♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 18, 2011

စိတ်.. အဆာဖြေမှု

Filed under: သတင်း (News), my notes, Vancouver, Canada, စာစု, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 1:48 am

ပျားတွေ၊ ပန်းတွေ၊ ပင့်ကူတွေ အကြောင်းရေးနေရင်း တန်းလန်းနဲ့ လူတွေအကြောင်း ခဏလေး ရေးခွင့်ပြုပါ။

ဇွန်လ ၁၅ရက်နေ့က ဗင်ကူးဗားမြို့မှာ ရုန်းရင်ဆန်ခတ်ပြုမှုတစ်ခု ဖြစ်သွားပါတယ်။ ဖြစ်ရခြင်းအကြောင်းကတော့ ရေခဲပြင်ဟော့ကီ ဗိုလ်လုပွဲမှာ ယူအက်စ်က ဘော့စတွန်အသင်းကို ရှုံးသွားလို့ပဲ ဖြစ်ပါတယ်။ ဒီဟော့ကီက ကနေဒါနိုင်ငံရဲ့ အမျိုးသားအားကစားတော့ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံရဲ့ အမျိုးသားအားကစားက Lacrosse ပါ။ ဒါပေမယ့် ဟော့ကီက ပိုနာမယ်ကြီးပါတယ်၊ ပိုလည်း ကြမ်းတမ်းတယ်။ ဟော့ကီ ကစားသမားတွေဟာ ပိုက်ဆံတွေ ဒေါ်လာသန်းချီရသလို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်များလည်းဖြစ်ပါတယ်။ သူတို့အတွက် အမှတ်တယ ကျောက်တိုင်တွေဘာတွေစိုက်လို့ အချို့တွေက မကြိုက်ကြပါဘူး။ အာဖဂန်တို့ အရှေ့အလယ်ပိုင်းတို့မှာ ဒုက္ခခံအသက်သွားပေးတဲ့ ကနေဒီယန်စစ်သားလေးတွေကို ဂုဏ်ပြုရမယ့်အစား ငွေကြေးနဲ့ကစားတဲ့ ရေပေါ်ဆီ ကနေဒီယန်အားကစားသမားတွေကို ဂုဏ်ပြုတာဟာ မဖြစ်သင့်ဘူးဆိုပြီး ခဏခဏ အသံတွေထွက်ပါတယ်။

