♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 27, 2011

အမှတ်တရလေးများ (ဘလောဂ်နေ့အတွက်)

Filed under: my notes, tag game — အိမ့်ချမ်းမြေ့ @ 12:59 am

ကျမလည်း ပိတုန်းတွေ ဆဋ္ဌဂံ ကို ၀င်စီးရင်းတန်းလန်း၊ ယန်စီမြစ်ရေခမ်းခြောက်ခြင်း နဲ့ မြစ်ဆုံလွမ်းဘွဲ့ ရောက်၊ တရုတ်ပြည်ကနေ မြန်မာပြည်.. တစ်ခါ ကနေဒါမြောက်ဘက်ရပ်ဝန်းက ဘီဗာတွေ ကမ္ဘာ့အကြီးဆုံး ဆည်ဆောက်တဲ့ အကြောင်းရောက်လိုရောက်နဲ့ ဟော.. အခု ကိုအောင်(ပျူနိုင်ငံ) တက်ဂ်တာနဲ့ ဘလောဂ်နေ့ အမှတ်တယများ ပိုစ်ကို ရောက်နေပြန်ပါပြီ။ ကျမကို ချစ်ခင်သော စာရေးဖော် - စာဖတ်ဘက် မောင်နှမတွေ၊ ကျမအကြောင်းအနည်းငယ်သိသူတွေကတော့ တော်တော်လေး စိတ်ရှည်သည်းခံကြပါတယ် (ပိုစ်ရေးသမျှ တန်းလန်းဖြစ်လွန်းလို့ )။ အခန်းဆက် ရေးပြီး အဆုံးသတ်နိုင်တာ.. ပေါင်းချုပ်စာအုပ်ထုတ်မှာမို့ ကြိုးစားအဆုံးသတ်တဲ့ “ဂုဏ်မက်သူ” တစ်ပုဒ်ပဲ ရှိခဲ့ပါတယ်။

အခုလည်း ဘာရေးရမှန်းမသိတာနဲ့ ကိုအောင်(ပျူနိုင်ငံ)ရဲ့ ပိုစ်ကို တစ်ပိုင်းကို သုံးခါလောက်စီ ပြန်ဖတ်၊ ကော့မန့်တွေပါ သေချာဖတ်၊ အခြားတက်ဂ်လုပ်ခံထားရသူတွေ ဘာရေးထားလည်း ဖတ်ပြီးသည့်နောက်.. ဘလောဂ်ရပ်ဝန်းမှာ ကိုယ် … မှတ်မိသလောက် ဘလောဂ်နေ့အမှတ်တယဖြစ်စေဖို့ ရေးလိုက်ပါတယ်။ (ရက်လတွေနဲ့ ခုနှစ်တွေကတော့ အနည်းငယ်လွဲနိုင်ပါတယ် (သိသူများ ၀င်ရောက်ဖြည့်စွက်နိုင်ပါတယ်ရှင်)။

၁၉၉၆ လောက်မှာ ကျမ yahoo groups တွေကို စသုံးတယ်။ မြန်မာစာကိုမြတ်နိုးတဲ့.. မြန်မာလူမျိုးအချင်းချင်းမြတ်နိုးတဲ့ မြန်မာလူငယ်တွေ တော်တော်များများ yahoo groups တွေမှာ ကျက်စားခဲ့ကြတယ်။

http://groups.yahoo.com/group/myanmarburmese/
http://groups.yahoo.com/group/universityofyangon/
http://groups.yahoo.com/group/kabyarchitthumyar/
http://groups.yahoo.com/group/athelkwelthumyar/

အဲသလိုမျိုးတွေပါ။

အဲဒီ အုပ်စုတွေထဲက အချို့အုပ်စုထဲ ၀င်ချင်ကြတယ်ဆိုရင်— ၀င်လို့ မရတော့ပါဘူး…လို့။ ဘာဖြစ်လို့လည်းဆိုတော့ အချို့သော အက်ဒမင်တွေဟာ သူတို့ ယူဇာအမည်ကော ပါစ်ဝါဒ်တွေပါ မေ့ကုန်ပြီဖြစ်လို့ ဖြစ်ပါတယ်ရှင် .. :D

အဲဒီအချိန်တွေမှာ ကမ္ဘာအနှံ့က ကျွမ်းကျင်တဲ့ မြန်မာအချို့က ဖန်သားပြင်ပေါ်မှာ မြန်မာစာ ရိုက်နိုင်ရန် ကြိုးစားနေခဲ့လောက်ပါပြီ။ မြန်မာတွေဟာ yahoo group တွေမှာ.. ဖိုရမ်တွေမှာ၊ ning လို နေရာမျိုးတွေမှာ အတွေးအခေါ်တွေ ဖလှယ်နေကြပါပြီ။ အဲဒီအချိန်မှာ အရိုင်းပန်း (http://ayinepan.com) ဆိုက်မှာလည်း မြန်မာစာတွေဟာ လှပစွာ ရှင်သန်နေပါပြီ။ မြန်မာအီးဇင်း Ezine ဟာ အဲဒီအချိန်ထဲက ပေါ်နေခဲ့ပါပြီ။ နောက်ပိုင်း ကိုထွန်းထွန်း ဖန်တီးတဲ့ အရိုင်းပန်းအောက်က အိပ်မက် (ainmat.com) ဆိုတဲ့ ဆိုက်လေးတစ်ခု မှာ ကျမ မြန်မာစာတွေ စရေးခဲ့တယ်။ အဲသလို Ezine တွေ၊ yahoo group တွေမှာ ဆွေးနွေးနေသူတွေ၊ အဲသလိုဆိုက်တွေကို ဖန်တီးနေသူတွေဟာ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တစ်ဘက်၊ မိသားစုတစ်ဘက်နဲ့ ၀ါသနာနဲ့ မြန်မာစာကို ချစ်တဲ့စိတ်တွေ၊ ဝေမျှလိုတဲ့ ဗီဇစိတ်အခံတွေကြောင့် မိမိရဲ့အချိန်တွေဖဲ့ပေးပြီး လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ အဲဒါတွေက ဘလောဂ်ပေါ် မရောက်ခင် ကျမရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေပါ။

တစ်နေ့…

ရုံးမှာ အလုပ်ပါးတုန်း ဖန်သားပြင်ပေါ်မှာ ရေလွှာလျောစီးရင်း စစ်အိမ်၊ တက်စလာနဲ့ မောင်သန့်စင်တို့ရဲ့ ဘလောဂ်တွေကို သွားတွေ့လိုက်တယ်။ စစ်အိမ်ဘလောဂ်ကို အရင်ဆုံး သွားတွေ့တာပါ။ အဲဒီနေ့မှာပဲ မောင်သန့်စင် ဘလောဂ်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နှစ်ရက်သုံးရက်အကြာမှာ တက်စ်လာဘလောဂ်ကို သွားတွေ့ပြန်ပါတယ်။ နောက်တော့ မိန်းကလေးဘလောဂါထဲမှာ ဘာညာနဲ့ ပင့်ဂိုလ်းရဲ့ ဘလောဂ်တွေကို ရှေ့ဆင့်နောက်ဆင့် သိလာခဲ့ရပါတယ်။ မြန်မာစာတွေကို ကိုယ်ပိုင်စာမျက်နှာသပ်သပ်နဲ့ WEBSITE လို မြင်ရတာ.. မြန်မာစာနဲ့ ဝေးနေတဲ့ ကျမ ဘယ်လိုခံစားရမလည်း ခံစားကြည့်လို့ရပါတယ်။ ဒါနဲ့ ကျမလည်း သူတို့ဆိုက်တွေကို လေ့လာပြီး ဘလောဂ်လေးတစ်ခု ဖန်တီးလိုက်တယ်။ သြဂုတ်လ ၂၀၀၆ ခုနှစ်ကပါ။

အဲဒီအချိန်ထိ (ဘလောဂ် မဆောက်ခင်ထိ) ပလန်းနက်ဖိုရမ် ရှိတယ်ဆိုတာကို မသိသေးပါဘူး။ နောက်တော့မှာ ဘလောဂ်နဲ့ ပလန်းနက်ဖိုရမ်ကို တွဲပြီး သိလာတယ်။ အဲဒီ ရှေးဦးဘလောဂါတွေဟာ ပလန်းနက်ကနေ ဘလောဂ်ကို ကူးလာတယ်လို့ အကြမ်းဖျင်း ယူဆမိပါတယ် (လေ့လာရသလောက်ပါ၊ ကျမကိုယ်တိုင် ပလန်းနက်မင်ဘာ မဟုတ်ပါဘူးရှင်)။

ဒီငါးဦးကို သိပြီးတဲ့ နောက်ပိုင်း လအနည်းငယ်အကြာမှာ ကလိုစေးထူး၊ မေဓာဝီ၊ ရန်အောင်၊ ဂျစ်တူး၊ ပန်ဒိုရာ၊ ဒီဝိုင်း၊ ညလေး စတဲ့ ဘလောဂါတွေနဲ့ စပြီး ခင်မင်ခဲ့ရပါတယ်။ အဲဒီအချိန်တွေတုန်းက တော်တော်လေး ပျော်ဖို့ကောင်းပါတယ်။ သူ့ဆီကိုယ်သွားလယ်၊ ကိုယ့်ဆီ သူလာလယ်၊ ကော့မန့်တွေမှာ နောက်ပြောင်ရေးကြ နဲ့ပါ။ အဲဒီကတည်းက တစ်လလုံးနေမှ ၃-၄ ပုဒ်ပဲ ရေးတဲ့ ကျမရဲ့ ခြောက်တီးခြောက်ချက် ဘလောဂ်ကလေးကို သူတို့တွေ လာကြတာကို မှတ်မိနေသေးတယ်။ ကျမကို သူတို့က ချစ်စနိုးနဲ့ တပြည်သူ၊ မလေး၊ ပန်းသီးငပိချက်လို့ ခေါ်ကြပါတယ်။ ပန်းသီးနဲ့ငပိချက် ချက်စားလွန်းလို့ပါ။ ပျော်စရာအချိန်လေးတွေပါ။ ဆီပုံး(Cbox) တွေမှာ အပြန်အလှန်နှုတ်ဆက်ကြနဲ့…. မြန်မာပြည်နဲ့ဝေး.. မြန်မာစာနဲ့ ဝေးခဲ့တဲ့ ကျမအတွက် အိုအေစစ်လေး တစ်ခုပါပဲ။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြတ်သန်းနေရတဲ့ အဝေးရောက် လွင်ပြင်ကနေ မြန်မာပြည်ကို အချိန်ပိုင်းလေးတွေမှာ ပြန်ပြန်ရောက်ရသလို ခံစားစေတဲ့ ရပ်ဝန်းလေးတွေပါ။ အဲဒီရပ်ဝန်းလေးတွေက ညမွှေးပန်းတွေ ဆိတ်ဖလူးပန်းတွေ မွှေးနေတဲ့ လသာညတွေမှာ တယောသံကို ကြားရသလို ခံစားစေတဲ့ ရပ်ဝန်းလေးမျိုးတွေ။

နောက်တော့ ဘလောဂါတွေ ရေးထားသမျှ ကောင်းနိုးရာရာ စာတွေကို စုပြီး၊ စာအုပ်ထုတ်ဖို့ စီစဉ်ကြတယ်။ အဲဒီမှာ ညီညီသံလွင်၊ မယ်လိုဒီမောင်၊ စိုးဇေယျထွန်း၊ ဟနစံ၊ ဘလာဂေါက်၊ မျက်စေ့၊ မင်းယွန်းသစ်၊ ဇင်ကိုလတ်၊ နေဘုန်းလတ်၊ မောင်ပွတ်၊ နတ္ထိ၊ ပုထုဇဉ်၊ ကိုဖြိုး L’Etranger၊၊ နိုင်းနိုင်းစနေ၊ လင်းလက်ကြယ်စင်၊ ဆွိသဉ္ဖာ၊ ညီလင်းဆက် စသူတွေကို သိလာရပါတယ်။ (သူတို့တွေကို နောက်ပိုင်းမှ သိလာပေမယ့် တစ်ကယ်တမ်းက သူတို့ထဲက အချို့သူတွေဟာ ၂၀၀၅ လောက်ကတည်းက ဘလောဂ်ရေးနေကြသူများ ဖြစ်ပါတယ်) ဘလောဂ်စာအုပ်မထုတ်ခင် အကြမ်းဖျင်း ဇကာချဖို့ စာမူတွေကို ရွေးချယ်ကြတယ်။ မဲပေးကြတယ်။ ကွန့်မင့်လေးတွေ ပိုစ်တွေအောက်မှာ ရေးကြတယ်။

