ပြင်းပြင်းတစ်ချက် ကြားလိုက်သည်။
အသက်မရှုနိုင်ဘဲ စက်ကိုနှိုး၊ လီဗာကိုဆောင့်နင်းကာ တံတားဘက်ကို ထွက်လာခဲ့သည်။ တံတားပေါ်ကိုတက်သည့် ဖရီးဝေးထဲကို ၀င်လိုက်သည်။ အဲဒီအချိန်ထိ အရာရာဟာ ချောမွတ်နေသည်။ တံတားပေါ် မရောက်ခင်ကုန်းပေါ်မှ ဖရေဇာမြစ်ပြင်နှင့် ကနေဒါရော့ကီးအစွန်း တောင်တန်းတွေကို နံနက်ခင်းနေရောင်အောက်မှာ လှမ်းမြင်နေရသည်။ ဖရောဇာမြစ်ပြင်ထဲမှာ သေဘာၤေတြ၊ ကုန္တင္သေဘာၤေတြ။ ဖောင်တွေ၊ မော်တော်ဘုတ်လေးတွေ။

“အို… လှလိုက်တာ..”

“ဒီနေရာကို နံနက်တိုင်းဖြတ်တာ နှစ်တွေကြာပေါ့၊ တစ်ခါမှ ရိုးမသွားဘူး”

ကားပြူတင်းပေါက်ကို ဖွင့်ချလိုက်သည်။ လေတွေ တိုးဝင်လာသည်။ အသက်ကို ပြင်းပြင်းရှုပြီး တောင်တန်းတွေဘက်ငေးကာ ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။ ကော်ဖီခွက်ကို ကောက်ကိုက်လိုက်သည်။

“ကျွိ .. ကျွီ…..”

ရှင်ဂွိတစ်ယောက် ကားဘရိတ်ကို ဆောင့်အုပ်လိုက်ရသည်။ မအုပ်လို့ မဖြစ်။ တံတားပေါ်အတက်မှာ ကားတွေက မြင်မကောင်းအောင် ပိတ်ကျပ်နေသည်။

“ကျွတ်… ဘယ်လိုဖြစ်ရပြန်ပြီလဲ”

ကားတွေက ဘီးလှိမ့်ရုံကလေး တလှိမ့်လှိမ့်…

“ရင်မှာ တိတ်တိတ်မျက်ရည်ဝဲရုံ ကြေကွဲသွားရုံ ကလေးမောင်းကြ..နော်.. ဟင်း”

နှုတ်က တတွတ်တွတ် ရေရွတ်လိုက်မိသည်။ ပြီးတော့ ကော်ဖီကို ဟန်ပါပါသောက်ရန် ဟန်ပြင်သည်။

“အမလေး… ဟဲ့”

ခုနက တိုးတိုးလေးရွတ်နေရင်းက ဒီတစ်ခါတော့ ရှင်ဂွိ ခပ်ကျယ်ကျယ်ကို ရေရွတ်ပစ်လိုက်သည်။ ကော်ဖီခွက်ကို ပြန်ချလိုက်သည်။ ကော်ဖီသီးမလိုဖြစ်သွားသည်။ မရေရွတ်လို့ ရမည်တဲ့လား။ အရှေ့က ကားထဲမှာ ချစ်ကြင်စစုံတွဲက ကားတွေ ဘီးလှိမ့်ရုံမောင်းသည်ကို အခွင့်ကောင်းယူကာ နမ်းဖို့ ပြင်နေကြသည်။ ကားထိုင်ခုံ ခါးပတ်များကိုလည်း ပတ်ထားကြရသည်မို့ တစ်ဦးနှင့်တစ်ဦး နမ်းဖို့ရန်အလို့ငှာ အစွမ်းကုန် ကြိုးစားနေကြရသည်။ မောင်းသူအမျိုးသားက ဘရိတ်ကိုလည်း ထိန်းနင်းနေရသဖြင့် ကားက တစ်ချက်တစ်ချက် တုံ့တုံ့သွားသေးသည်။ ကားကြီးကလည်း အနည်းငယ်ဟောင်းသော ကားမို့ အကြီးကြီးနှင့် ထိုင်ခုံတွေကလည်း အဝေးကြီး။

“ကဲ… မြန်မြန်နမ်းလိုက်ကြပါတော့..၊ နမ်းပြီးလည်း ကြွချီတော်မူကြပါတော့.. ဟွန်း”

ရှင်ဂွိတစ်ယောက် သည်းခံနိုင်မှု နည်းပါးလာသည်။ စုံတွဲကလည်း နမ်းလို့ မရသေး။ နှုတ်ခမ်းကြီးများထော်ထားကြသည်ကို အဝေးကပင် လှမ်းမြင်နေရသည်။ ထိုင်ခုံခါးပတ်တွေက သူတို့ကို တုပ်နှောင်ထားသလိုဖြစ်နေသည်။ ဒီကြားထဲ ကားတွေက လုံးလုံးမရပ်၊ ဘီးလှိမ့်ရုံမောင်းနေရသည်မို့ မျက်နှာကြီးနှစ်ခုက နီးလာလိုက် ဝေးသွားလိုက်နှင့်။

“ကဲ… ခါးပတ်ဖြုတ်ပြီး နမ်းလေဟယ်….”