ဒီဟော့ကီဟာ ယူအက်စ်နဲ့ကနေဒါ နိုင်ငံချင်းပြိုင်တဲ့ ပွဲတော့မဟုတ်ပါဘူး။ ကနေဒါနဲ့အမေရိကန်၂နိုင်ငံက အသင်းတွေ ဖလားရဖို့ အသင်းချင်းယှဉ်ပြိုင်တဲ့ ပွဲပါ။ ဗိုလ်လုပွဲမှာ ကနေဒီယန်အသင်း၂သင်း ထိပ်တိုက်တွေ့နိုင်သလို၊ အမေရိကန်အသင်း၂သင်းလည်း ဖြစ်နိုင်ပါတယ်။ အသင်းထဲက အားကစားသမားတွေဟာလည်း ကနေဒီယန်တွေ၊ အမေရိကန်တွေ၊ ဥရောပသားတွေ အကုန်ရောနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ရက်ကတော့ ဗင်ကူးဗား Canucks အသင်းနဲ့ ဘော့စတွန် Bruins အသင်းတို့ ယှဉ်ပြိုင်တာပဲ ဖြစ်ပါတယ်။ ဘော့စတွန်အသင်းမှာ ကနေဒီယန် ၂ယောက်ပါသလို၊ ကနေဒီယန်အသင်းမှာလည်း အမေရိကန်အားကစားသမားတွေရှိပါတယ်။ ဒါပေမယ့် ဘော့စတွန်အသင်းက သာနေတယ်။ (အမေရိကန်တွေဟာ တော်တဲ့ ကနေဒီယန် အားကစားသမားတွေကို ငွေနဲ့အမြဲဝယ်ပါတယ်… အားကစားသမားတင် မဟုတ်ပါဘူး၊ သူနာပြုတွေ အဆိုတော်တွေ၊ entertainment သမားတွေနဲ့ အခြားသော ပရိုတွေကိုလည်း ၀ယ်ပါတယ် –ကနေဒါအရှေ့ဖျားက ကနေဒါပိုင်တဲ့အခြမ်းက သိပ်လှတဲ့ ကမ္ဘာကျော် နိုင်ရာဂရာ (နိုင်ဂရာလို့ မြန်မာတွေခေါ်တယ်ထင်ပါတယ်) ရေတံခွန်ကြီးကို အမေရိကန်တွေ အခုထိ မ၀ယ်သေးဘူးဆိုတဲ့ ဆိုရိုးစကားက ကနေဒီယန်တွေကြားမှာ ရေပန်းစားပါတယ်) အဲဒီတော့ သာမန်အားကစားသမားတွေသာ ကျန်ခဲ့သော… Canucks တွေ နိုင်မယ်ဆိုရင်လည်း Luck နဲ့ပဲ နိုင်မယ့်သဘောရှိနေခဲ့တယ်။ ဒီကစားပွဲဟာ ဘောလုံးနဲ့တော့ မတူပါဘူး။ ပွဲစဉ်အနိုင်အရှုံးပေါ်မှာ အမှတ်ပေးတာပါ။ ပွဲစဉ် ရပွဲမှာ အစပိုင်းတွေမှာ Canucks က ဦးဆောင်နေခဲ့ပေမယ့် ဘော့စတွန်က ဂိုးသွင်းရင် ဂိုးရည်တွက်တွေ အများကြီးပိုများတယ်။

အဲဒီနေ့က ဖြစ်ချင်တော့ လပြည့်နေ့ကလည်းဖြစ်နေတယ်။ (လပြည့်နေ့ဆိုရင် တခုခုဖြစ်တတ်တယ်ဆိုပြီး ဒီကအချို့တွေက အယုံအကြည်ရှိတတ်တယ်) တစ်မြို့လုံးကလည်း နေ့လည် ၂နာရီလောက်ကတည်းက တိတ်ဆိတ်နေပြီ။ ရုံးတွေ တော်တော်များများကလည်း ပွဲကြည့်ဖို့ အလုပ်စောစော ဆင်းပေးကြတယ်။ ညနေ ငါးနာရီပွဲစမှာမို့ နေ့လည် ၃နာရီလောက်ကတည်းက လမ်းတွေဟာ အကုန်တိတ်ဆိတ်ကုန်ပြီ။

အဲဒီနေ့မှာ ဗင်ကူးဗားအသင်း နိုင်နိုင်ရှုံးရှုံး မြို့ထဲမှာ ဆန္ဒပြကြမှာပဲလို့ သတင်းတွေ က ထွက်နေတယ်။

ဒီလိုနဲ့ ထင်ထားတဲ့အတိုင်း ဗင်ကူးဗားက လေးဂိုး-ဂိုးမရှိနဲ့ ဘော့စတွန်ကို ရှုံးသွားပါတယ်။ ည ဂ နာရီလောက်မှာတော့ မြို့ထဲက အထင်ကရ လမ်းမကြီးတွေပေါ်မှာ ဆူပူမှုတွေ စတော့တာပါပဲ။ ပုလိပ်ကားတွေကို မှောက်လှန်ပြီး မီးရှို့သူကရှို့၊ ဆိုင်တွေကိုခွဲပြီး တွေ့ရာပစ္စည်းတွေ မ သွား၊ စားသောက်ဆိုင်တွေထဲမှာလည်း အရက်ပုလင်းတွေ ပန်းကန်ပြားတွေ ပန်းကန်းပြားပျံတွေလို ၀ဲပျံပြီး ဖြစ်ချင်တိုင်းဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ Billboard ကြီးတွေပေါ်တက်ပြီး ပြိုမကျ-ကျ အောင် ခုန်သူခုန်၊ ဆွဲချသူချ ဖြစ်နေခဲ့တယ်။ အလှသစ်ပင်တွေတောင် မချန် တက်ခုန်သူခုန်၊ တွန်းလှဲသူလှဲနဲ့ ဖြစ်ချင်တိုင်းဖြစ်တယ်လို့ သိရပါတယ်။ ရဲတွေက မျက်ရည်ယိုဗုံးတောင် သုံးပြီး လူစုခွဲပေမယ့် ည ၁၁ ကျော်ထိ မပြီးနိုင်ကြသေးဘူးလို့ သိခဲ့ရပါတယ်။