ကျမလေ့လာတွေ့ရှိရသလောက် …. အဲဒီအချိန်က ဘလောဂ်ရေးနေသူတွေထဲက..
မောင်လှ၊ ညီလင်းဆက်၊ ဒဿန၊ အာလူး၊ သခင်ကြီး၊ မောင်ရိုး စသူတွေက ဘလောဂ်ရှေးဦးရေးသူများ လို့ ခေါ်ဆိုလို့ ရနိုင်ပါတယ် (အများကြီး ကျန်ပါတယ် –ကျမလည်း အကုန်လိုက်မမှီလို့ပါ - မမှီတာထက် အချိန်ပေးမလေ့လာနိုင်သော ကျမလိုအပ်ချက်ပဲ ဖြစ်ပါတယ်)။ ကိုမောင်လှဟာ ၂၀၀၅ မေလ လောက်ထဲက ဘလောဂ်စရေးနေသူဖြစ်ပါတယ်။ ရှေးဦးဘလောဂါတွေဖြစ်တဲ့ ကိုသခင်ကြီးတို့ ကိုမောင်လှတို့ဟာ ဘလောဂ်တွေကို အင်္ဂလိပ်လို အရင်ရေးကြပြီးနောက် WIN (၀င်းဖောင့်) တွေကို စသုံးကြပါတယ်။ နိုဝင်ဘာ ၂၀၀၅ ခန့်မှာတော့ ဇော်ဂျီဖောင့်ကို ဂျီတော့ခ်ပေါ်ကို သူတို့ စတင်လိုက်ပါတယ်။ မောင်ဇန်ဆိုသူကတော့ Embedded ဇော်ဂျီကို စပြီး စမ်းကြည့်ခဲ့ပါတယ်။ သူတို့ဟာ စမ်းလို့ ရသမျှ အဆင်ပြေသမျှကို ဘလောဂ်ပေါ်တင်ပြီး မြန်မာစာရေးချင်သူများနဲ့ ဝေမျှပေးခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ကိုရန်အောင်ရဲ့ နည်းပညာဘလောဂ်ပိုစ်တွေကနေပြီး လူတော်တော်များများ သူတို့ ဘလောဂ်တွေကို ပိုမိုကောင်းအောင် ပြုပြင်လို့ အကျွမ်းတ၀င် ဖြစ်လာခဲ့ပါတယ်။ ကိုရန်အောင် ရေးတဲ့ ပိုစ်တွေက ဘလောဂ်ပေါ်ကို အခုမှ ခြေချသူတွေတွက် အလွန်အသုံးဝင်တဲ့ နည်းပညာပိုစ်တွေ ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ဘာညာတို့ ပင့်ဂိုလ်းတို့ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ် စတဲ့ မြန်မာပြည်က ဘလောဂါတွေ ဦးဆောင်ပြီး မြန်မာပြည်ကနေ life-ဘလောဂ်စီမီနာ လုပ်ခဲ့တယ်။ အဲဒီကာလမှာ.. ဘလောဂ်တွေမှာ ရန်ကုန်ဘလောဂါများ၊ မန္တလေးဘလောဂါများဆိုပြီး ရှိခဲ့တယ်။ နောက်ပိုင်း ကိုဖြိုး L’Etranger တို့ မပင့်ဂိုးလ်နဲ့ အခြားဦးဆောင်သူတွေ စုပြီး နယ်စည်းမခြား မြန်မာ ဘလော့ဂါများ ဆိုပြီး ဘလောဂ်တစ်ခု ပေါ်လာတယ်။

အတွေးအခေါ်တွေ နယ်စည်း မခြားရာ၊ အမြင် သဘောထား တွေ နယ်စည်း မခြားရာ၊ မိုးကောင်းကင် တစ်မိုး တည်းအောက် နေထိုင် ကြသူ အချင်းချင်း တစ်ဦးကို တစ်ဦး လေးစား နားလည်စွာ ဆက်ဆံ နိုင်ကြမယ် ဆိုရင် နေပျော် စရာ ကမ္ဘာကြီး ဖြစ်လာမှာ သေချာပါတယ်။ ကမ္ဘာ အရပ်ရပ်က လူသားတိုင်းရဲ့ လွတ်လပ်စွာ မတူ ခြားနား နေတဲ့ ရိုးရာ၊ ဓလေ့ထုံးစံ၊ ယုံကြည်မှု၊ ယဉ်ကျေးမှု များကို လေးစားစွာ နားလည် နိုင်ကြ စေဖို့ ကြိုးပမ်း တင်ဆက် သွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါဧ။်

အဲဒီ စာသားကလေးနဲ့ အတူ..ပါ။

နောက်ပိုင်းမှာ စာရေးဆရာ/ဆရာမတွေ ဘလောဂ်လောကထဲကို ၀င်လာခဲ့တယ်။ ဥပမာ.. ဆရာမ မေငြိမ်း။ ကျမကို မှတ်မှတ်ယယဖြစ်စေတဲ့ ဘလောဂါတွေထဲမှာ မောင်မျိုးလေးတစ်ယောက်လည်း ပါပါတယ်။ သူဟာ အရင်ကတော့ စာဖတ်သူတစ်ဦးပါ။ ကျမ ဆီဗုံးမှာ သူတစ်ယောက် မြန်မာဖောင့် မရသေးလို့ အင်္ဂလိပ်လို လာရေးနေတာ.. မှတ်မိနေသေးပါတယ်။ နောက်ပိုင်းတော့ သူရယ်၊ ကိုဖြိုး(အဲဗားဂရင်း)နဲ့ တောသားလေးတို့ဟာ ကျမစိတ်ထဲမှာ မောင်လေးတွေလို ဖြစ်လာခဲ့ပါတယ်။

၂၀၀၇ မှာတော့ ဘလောဂါတွေကြား မှာ အက်ကြောင်း တစ်ခုဖြစ်စေခဲ့တဲ့ အဖြစ်တစ်ခု ဖြစ်ခဲ့တယ်။ အက်ကြောင်းဖြစ်တဲ့ တစ်ချိန်ထဲမှာပဲ မြန်မာဘလောဂါတွေကို ကမ္ဘာက သိလိုက်တယ်။ ဘလောဂါတွေရဲ့ လှုပ်ရှားမှုဟာ အတိုင်းအတာတစ်ခုထိ တာသွားခဲ့တယ် ဆိုရပါမယ်။ အဲဒီနောက်ပိုင်းမှာတော့ သာမန်(သာမန် = အနုပညာဘလောဂ်) ဘလောဂါတွေကြားက နွေးထွေးမှု တစ်ခုဟာ အရောင်ဖျော့ သွားခဲ့တယ်။ ဘလောဂ်ရေးတာကို ထာဝရရပ်နားသွားတဲ့ ဘလောဂါတွေ ရှိသလို၊ ခပ်မှန်မှန်ဆက်ရေးရင်း၊ ရင်းနှီးတဲ့စကားသံတွေကို ထိန်းလို်က်ကြရင်း၊ ကိုယ်တွေကို အရှိန်သတ်လိုက်ရင်း.. နွေးထွေးမှု အရောင်ကျသွားတဲ့ ဘလောဂါတွေလည်း ရှိခဲ့တယ်။ အဲဒီကာလတွေမှာ.. နိုင်ငံရေးဘလောဂါတွေနဲ့ စစ်ဘက်က ဘလောဂါတွေ တစ်ချိန်တည်း ၀င်ရောက်လာခဲ့တယ်။ အဲဒီအထဲမှာ ထူးထူးခြားခြား ကျမ သတိပြုမိလိုက်တဲ့ ဘလောဂါတွေကတော့ သဒ္ဒါ၊ ရဲရင့်(ကနေဒါ) နဲ့ opposite eyes တို့ပဲဖြစ်ပါတယ်။

ဘလောဂ်စာအုပ်လည်း မထုတ်ဖြစ်ခဲ့တော့ စာတွေကို Ebook အဖြစ်နဲ့ ကျေနပ်လိုက်ကြရတယ်။ ၂၀၀၈ ခုနှစ်မှာတော့ မှတ်မှတ်ယယ အဖျား၁၀၃နဲ့ ရေးလိုက်တဲ့ ရင်တွင်းဖြစ် ပိုစ်လေးတစ်ခုကြောင့် ကျမကို လူနည်းနည်း သိ သွားပါတယ် (:D) (ကျမက ကိုယ့်အချင်းချင်း မတည့်ရင်နေမယ်… ကိုယ့်အိမ်တွင်းရေးကိစ္စ သူများဝင်စွက်တာကို မကြိုက်တဲ့ သွေးကမွေးရာပါလို ဖြစ်နေလို့ပါ — မထူးတော့ပါဘူး။ အဲ့ဒီပိုစ်နာမည်က ငါးကြင်းဆီနဲ့ငါးကြင်းကြော်ခြင်း ပိုစ်ပါပဲ) အဲဒီမှာ ကျမ ပိုစ်အောက်မှာ နာမည်အရင်းတွေနဲ့ ပေါ်ပေါ်တင်တင် ရပ်တည်ပေးခဲ့သူတွေကတော့  မောင်မျိုး၊ ကောင်းကင်ကို၊ မိုးထက်နေ၊ စိုးမြတ်နန္ဒာသက်လွင်၊ လေးမ၊ အေးချမ်းသူ၊ ကိုစိုးထက်တို့ပါ။ (မ) မေဘားမားလည်း ပါပါသေးတယ်။

ဘလောဂါတွေဟာ ညီညီသံလွင်တို့ စီစဉ်တဲ့ သံလွင်အိပ်မက်မှာလည်း စာပေတွေ စီးမျောခဲ့ကြသေးတယ်။ အဲဒီမှာ မွန်းသက်ပန်ရဲ့ စာတွေနဲ့ စတင်ရင်းနှီးခဲ့ရတယ်။ သူတို့တွေဟာလည်း အလုပ်တစ်ဘက်၊ ကျောင်းတစ်ဘက်၊ မိသားစုအရေးတွေ တစ်ဘက်နဲ့ သုတ/ရသ စာပေအတွက် အချိန်ပေးခဲ့တဲ့ ပြည်ပရောက် မြန်မာစာ ချစ်သူတွေ ဖြစ်ပါတယ်။

ဘလောဂ်ရေးနေတဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ အသံမကြားဖူး၊ မသိဖူးပါပဲ ကိုယ့်ဘက်က သံယောဇဉ်ဖြစ်နေရသူတွေ ရှိပါသေးတယ်။ သူတို့က သိတောင် သိမယ် မထင်ပါဘူး။  အရိုးသားဆုံးပြောရရင် အချို့အမြင်တွေ ကွဲလွဲမှုတွေတောင် ရှိနေနိုင်ပေမယ့် (လူ့သဘာဝတွေမို့ အမြင်တွေဟာ ဘယ်လိုမှတော့ ထပ်တူ မကျနိုင်ပါ) သူတို့ကို အလိုလို ချစ်နေတာပါ။ ဘာကြောင့် သံယောဇဉ်ဖြစ်ချစ်သလည်း မေးရင်လည်း မဖြေတတ်ပါဘူး။ ကောင်းကင်နိုင်ငံမှာ ဆုံခဲ့ဖူးလို့ (ဒါမှမဟုတ်) အရင်ဘ၀က ရေစက်ဆုံခဲ့ဖူးလို့ အဲသလိုပဲ ဖြေရမှာပါ။ အဲဒီအထဲမှာ စိုးဝှက်တ် ဆိုတဲ့ ဘလောဂါမလေးတစ်ဦးရယ် အစ်မခင်မင်းဇော်ရယ်ပါပဲ။