ရှင်ဂွိတစ်ယောက် ဒေါသထွက်လာသလို ဖြစ်လာနေသည်။ စုံတွဲကလည်း လုံးဝ နမ်းလို့ မရသေး။ ကားတွေကလည်း ကြပ်ပိတ်နေသည်။ ရုံးကလည်း နောက်ကျတော့မည်။ ရှင်ဂွိတစ်ယောက် အလွန်အမင်းစိတ်ပျက်ကာ ကားလက်ကိုင်ဘီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

“အရှေ့ကကားကို ၀င်ဆောင့်မိတော့မှာပဲ”

ရှင်ဂွိကိုယ်လုံးကြီးတောင့်ပြီး မတ်မတ်ကြီးထိုင်နေမိသည်။ ထိုအချိန်မှာပင် ထိုစုံတွဲက နမ်းဖြစ်လိုက်သည်။
ရှင်ဂွိလည်း စိတ်အေးသွားကာ သက်ပြင်းကြီး ချလိုက်သည်။ ကားနောက်မှီကို သက်တောင့်သက်သာဖြစ်အောင် မှီချလိုက်ပြီး ရေဒီယိုကိုဖွင့်လိုက်သည်။ A.M. 730 Traffic ရေဒီယို။

သာယာလှပတဲ့ နံနက်ခင်းမှာ နှာခေါင်းသံစူးစူးအမျိုးသမီးအသံက ထွက်လာသည်။
တံတားအဆင်း ဖရီးဝေးနံပါတ် (၁) အ၀င်မှာ ကားသုံးစင်း တိုက်ထားပါသည် တဲ့။ ရှင်ဂွိကိုယ်ကြီးက တောင့်တောင့်ကြီး ပြန်ဖြစ်သွားသည်။

“သွားပြီ၊ အကုန်သွားပြီ”

ရှင်ဂွိ အကြီးအကျယ် စိတ်ပြန်ညစ်သွားပြီ။ လက်တစ်ဘက်ဖြင့် ပိုက်ဆံအိတ်ထဲက ဆဲလ်ဖုန်းကို နှိုက်နေလိုက်သည်။ မျက်လုံးကတော့ လမ်းပေါ်က မခွာ။ လက်က ပိုက်ဆံအိတ်တစ်ခုလုံးကို နှိုက်သည်။

နေကာမျက်မှန်စမ်းမိသည်။
ပိုက်ဆံအိတ်အသေးကို စမ်းမိသည်။
အကြွေအိတ်ကလေးကို စမ်းမိသည်။
ဘောပင်တွေကို စမ်းမိသည်။
သွားပွတ်တံအသေးလေး တစ်ခု စမ်းမိသည်။
မနေ့က ဓာတ်ဆီထည့်ထားသော လက်မှတ် စမ်းမိသည်။

ဆဲလ်ဖုန်းကို မတွေ့။ ရှင်ဂွိတစ်ယောက် ထပ်စမ်းသည်။ မတွေ့။ ပိုက်ဆံအိတ်ကို မကာ ခုံပေါ်ကို ကြည့်သည်၊ ခုံပေါ်မှာ မရှိ။ ကုတ်အကျီ င်္အိတ်ထဲ နှိုက်ကြည့်သည်၊ မရှိ။
တံတားပေါ်အတက်မှာ ကားတွေကလည်း လုံးဝ ရပ်သွားပြီ။

“ငါ သေချင်တယ်.. ငါ.. သေချင်တယ်…”

ရှင်ဂွိ ဆံပင်တွေကို ခပ်ပြင်းပြင်း သပ်လိုက်သည်။ လက်ထဲမှာ ဆံပင်မွှေး လေးချောင်းခန့်ပါလာသည်။ ပြူတင်းပေါက်မှ ခါချပစ်လိုက်သည်။ တစ်ပင်က ကပ်ပြီး ကားထဲကို ကျသွားသေးသည်။ ကျသွားသော ဆံပင်ကို တစ်ချက်ငုံ့ရှာလိုက်သေးသည်။ မတွေ့။

ရှင်ဂွိ ခေါင်းထဲမှာ ယောက်ယက်ခတ်နေသည်။ ခေါင်းထဲတွင်သာ ယောက်ယက်ခတ်နေသည်မဟုတ်၊ ရင်တွေလည်း ယောက်ယက်ခတ်နေသည်။ ဒီနေ့ တိုရန်တိုက ရီဂျယ်နယ် မန်နေဂျာတွေ လာမည့်နေ့။ အစည်းဝေးလည်း ရှိသည်။ မန်နေဂျာကို ရှင်ဂွိ လမ်းမှာ ပိတ်မိနေတာကို ဘယ်လိုအသိပေးရမည်လဲဟု ယောက်ယတ်ခတ်စဉ်းစားနေမိသည်။ ပတ်ဝန်းကျင်ကားတွေထဲက တစ်ယောက်ယောက်ရဲ့ ဆဲလ်ဖုန်းကို တောင်းသုံးမှ ဖြစ်တော့မည်။
ရှင်ဂွိ ဘေးဘီကို ကြည့်လိုက်သည်။ ရှေ့မှာကလည်း တစ်လောကလုံး စိတ်ညစ်နေသည်ကို မမြင်နိုင်ရှာသောကြင်စဦးတို့ အခုလိုဆိုတော့ ပိုအဆင်ပြေကာ မိန်းမက ကားခုံကိုခေါင်းမှီကာ ယောင်္ကျားရင်ခွင်ထဲတောင် ရောက်နေပြီ။ ယောင်္ကျားကလည်း ကားခုံကို ညာဘက်လက်ကလေးတင်လို့…။

“လူတွေစိတ်ညစ်နေတာတောင် ဒီလောက်ကြည်နူးနေနိုင်သူတွေကို ငါ မနှောက်ယှက်သင့်ဘူး”

ရှင်ဂွိ ဘယ်ဘက်ကို ကြည့်လိုက်သည်။ ဘယ်ဘက်မှာက အသက်ငါးဆယ်ကျော် မိန်းမကြီးတစ်ဦးက အိပ်ချင်မူးတူးမျက်နှာကြီးနှင့် အလွန်အိုဟောင်းနေသော ကားကြီးထဲမှာ ငူငူကြီး ထိုင်နေသည်။ မျက်မှောင်ကြီးများကိုလည်း ရှုံ့ထားလိုက်သေးသည်။