နောက်တစ်နေ့တွေမှာတော့ တစ်မြို့လုံးကလူတွေဟာ အဲသလို ဆူပူဆန္ဒပြသူတွေကို ရှုံ့ချကြပါတယ်။ ဒီလိုသောင်းကျန်းသူတွေကြောင့် ဗင်ကူးဗားဟာ ပျော်ပွဲရွှင်ပွဲ လုပ်ခွင့်မရှိတာ၊ ပျော်စရာပွဲလုပ်တိုင်း ထသောင်းကျန်းသူတွေကြောင့် မြို့တော်ဝန်က ဘာမှ ပျော်ပွဲရွှင်ပွဲ လုပ်မပေးတာ လို့ ဆိုကြပါတယ်။ မြို့တော်ဝန်ကလည်း ဒီလိုဖြစ်တာကို သူသိပ်ရှက်ကြောင်း မိန့်ခွန်းထွက်ပြောပါတယ်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်ရတဲ့ အဖြစ်ကို ရင်နာကြောင်း၊ လွန်ခဲ့တဲ့နှစ်က အိုလံပစ်ပွဲကို အောင်မြင်စွာ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့ပေမယ့် ဒီဟော့ကီပွဲလေးမှာမှ ဒီလိုလုပ်တာ မသင့်တော်ကြောင်း၊ လုပ်တဲ့သူတွေကို မြေလှန်ရှာမည်ဖြစ်ကြောင်း၊ ယခုခေတ်ကလည်း cell phone တွေနဲ့ ဗွီဒီယိုရိုက်ထားလို့ တစ်ယောက်မှ လွတ်မှာ မဟုတ်ကြောင်း ပြောသွားပါတယ်။
အခြားတိုင်းပြည်တွေမှာ အခုလိုဆူပူဆန္ဒပြတယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းတွေကြောင့် ဆူပူဆန္ဒပြကြတာဖြစ်ပြီး ဗင်ကူးဗားက လူတွေကတော့ ကစားပွဲလေးတစ်ခုပေါ်မှာ ဆန္ဒပြ/ရုန်းရန်းဆန်ခတ် ဖြစ်တယ်ဆိုတာ မဖြစ်သင့်ကြောင်း လူတိုင်းလိုလိုက ပြောနေကြပါတယ်။ တီဗွီတွေရှေ့မှာ လူစွမ်းကောင်းလုပ်ပြီး ဒီလိုအဖြစ်မျိုးကို လုံးဝရှုံ့ချကြောင်း၊ သိပ်ရှက်စရာကောင်းကြောင်း၊ Canucks အနေနဲ့ ဗိုလ်လုပွဲထိ တက်လာတာကို ဂုဏ်ယူသင့်ကြောင်း၊ ဒီလိုကမ္ဘာမှာ ကိုယ့်အရှက်ကို ကိုယ်မခွဲသင့်ကြောင်း အသံကောင်းဟစ်ပြတဲ့ လူငယ်တွေကိုလည်း မြင်ရပါတယ်။