မြန်မာစာကို ကျမတို့လို ဘလောဂ်ရေးနေသူတွေကပဲ ချစ်တာ မဟုတ်ပါဘူး။ ဘလောဂါတွေ ရေးနေသမျှ၊ ဆိုးဆိုးကောင်းကောင်း အချိန်ပေး ဖတ်ရှုနေတဲ့ ဘလောဂ်ဖတ်သူတွေကိုလည်း ဒီနေရာကနေ အသိမှတ်ပြု ကျေးဇူးတင်ခွင့်ပြုပါ။ အဲသလို စာဖတ်သူထဲမှာ ကျမ မှတ်မိနေတာ ဒီမို(ဟိုးရှေးဦး ဘလောဂ်ဖတ်သူ) နဲ့ မစင်ဒါလာ၊ နောက်ပိုင်းတွေမှာ.. ရတနာ၊ သန်းလဲ့၊ ကိုထွေး၊ မောင်မိုးခင်၊ စာဖတ်သူ၊ လင်ဒါ၊ ဒေါင်းသေချောင်းမှာ ပျော်သည့်ကျား၊ ကိုလွမ်းလူ၊ ကိုမိုးအောင်ဆန်း၊ မမထိပ်ထား၊ angel eyes၊ westcoast22၊ အေး(အိပ်မက်) (သူက အိပ်မက်မှာ အချိန်ပေးစာဖတ်ပြီး ကော့မန့်လေးတွေရေးသူဖြစ်ပါတယ်)၊ ကိုလင်း၊ ကြီးတော်၊ မသန်းသန်း၊ ဦးဇင်းမဟာ၊ ဇွဲလွင်(သူကတော့ အပြင်မဂဇင်းတွေမှာ စာပေ၀ါသနာပါသူ တစ်ဦးပါ) စသူ တို့ဖြစ်ပါတယ်။ နောက် အမည် ဖော်မပြနိုင်လောက်အောင် များပြားတဲ့ လူကြီးလူငယ်မရွေး ဘလောဂ်ဖတ်သူတွေအားလုံးရဲ့ အချိန်ပေးမှုတွေက ကျမတို့တွက် ခွန်အားဖြစ်စေပါတယ်။ ဖဘမှ ဘလောဂ်ဖတ်သူများအားလုံး.. You all are the wind beneath our wings ပါ….း))  တစ်ဦးချင်းစီ အမည် ဖော်မပြနိုင်တာ ကျမရဲ့ လိုအပ်ချက်ပါ။ (ဒီလောက်အမည်တွေကို မှတ်မိနေတဲ့ ကိုယ့်ကိုကိုယ်.. ဘလောဂ်ကို တော်တော်သံယောဇဉ်ရှိနေမှန်း ဒီပိုစ်ရေးတဲ့အခါမှာ သိလိုက်ရပါတယ် — ကျန်ခဲ့တာ ကျမ လိုအပ်ချက်ပဲဖြစ်ပါတယ်ရှင်။ တစ်ခါတစ်လေ ရေးနေရင်း မေ့ပြီး ရေထသောက်မှ သတိရချင် ရတတ်တာပါ)

၂၀၀ရ ခုနှစ်မှာ ဘလောဂ်တွေကိုပြည်တွင်းက ပိတ်လိုက်တော့၊ ပြည်တွင်းကလူတွေ ဖတ်ရလွယ်အောင် ကျမ အခု ဒီဒေါ့ကွန်း လေးမှာ ပြောင်းရေးဖြစ်ပါတယ်။ ဘလောဂ်လေးကိုတော့ အမှတ်တယ ယခုအထိ သိမ်းထားပါတယ်။ အချို့သော ပိုစ်လေးတွေကလည်း အဲဒီမှာ ကျန်နေသေးပါတယ်။ အဲသလို ကောင်းနိုးရာရာလေးတွေကို စုပြီး ၂၀၀၉ သြဂုတ်လ၊ မှတ်မှတ်ယယ ဘလောဂ်သက်တမ်း ၃ နှစ်အပြည့်မှာ ပေါင်းချုပ်စာအုပ်လေး တစ်အုပ် မြ၀တီတိုက်ကနေ ထုတ်ခဲ့ပါတယ် (မြ၀တီမှာလည်း ကျမရဲ့ မတောက်တခေါက်စာလေးတွေက ပါခဲ့ဖူးပါတယ်)။ ဘလောဂ်ရေးသူတွေဟာ စာပေကို ၀ါသနာပါလွန်းလို့ အဲသလို စာအုပ်လေးတွေ ကိုယ်စီထုတ်တဲ့ အထဲမှာ မနိုင်းနိုင်းစနေ၊ ကိုကောင်းကင်ကို နဲ့ အခြားဘလောဂါ သုံးလေးဦးလည်း ပုံနှိပ်ထုတ်ဝေကြပါတယ်။ ကျန်သော ပုံနှိပ်ရန် စိတ်ဝင်စားတဲ့ ဘလောဂါများလည်း ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့မှာလည်း သူတို့အကြောင်းကိုယ်စီကြောင့် အချိန်ယူနေတယ်လို့ ကျမယူဆမိပါတယ်။

ဒီဒေါ့ကွန်းလေးမှာ စာတွေ ဆက်ရေးနေရင်းနဲ့…  သူမဘလောဂ်ဆီသွားတိုင်း ဗဟုသုတမျိုးစုံရယ်.. တက္ကသိုလ်ရိပ်တွေ ဝေ့သလိုခံစားစေတဲ့ ကေ(ကေသွယ်)၊ နောက် ကျမရဲ့ ကဗျာတစ်ပုဒ်အောက်မှာ မှတ်မှတ်ယယ ကော့မန့်ရေးသွားတဲ့ ကိုသင်ကာ၊ ဘလောဂ်ပိုစ်တိုင်းကို သေချာဖတ်ပြီး အချိန်ပေး ကော့မန့်ရေးတဲ့ လက်ဖြူဖြူသွယ်သွယ်လေးနဲ့ အစ်မတန်ခူး(လက်ပဲ မြင်ဖူးပါတယ်) စသည်တို့နဲ့ သိခွင့်ရခဲ့ပါတယ်။ စာရေးကောင်းတဲ့ ရွှေပြည်သူ၊ လသာ၂ကျောင်းသူချင်းမို့ တစ်ဦးနဲ့တစ်ဦး သံယောဇဉ်ဖြစ်နေတဲ့ ဇွန်မိုးစက်၊ စင်္ကာပူကနေ ကနေဒါကို ပြောင်းလာတဲ့ ပန်းနွယ် (အဲဒီတုန်းက ပျော်လိုက်တာ — ကနေဒါက တစ်ကောင်ကြွက် ဘလောဂါ ဘ၀မှ လွတ်ပြီဆိုတဲ့ အတွေးနဲ့)၊ မြူးမြူးကြွကြွ ပိုစ်လေးတွေရေးတတ်တဲ့..ကိုရင်နော်ခင်လေးငယ်၊ ဒဿနတွေ ပေးဝေတတ်တဲ့ အစ်မသီတာ (S-C) တို့ဘလောဂ်၊ ဟင်းချက်ကောင်းတဲ့ ကူးကူး။ အတွေးအခေါ်အရမ်းကောင်းတဲ့ ကိုကျော်သက်လတ်၊ အနုပညာအား တော်တော်ကောင်းတဲ့ အကိုဆောင်းယွန်းလ၊ နွေဆူးလင်္ကာ၊ မျှားပြာ၊ ကလူသစ်၊ ညိမ်းညို၊ မိုးလှိုင်ည၊ အငွေ့ စတဲ့ ကဗျာဆရာတွေ ကို တွေ့မြင်ခဲ့ရပါတယ်။

ကျမ မှတ်မှတ်ယယ သတိရနေသေးတဲ့ ဘလောဂ်လောက ကနေထွက်ခွာသွားတဲ့ ဘလောဂါတွေ ရှိပါတယ်။ သူတို့ကတော့ မဂျစ်တူး၊ သိုးမလေး၊ ဒီဝိုင်း၊ ပုံရိပ်၊ လေးမ၊ မျှားပြာ၊ အေးချမ်းသူ၊ တက်စလာ၊ ၀င်္ကပါ၊ ချစ်စု၊ မိုးထက်နေ၊ ကိုသားငယ် ကိုစိုးထက်၊ ကိုမွှေး စသည်တို့ပါ။ လွမ်းပါတယ်..။

ဒီကြားထဲမှာ ဘ၀တစ်ပါးကို ကူးသွားတဲ့ ကိုကြီးကျောက် (လုံးဝ မခင်လိုက်ရပါဘူး — နေမကောင်းဖြစ်တယ်ဆိုမှ ဘလောဂါတွေ အရမ်းချစ်ခင်ခြင်းခံရသူမှန်း သိရတာပါ) မငွေစန္ဒာ စတဲ့  သူတွေရဲ့ ချန်ခဲ့တဲ့ခြေရာရပ်ဝန်းလေးတွေဆီကို သူတို့ ဒီကမ္ဘာပေါ်မှာ မရှိတော့မှ မကြာခဏ ရောက်မိပါသေးတယ်။ ကောင်းရာသုဂတိ လားကြပါစေ။

နောက်ပိုင်းဘလောဂါ ( နောက်ပိုင်းဟု.. ဆိုရာဝယ်.. ၂၀၀ရနောက်ပိုင်း ဘလောဂ်ရေးလာတယ်လို့ ကျမက ထင်သူများကို ဆိုလိုပါတယ်) အသွေးအရောင်စုံစုံလင်လင်၊ နည်းပညာအစုံအလင် တွေ့ရပါတယ်။ ကိုဝီရှီမီ ဘလောဂ်ကတော့ သူ့ဆိုက်ဘားဟာ သုတရသ စုံလင်တဲ့အတွက်ဘလောဂ်ပိုစ်အသစ်တွေကို တင်ပေးလို့ မကြာခဏ သွားသွားကြည့်ပါတယ်။ ကိုဝီရှီမီနဲ့ မခင်ဦးမေတို့ဟာ လူမှုရေးပိုင်းလည်း ညက်ညောသူတွေမို့ သူတို့ဘလောဂ်တွေက ဟစ်တွေဟာတရှိန်ထိုးတက်တာ အားကျစရာပါပဲ။ နောက်ပိုင်းမှာ (သူတို့ရေးနေတာ ကြာပါပြီ။ နောက်ပိုင်းဆိုတဲ့ ဝေါဟာရက ကျမ နောက်ကျမှ သိရတာကို ဆိုလိုတာပါ)  စာရေးကောင်းတဲ့ မိန်းကလေးဘလောဂါတွေထဲမှာ မသက်ဝေ၊ မချစ်ကြည်အေး၊ အိန္ဒြာ၊ မယ်ကိုး(မယ်ကိုးကတော့ သံလွင်အိပ်မက်မှာ ကတည်းက သိပါတယ်) စသူတွေ၊ ကဗျာရေးတော်တဲ့ စာရေးဆရာမ မနော်ဟရီ၊ ရွှန်းမီ စတဲ့ဘလောဂါတွေ၊ ကိုစံလင်းထွန်း၊ ကိုရင်ညိန်း၊ ခရေတွန်၊ ကလူသစ်၊ သီဟသစ်၊ ရှေးစာဆို၊ တေဇာ၊ မ၀ါဝါခိုင်မင်း၊ ကိုဏီလင်းညို ဘလောဂ်မှ စပြီး သိလာရတဲ့ ဗညား၊ လင်းခေတ်ဒီနို၊ နတ်ဆိုး (တစ်ယောက်ထဲလား — သုံးကိုယ်ခွဲလား မသိပါး)) အဖြူရောင်နတ်သမီး၊ မိုးငွေ့၊ ဆရာမ မြသွေးနီ၊ ချော(အစိမ်းရောင်လွင်ပြင်)၊ ကိုဇော်၊ မြစ်ကျိုးအင်း၊ နေ၀သန်၊ အိန်ဂျယ်လှိုင်း၊ သိင်္ဂါကျော်၊ မင်းပြည့်စုံ၊ သက်တန့်ချို။ နောက်ထပ် သိကျွမ်းလာရတဲ့ ဘလောဂ်ရေးသူတွေကတော့ ကိုမောင်မောင်(ကဘူး)၊ ကိုကိုမောင်(ပန်းရနံ့)၊ ကိုအောင်သာငယ်၊ ကမ္ဘာ့ဖျာ၊ စိုစီဂဒို၊ နှင်းနဲ့မာယာ၊ တန်ဘိုးရှိတဲ့စာတွေကို အချိန်ပေးတင်ပေးတဲ့ မရွှေစင်ဦး၊ မရိုစ် (rose of sharon)၊ အောင်(info)၊ ဟန်ကြည်၊ အန်တီတင့်၊ ညီလင်းသစ်၊ သျှမိုလ်၊ သူရဿဝါ၊ ပြည်ကောင်းအောင်၊ အိုင်အိုဝါ၊ ကိကိ၊ မဒမ်ကိုး၊ မိုးစက်ပွင့်၊ AATO၊ ညိမ်းနိုင်၊ ကိုကိုလတ်၊ မအိမ်သူ၊ ပန်းချီ၊ ချယ်ရီမြေ၊ မေသိမ့်သိမ့်ကျော်၊ (ခွန်မြလှိုင်၊ ရွှေပြည်သူ၊ ဏီလင်းညို၊ သျှမိုလ်၊ သူရဿဝါ၊ ကိုဟန်ကြည်၊ ငယ်၊ မိုက်မိုက်) သူတို့ကတော့ အိပ်မက်မှ စခင်တာပါ။