“သူ.. ငါ့ထက် စိတ်ရှုပ်နေတယ်၊ တော်တော်လည်းစေ့စပ်မယ့် ပုံပဲ။ ဆဲလ်ဖုန်းတောင် သုံးမယ့်ပုံ မရှိဘူး”

ညာဘက်ကို ကြည့်လိုက်သည်။ ညာဘက်ကားကတော့ နောက်ဆုံးပေါ် ဖိတ်ဖိတ်လက် ကားနက်ကြီး။ မှန်ကြီးတွေ အကုန်ပိတ်ထားသည်။ အထဲမှ အပြင်းစားရော့ခ်သီချင်းသံကို ကျယ်လောင်စွာဖွင့်ထားပုံရသည်။ တဒုန်းဒုန်းတဒိန်းဒိန်း စပီကာဆောင့်သံတွေက ကိုယ့်ကားခေါင်မိုးပေါ်မှာတောင် အရှိန်ပြင်းပြင်းလိမ့်နေလိုက်သေးသည်။

“ဒီလူတွေဆီမှာတော့ ကားဖုန်းဖြစ်ဖြစ် ရှိမှာ သေချာတယ်”
“မဖြစ်သေးပါဘူး။ မတော် ဂိုဏ်းစတားတွေ ဖြစ်နေမှ”

နောက်ဆုံးတော့ ရှင်ဂွိနောက်က ကားထဲက လူတွေကို ပစ်မှတ်ထားလိုက်သည်။ ကားက မြေတိုင်းငှာနက ကား။ ကားထဲက သူနှစ်ဦးကလည်း မြေတိုင်းအင်ဂျင်နီယာ (သို့မဟုတ်) စာရေး ဖြစ်နိုင်သည်။ သူတို့နှစ်ဦးက စကားတပြောပြောနှင့် စိတ်ကလည်း ကြည်လင်နေကြပုံရသည်။ ဒါပေမယ့် တံတားပေါ်မှာက ကားရပ်ပြီး လူဆင်းလို့ မရ၊ ကားပျက်လို့ ဆင်းတာကတစ်မျိုး၊ မဟုတ်လျှင် ရဲမြင်လျှင် ဒဏ်ကြေးက ဒေါ်လာသုံးရာထိ တက်နိုင်သည်။ ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်သည်။ ဘယ်ရဲကားမှ မမြင်။

ရှင်ဂွိတစ်ယောက် ဒက်ရှ်ဘုတ်ကို ဖွင့်လိုက်သည်။
ကားရှေ့မီးလုံးအပို တစ်လုံးထွက်လာသည်။
ဘောပင်တွေ ထပ်ထွက်လာသည်။
ကား manual စာအုပ်ထွက်လာသည်။
ဘီးတစ်ချောင်းထွက်လာသည်။
နေကာမျက်မှန် အဟောင်းတစ်လက် ထပ်ထွက်လာသည်။
ပီကေတစ်ထုတ် ထွက်လာသည်။
ကားဘီး လေတိုင်းတံ အစိမ်းရောင်လေး ထွက်လာသည်။
ပရင့်ထုတ်ထားသော စာရွက်စာတမ်းအချို့ထွက်လာသည်။
စာရွက်တွေကို ယူလိုက်ပြီး အရေးကြီးလားမကြီးလား ဖြန့်ကြည့်လိုက်သည်။ အရေးကြီးပုံ မရသော စာရွက်တစ်ရွက်နောက်က နေရာလွတ်မှာ စာချရေးလိုက်သည်။

“Please call 604-000-0000 to tell **** that ***** is stranded in the traffic because there is an accident on the bridge. Thank you so much for you help, Sir.”
ရှင်ဂွိ ခမျာ Sir ကလည်း ထည့်ရသေးသည်။ ပြီးတော့ အကြာကြီး ချီတုံချတုံ ဖြစ်နေလိုက်သေးသည်။

“ဒီတိုင်းပဲ နေလိုက်တော့မယ်၊ ရုံးရောက်မှ အကျိုးအကြောင်းရှင်းပြလိုက်တော့မယ်”

“အို… မဖြစ်သေးပါဘူး။ အစည်းဝေးထဲမှာ ငါ့ကို စောင့်နေကြမှာ”

“တစ်ခုခုဖြစ်နေမှန်း သိမှာပဲ၊ နေလိုက်ပါတော့မယ်”

“အနည်းဆုံးတော့ ငါကြိုးစားသင့်တယ်”

စာရွက်ကြီးကိုင်ကာ အတွေးတွေ ယောက်ယက်ခတ်နေသည်။ ဘယ်ဘက်ကို ကြည့်မိတော့ ဒေါ်စေ့စပ်မှုန်တေက ရှင်ဂွိကို စူးစိုက်ပြီး ကြည့်နေသေးသည်။ ရှင်ဂွိ သက်ပြင်းတစ်ချက် ချလိုက်သည်။ ကားကို P မှာထားကာ ဟန်းဘရိတ်ကို ဆွဲတင်လိုက်သည်။ တံခါးကို ဖွင့်လိုက်သည်။ ပြီးတော့ ရုတ်ကနဲ ကားထဲက ထွက်လိုက်သည်။ ကားတံခါးကို ပြန်မပိတ်တော့ဘဲ လေထက်လျှင်သောအရှိန်ဖြင့် နောက်က မြေတိုင်းငှာနဆိုင်ရာ ကားဆီသို့ လျှောက်သွားလိုက်သည်။ အမြန်လျှောက်ရသောကြောင့် ခြေသံတွေက ပြင်းနေသည်၊ ဆံပင်တွေက လွင့်နေသည်။ တံတားအောက်မှာတော့ ရေတွေက သာယာငြိမ့်ပျောင်းစွာ စီးဆင်းလို့။
ငှာနဆိုင်ရာ ကားထဲက လူနှစ်ဦးက သူတို့ထံသို့ တန်းတန်းမတ်မတ်လာနေသော ရှင်ဂွိကို အံ့သြတကြီးကြောင်ကြည့်နေသည်။ ဖြစ်ချင်တော့ ဒရိုင်ဘာပြူတင်းတံခါးက တ၀က်ပွင့်နေသည်။ ရှင်ဂွိ ဒရိုင်ဘာကို တစ်ချက်ကြည့်ပြီး ကျေးဇူးအရမ်းတင်ပါတယ်ဟု တစ်ခွန်းပဲ ပြောကာ စာရွက်ကို သူ့လက်ထဲ ထိုးထည့်ပေးလိုက်သည်။ ပြီးတော့ ကားဘက်ကို ပြန်လှည့်ထွက်လာခဲ့သည်။