ဒီနေ့ကစပြီးတော့လည်း မိဘတွေက ဒီကိစ္စမှာပါဝင်တဲ့ လူငယ်တွေကို သူတို့ကိုယ်တိုင် ရဲကိုတိုင်ပြီး အကြောင်းကြားလို့ လာဖမ်းခိုင်းကြတယ်လို့ သိရပါတယ်။ အချို့လူငယ်တွေကလည်း နောင်တရမိပါတယ်ဆိုပြီး ရဲစခန်းမှာ သွားရောက်အဖမ်းခံကြတယ်။

တစ်ကယ်ကတော့ လူတွေရဲ့ အတွင်းစိတ်ကို မြင်ရတော့တာပါပဲ။ ဒီလို အဖြစ်က ၁၉၉၄ တုန်းက ဒီလိုပဲ ဗင်ကူးဗားအသင်းက နယူးယောက်အသင်းကို ရှုံးတုန်းကလည်း မြို့ထဲမှာ အကြီးအကျယ်ဖြစ်သွားခဲ့သေးတယ်။ တစ်ကယ်ဆို လူငယ်အချို့က ဒါကို စောင့်နေကြတာပါ။ မြို့ဟာ စည်းကမ်းရှိတယ်၊ အေးချမ်းတယ်၊ crime နဲတယ်… ဒီတော့ ပျင်းစရာကောင်းလာတယ်။ သူများတိုင်းပြည်တွေမှာ ငလျင်လှုပ်၊ ရေကြီး၊ အစိုးရက ဖိစီး.. ။ ဒီမှာက နေ့စဉ်ပုံမှန် အေးချမ်းစွာ စားသောက်နေရတယ်၊ ဘာမှ စိတ်လှုပ်ရှားစရာမရှိဘူး။ အလုပ်နဲနဲလုပ်တာနဲ့ လိုချင်တာ အကုန်နီးပါးရတယ်။ သူတို့ရဲ့ အခြေခံစိတ်ဓာတ်တွေကလည်း အနည်းနဲ့အများကတော့ မြင့်နေကြပြီးဖြစ်တယ်။  (ရုပ်ဝတ္ထုသမားတွေဆိုပြီး အနောက်နိုင်ငံကလူတွေကို ထင်ယောင်ထင်မှားဖြစ်ခဲ့ဖူးတာ ရှိခဲ့တယ်ဆိုရင်တောင်..  သူတို့မှာ ထိုက်တန်လုံလောက်ကောင်းမွန်တဲ့ အတွေးအခေါ်တွေ တော့ရှိပြီးဖြစ်တယ်) အဲဒီနေ့ကတော့ ပြည့်စုံတဲ့ဘ၀တွေရဲ့ စိတ်အစာကျွေးချင်မှုကြီးကို ကျမ မြင်နေမိတယ်။ စိတ်လှုပ်ရှားစရာ တစ်မြို့လုံး ညီတူညီမျှ ဘုံစိတ်ဝင်စားစရာက ဒီ ဗိုလ်လုပွဲပဲ ရှိတယ်။ ဒီလိုဗိုလ်လုပွဲကို ရောက်လာဖို့ကလည်း ဆယ်စုနှစ်တစ်စုကြာချင်ကြာတတ်တော့….. ဒီအခွင့်ရေးကို လက်လွတ်မခံဘဲ ဆူပူကြတဲ့ စိတ်အစာကျွေးမှု တစ်ခု။
ကား ရ စင်းမှောက်တယ် (အရည်တွက် မသေချာပါ)။ သန်းနဲ့ချီတဲ့ ကားတွေထဲမှာ ခုနှစ်စင်းကို မှောက်ပြီး မီးရှို့တော့လည်း ဘာဖြစ်လည်း၊ ကား insurance ကုမဏီက ပိုင်ရှင်ကို ပြန်လျော်ပေးမှာပဲ.. ကံကောင်းရင် ကားအသစ်တောင် ရဦးမယ်။ ဆိုင်တွေကလည်း အကုန် အာမခံရှိပြီးသားဆိုတော့ စိတ်ညစ်ရတာကလွဲပြီး အကုန်အသစ်ပြန်ရမှာ.. ဒီလို တွေးဖြစ်ကြလိမ့်မယ်ထင်တယ်။