တက်ဂ်တဲ့ ကိုအောင်(ပျူနိုင်ငံ)ကို သိနေတာကြာပြီဖြစ်ပေမယ့် မှတ်မှတ်ယယ ကမ္ဘာ့ဖလားပွဲမှာ ဘောလုံးဝါသနာပါသူ ဘလောဂါတွေဆီ သွားလည်ရင်း သူ့ဆိုက်မှာ စည်စည်ကားကားတွေ့တာနဲ့ ကိုယ်လည်း ဘောလုံးဝါသနာပါလို့ ဂျာမဏီအနိုင်အရှုံးကိစ္စထင်တယ်… တစ်ခုဝင်ရေးလိုက်ရင်းက ခင်မင်ခဲ့တာ ဖြစ်ပါတယ်။

ကျေးဇူးအထူးတင်ချင်တာကတော့ စားသောက်ဖွယ်ရာတွေကို အချိန်ပေးပြင်ဆင်ချက်ပြုတ်ဓာတ်ပုံရိုက်တင်ပေးသော အချက်အပြုတ်တော်သော ဘလောဂါများ အားလုံးကို ကျေးဇူးတင်လိုပါတယ်။ ကျမဟာ စာတွေဖတ်သလောက် ကွန့်မင့် မရေးဖြစ်တဲ့ သူတစ်ဦးဖြစ်လို့ပါ။

ကျမ ဒီပိုစ်ကိုရေးနေရင်းဆက်မရေးတော့ဘူး ကိုအောင်(ပျူနိုင်ငံ)ကို တောင်းပန်လိုက်မယ်၊ အို.. ဆက်ရေးလိုက်ပါ၊ မရေးတော့ပါဘူး.. နဲ့ အမျိုးမျိုးဖြစ်နေတာပါ။ ဖြစ်ရခြင်းအကြောင်းက ကိုယ်က ရှေ့မှီနောက်မှီလိုဖြစ်နေတော့ အကုန်ကိုလည်း ပါစေချင်၊ ဒီနေ့ကျမှ အိမ့်ချမ်းမြေ့ ဘာစိတ်ကူးပေါက်တယ်မသိဘူး တွံတေးသိန်းတန်သီချင်း ဗွီစီဒီဖွင့်ထားတော့ (မိအေးက အဖော်တသိုက်နဲ့ မိုးရေတဖွေးဖွေးမှာ ကျောင်းစာအော်ကျက် နေတာနဲ့) နှလုံးသားထဲပေါ်လာတဲ့ နာမည်တွေက ရေပြင်ဖွေးဖွေးရောက်လိုက်.. ရွာထိပ်က ညောင်ညိုပင်အောက်ရောက်လိုက်.. အဲသလို..ဟိုရောက်ဒီရောက်ဖြစ်နေတော့ — ဒီလို မရေးသင့်ဘူးလို့ ကိုယ့်ကိုကိုယ်ဆုံးမ၊ တစ်ချိန်ထဲမှာပဲ ငါ.. သမိုင်းပြုစုနေတာမှ မဟုတ်တာ လိုရင် သူတို့ ၀င်ထောက်ပေးလိမ့်မယ်…. အဲသလိုတွေ အမျိုးမျိုး ဖြစ်နေပါတော့တယ်) ဒါကြောင့် ကျန်ခဲ့ရင် စိတ်မကောင်းမဖြစ်ဖို့နဲ့၊ မလေး ဒီနေ့ ဦးနှောက်သိပ်ပင်ပန်းနေလို့ရယ်၊ အသက်ကြီးပြီဖြစ်သည်မို့ မေ့တတ်လို့ရယ်ဟု သဘောထားကာ ခွင့်လွှတ်ကြစေလိုပါတယ်ရှင်။ နောက်တစ်ခုက အမည်များရှေ့မှာ (ကို) (မ) များ ပါလိုက်/မပါလိုက် ဖြစ်နေသည်များကိုလည်း ဘာမှ စိတ်ထဲ မထားပါနှင့်ဟု တောင်းပန်လိုပါသည်။ အချို့နေမည်တွေက (ကို) (မ) ထည့်လိုက်ရင် ပျော့သွားသလို ဖြစ်သွားလို့ပါ။

ဘလောဂ်တွေပေါ်မှာ ရှင်သန်နေချိန်တွေမှာ ဗဟုသုတတွေသာမက ဘ၀သင်ခဏ်းစာတွေလည်း ရခဲ့ပါတယ်။ ဟိန္ဒူအယူတစ်ခုအရ “ကိုယ်နဲ့ကိုယ်စားတဲ့ဆန်စေ့တောင် ရေစက်ပါမှ ဆုံရတယ်” ဆိုသလို.. ကျမတို့တွေဟာ ရေစက်ပါလို့ အခုလို လာဆုံနေကြရတာပါ။ ဒီတက်ဂ်ဂိမ်းတွေဟာလည်း ဘလောဂါတွေကြားမှာ ပိုမိုရင်းနှီးစေတဲ့ ဂိမ်းလေးတွေဖြစ်တာမို့ ကျမ ကြိုးစားရေးလိုက်ပါတယ်။ ဒီတက်ဂ်ဂိမ်းကို ဘလောဂါတွေကြားထဲမှာ ပထမဆုံး မိတ်ဆက်ပေးလိုက်တဲ့ ကဗျာဆရာ ကိုတက်စ်လာကိုလည်း အမှတ်တယ ရှိနေပါကြောင်း ပြောကြားရင်း ဘလောဂ်ဒေးအမှတ်တယ ပိုစ်လေးရေးလိုက်ရပါသည်ရှင်။

အားလုံးကို ခင်မင်စွာဖြင့်..
(အိမ့်ချမ်းမြေ့)

P Please consider the environment before printing this page

50 Comments »

  1. ကျနော်လည်း ဘုရားစူး ဘလော့ဂါ တယောက်ပင် ဖြစ်လေသည်း)) ဒါပေမဲ့ ကျနော့်ကို ဘလော့ဂါမှန်းသိသူ ( ကျနော့် ဘလော့ဂ် ကိုလာလည်ဖူးသူ ) စုစုပေါင်း (၁၀) ယောက် လောက်သာ ရှိပါသည်။ ထိုသူတို့အနက် မအိမ့်ချမ်းမြေ့ ( မလေး )က တယောက် အပါအဝင် ဖြစ်ပါသည်။ ဒါပေမဲ့ သူမလည်း ဘလော့ဂါသစ် တယောက်ကို အားပေးသည့် အနေနှင့် ကျနော့်ဆီ တခါနှစ်ခါလောက်သာ လာလည်ဖူးပြီး ယခု သိပ်မလာတော့ချေ။ မလေးက ၂၀၀၆-၇ ဝန်းကျင်လောက်က ဘလော့ဂ်တွေ အကြောင်းကို အာရုံစိုက်ပြီး ရေး သဖြင့် ( ဝါ ) သူမ၏ ခေါင်းထဲမှာ အဲသည်ကာလကသာ first impression အနေနှင့် စွဲထင်နေဟန်ရှိသဖြင့် သည်ပိုစ့်မှာ နောက်ပေါက် ဘလော့ဂါကျနော်က ဘလော့ဂါအဖြစ်ဖြင့် စာရင်းမဝင်နိုင်ချေ။ ဒါပေမဲ့သူမလည်း ( တွံတေးသိန်းတန်သီချင်း နားထောင် နေရင်း ) ကျနော့်ကို သူမ၏ blog-reader အနေအဖြစ် ထည့်သွင်းရေတွက်ဖို့ မေ့သွားဟန် တူသဖြင့် “ကျုပ်လည်း ရှိပါသေး တယ်ဗျို့” ဟု ခင်မင်စွာ အသံပြုခဲ့ပါကြောင်းး))

    Comment by ပြည်ကောင်းအောင် — August 27, 2011 @ 2:06 am

  2. တွေ့တယ်ဟုတ်? ဒီပိုစ်ရေးရတာ လွယ်တာ မဟုတ်ဘူးဆိုတာ.. အကိုပြည်ကောင်းအောင်ကို ဘလောဂ်ရေးသူထဲ ထည့်ပြီးပြီလေ။ ဘလောဂ်ရေးသူတွေအားလုံးဟာလည်း ဘလောဂ်ဖတ်သူတွေပဲ မဟုတ်ပါလား။ ရေးသူတွေအားလုံးကို ဖတ်သူတွေထဲ အကုန်ထပ်ထည့်ရင်.. မလေး ဒီည အိပ်ရမည် မထင်တော့ပါကြောင်း………..။ အခုတောင် နံနက် ၂နာရီခွဲတော့မည် ဖြစ်ပါသဖြင့်… နားလည်သဘောထားကြီးစွာ ဖတ်ရှုပါလော့……….

    Comment by မလေး — August 27, 2011 @ 2:12 am

  3. ဩော် .. blogger စာရင်းထဲ ကျနော့်နာမည် ပါတာ တကယ် မမြင်လိုက်မိဘူး။ မျက်စိလျှမ်းသွားလို့လား မသိ။ ဂွတ်နိုက် ..း))

    Comment by ပြည်ကောင်းအောင် — August 27, 2011 @ 2:26 am

  4. အခြားဘလောဂါတွေ ဒီပိုစ်ရေးကြတဲ့အထဲ မလေး နာမယ် မပါသူတွေ အများကြီးပါ။ မလေး ဘာမှ မဖြစ်ဘူး။ တစ်ကယ်ကို ဘာမှ မဖြစ်တာ။
    အကုန်လုံးက အကုန်လုံးကို ဘယ်လိုမှတ်မိနိုင်ပါ့မလည်း။ မှတ်မိလည်း ရေးနေခိုက်မှာ ကျန်ခဲ့တာလည်း ရှိမှာပေါ့။
    This is just a tag game ပါ အကိုပြည်ကောင်းအောင်။ It’s just a game after all.
    သမိုင်းပြုစုနေခြင်းမဟုတ်ပါသဖြင့် ပိုစ်ထဲမှာကို တောင်းပန်ထားပြီးဖြစ်ပါတယ်။ ဒါမျိုးတွေ ကြုံမှာစိုးလို့။
    ကိုယ့်စိတ်နဲ့ နှိုင်းပြီး နောက်လူတွေ အရှေ့မှာ ဘာတွေဖြစ်ခဲ့သလဲ သိချင်မလား စေတနာနဲ့ ဝေမျှတာပါ ကိုယ်သိသလောက်လေး..။
    ဒါကို ၂၀၀၆-၂၀၀၇ မှာပဲ စိတ်စွဲထင်နေတယ် ပြောခံထိတာတော့ …..
    စေတနာကို အသိမမှတ်ပြုချင်နေပါ အကို။
    အကို ကျမထက် အသက်အများကြီးကြီးပေမယ့် ကျမပဲ သည်းခံလိုက်ပါတော့တယ်…။

    အရင်လိုဘ၀မျိုး တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်… အပြစ်မသိသေးတဲ့ ဘလောဂါငယ်လေးဘ၀ကို… တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်….~~~~~~~~~~~~