ကားထဲမှာ ၀င်ထိုင်ပြီး နောက်ကြည့်မှန်မှတဆင့် သူတို့ကို အခြေအနေစောင့်ကြည့်နေလိုက်သည်။ သူတို့က စာရွက်ကို ငုံ့ဖတ်ကာ လှမ်းပြီး လက်ပြသည်။ ကူညီမည်ပေါ့။ ရှင်ဂွိ သက်ပြင်းချလိုက်သည်။ ဒရိုင်ဘာဘေးကလူက အိတ်ထဲမှ ဆဲလ်ဖုန်းကို ထုတ်ကာ ဖုန်းလှဲ့နေတာကို မြင်နေရသည်။ ပြီးတော့ ဖုန်းပြောနေသည်ကိုပါ မြင်နေရသည်။

ရှင်ဂွိ ဒီအတိုင်းငူငူကြီးထိုင်နေသည်မှာ တစ်ကမ္ဘာအလားထင်ရသည်။ ယဉ်ကြောက တစ်လိုင်းထဲသာဖွင့်ထားသည်မို့ ကားတွေက လှိမ့်ရုံကလေး သွားနေကြသည်။ သိတင်းတွေ နားထောင်နေရင်း လူက ငိုက်ချင်လာသည်။ မြန်မာသီချင်းခွေကို ဖွင့်လိုက်တော့ လည်း အရင်က နားသောတဆင်ခဲ့ဖူးသော သာယာသည့် အသံတွေက ခေါင်းထိပ်မှာ လာထုနေသလို ခံစားနေရသည်။

ဒီကြားထဲမှာ ရှင်ဂွိ ဗိုက်က ဆန္ဒပြလာသည်။ ရှင်ဂွိ ဗိုက်ကို လက်တစ်ဘက်နှင့်ဖိကာ နှုတ်ခမ်းကို ကိုက်ထားရသည်။
နောက်ဆုံးတော့ တဖြည်းဖြည်းနှင့် ဖရီးဝေးထဲကို ရောက်ခဲ့သည်။ ဖရီးဝေးထဲရောက်တော့ နောက်ကကားက ကျော်တက်သွားသည်။

ရှင်ဂွိကျေးဇူးတင်ကြောင်းလက်ပြလိုက်သည်။ မောင်းနှင်သူက အသိမှတ်ပြုသည့်ပုံနှင့် ခေါင်းငြိမ့်ပြသည်။ ရှင်ဂွိ လီဗာကိုဖိနင်းက အမြန်ဆုံးမောင်းနေသည်။ ရှင်ဂွိရှေ့က အရှိန်ပြင်းပြင်းမောင်းနေသော ကားကိုမြင်တော့ ရှင်ဂွိ မျက်လုံးပြူးသွားသည်။ ခုနက ချစ်ရည်လူးကြည်နူးနေကြသော ကား။ ကားကြီးကလည်း ရှယ်ဗီ (ချက်ပလက်အဟောင်းကြီး) အကြီးကြီးမှာ ခုနက သူမဟုတ်သလို အရှိန်ပြင်းစွာ မောင်းနေသည်။ မယုံနိုင်လောက်အောင်လျှင်မြန်စွာ မောင်းနေရုံမက ယဉ်ကြောတွေ ဟိုဝင်ဒီထွက် ဂျန်းစဘွန်းအလား ထင်ရလောက်အောင် မောင်းနှင်နေသည်။

နောက်ဆုံး ရုံးနားသို့ ရှင်ဂွိရောက်လာခဲ့သည်။ ရုံးနားက လမ်းမကြီးတွေကလည်း နောက်ကျပါတယ်ဆိုမှ ယာဉ်ကြောတွေက ပိတ်နေသည်။ အရေးထဲမှာ အရှေ့က ဘီစီလိုင်စင်ပြားမဟုတ်သော ကားတစ်စင်းက လိပ်တစ်ကောင်အလား ခပ်ဖြေးဖြေးသွားနေသည်။

“ဟင်း… လသာနေတယ် ထင်နေတယ်နော်”

ရှင်ဂွိတစ်ယောက် လိပ်ကဲ့သို့သွားနေသော ထိုကားနောက်မှာ ကျော်တက်ချင်ကြောင်း မီးကို ကစားပြလိုက်သည်။ လိပ်ကားက ညာဘက်ကို ဆင်းပေးသည်။ ထိုလိပ်ကားကို ကျော်တက်လိုက်ပြီး ဒရိုင်ဘာကို မျက်လုံးဖြင့် တစ်ချက်လှမ်းကြည့်ပြီး အချက်ပြလိုက်သည်။ မောင်းနှင်နေသူ လူကြီးက ငွေရောင်မျက်မှန်ကိုင်းအကောင်းစားဖြင့် ရှင်ဂွိကို ပြန်ကြည့်သည်။ ရှင်ဂွိလည်း သူ့ကို မျက်ခုံးရှုံ့ကာ အစူးဝါးဆုံးကြည့်အပြီး၊ ရုံးဝိုင်းထဲသို့ အမြန်မောင်းဝင်လာကာ မြေအောက်ပါကင်ထဲကို ၀င်ချသွားလိုက်သည်။ အမြန်လိုလျှင် ဓာတ်လှေကားတို့သည်လည်း တုံ့နှေးလွန်းတတ်ကြလွန်းလို့… မန်နေဂျာခန်းထဲသို့ လှေကားတွေကို နင်းဖြတ်လျှက် တက်လာခဲ့သည်။ မန်နေဂျာအခန်းပေါက်ဝရောက်တော့ အသက်ကို ရှုကာ အိနြေ္ဒကိုဆယ်လိုက်သည်။ ဆံပင်ကို သပ်လိုက်သည်၊ အကျီ င်္ကိုဆွဲချလိုက်သည်။ ပြီးတော့ .. အခန်းထဲသို့ ဟန်ပါပါ ၀င်လိုက်သည်။