လူငယ်တွေဟာ ဒီအဖြစ်ကို ဂုဏ်ယူနေတယ်။ ရဲတွေနဲ့အခုလို အင်အားပြိုင်ပြရတာကို ကျေနပ်နေတယ်။ မီးလောင်နေတဲ့ ကားတွေရှေ့မှာ ပိုစ်အမျိုးမျိုးပေးပြီး ဓာတ်ပုံရိုက်ခံကြတယ်။ မီးလောင်တဲ့ ကားပေါ်တက်ပြီး အပူခံပြီး ဟော့ရှော့လုပ်ပြတယ်။ သစ်ပင်ကိုလှုပ်ခါပြီး သစ်ပင်ပြိုကျအောင်လုပ်သူတွေရန်ကနေ သစ်ပင်ကို ကာကွယ်လာတယ်ဆိုပြီး ဂုဏ်ယူနေကြတဲ့ လူငယ်တွေကလည်း ရှိသေးတယ်။
ဒီလို ရုန်းရင်းဆန်ခတ်ပွဲဖြစ်မယ်ဆိုတာ လူတိုင်းခန့်မှန်းနေကြတယ်။ ကားမီးရှို့ဖို့ လောင်စာဆီဖြည့်ထားတဲ့ ပုလင်းတွေ သယ်လာကြတယ်။ ကုန်တိုက်တွေကို မှန်ခွဲဝင်တယ်။ ပြီးတော့ နီးရာ ဦးထုပ်တစ်လုံးကို ခပ်တည်တည်ဝင်ဆွဲပြီး ဦးထုတ်ဆောင်း ထွက်လာသူတွေကလည်း ရှိသေးတယ်။ ကျန်တာ ဘာမှ မယူဘူး၊ ဦးထုတ်ကိုပဲ ယူပြီး ဂုဏ်ယူထွက်လာတာ.. ဒီဦးထုတ်ကို မှန်ခွဲပြီး ၀င်ယူရလောက်အောင် ဦးထုတ်ကို လိုအပ်နေသူတွေလားဆိုတော့လည်း မဟုတ်ဘူး။ ဦးထုတ်တစ်လုံး ဘယ်လောက်မှလည်း မတန်ဘူးဆိုတာ သူကိုယ်တိုင်လည်း အသိ။

မြို့ကြီးက မီးခိုးတွေအူပြီး ရဲတွေက တုတ်တွေ၊ ဒိုင်းတွေနဲ့ ဒီဘက်ကလာ… ဟိုဘက်က လူငယ်တွေက ခပ်တည်တည်နဲ့ လူစွမ်းကောင်းလုပ်ပြီး ရဲတွေကို ခါးထောက်အော်နေချိန်မှာ.. လမ်းအလယ်ခေါင်မှာ လှဲချပြီး နမ်းနေတဲ့ စတန့်စုံတွဲကလည်း ရှိပါသေးတယ်။ ရုန်းရင်းဆန်ခတ်လုပ်သူများဟာ များသောအားဖြင့် ဗင်ကူးဗားမြို့သားတွေ မဟုတ်ဘူးလို့ ပြောနေကြသူတွေ ရှိသလို… အဲသလို ဆန္ဒပြပွဲ အလယ်တည့်တည့် ကားလမ်းကြီးပေါ်မှာ နမ်းနေတဲ့ လူ၂ဦးဟာလည်း မြိုခံတွေ မဟုတ်တဲ့ ကနေဒါအရှေ့ဖျားတိုရန်တိုကနဲ့ သြဇီက ကျောင်းလာတက်တဲ့ လူ၂ယောက်ဖြစ်တယ်လို့ ပြောကြပါတယ်။ သူတို့ဟာလည်း အင်တာနက်မှာ နေ့ချင်းညချင်း နာမယ်ကြီးသွားပါတယ်လို့ သိရပါတယ်။