    Comment by မလေး — August 27, 2011 @ 2:37 am

  5. စာလေးက ချစ်ဖို့ကောင်းလိုက်တာ။ မယ်ကိုးကို မမေ့ခဲ့တာရော ၊ ဟိုးတစ်ခါတုန်းက မမရဲ့ side bar မှာ မယ်ကိုးရဲ့ ကြယ်လွဲမိုးကို link ပေးခဲ့တာ ၊ comment ရေးခဲ့တာ…. နာမည်ကြီးသလို စိတ်ထားကြီးတဲ့ မမကို အမြဲအမှတ်ရကျေးဇူးတင်နေသူပါ။ :)

    Comment by မယ်ကိုး — August 27, 2011 @ 4:09 am

  6. မလေး
    နဲ့ ဘလော့ဂ်ရေးရင်းသိခဲ့ တာ ၂၀၀၉ ဒီဇင်ဘာ လောက်က ဖြစ်မလားပဲ။
    ခင်စရာကောင်းတယ်။စာရေးတာတွေလဲ ဖတ်လို့ ကောင်းတယ်။
    ဆီဗုံး( ဆီပုံး) မှာလဲ စာရေးခဲ့တာ တွေ မှတ်မိနေသေးတယ်။
    စာရေးဆရာမ အိမ့်ချမ်းမြေ့  ကိုအားပေးလျှက်
    ဘလော့ဂ်လေး ရော ဒေါ့ကွန်း ပါ အရှည်ခိုင်မြဲတည်တံ့ ပြီးအောင်မြင်ပါစေ။

    Comment by မောင်မောင် — August 27, 2011 @ 5:09 am

  7. နာမည်တွေ ဘယ်လောက်ပဲ ထည့်ထည့်၊ ဒီလောက်များတဲ့ ဘလော့ဂါတွေထဲမှာ ကျန်ခဲ့သူဆိုတာ သေချာပေါက်ကို ရှိနေမှာပါပဲ၊ ကျနော်တို့ နားလည်လို့ ရပါတယ် မလေးရာ…၊ မလေး ပြန်ရေးသလိုပဲ ဒါဟာ တဂ်ဂိမ်း တစ်ခုပါပဲ၊ ရေးတဲ့အတွက် အမှတ်ရစရာ ဖြစ်ရုံအပြင်၊ မှတ်တမ်း ဖြစ်ရုံအပြင် မပိုပါဘူး၊
    “ငါ့ကျတော့…၊ သူ့ကျတော့…” ဆိုတဲ့ risk ကို ယူပြီး ဘလော့ဂ်ခေတ်ဦးကနေ အခုထိ တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ တင်ပြပေးတဲ့ ဒီပို့စ်လေးအတွက် တကယ်ပဲ ကျေးဇူးတင်စရာ ကောင်းပါတယ်…။

    Comment by ညီလင်းသစ် — August 27, 2011 @ 5:27 am

  8. ဟား…အစ်မက ကျွန်တော့်နံမည်ကို နှစ်ခါတောင် ထည့်ထားတာကိုးဗျ…အိပ်မက်က ဟန်ကြည်နဲ့ ဘလော့ရွာက ဟန်ကြည် ခွဲပေးထားတယ်ထင်ပါရဲ့…ဘာပဲဖြစ်ဖြစ် အမှတ်ရစရာ အမှားကောင်းလေးမို့ ကျေးဇူးတင်ပါတယ်ဗျာ…ဒီဘက်ခေတ်ပိုင်းတွေရောက်မှာ ဘလော့ရွာကို ရောက်ဖြစ်ပေမယ့် နွေးထွေးတဲ့ ဘလော့ဂါသံယောဇဉ်ကို သိမ်သိမ်မွေ့မွေ့ခံစားရတာမို့ ခင်တွယ်နေမိပါတယ်…တကယ်ဆိုရင် စာပေတိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာက ပံ့ပိုးပေးနေကြတာ ဘလော့ဂါတွေလည်း ပါရဲ့မဟုတ်လား အစ်မရေ . . .

    Comment by ဟန်ကြည် — August 27, 2011 @ 6:10 am

  9. မအိမ့်ချမ်းမြေ့ရေ… အင်တာနက်စာမျက်နှာပေါ်မှာ ဗဟုသုတများစွာကို လိုက်လံရှာဖွေရင်းက မအိမ့်ချမ်းမြေ့ရဲ့ သံစဉ်မဲ့အလင်္ကာမှာ
    အချိန်အတော်များများ ကုန်စေခဲ့တယ်။ ကုန်အောင်လဲ ဆွဲဆောင်ခဲ့ပါတယ်လေ။ ကုန်ခဲ့သလောက်လဲ အကျိုးများစွာ ရှိခဲ့ပါတယ်..
    ဒါကြောင့် အသစ်တင်တိုင်းမှာ ထပ်ပြီးတော့ အကျိုးရှိစွာဖြင့်ကုန်နေဦးမှာပါလို့ပဲ ပြောပါရစေ…
    ဟိန္ဒူအယူအဆအတိုင်းပေါ့… ဆန်နဲ့ရေပေါင်းဆုံလို့ ဖြစ်ပေါ်လာတဲ့ အိမ့်ချမ်းမြေ့ဆိုတဲ့ထမင်းအိုးလေးမှာ
    ရသပေါင်းစုံကို မြိုင်ရည်ယှက်ရည် စားသုံးနေဦးမှာပါဟု….

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    Comment by ချယ်ရီမြေ — August 27, 2011 @ 7:18 am

  10. ဇွန့်နာမည်လေး သတိတရနဲ့ ထည့်ရေးပေးလို့ ၀မ်းသာကျေးဇူးတင်မိပါကြောင်း… :)

    Comment by ဇွန်မိုးစက် — August 27, 2011 @ 7:44 am

  11. ကျနော်လည်းသတိရတယ် အရင်က ဒီဘလော့မှာ ဆီပုံလေးထားထားတုန်းက တအားပျော်တာ ကျနော်ရယ် ကိုမိုးထက်နေရယ် ရွှေရင်အေး လာရောင်းလိုက် ပြောင်းဖူးပြုတ်လာရောင်းလိုက်နဲ့ ပြီးတော့ အိသူဆိုတဲ့အစ်မတစ်ယောက်လည်းရှိသေးတယ် ။

    အမှတ်တရတွေကတော့အများကြီးပဲနော့် ပြန်စဉ်းစားကြည့်တော့ ဘာမှမဟုတ်ခဲ့သလိုပဲ ။စာရေးနားမယ်ပြောတုန်းက အားပေးခဲ့တာတွေ ပြီးတော့ ဆီပုံးမှာ စွာလန်တေးလုပ်ခဲ့တာတွေ အများကြီးမှ အများကြီးပဲရယ် ။

    ကျနော့်အတွက်လည်း အစ်မဟာ တစ်ခါတလေ သူစိမ်းဆန်လွန်းတယ်လို့ ထင်မိပေမယ့် ခုထိလည်း အစ်မရင်းလိုစိတ်ထဲရင်း၂နှီး၂ ရှိနေဆဲပါ ။ဘလော့အကြောင်းပြောတိုင်း ကျနော်လည်း သတိရမိတဲ့သူတွေရှိတယ် GMR ၊မဂျစ် ၊မလေးမ နဲ့ မျှားပြာ တို့ပေါ့ တစ်ခါခါ စိတ်ကူးယဉ်ပြီး သူတို့ကျနော်တို့တွေဆီကိုများတိတ်တိတ်ကလေး လာနေကြသလားလို့ပေါ့ မမြင်ရတဲ့ သံယောဇဉ်တွေဆိုပေမယ့် နှောင်ကြိုးတွေကတော့ မြဲပါ့ဗျာာ။

    မှတ်မှတ်ရရ ရှိနေပေးတာကျေးဇူးပါဗျာ ပေးခဲ့တဲ့ခြေရာတွေများလွန်းလို့ ငါးကြင်းဆီ ပို့စ်က ကော့မန့်ကိုမမှတ်မိတော့ဘူး သွားပြန်ရှာပြီး တစ်ခြားသူတွေအတွက်တင်ပေးလိုက်တယ် ဖြစ်တယ်ဟုတ် (ဖွပြန်ပြီး 2008 ကဟာ 2011 ထိ သံသရာပေးရှည်နေတယ် :P )

    http://lyricswithoutmelody.blogspot.com/2008/02/blog-post.html

    Comment by မောင်မျိုး — August 27, 2011 @ 8:08 am

  12. မလေးရေ…S-C ဆိုက်ဘားမှာ အခြားသော ဘလော့ဂ်ဒေး အမှတ်တရပို့စ်တွေနဲ့အတူ တင်ထားမယ်နော်။
    ဘလော့ဂ်ဂါ ဖြစ်လာလို့ ရလိုက်တာကတော့ နှလုံးသား အပိုတခုပါပဲ…ရင်ဘတ်ကြီးနဲ့ အပြည့်ဆိုတော့ လေးလိုက်တာ…မလေးရယ်
း)

    Comment by S-C — August 27, 2011 @ 8:28 am

  13. ဘလော့သမိုင်းကြောင်းလေးတွေ တစ်ဦးဆီက နည်းနည်းနဲ့ အများကြီး သိခွင့်ရတာ ဖတ်လို့ သိပ်ကောင်းတာပဲ။ .. အားလည်းကျတယ် .. :)

    စာတွေရေးနေသမျှ စာတွေလာဖတ်နေအုံးမှာပဲ .. မလေးရေ။ ဘာကြောင့်မှ မဟုတ်ဘူး။ စာဖတ်ချင်လို့ ကို စာတွေဖတ်ဖြစ်တာမို့ ပေါ့။ ကျွန်တော်လည်း စပြီး ရေးကြည့်နေပါတယ်။ နောက်မှ မလေးကိုလာကြွားရမယ်။ .. အစ်မတစ်ယောက်လို ချစ်ရ၊ ခင်ရတဲ့ မလေး နာမည်လေးနဲ့ လိုက်ဖက်စွာ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘလော့ဂါကောင်းတစ်ယောက်ဖြစ်ပါစေလို့  ….

    Comment by Than Lae — August 27, 2011 @ 8:41 am

  14. အောင်မလေးနော်. Genesis ဖတ်ရသလိုဘဲ ဒီတစ်ခါတော့ နာမည်တွေများလို့ ကျော်ဖတ်တယ်။

    Comment by Htate Htar — August 27, 2011 @ 8:53 am

  15. ဒီပို့စ်လေးဖတ်ပြီးတော့ အိပ်ရေးပျက်ခံပြီးဘလော့တွေအသည်းအမဲလိုက်ဖတ်ခဲ့တဲ့ ၂၀၀၇ လောက်ကျအချိန်တွေကိုပြန်သတိ၇မိတယ်..။
    “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခြင်းပို့စ် နောက်ပိုင်းကစပြီး မလေးပို့စ်တင်တာနည်းသွားတယ်..”ဆိုတဲ့စကား အဲဒီအချိန်ကတည်းကပြောမလို့ အခုမှဘဲပြောဖြစ်တော့တယ်…။
    လွင်ပြင်ခရီးတို့ ၊ ငါးခြောက်လုပ်တာတို့ ဆောင်းအိပ်မက်တို့ဖတ်ခဲ့တာ မနေ့တစ်နေ့ကလိုပါပဲလား..။

    Comment by Anonymous — August 27, 2011 @ 9:22 am

  16. ဒီပို့စ်လေးဖတ်ပြီးတော့ အိပ်ရေးပျက်ခံပြီးဘလော့တွေအသည်းအမဲလိုက်ဖတ်ခဲ့တဲ့ ၂၀၀၇ လောက်ကျအချိန်တွေကိုပြန်သတိ၇မိတယ်..။
    “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခြင်းပို့စ် နောက်ပိုင်းကစပြီး မလေးပို့စ်တင်တာနည်းသွားတယ်..”ဆိုတဲ့စကား အဲဒီအချိန်ကတည်းကပြောမလို့ အခုမှဘဲပြောဖြစ်တော့တယ်…။
    လွင်ပြင်ခရီးတို့ ၊ ငါးခြောက်လုပ်တာတို့ ဆောင်းအိပ်မက်တို့ဖတ်ခဲ့တာ မနေ့တစ်နေ့ကလိုပါပဲလား..။

    Comment by evergree phyo — August 27, 2011 @ 9:25 am

  17. မမရေ ပျော်စရာကြိးနော်. သီချင်းသံဆူဆူညံညံနဲ့ ပွဲတော်တစ်ခု အတူဆင်နွဲလိုက်ရသလိုပဲ :):) အမှတ်တရ နာမည်လေး ပါလာတော့ ပျော်လိုက်ထှာ…:P စာကျက်ချင်ယောင် ဆောင်နေလို့ အခုတစ်လော ဘလော့ထဲ မလည်ဖြစ်တာ..ဘလော့ဒေးအမှတ်တရလေးတွေ ဖတ်ရတော့ ကိုယ်အလှည့်ကျရင် ရေးရမျာတောင် လန့်နေတယ်…..
    မမရေ ကျေးဇူးပါလို့ အစဉ်အမြဲ အားကျ လေးစားလျှက်ပါမမ ။ ကောင်းသောရက်လေးဖြစ်ပါစေလို့..