“မင်း… ဖုန်း တစ်ခု ရတယ် မဟုတ်လား”

မန်နေဂျာကို ဟန်ကိုယ်ဖို့လုပ်ရင်း ခပ်တည်တည်မေးလိုက်သည်။ ရင်ထဲမှာတော့ ဒိန်းတလိန်းနတ်ပူးနေသလား ထင်ရသည်။

“ဖုန်းဆက်တာ ဘယ်ကယောက်ျားကြီးလဲ”
မန်နေဂျာက အမေးကို အမေးနှင့်ဖြေသည်။

ဇတ်စုံခင်းပြလိုက်သည်။ မန်နေဂျာက ဖြတ်ထိုးဥာဏ်ရှိသည့်အပြင် သတ္တိရှိသည် ဟုလည်း ချီးမွမ်းသည်။ ရှင်ဂွိ မပျော်နိုင်အား။ မန်နေဂျာကို အစည်းဝေးထဲမှာ တွေ့မည်ဟု အမြန်နှုတ်ဆက်ကာ မိန်းကလေးခန်းသို့ ပြေးဝင်ရလေသည်။

အချိန်အနည်းငယ်ကြာသောအခါ….

ရှင်ဂွိ စိတ်မောလူမောနှင့် အစည်းဝေးခန်းထဲသို့ ၀င်လာခဲ့သည်။ လူအချို့ရောက်နှင့်နေပြီ။ ရှင်ဂွိ မန်နေဂျာလည်း ရောက်နေသည်။ ထိုင်ခုံတစ်လုံးကို ဆွဲယူ ထိုင်လိုက်ပြီး ဖိုင်ကို စားပွဲပေါ်ချလိုက်သည်။ မန်နေဂျာက ရှင်ဂွိဘေးက တစ်ခါမှ မမြင်ဘူးသော ဧည့်သည်တစ်ဦးကို ရည်မှန်းကာ ရှင်ဂွိကိုပြောသည်။

“မင်း နဲ့ မိတ်ဆက်ပေးရဦးမယ်၊ ဒါက တိုရန်တို ရီဂျင်နယ် မန်နေဂျာ…”

“ဒါကတော့ …. ကျမတို့ ရဲ့ ပရိုဂျက်လိဒ် …..”

ရှင်ဂွိ ထိုလူကြီးကို မော့ကြည့်လိုက်သည်။

ရှင်ဂွိ အခန်းထဲက တဟုန်ထိုး ထွက်ပြေးချင်စိတ်  ဖြစ်လာခဲ့သည်။

ငွေရောင်မျက်မှန်ကိုင်းနှင့် ထိုလူကြီးသည်ကား…

………….

………….

မိတောနှင့် အညိုရိပ်၅၀
မိတောနှင့် ပုရွက်ဆိတ်သိုင်းလေပွေရိုင်း

P Please consider the environment before printing this page

<< ပျားတွေအကြောင်း မကြာခင်ဆက်ပါမယ်ရှင်း)) >>

ဧရာဝတီ  တွက် ၀မ်းနည်းနေတဲ့ စိတ်တွေ ခဏလေး အသက်ရှုရအောင်လို့ပါ..

33 Comments »

  1. ရေးနေကျဟန်ကနေ လုံးဝခွဲထွက်ပစ်လိုက်တာပဲ မလေးရေ..

    ရီရပါတယ်ရှင့်။

    ချစ်ခင်စွာဖြင့်
    ရတနာ

    Comment by ရတနာ — September 1, 2011 @ 6:25 pm

  2. ဟားဟားဟား . . ရှင်ဂွမ်းဂွိတို့ ဖြစ်ပုံ ငရုတ်ဆုံ ဖြစ်တော့မယ်း)))))
    ဘူတွေ မရီရဘူးပြောလဲ . . . ရီရတယ်ဗျ

    Comment by ဗညား — September 1, 2011 @ 6:46 pm

  3. ဟားဟားဟား..အဆုံကျမှအသံထွက်ရယ်မိတယ်..။ အဲဒါမျိုးလည်းအပြင်မှာ တကယ်ဖြစ်တတ်တယ်နော်..။
    ကားမောင်းနေတာတောင် မျက်မှန်ကိုင်းကိုကြည့်ဖြစ်သေးတယ်နော်…။ သူကလည်း ဘီစီထိတောင် ကားနဲ့လာတယ်လားမလေး…။
    ကားစမောင်းချိန်ရှုခင်းကို သရုပ်ဖော်ထားတာလေး မျက်စိထဲမှာမြင်ယောင်ကြည့်နေတယ်…။

    Comment by evergree phyo — September 1, 2011 @ 7:04 pm

  4. သူက ၀ါရှင်တန်စတိတ် (ဒီစီ မဟုတ်ပါ) ပလိတ်ပြားနဲ့ လာတာ။

    Comment by မလေး — September 1, 2011 @ 7:49 pm

  5. ဘာများဖြစ်မလဲလို့ မရပ်နိုင်ပဲ လိုက်ဖတ်တာ။ ရုံးမှာဖတ်ရတော့ ဘရောက်ဇာကို ကျဉ်းလိုက်ကျယ်လိုက်နဲ့… ဂရိတ်ဝမ်း (ဒါလည်း ဘာသာနှစ်မျိုးစပ်)

    Comment by mgthant — September 1, 2011 @ 8:13 pm

  6. မလေးရေ…. ထူးထူးခြားခြား စတိုင်အသစ်လေးနဲ့ရေးထားတာ ကောင်းလွန်းလို့ ဖတ်ရင်း ဆုံးသွားမှန်းတောင် မသိလိုက်ရဘူး..။ ကောင်းခန်းမှာ ဖြတ်ချလိုက်တာ ပညာသားပါတယ်ဝေ…။ မလေးမှာ ဟာသ၊ ဇ၀နဥာဏ်ရှိတာ ဒီပို့စ်လေး ဖတ်ပြီး သိလိုက်ရတယ်..။ so cute!