သူများတိုင်းပြည်တွေက ထွက်ပေါက်မရှိ မွန်းကြပ်မှုတွေကြောင့် ဆန္ဒပြပေါက်ကွဲပြကြချိန်မှာ.. ကနေဒါနိုင်ငံ ဗင်ကူးဗားက လူငယ်အချို့ကတော့ ပျင်းရိခြင်းတစ်ခုတွက် ထွက်ပေါက်ရှာ လုပ်ကြသလားရယ်လို့ ထင်မိပါတော့တယ်။

ဘာပဲဖြစ်ဖြစ် ဗင်ကူးဗားမြို့မှာ ပြောစရာ တစ်ခုကတော့ ကျန်သွားတာပါပဲရှင်…။

1.jpg

2.jpg

3.jpg

5.jpg

4.jpg

6.jpg7.jpg

8.jpgpng1.PNG

png2.PNG

vancouver-riots-after-canucks-lose-12.jpg

ပုံတွေက အင်တာနက်က ယူပါတယ်ရှင်..
http://www.google.ca/search?q=vancouver+riots+2011&oe=utf-8&rls=org.mozilla:en-US:official&client=firefox-a&um=1&ie=UTF-8&tbm=isch&source=og&sa=N&hl=en&tab=wi&biw=1280&bih=885


16 Comments »

  1. အဲ့ဒါပါပဲ… လူသားလိုဘ ဆိုတာ… မပြည့်နိုင်တဲ့ အိုးတွေပေါ့။ watch man ဇတ်ကားမှာ ကြည့်လိုက်မိပါသေးတယ်… ကမ္ဘာတစ်ခုလုံး Crime တွေ ကင်းကွာသွားတဲ့ အချိန် စစ်ပွဲတွေကို မုန်းတီးပြီး လူတိုင်း ငြိမ်းချမ်းရေးဆိုတာ ပါးစပ်က မချနိုင်တော့ တဲ့ အချိန်မှာ အဲ့သည်ထဲက လူဆိုးဆန်ဆန် ဇတ်ကောင်ရဲ့ (နာမည် မမှတ်မိပါ) ဒိုင်ယာရီ စာအုပ်ကို ရသွားတဲ့သူက လူတွေ စိတ်လှုပ်ရှားလာအောင် ပြန်လုပ်မယ့် သဘောလေး ရိုက်ပြတာပါ။

    ဘာပဲဖြစ်ဖြစ် အဲ့သည်လူတွေ မြန်မာပြည်အတွက် ခုန်ပေါက်ပြီး ဆန္ဒပြပေးကြတယ် ဆိုရင်ကော ကောင်းမလားလို့ တွေး လိုက်မိပါသေးတယ်။ ဒါပေမယ့် မကောင်းဘူးလို့ ပဲ ကိုယ့်ဖာသာ ဆုံးဖြတ်လိုက်ပါတယ် မလေးရေ။

    Comment by ...အလင်းစက်များ — June 18, 2011 @ 2:42 am

  2. ဟုတ်တယ်၊ ‘စိတ်အဆာပြေ ဆန္ဒပြမှု’ လို့ မလေး သုံးသပ်တာ မှန်ပါတယ်၊ ဒီမှာလည်း ဘောလုံးပွဲတွေမှာ hooligans တွေက ဦးဆောင်ပြီး အဓိကရုဏ်းတွေ ဖြစ်အောင် အမြဲ ကြိုးစားကြတယ်၊
    ပျင်းရိငြီးငွေ့မှုကို ဒီလိုထွက်ပေါက်ရှာကြတာ ဖက်ရှင်ဆန်ဆန်တောင် ဖြစ်လာနေပုံပါပဲ…။