    Comment by angelhlaing — August 27, 2011 @ 10:30 am

  18. ညီမလေး အိမ့်ချမ်းမြေ့ .. “ မလေးက ၂၀၀၆-၇ ဝန်းကျင်လောက်က ဘလော့ဂ်တွေ အကြောင်းကို အာရုံစိုက်ပြီး ရေးသဖြင့် ( ဝါ ) သူမ၏ ခေါင်းထဲမှာ အဲသည်ကာလကသာ first impression အနေနှင့် စွဲထင်နေဟန်ရှိသဖြင့်” ဆိုတာ “အကိုတို့ နောက်ပေါက် ဘလော့ဂါတွေကိုတော့ သတိမရဘူး” လို့ ဆိုလိုခဲ့တာ မဟုတ်ပါဘူးကွယ်..။

    လူတိုင်းဟာ မိမိတို့ သူငယ်တန်းကျောင်း စတက်ခဲ့စဉ်ကာလ၊ တက္ကသိုလ် ပထမနှစ် စတက်ခဲ့တဲ့နေ့ရက်များ၊ သူငယ်ချင်း တယောက် ကို စခင်မင်ခဲ့ရစဉ်ကာလ အဖြစ်အပျက်များ ( ဥပမာ၊ စတွေ့တဲ့နေ့က သူငယ်ချင်းက ဘာအရောင် အဝတ်အစား ဝတ်ထားတာ၊ ငါက သူ့ကို ဘယ်လိုထင်လိုက်မိတာ ) စတာတွေကို ပိုစွဲထင် သတိရနေတတ်ကြတယ် လို့ ဆိုပါတယ်။ အဲဒါကို စိတ်ပညာမှာ first impression ( ရှေ့ဦး စွဲထင်ချက် ? )လို့ ခေါ်ပါတယ်။ ဒီလူ့သဘာဝအရ လူတယောက်ကို ပထမ စတွေ့တုန်းက “အောက်တန်းကျတဲ့သူ” လို့ထင်လိုက်မိရင် အဲဒီ ရှေ့ဦးစွဲထင်ချက်ကို တော်တော်နဲ့ မဖျောက်နိုင်တော့ဘူး လို့ ဆိုကြပါတယ်။ ပြောချင်တာက အဲဒီ ရှေ့ဦးစွဲထင်ချက်က လူတွေကို အချိန်တော်တော်ကြာ လွှမ်းမိုးထားနိုင်တယ် ဆိုတာပါ။ အခု အကိုလည်း ဒီပိုစ့်ကို ပထမတခေါက် ဖတ်မိတုန်းက မျက်စိလျှမ်းပြီး အကို့နာမည်ကို မတွေ့ခဲ့လို့ ဒီလို ကိုယ့်နာမည် မပါတာ ကိုပဲ စိတ်ထဲမှာ မလေးဖက်က ရှေ့နေလိုက်ပေးပြီး သူ့ခမျာလည်း ဘလော့ဂါ စဖြစ်ခါစ ကာလကိုသာ ပိုပြီး စွဲ၂ထင်၂ ရှိလိမ့်မပေါ့ လို့ တွေးပေးခဲ့တဲ့ ကိစ္စပါ။ ဒါပေမဲ့ မလေးက အဲဒါကို -

    “ဒါကို ၂၀၀၆-၂၀၀၇ မှာပဲ စိတ်စွဲထင်နေတယ် ပြောခံထိတာတော့ ….. စေတနာကို အသိမမှတ်ပြုချင်နေပါ အကို။ “အကိုကျမ ထက် အသက် အများကြီး ကြီးပေမယ့် ကျမပဲ သည်းခံလိုက်ပါတော့တယ်…။” လို့ ပြောလာတော့ အကိုက ကိုယ့်နာမည် မပါဘူး ထင်ပြီး စိတ်ကောက်နေတဲ့သူ ဖြစ်သွားပါတယ်။ ကောင်းရော့ .. ညည်းလုပ်လိုက်တာ လူကြီးက ကလေးကို ဖြစ်လို့ ..း))

    တကယ်တော့ အကိုက ခုလို blogger list ထဲမှာ မပါလာရင်လည်း ဘာ feeling ဖြစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ tag game က အကိုနားလည်မိသလောက် မလေးတို့ ဟိုတုန်းက ဘလော့ဂါ မောင်နှမတွေ ရှေးဟောင်း နှောင်းဖြစ် စမြုံ့ပြန် ပြောနေကြတဲ့ သဘော ပိုကဲတယ်လို့ ထင်ပါတယ်။ ဒါကို အကိုက မနေ့တနေ့ကမှ ပေါ်လာပြီး blogger list ထဲ ပါချင်လို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ အကိုက မလေးတင်တဲ့ ပိုစ့်တိုင်းကို လာလာဖတ်တတ်လေ့၊ ကော့မန့် ( များသောအားဖြင့် ခပ်ရှည်ရှည်တွေး) ပေးလေ့ရှိလို့ readers’ list ထဲမှာတော့ ပါချင်မိတာ အမှန်ပါ ။ အဲဒါကို “blogger list ထဲ ကျွန်ုပ်မပါသည်ကို နားလည်ပါကြောင်း၊ ဒါပေမဲ့ reader list ထဲ ပါလာဖို့ကလည်း ( မလေးက တွံတေးသိန်းတန် သီချင်း နားထောင်ရင်း အာရုံထွေပြားသွားပုံ ရသဖြင့် ) မေ့သွားဟန် ရှိသည်ကို ခင်မင်စွာ အော်ခဲ့ တာသာ ဖြစ်ပါ ကြောင်းး))

    ( စာကြွင်း။ ။ ရန်လာတွေ့တာ မဟုတ်။ တခြားလူတွေက ဒီလူကြီး “ကလေးကလား” နဲ့ သူနဲ့ မဆိုင်တာမှာ ပါချင်တယ် ထင် နေကြမှာစိုးလို့ လာရောက် ရှင်းပြသွားတာသာ ဖြစ်။ ကော့မန့် ဒီလောက်ရှည်မှ ခြုံငုံမိမှာမို့ ရှည်သွားတာကို ခွင့်လွှတ်စေလို ..း))

    Comment by ပြည်ကောင်းအောင် — August 27, 2011 @ 10:47 am

  19. များပြားလှတဲ့ ဘလောဂ့်တွေကို မကျန်ရလေအောင် အားလုံးပါအောင် အားထုတ်ရေးရတာ တကယ်ကိုမလွယ်ပါဘူး
    ဒီပိုစ့်ဖတ်တော့ မလေးဘယ်လောက်အားထုတ်ရေးထားတယ်ဆိုတာ သိသာတယ်။ ကိုယ်မမီလိုက်တဲ့ တစ်ချိန်က ဘလော့ဂ်လောကအကြောင်းလည်း တစေ့တစောင်း သိလိုက်ရတယ် ကျေးဇူးပါ။
    မလေးရေ… ဘလောဂ့်ပင်လယ်ပြင်ကြီးမှာ ပျော်ပျော်ရွှင်ရွှင် စိတ်ကျန်းမာကိုယ်ချမ်းသာစွာဖြင့် စွမ်းအားရှိသလောက် အချိန်ကြာကြာ ကူးခတ်နိုင်ပါစေ လို့ဆုတောင်းပါတယ်။

    Comment by ချော(အစိမ်းရောင် လွင်ပြင်) — August 27, 2011 @ 7:55 pm

  20. မလေးရေ…ပုံရိပ် ဘလောက်လောကထဲက မထွက်သေးပါဘူး။ :) ဘလောက် သိပ်မဖတ်ဖြစ်တာနဲ့ မှန်မှန်မရေးဖြစ်တော့တာ။ ကာလအပိုင်းအခြား တခုကို ကျော်လို့ရှိရင် ဆက်ပြီးရေးပါဦးမယ်။ တကယ်ထွက်သွားတဲ့ လူတွေကိုတော့ လွမ်းတယ်။ မဂျစ်တို့၊ မလေးမတို့ကို သတိရမိပါတယ်။

    Comment by ပုံရိပ် — August 27, 2011 @ 8:02 pm

  21. မလေးရေ…

    ဒီပို့စ်လေးဖတ်ရတာ ၀မ်းနည်းဝမ်းသာဖြစ်ရတယ်ဗျာ..
    ဘလော့ဂ်ခေတ်ဦးကနေ ခုချိန်ထိကို ချိတ်ဆက်ရေးသားသွားတဲ့ မလေးရဲ့ ကြိုးပမ်းအားထုတ်မှုကိုလည်း အသိအမှတ်မပြုဘဲ မနေနိုင်အောင်ဖြစ်မိပါတယ်.
    နာမည်တွေ အကုန်လုံးကို ပါအောင် မထည့်နိုင်ဘူးဆိုတာ နားလည်ပါတယ်. သဘာဝလည်း ကျပါတယ်.

    ဘလော့ဂ်ကိုရပ်နားသွားတဲ့ မဂျစ်တူးတို့၊ ကိုတက်စလာတို့၊ ကိုစိုးထက်တို့၊ ကိုနတ္ထိကိုလည်း အင်မတန်မှ သတိရမိပါတယ်ဗျာ…
    ဘလော့ဂ်ရေးသူတွေကိုသာမက ဖတ်သူတွေကိုပါ ဆွဲထည့်သွားနိုင်တာလေးကိုလည်း သဘောကျမိပါတယ်.
    ကော်မန့်တစ်ချို့က ပို့စ်ကောင်းလေးရဲ့ အနှစ်သာရကို ဖျက်လိုဖျက်ဆီး ဖြစ်နေတဲ့ပုံစံလေးတွေ တွေ့ရတာတော့ စိတ်မကောင်းပါဘူး.

    ဟက်ပီးဘလော့ဂ်ဒေးပါ မလေး…

    ခင်မင်စွာဖြင့်

    Y.