    Comment by မြသွေးနီ — September 1, 2011 @ 8:29 pm

  7. အော်ဖြစ်မှဖြစ်ရလေ ရှင်ဂွရယ်
    တိုက်ဆိုင်မှုများ အံ့သြဖို့ကောင်းပါရဲ့။
    ဟိဟိ..
    အစည်းအဝေးခန်းမှာ ရှင်ဂွိလေးဖြစ်နေမဲ့ပုံ မြင်ယောင်မိသေး
    သနားပါတယ်း)

    Comment by ချော(အစိမ်းရောင် လွင်ပြင်) — September 1, 2011 @ 8:34 pm

  8. စက်ရက်လိုက်တာချောရယ်……..
    ရှင်ဂွ…. တဲ့ .
    ဟင်းးး… :P

    Comment by မလေး — September 1, 2011 @ 8:42 pm

  9. ချစ်မမတော့လေ ရေးလဲရေးတက်ပနော် :)
    အစဉ်အမြဲ အားပေးနေလျှက်…
    ကောင်းသောနေ့လေး ဖြစ်ပါစေမမ။

    Comment by angelhlaing — September 1, 2011 @ 11:37 pm

  10. သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်xxxxxxတိုက်…တိုက်…ဆိုင်…ဆိုင် ( ဘာရယ်မဟုတ် သီချင်းဆိုကြည့်တာပါ၊ မလေးရေ…..တခါတခါ အပြင်လောကကြီးက ရုပ်ရှင်အလား ထူးဆန်းတိုက်ဆိုင်လွန်းတတ်ပါရဲ့ နော်)

    Comment by မိုးစက်ပွင့် — September 2, 2011 @ 12:08 am

  11. မလေး ရေးထားတာ အသက်ပါလို့ ယာဉ်ကြောထဲမှာ ရှင်ဂွိနဲ့အတူ ပိတ်ပြီး မောနေမိတယ်..၊ အဆုံးကျတော့ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပါပဲလား…၊း)
    တလမ်းလုံး စိတ်မော၊ လူမောနဲ့ ရှင်ဂွိလည်း အဲဒီတော့မှ ဂွမ်းသွားတော့မယ် ထင်ပါရဲ့….၊ အစမှာ ‘မော’ ပြီး အဆုံးမှာ ‘ရယ်’ လိုက်ရတဲ့ ပို့စ်လေးကို ‘ရယ်မော’ စွာနဲ့ ဖတ်သွားပါတယ်ဗျာ….။

    Comment by ညီလင်းသစ် — September 2, 2011 @ 1:19 am

  12. အရမ်းနှစ်သက်မိပါတယ်..ဒီလိုအိုင်ဒီ ယာပုံစံလေးတွေဆို..ကျေးဇူးပါ မလေးရေ.း)

    Comment by starangel — September 2, 2011 @ 5:42 am

  13. ဖတ်ရတာ တစ်မျိုးပဲ… အိမ့်ချမ်းမြေ့ရဲ့ ဇာတ်အိမ်ဖွဲ့ထားတာလေးက တော်တော်အသက်ဝင်တော့ ဖတ်ရင်း မျောသွားတယ်ဗျာ….

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    Comment by ချယ်ရီမြေ — September 2, 2011 @ 11:01 am

  14. အစ်မ…ရေးဟန်ပြောင်းနေလို့ တအံ့တသြ ဖတ်လာလိုက်တာ…ဇာတ်လမ်းတ၀က်လောက်အထိ ဇာတ်ရည်မလည်သေးဘူး…အရေးထဲမှာ ရှင်ဂွိကို အိမ့်ချမ်းမြေ့လို့ထင်နေမိသေးတာကလည်း တစ်ဒုက္ခ…ဖုန်းလှမ်းဆက်ခိုင်းတော့လည်း သဘောက မပေါက်ပြန်သေးဘူး…နောက်ဆုံးပိုင်းကျမှ အားရပါးရ ပြုံးမိတော့တယ်…ကိုယ်ညံ့တာပါ ပေါ်သွားတာကိုး…

    Comment by ဟန်ကြည် — September 2, 2011 @ 12:43 pm

  15. I can see that picture clearly Ha Ha Ha. This post is so so so cute.I love it.

    Comment by Htate Htar — September 2, 2011 @ 12:44 pm

  16. မအိမ့်က ကိုယ်တွေ့ရေးတာလေးတွေ အရမ်းပိုင်တယ်နော်။
    အဲဒီနောက် ဘာဆက်ဖြစ်သေးလဲ ဟင် :P :P

    Comment by ကိုဇော် — September 2, 2011 @ 6:28 pm

  17. အရေးအသားလေးက ညက်လိုက်တာ…ရှင်ဂွိနဲ့ အတူ လိုက်ပြီး မောနေတာ…ဇာတ်သိမ်းလေးကို သဘောကျသွားပါသည်…

    Comment by စန်းထွန်း — September 2, 2011 @ 8:50 pm

  18. ဖြစ်ရလေ…မလေး…အဲ…မရှင်ဂွိရယ်။ အဲလိုစာလေးတွေကိုဖတ်ပြီး ရေးတဲ့လူကို ချစ်ခင်စိတ်တွေ တိုးလာပြန်သကော။ ;)