    Comment by ညီလင်းသစ် — June 18, 2011 @ 2:59 am

  3. လူအုပ်ကြီးရဲ့ ဆန္ဒပြစဉ် အကြမ်းဖက်ချင်တဲ့ psychology ကို ဆရာကြီး သိန်းဖေမြင့်ရဲ့ “အရှေ့ကနေဝန်း ထွက်သည့်ပမာ” မှာ ရေးထားတာလေး သွားသတိရမိပါတယ်။ ၁၉၃၈ လောက်မှာ ဗိုလ်အောင်ကျော်တို့ ကျဆုံးတဲ့ တတိယအကြိမ် ကျောင်းသား သပိတ် ပေါ်လာတော့ လူတွေက ( လှည်းတန်း မီးပွိုင့် စသည်.. ) တို့ကို ရိုက်ခွဲကြတယ်တဲ့။ ဒါ အဓိပ္ပါယ်မရှိမှန်း၊ ဒီလိုမျိုး လုပ်နေလို့ လွတ်လပ်ရေး ရမှာမဟုတ်မှန်း ဆန္ဒပြသူတွေ သိကြပါတယ် တဲ့။ ဒါပေမဲ့ သူတို့က လန်ဒန်မှာရှိတဲ့ Imperialists တွေကိုလည်း ဘာမှ သွားမလုပ်နိုင်တော့ စိတ်အဆာပြေအနေနဲ့ နယ်ချဲ့သမားတွေ ကိုယ့်အတွက် လုပ်ပေးထားတဲ့ traffic lights လောက် ရိုက်ခွဲကြရတော့တာတဲ့။ အခု ကနေဒီယန်တွေကလည်း ကျနော်ထင်တာကတော့ socially အသိအမှတ်ပြု မခံရတဲ့ လူတချို့က သူတို့ကို အသိအမှတ်မပြုတဲ့ သူတို့ရဲ့ society ကို မကျေမနပ် ရှိရာကနေ ဟော်ကီရှုံးတာကို အကြောင်း ပြပြီး သောင်းကျန်းကြတာ လို့ထင်မိပါတယ်။ အဲဒီ သောင်းကျန်းကြသူများထဲမှာ ကိုယ့်မြို့ကို အသွေးထဲအသားထဲကနေ ချစ်တဲ့ ဗင်ကူးဗားမြို့သားစစ်စစ်များ၊ ငွေကြေး၊ ရာထူးဌာနန္တာရ status တခုခုရှိကြလို့ socially accepted ဖြစ်ကြသူများ ရာခိုင်နှုန်း နည်းပါးစွာပဲ ပါဝင်ကြလိမ့်မယ်လို့ ခန့်မှန်းမိပါကြောင်း ပွားခဲ့ပါတယ် ခင်ဗျား..း))( မှတ်ချက်။ ။ ကျနော် “စိတ်ပညာ” ကို “လူပျိုတန်း” လောက်ထိတော့ သင်ယူဖူးပါ၏ )

    Comment by ပြည်ကောင်းအောင် — June 18, 2011 @ 3:40 am

  4. အင်း…လုပ်ခွင့်ရှိတော့လဲ လုပ်ကြပေမပေါ့ အစ်မရယ်…ဘာမှဝင်မပြောတော့ဘဲ အသာလေးပဲကြည့်ပြီး ပြန်သွားပါရစေတော့ဗျာ…

    Comment by ဟန်ကြည် — June 18, 2011 @ 4:12 am

  5. မလေး
    ဗင်ကူးဗားလဲ ဆန္ဒပြကြတာပဲလား။ သူတို့မှာတော့ အတော်အတန်ပြည့်စုံကုံလုံပြီးတော့ပွဲဆူစရာမရှိလို့ ၊ ပျင်းလို့ ၊ သက်သက်အလှဓါတ်ပုံ အရိုက်ခံချင်လို့  ခုလိုကားမီးရှို့ ၊ ဓါတ်ပုံအရိုက်ခံ၊ ကနေဒီယန်တွေများထူးဆန်းပါဘိ။
    တချိန်တည်းမှာတော့ယင် လစ်ဗျား၊ဆီးရီးယား တိုင်းပြည်တွေမှာတော့ သွေးထွက်သံယိုမှု့ နဲ့ ဆန္ဒပြနေကြတယ်။ ဆန္ဒပြကြတာချင်း၊ဦးတည်ချက်ချင်း၊ရည်ရွယ်ချက်ချင်း မတူကြပါလားနော်။
    မျှဝေပေးလို့ ကျေးဇူးတင်ပါ၏။