    Comment by Yan. — August 27, 2011 @ 10:04 pm

  22. မလေးရေ..တကယ်လေးစားတယ်..အစမှအဆုံး စုံပလုံစိနေအောင် ရေးသွားလိုက်တာ..တကယ့်ကို မှတ်တမ်းလေးတစ်ခုပဲနော်..။ ဒီမှာလည်း မလေးနဲ့ပတ်သက်ပြီး ရေးစရာတစ်ခုရှိနေတယ်..။ ရေးပြီးတဲ့ခါပြောမယ်နော..:D

    Comment by ပန်းချီ — August 28, 2011 @ 2:28 am

  23. ကလေးကလား လို့တော့မထင်ပါး) ဒါမယ့် ကြည့်ရတော့ တော်တော်ဆိုးနေတယ် ဟဟား အန်ကယ် တရားထိုင်ပါလားဟင် :P

    Comment by မောင်မျိုး — August 28, 2011 @ 3:48 am

  24. မလေးက ရှေ့မှီနောက်မှီ ဆိုတော့ ရေးထားတာ တော်တော်ကောင်းတယ်၊ ဆက်ရေးပါလို့တော့ ဇွတ်မတိုက်တွန်းတော့ပါဘူး၊ ဒီလောက် အပင်ပန်းခံ ရေးပေးတာပဲ ကျေးဇူးဗျာ …

    Comment by ကိုအောင်(ပျူနိုင်ငံ) — August 28, 2011 @ 5:11 am

  25. ဘလော့ဂ်မရေးခင်ထဲက လာဖတ်နေတာပါ၊ နောက်ပိုင်းသီချင်းတွေ လာနားထောင်တယ်
    ပျော်ရွင်ချမ်းမြေ့ပါစေ။

    Comment by sosegado — August 28, 2011 @ 6:55 am

  26. @ မောင်မျိုး ( ကော့မန့်-၂၃ )၊ ကိုရန်အောင် ( ကောမန့်-၂၁ ) နဲ့ မလေး ( ကော့မန့်-၄ ) တို့ရဲ့ ကောမန့်များအရ .. ကျနော့်ရဲ့ ကော့မန့် ( ကော့မန့်-၁ )က အတော်ဆိုး ဟန်ရှိပါသည်။ ကျနော့်ဖက်က ကော့မန့် ( ၁၈) မှာ ရှင်းပြထားတဲ့ အတိုင်း ထက် ပိုရှင်းမပြတတ်တော့ပါ။ ( တစုံတယောက်ကို စော်ကားရန် မရည်ရွယ်ခဲ့သော်လည်း ကျနော် အရေးမတတ်လို့ နောက်ပြော ပြောခဲ့တဲ့ ကိစ္စက ဆဲသလိုများ ဖြစ်ခဲ့သလား မသိပါ။ ) ကောင်းပါပြီ။ ကျနော်က ဘာသာရေး သိပ်လိုက်စားသူလည်း မဟုတ်သဖြင့် တရားတော့ ထိုင်ဖြစ်မည် မထင်ပါ။ ဒါပေမဲ့ ကျနော် ယနေ့မှ စ၍ ( ဒီ site တွင်မှ မဟုတ်၊ အခြား ဘယ် site မှာမှ ) နောင် ကော့မန့် ဝင်ရေးတော့မည် မဟုတ်ပါ။ ကျနော် blogger တယောက်ဟု မဆိုနိုင်စေခြင်းငှာ ကျနော့် ဘလော့ဂ် ကိုလည်း မကြာမီ ဖျက်ဆီး ပစ်လိုက်တော့မည် ဖြစ်ပါသည်။ ( မည်သို့ဖျက်ဆီးရမည်ကို google လုပ်ရဦးမည် ဖြစ်သဖြင့် သည်ကနေ့ ညနေပိုင်း အထိတော့ အသက်ရှင်နေကောင်း ရှင်နေနိုင်ပါသေးသည်။ ) ထို့ပြင် social network တွေမှာ ကျနော့်အသံ ကြားနေကြမှာ စိုးလို့ ကျနော့် facebook account ကိုလည်း ဖျက်ဆီးပစ်တော့မည် ဖြစ်ပါသည်။ မလေး နှင့်တကွ မြန်မာ ဘလော့ဂ်လောက တခုလုံးအား ဝမ်းနည်းကြေကွဲစွာ နှုတ်ဆက် ခဲ့ပါသည်။း((

    Comment by ပြည်ကောင်းအောင် — August 28, 2011 @ 10:36 am

  27. အကိုပြည်ကောင်းအောင်.. အဲလောက်ကြီးမဖြစ်ပါနဲ့။ ကြေကွဲလောက်စရာလည်း မဟုတ်ဘူး။ ကြေကွဲမယ်ဆို ဒီထက် ကြေကွဲစရာတွေက အများကြီးရယ်…
    We need to be thick-skinned to be bloggers. ဒီလောက်ကတော့ ပြောကြဆိုကြမှာပဲလေ။ အကိုလည်း အကို စိတ်ထဲရှိတာ ဒီမှာ ကြိုက်သလိုရေးနေတာပဲ မဟုတ်လား။
    သူတို့လည်း သူတို့စိတ်ထဲရှိတာလေးတော့ ပြောချင်ကြမှာပါပဲ.. ဒီလိုစိတ်ထားလိုက်.. ကိုယ်လည်း စိတ်ချမ်းသာတယ် မဟုတ်ပါလား…

    Forming, storming, norming, performing stages တွေထဲက storming stage လို့သာ သတ်မှတ်လိုက်ပါ။
    ဘလောဂါတိုင်းလိုလို… ဖြတ်သန်းရတဲ့ stages တွေပါပဲ.. coz.. we all speak different languages….
    အချို့က သာမန်ရေးနေပေမယ့် နေရင်းထိုင်ရင်း ရွဲ့တဲ့တဲ့ လေသံဖြစ်တယ်။ အချို့လည်း အပြစ်ကို မှန်ဘီလူးနဲ့ လိုက်ရှာတတ်တဲ့လေသံ။ အချို့ကျတော့လည်း ရိသဲ့သဲ့လေသံ။ အချို့ကျလည်း ဆရာကြီးလေသံ…။
    အချို့ကျလည်း လောကကြီးကို မကျေနပ်နေတဲ့လေသံ..။ ၀မ်းနဲနေတဲ့လေသံ။ အချို့ကျလည်း ဆွေးမြေ့နေတဲ့လေသံ ..
    အဲသလို လေသံအမျိုးမျိုး language အမျိုးမျိုးပြောတတ်ကြတဲ့ လူ့သဘာဝတွေပဲလို့ စိတ်ထားရင်း.. ဖြတ်သန်းကြရတာပါပဲ အကိုရေ…

    Comment by မလေး — August 28, 2011 @ 1:54 pm

  28. အကို ပြည့်ကောင်းအောင်

    ကျတော် ဘယ်သူလဲ ဆိုတာ အကိုလည်း သိမှာ မဟုပ်ပါဘူး။ :P ကျတော်လည်း ဒီဆိုဒ်မှာ အကို ကောမန့်ရေးတာပဲ တွေ့ ဘူးတာပါ။ ဒီပိုစ်နှင့် ပိုစ့်အောက်က စာတွေအကုန်ဖတ်ပြီးမှ မရေးတော့ဘူးလို နေတာ ရေးခြင်စိတ်ဖြစ်သွားမိတယ်။
    ကျမတို့  မိသားစုမှာလည်း ကိုယ်ကလည်း သူများကို သွားပြီ မစတတ်ဘူး(ဘယ်လို စကားမျိုးက စမှန်းကို တခါ တခါ မသိဘူး)။
    ကိုယ့်ကိုလဲ တခါတလေ သူများက လာစရင် စလို့  စနေမှန်း မသိဘူး။ တခါတလေကျ စတာကို မသိတဲ့အထဲ ကိုယ်စိတ်က လက်မခံနိုင်သလို ဖြစ်တဲ့ စကားလုံးလေးတွေ ပါလာရင် စိတ်ဆိုး၊ ဒေါသထွက်မိရော။
    အလုပ်စလုပ်တော့မှ လူတွေထဲမှာ အဆင်ပြေအောင် ကိုယ့်ကိုယ်ကို တော်တော် ကျိုးစားယူခဲ့ရတယ်။ တခါတခါကျ လူတွေက ကိုယ့်သဘောကို နားမလည်ဘူး။ ဘာလို့ လည်းဆိုတော့ သူတို့ နှင့် ကိုယ့် သဘောသဘာဝ၊ ကြီးပြင်းခဲ့ရပုံ၊ ပတ်ဝန်းကျင်းက မတူတော့ တွေးပုံ၊ လက်ခံတဲ့ အယူအဆတွေဟာ ဘယ်မှာလာ တူညီ၊ တိုက်ဆိုင်နိုင်ပါ့မလဲ ရှင်။
    အကိုလည်း အရေထူတာ၊ မထူတာထား။ သူတို့ တွေဘက်ကနေပြီ ငါ့ကို စကျ၊ နောက်ကျတာ ဖြစ်မှာပါလို့  လှည့်တွေးပြီး၊ ကိုယ့်စိတ်ကို ပြောင်းလဲ ဖြေသိမ့်လိုက်ရင် ကိုယ်လဲ စိတ်မထိခိုက်တော့ဘူး။ သူတို့ နှင့်လဲ စိတ်မဆိုး၊ စိတ်မကောင်းစရာတွေ မဖြစ်တော့ဘူး။ ကိုယ်ရဲ့  စိတ်ထွက်ပေါက်ဖြစ်ဖြစ်၊ စာပေကို ချစ်မြတ်နိုးလို့ ပဲ ဖြစ်ဖြစ်၊ ဘာအကြောင်းနှင့် ဖြစ်ဖြစ် ကိုယ်ပြုစုလာတဲ့ Blogလေးကိုလည်း ပျက်စရာမလိုတော့ဘူး။
    ပိုးနေမြဲ၊ ကျားနေမြဲ ဖြစ်သွားလိမ့်မယ် ထင်ပါတယ်။ တခါတခါမှာ ကိုယ်က ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင် ညိုယူရတာ ရှိသလို၊ တခါတခါကျလည်း ပတ်ဝန်းကျင်က ကိုယ့်ကို နားလည်းပေးတာတွေ ရှိလာရတာပေါ့။ လိုအပ်ရင် ကိုယ်ကလည်း သူတို့ တွေက စိတ်ထဲက နာကျင်အောင် ပြောလာရင်၊ ကိုယ်က ဥပက္ခောပြုထားရတဲ့ အပိုင်းတွေ ရှိလာရမှာပေါ့။ ဒါတွေကို ကျော်ဖြတ်ပြီး လူတွေဟာ စိတ်ဒဏ်ရာ အမျိုးမျိုးကို အနာကျက်လာပြီးမှ တဆင့်ခြင်း ရင့်ကျက်လာရတာပါ။ မခံနိုင်လောက်အောင် ခံစားလိုက်ရရင်း၊ တခါ ကုစားလိုက်နိုင်ဘို့  ကျမတော့ ကြိုးစားခဲ့ရတာပါပဲ။
    ကျမပြောခြင်တာ၊ ကျမစိတ်ထဲ ဖြစ်ဘူးတာလေးတွေကို အကိုဖတ်ပြီး စိတ်ပြေလိမ့်မယ်လို့ တော့ မျှော်လင့်မိပါတယ် အကိုရေ။ (ဆရာလုပ်တယ်လဲ မထင်ပါနဲ့ နော် :) )

    ခင်မင်စွာဖြင့်

    Comment by စော(အဝါရောင်မြေ) — August 28, 2011 @ 8:12 pm

  29. အယ် ….ဒွတ်ခပဲ စတာပါ စတာလေ စလို့မရဘူးပေါ့ ။

    Comment by မောင်မျိုး — August 28, 2011 @ 9:13 pm

  30. မလေးရေ…
    Blog Day နဲ့ တိုက်ဆိုင်စွာ Blogspot မှာ Commentတွေ ပေးလို့ရနေလို့ ၀မ်းသာစွာ ရောက်ရှိပြီး ခြေရာချန်ခဲ့မိပါတယ်။ Blog Day အတွက်ရေးကြတဲ့ ပို့စ်တွေကိုဖတ်ရင်း ကာယကံရှင် Bloggers တွေရဲ့ သမိုင်းကြောင်းတွေကို တစ်ထိုင်တည်း သိခွင့်ရခဲ့ပါတယ်။ အလားတူ Bloggers အချင်းချင်း အသစ်အဟောင်းမခွဲခြားဘဲ ရင်းနှီးချစ်ခင်မှုရှိနေတာကလည်း အင်မတန် ၀မ်းသာစရာကောင်းပြီး ဖတ်လိုက်တာနဲ့ ကျေနပ်မှုတွေနဲ့ မုဒိတာပွားမိရပါတယ်။ မလေး တစ်ယောက်လည်း ဤနေ့ ဤရက် ဤဘလော့ဒေး မှသည် ဆက်လက်၍ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် စာတွေ အများကြီးဆက်လက်ရေးနိုင်ပါစေကြောင်း ဆုမွန်ချွေခဲ့ပါတယ်..။

    Comment byုမြသွေးနီ — August 29, 2011 @ 12:02 am

  31. ဘလော့ ဂ်မရေးခင်ကတည်းက လှပတဲ့ ဘလော့ဂ်နာမည်လေးကြောင့် စိတ်ဝင်တစားဖတ်ခဲ့ ၇တဲ့ ဘလော့ ဂ်ပါပဲ…
    ဒါပေမယ့် ဘာကွန်မန့် ခြေရာမှမချန်ခဲ့ ဖြစ်ဖူး…
    ဟုတ်တယ်ဗျာ…အဲဒီဘလော့ ဂ်ခေတ်ဦးကာလက ကိုစိုးထက်တို့ ၊ ကိုရန်အောင်တို့ ၊ ကလိုစေးထူးတို့ ဘလော့ ဂ်တွေဖတ်ပြီး
    အားကျမိရာက ကျွန်တော်လည်းဘလော့ဂ်ရေးခဲ့ မိတာပဲ…
    ရင်တွင်းဖြစ်တော့ မဟုတ်၊ ၀ါသနာပါရာ သတင်းအဆန်းလေးတွေပြန်တင်ဖြစ်တာပဲ…
    ဒါတောင် နားလည်းမှုလွဲကြသေးတယ်…