    Have a great weekend နော် မလေး။

    Comment by ဇွန်မိုးစက် — September 2, 2011 @ 9:38 pm

  19. @ ဟန်ကြည် >>>> Like ur comment. :)

    Comment by တူးတူးငယ်ငယ် — September 2, 2011 @ 9:49 pm

  20. မလေးရဲ့ ဒီလို ခပ်သွက်သွက်ရေးဟန်လေးကလည်း တမျိုးချစ်စရာ…၊ ဟုတ်ပါ့ မလေးရေ ခုတလော စိတ်အတော် ရှုပ်နေခဲ့တာ….ဒါလေးဖတ်ရတော့ ပြုံးမိသွားတယ်…:))

    Comment by ချစ်ကြည်အေး — September 2, 2011 @ 11:13 pm

  21. ရှင်ဂွိဖြစ်ပုံလေး ဟဟား ဖြစ်ဖူးတယ်။ ကားကိုတော့ ကိုယ်တိုင်မောင်းတာ မဟုတ်ပေမယ့် လိုင်းကားစီးရင်း ဖြစ်ရတာလေ။ ဟဟား ရီသွားရတယ် မလေးရေ။ မူကွဲလိုင်းလေး ဖတ်ရကောင်းပါ့

    Comment by maylay — September 3, 2011 @ 1:01 am

  22. ရေးထားတာလေးအတိုင်း လိုက်ပါခံစားသွားပါသည်။။။ ဟီးးဟီးးးး

    Comment by အလင်းသစ် — September 3, 2011 @ 6:32 am

  23. အလျင်လို အနှေးတွေ့ဆိုတာ တကယ်မှန်တာ။ နောက်ကျပြီလားဆို လမ်းမှာအမျိုးမျိုးကြုံရပါတော့မယ်။ ကိုယ်ကစိတ်လောလေ ပိုပိုကြာလေပဲ.. ကိုယ်တွေ့…း))
    ကိုယ့်ဟာကိုယ်ဖြစ်ရင်သာ စိတ်မောလူမောနဲ့ မရယ်နိုင်တာ အခုလိုဖတ်ရတော့လည်း ဖြစ်ရလေ ရှင်ဂွိရယ်ဆိုပြီး ရယ်မိသွားတာပါပဲ.. :D ဖတ်လို့ကောင်းတယ် မလေးရေ။

    Comment by မအိမ်သူ — September 3, 2011 @ 9:00 am

  24. တကယ့်ဟာသ … :P

    Comment by ကိုအောင်(ပျူနိုင်ငံ) — September 3, 2011 @ 2:34 pm

  25. မလေး
    ရှင်ဂွိက ဆဲလ် ဖုန်း ရှိတယ်လား…
    အဲ ပြီးတော့  ကလေး တွေ က အမေ ထက် အယင်နိုးနေလားဟင်
    နောက်ဆုံးတော့ သိပြီ
    မန်နေဂျာ လူကြီး က လေ ဟို ဖုန်းဆက်မယ့် စာရွက်ပေး လိုက်တဲ့  လူကြီး မဟုတ်လားဟင်?????
    ရယ် သော သူ အသက်ရှည် ပါ၏…..

    Comment by မောင်မောင် — September 4, 2011 @ 1:15 pm

  26. ကိုယ်တိုင် ၀င်ခံစားကြည့်လိုက်တယ်။ အစည်းအဝေးမှာ ဘယ်မျက်နှာနဲ့ နေရမှာလဲ။ :)

    Comment by An Asian Tour Operator — September 4, 2011 @ 9:05 pm

  27. ဖတ်လို့ ကောင်းတယ် မလေးရေ…… ပေါ့ပေါ့ပါးပါးလေး ပြုံးသွားတယ်…။ တစ်ယောက်ထဲ ယောက်ယက် ခတ်နေတာ မြင်ယောင်မိတာမို့  :D

    Comment by ကိုကိုလတ် — September 5, 2011 @ 8:33 am

  28. စာဖတ်နေတယ်လို့  မထင်ဘူး။ လေထဲရောက်သွားသလို ခံစားလိုက်ရတယ်။

    Comment by စော(အဝါရောင်မြေ) — September 5, 2011 @ 6:26 pm

  29. မလေး ကြိုးစားပြီး ရယ်စရာတစ်ပုဒ်ရေးတာ ဘလောဂါမောင်နှမ/စာဖတ်သူတွေ ခုလို အားပေးတာကို ပီတိဖြစ်မိပါတယ်ရှင်း))

    Comment by မလေး — September 6, 2011 @ 5:54 pm

  30. နိဒါန်းကတော့ ထုံးစံအတိုင်း အမိုက်စား အသေးစိတ်ကလေး ဖွဲ့နွဲ့လိုက်သေးတာပါပဲ။ ဖတ်ရင်းလည်း သဘောကျပါ၏။ မြန်မာဝတ္ထု ဖတ်နေရသလို မခံစားရပဲ။ အမေရိကန် ဇာတ်ကား ကြည့်နေရသလို ခံစားရပါ၏။ ဇာတ်ကွက်တွေ မြုပ်ထားပေမယ့် ခန့်မှန်းရလွယ်နေသေးသည်ဟု ထင်၏။ (အဆုံးသတ် ဇာတ်ကွက်ကိုဆိုလိုသည်)။ အထွေအထွေချုပ်ပြောရရင်တော့ ဒီစာကို ကျွန်တော် အလွန်ကြိုက်ပါ၏။

    Comment by ရှေးစာဆို — September 7, 2011 @ 7:56 am

  31. ရယ်မော ပျော်ရွှင် စိတ်ဝင်စား ခဲ့ရပါသည်…….. ဆရာမ ( မလေး ) ခင်ဗျာ….