    Comment by kopeter — August 29, 2011 @ 6:25 am

  32. ဘလော့ဂ်ဒေးပို့စ်လေးကို ကြည်နူးစွာဖတ်သွားပါတယ် မလေးရေ။ ဘလော့ဂ်ဂါဘဝမရောက်ခင်ကထဲက အန်တီလိုက်ဖတ်လေ့ရှိတဲ့ ဘလော့ဂ်တွေထဲမှာ မလေးဘလော့ဂ်လဲ တစ်ခုအပါအဝင်ပါ။ ဘလော့ဂ်လောကကို ခြေချတာနောက်ကျသွားပေမယ့် အားလုံးရဲ့ ဖြူစင်တဲ့စိတ်ထားလေးတွေနဲ့ ဝိုင်းဝန်းအားပေး ချစ်ခင် စည်းလုံးမှုလေးတွေကိုမြင်ရတော့ ဘလော့ဂ်ဂါဘဝရောက်တာ ကျေနပ်မိတာအမှန်ပါ။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — August 29, 2011 @ 6:50 am

  33. မမအိမ့်ရေ… မြန်မာဘလော့ခေတ်ဦးကနေ ဒီနေ့အထိ တွေ့ရ ကြုံရ ခင်မင်ရသမျှသော လူတွေကို စုံစုံလင်လင် သတိတရရှိရှိနဲ့ ရေးထားတဲ့ပို့စ်လေးက အဖိုးတန်လှပါတယ်။ မမအိမ့်ရဲ့ အားထုတ်မှုကိုလည်း ခန့်မှန်းမိတော့ ပိုလေးစားရပြန်ပါတယ်။ အပျော်ဆုံးကတော့ ကိုယ့်နာမည်လေး ပါတာကိုပါပဲ။ အရင်ကလည်း ပြောခဲ့ဖူးပေမယ့် ဒီ ဘလော့ဒေးအတွက်ရေးတဲ့ ပို့စ်လေးမှာလည်း အမှတ်တရ ထပ်ပြောချင်ပါသေးတယ်။ ဘလော့စရေးဖြစ်ဖို့ Inspiration ပေးခဲ့တဲ့ အစ်မနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မမအိမ့်ရဲ့ ဘလော့က ညီမအတွက်တော့ စာဖတ်ရုံသက်သက်မကဘဲ တန်ဖိုးတစ်ခုထားပြီး အမြဲရောက်နေဖြစ်တဲ့ နေရာလေး ဆိုတာပါပဲ။ မမအိမ့် ဘလော့လေး အခုလိုပဲ စာကောင်းပေမွန်တွေနဲ့ နှစ်ပေါင်းများစွာ များစွာ စာဖတ်သူတွေရဲ့ စိတ်နှလုံးကို ရသခွန်အား ပေးနိုင်ပါစေ။

    Comment by ရွှေပြည်သူ — August 29, 2011 @ 8:18 am

  34. နောက်ကျမှရောက်လာတယ် မလေးရယ် သိပ်နေမကောင်းလို့…။
    ဘာပဲဖြစ်ဖြစ် ချစ်ခင်တဲ့ ဒီမောင်နှမတွေနဲ့ အတူ အမြဲဘလော့ဂင်းနိုင်ပါစေ….။

    ခင်တဲ့
    မိုးငွေ့

    Comment by မိုးငွေ့ — August 29, 2011 @ 9:13 am

  35. A Ma Yay,
    You make me get feeling proud for seeing name in the list … even just blog reading can be on your compose with bold one .
    Thank a lot for keeping in touch.
    Be healthy, wealthy.
    Have a nice day

    Comment by mg moe khin — August 29, 2011 @ 3:46 pm

  36. မလေးရေ…ရောက်သဗျ….၊အရင်ကတော့ ဖဘမှာတွေ့ရင် ဘလကိုပါကူးလာဖြစ်ပါတယ်…၊ကျွန်တော်က ဖဘမှာမှ မလေးကိုစသိတာလေ…၊တလောကမှ…:)))
    အဲ့တုန်းက မလေးကို ပုံနှိပ်စာတွေအဖြစ်ဖော်ပြခံနေရတဲ့ စာရေးဆရာမှန်းမသိပဲ အစ်မစာအုပ်မျက်နှာဖုံးတွေကိုတောင် စနောက်နေမိသေး….(မှတ်မိမယ်ထင်ရဲ့..နိုင်ထွဋ်ဆိုတဲ့အမည်နဲ့ :)) အဲ့တုန်းက အစ်မရဲ့စိတ်မဆိုးတတ်တဲ့၊နားလည်ပေးနိုင်တဲ့စိတ်လေးကိုသဘောကျနှစ်ခြိုက်ခဲ့ပါတယ်…၊ခုတော့နောင်ကို
    လာလည်ဖြစ်အောင် လင့်လေးယူသွားပါတယ်ခင်ဗျ….။

    Comment by ညိမ်းနိုင် — August 29, 2011 @ 6:30 pm

  37. ညီမ ရေ

    ဘလောဂ့်ဒေး အမှတ်တရ ပိုစ့်လေး ကိုဖတ်သွားတယ် ညီမ စီမှာ စာသိပ်မဖြစ်ခဲ့ဘူး ဟိုနေ့ ကမှ ကိုမောင်မောင် (ကဗူး) ပြောလို့ သိတယ် အမ ရဲ့ အားနဲချက်ပေါ့ ညီမ ရဲ့ စာတွေ အေးအေးဆေးဆေး လာဖတ်မယ် ကျေးဇူးပါ

    Comment by shwezinu — August 29, 2011 @ 8:52 pm

  38. စီကာပူက မဟုတ်ရပါ..ခင်ညာ။ အဘူဒါဘီ၊ ဒူဘိုင်း မှာ ၄-၅နှစ် ကြာခဲ့တာပါ။ အဲဒီမှာနေတုန်းကတော့ ဒူဘိုင်းက ဘလော့ဂါ မရှိသလောက် ထင်မိပါတယ်။ ခုတော့ အတော်များလာပါပြီ။

    Comment by pN — August 30, 2011 @ 8:41 pm

  39. လွမ်းမောခဲ့ရသော blogဆောင်းဦးညများ…။

    လွမ်းမိတယ်ဗျာ…။

    Comment by နတ္ထိ — August 30, 2011 @ 9:57 pm

  40. သတိတရ ထည့်ရေးပေးတဲ့ မလေးကို ကျေးဇူးတင်ပါတယ် ဗျာ………… စာတစ်ပုဒ်ဖြစ်ဖို့  အချိန်တွေ ပေးဆပ်ရတာမို့  မလေး နဲ့  အကွ အခြား ဘလော့ဂါဒေး အမှတ်တ၇ေ၇းကြသူတွေကို ကျေးဇူးတင်ပါတယ်။

    အဆင်ပြေကြပါစေဗျား။

    Comment by ကိုကိုလတ် — August 31, 2011 @ 11:45 am

  41. မလေး

    ဘလောဂ့်ဒေး အမှတ်တရ ပိုစ့်မှာ နန္ဒာ့ကို မှတ်မှတ်ရရ ရှိပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်။

    အဖျားဒီဂရီ ၁၀၃ နဲ့ရေးတဲ့ မလေးရဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ ဆောင်းပါးဟာ ဘလော့ဂ် ရာဇဝင် တင်ပါတယ်။

    အဲဒီထဲက နန္ဒာ့တို့ ခင်မင်ရင်းနှီးမှု့ အစပြုခဲ့ကြတာနော်။

    အမြဲချစ်ခင်လေးစားစွာ
    နန္ဒာ

    Comment by Soe Mya Nandar Thet Lwin — August 31, 2011 @ 10:23 pm

  42. မလေးရေ။ ဘလော့ဒေး ပိုစ့်လေး ဖတ်ခဲ့တယ် ကွန်မန့်တွေလည်း အရှည်ကြီးပဲ။ ဟိဟိ။ ဘလော့ဒေးမှာ အလုပ်ပိတ်ရက် ကွန်မသုံးရတော့ လာမဖတ်ဖြစ်တာ ဟဟားးး မလေးကို အိပ်မက်မှာတည်းက သိတယ်။ တပြည်သူအိမ့်ချမ်းမြေ့တဲ့ အိမ်ကို ချမ်းမြေ့စေတဲ့အတိတ်နိမိတ်တဲ့ တပြည်တရွာမှာ နေနေရလို့ တပြည်သူလို့ ရှေ့က ရေးရပါတယ် ဆိုတဲ့ မလေးကို အဲဒီတည်းက ချစ်တယ်။ မျက်လုံးသိပ်မကောင်းလို့ စာသေးသေး မရှင်းမရှင်းအရိပ်တွေပါရင် ဖတ်မရလို့ မလေးဆီ သိပ်မလာဖြစ်ဘူး။ လာရင် တထိုင်တည်း ဖတ်သွားပြီးမှပြန်တာလေ။ မြန်မာဖောင့်မရှိလို့ မြန်းဂလိပ်ရှ်နဲ့ ရေးရတာ။ ကွန်မန့်ပေးရတာ မလေးကျေးဇူးကြောင့်(ဒီအိမ်လေးမှာပဲ) မေလေးမြန်မာစာဖောင့်ကို ရေးခွင့်ရခဲ့တာမမေ့ပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။ ဘာပဲပြောပြော ကျိုက်ကလို့စေတီအောက်နားက ဆိတ်ဖလူးပန်းတွေကိုချစ်တဲ့ မလေးကို အမြဲတမ်း အောင်မြင်နေစေချင်ပါတယ်။ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ။ ကျန်းမာပျော်ရွှင်သော ဘဝလမ်းကိုလည်း ချစ်သောသူများနဲ့အတူ မလေး အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေ

    ချစ်တဲ့ မေလေး

    Comment by maylay — September 1, 2011 @ 1:21 am

  43. Nice post. You remember many Myanmar bloggers. :)

    Comment by Thet Htoo@Myat Lone — September 3, 2011 @ 10:31 pm

  44. မလေးကတော့ တကယ့် ရှေ့မှီနောက်မှီ :)

    Comment by An Asian Tour Operator — September 4, 2011 @ 8:57 pm

  45. really really thanks this is my 3 time to visit to ma lay blog.
    but i never leave comment.anyway thanks Ma lay.

    Comment by maung zo phay — September 21, 2011 @ 8:43 am

  46. Rememberance of our early blogger life.

    Comment by Lwan Thu Yin — September 27, 2011 @ 9:04 pm

  47. ဆင်စွယ်ရယ်၊ခါချဉ်ရယ်၊ပန်းလေးတွေရယ်၊ကိုတက်ရယ်၊အိမ်ရယ်၊မလေး…ရယ်… လွမ်းတယ် ခင်ဗျာ။

    Comment by naing — December 3, 2011 @ 6:42 am

  48. naing…. ဆင်စွယ်နဲ့ခါချဉ်ကို မှတ်မိနေသေးတဲ့ နိုင့် ကို ကျေးဇူးတင်မိတယ်။ မလေး အဲဒီကဗျာလေး ဒီမှာ ပြန်တင်ဦးမယ်…း))

    Comment by မလေး — December 3, 2011 @ 11:08 am

  49. မလေးရေ …. ဟိုအရင်က နေ့ရက်လေးတွေကို လွမ်းမိတယ်။
    ဘလော့ဘက်ကို ခြေဦးမလှည့်ဖြစ်တာ ကြာပေါ့ … ။
    မလေးပို့စ်လေးကို ဖတ်ပြီး စာပြန်ရေးချင်စိတ် ပေါ်လာတယ်။ ကျေးဇူးပါ မလေးရေ … ။

    Comment by မေဓာဝီ — August 30, 2013 @ 11:20 pm

  50. မလေးရဲ့ Blog အပေါ် ထားတဲ့ သံယောဇဉ်ကြိုးများအပေါ် အံ့သြ လေးစားလျက်…

    ချစ်တဲ့

    သက်ဝေ

    Comment by သက်ဝေ — August 31, 2013 @ 12:39 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------