    Comment by michelwatoke — September 11, 2011 @ 3:09 am

  32. ဆရာမ အိမ့်ချမ်းမြေ့- -ခင်ဗျား
    ကျွန်တော်ဟာ နွေမိုးအမည်နဲ့ အွန်လိုင်းဝက်ဆိုက်များပေါ်မှာ
    လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
    အခု ကျွန်တော်ဟာ အင်တာနက်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ထုတ်ဝေဖို့
    စီစဉ်နေပါတယ်။ ထုတ်ဝေနေကျ နည်းပညာစာအုပ်မျိုးမဟုတ်ပါ။
    အင်တာနက်ဝက်ဆိုက်များနဲ့ နီးစပ်မှုမရှိ၊ ကျွမ်းဝင်မှုမရှိသေးသူများ
    အင်တာနက်ဝက်ဆိုက်များပေါ်က ဖော်ပြချက်များကို သိရှိခံစားနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ဝေမယ့်စာအုပ်ဖြစ်ပါတယ်။ စာအုပ်အမည်ကို Paper Websiteလို့ပေးထားပြီး
    အမှတ်စဉ်တပ်ပြီး ထုတ်ဝေသွားမှာဖြစ်ပါတယ်။
    အဲဒီစာအုပ်လေးထဲမှာ ၀က်ဆိုက်များပေါ်က ကောင်းနိုးရာရာ၊ လူအများဖတ်သင့်တယ်
    လို့ယူဆရတဲ့ စာပေများကို ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။
    ဘာသာရပ်အလိုက်… ဘာသာရေး၊ ကျန်းမာရေး၊ အလှအပနှင့်ဖက်ရှင်၊ ၀တ္ထုတိုများ၊
    ဟာသများ၊ ကဗျာ၊ ကာတွန်း…စသည်ဖြင့် တစ်အုပ်ချင်း စုစည်းထုတ်ဝေမှာဖြစ်ပါတယ်။
    လူကြီးမင်းရဲ့ –အိမ့်ချမ်းမြေ့-၀က်ဆိုက်မှာဖော်ပြထားတဲ့
    -ရှင်ဂွိရဲ့နံနက်ခင်း(၀တ္ထုတို)-ကို နှစ်သက်တဲ့အတွက်
    ကျွန်တော်ထုတ်ဝေမယ့် Paper Websiteစာအုပ်မှာ ထည့်သွင်းအသုံးပြုခွင့်ပေးပါရန်
    ပန်ကြားအပ်ပါတယ်။ လောလောဆယ်တွင် စာအုပ်မှ အကျိုးအမြတ်ကို မျှော်လင့်၍မရပဲ
    အရှုံးခံထုတ်ဝေရမည်ဖြစ်၍ စာမူခချီးမြှင့်နိုင်မည်မဟုတ်ပါသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်
    တောင်းပန်အပ်ပါသည်။ စာအုပ်လက်ဆောင်ပေးပို့ပေးပါမည်။ စာအုပ်ပို့ပေးနိုင်ရန်
    လူကြီးမင်း၏လိပ်စာကို အောက်ပါအီးမေးသို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

    nwaytamun@gmail.com

    စာအုပ်ပေးပို့ရန် အခက်အခဲရှိတဲ့နေရာဆိုရင် (ဥပမာ) နိုင်ငံခြားမှာနေသူဆိုရင်
    စာအုပ်ပီဒီအက်ဖိုင်ကို ပို့ပေးပါမယ်။

    နောက် ဆက်လက်ထုတ်ဝေမည့်စာအုပ်များတွင်လည်း
    ပုံနှိပ်ဖော်ပြရန်သင့်လျော်သည့် လူကြီးမင်း၏စာမူများကို
    မည်သည့်ဝက်ဆိုက်မှဖြစ်စေ အသုံးပြုခွင့်ပေးပါရန်နှင့် အသုံးပြုလိုပါက
    ခွင့်ပြုချက် ကြိုတင်တောင်းခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    ခင်မင်လေးစားစွာဖြင့်-
    နွေမိုး

    ဆရာမရဲ့ဝက်ဆိုက်ကို ဒီနေ့ပဲတွေ့ပြီး ဒီနေ့ပဲ အဲဒီတစ်ပုဒ်ကို ဖတ်ဖြစ်လိုက်ပါတယ်။
    အသောအရွှန်းလေးပါပြီး သွက်သွက်လက်လက်ကလေးမို့ ကြိုက်နှစ်သက်မိခြင်းဖြစ်ပါတယ်။
    နောက်အပုဒ်တွေလည်း ဆက်ဖတ်ပါဦးမယ်။
    ကျွန်တော့်ရဲ့ကမ်းလှမ်းချက်ကို ခွင့်ပြု-မပြု အကြောင်းပြန်ကြားပေးပါရန်
    လေးစားစွာ အကြောင်းကြားအပ်ပါတယ် ဆရာမခင်ဗျား။
    ခင်မင်စွာဖြင့်- နွေမိုး

    Comment by နွေမိုး — December 28, 2011 @ 9:34 am

  33. nwaytamun@gmail.com ကို စာပြန်ထားပါတယ် ဆရာနွေမိုးရှင့်….

    “ကျမရဲ့ ၀တ္ထုတို (ရှင်ဂွိရဲ့ နံနက်ခင်း) ကို သုံးလို့ရပါတယ်။ အကျိုးအမြတ်လည်း မမျှော်လင့်ပါဘူး။ စာပေကိုချစ်မြတ်နိုးသူတွေအချင်းချင်း အကျိုးအမြတ်တွေ မလိုအပ်ပါဘူး ဆရာ။
    အကျိုးအမြတ်က ဖတ်သူတွေ ရသ/သုတ တစ်ခုခုရသွားတာ ကျမတွက် အမြတ်ပါပဲ။”
    လို့.. အစချီပြီး ပြန်ထားပါတယ်ရှင်။

    Comment by မလေး — December 28, 2011 @ 6:50 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------