    Comment by မောင်မောင် — June 18, 2011 @ 4:37 am

  6. တော်တော်ဆိုးကြပါလား။မထင်ရဘူးနော်။

    Comment by လရိပ်အိမ် — June 18, 2011 @ 4:59 am

  7. အော်….အလိုမကျ သူတို့ဘ၀ မြန်မာပြည်မှာ ခဏလောက် လာနေကြည့်ပါလား ကိုရွှေကနေဒီယန်များရယ် :P

    Comment by မောင်မျိုး — June 18, 2011 @ 6:13 am

  8. အင်းးး လို့သာ သက်ပြင်းချလိုက်ပါမယ် ( သက်ပြင်းသာ ချလိုက်တာ သက်ပြင်းတစ်ခါချရင် အသက်တစ်ရက်တိုတယ်တဲ့ ဟိ ကျနော် အသက်တရက် တိုသွားပြန်ပြီးပေါ့ . . . အေးကွယ် အဘတို့ သေမယ့်ရက်က နီးလာပြီးကွယ် နောက်အနှစ်တစ်ရာ လောက်ပဲကျန်တော့တာ ဟိဟိ )

    Comment by ဗညား — June 18, 2011 @ 5:45 pm

  9. အတွေးလေးတချို့ ရသွားခဲ့တယ် မလေး။

    Comment by ရတနာ — June 18, 2011 @ 9:03 pm

  10. ဘယ်လိုပဲဖြစ်ဖြစ်…ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် ဆူပူတဲ့ဆန္ဒပြမှုကတော့ ဆိုးကျိုးပိုများတာပါပဲ။
    ဆန္ဒပြဖို့ ဆိုတာ မလုပ်သင့်တဲ့ အရာတော့မဟုတ်ပါဘူး။ လိုအပ်တဲ့အခါ လိုအပ်တယ်လို့ ထင်ပါတယ်။
    ဒါပေမဲ့လည်း ဟိုဟာမီးရှို့ ဒီဟာရိုက်ခွဲဆိုတာတွေကတော့ ဆိုးတာပေါ့။

    အတွေးလေးတွေ ရသွားတယ် အမရေ။း)

    Comment by ရိုးရ — June 19, 2011 @ 5:59 am

  11. နောက်ကြရင်လူတွေဟာကိုယ်နေတဲ့ကမ္ဘာကိုတောင် ပျင်းစရာကောင်းတယ်ဆိုပြီး ဆန္ဒပြနေရင် မလွယ်ဘူးမလေး လူအလိုနတ်မလိုက်နိုင်ဘူးမလေး ကနေဒါနေရာမျိုးနဲ့ မဟာတို့ရဲ့ရွေနိုင်ငံကြီးနဲ့လဲချင်တာမလေး မဟာတိုနိုင်ငံကတော့အေးချမ်းတယ်ဆိုတာ ကြောက်နေကျလို့လေဘယ်လောက်ဘဲလိုလို မပေးမှမပေးတာ ကနေဒါကလိုသလောက်ရတယ်အေးချမ်းတာ နိုင်ငံတွေ..
    ရဲ့အနေထားကကွာတယ်နော် ရသလောက်မအေးချမ်းတာတော့ လူတွေပဲမကောင်းတာပါ။ မဟာတို့နိုင်ငံကတော့ ရှိရဲသားနဲ့ငတ်နေတာ ငတ်တော့ဘယ်အေးချမ်းမလဲနော် လောဘငယ်ထိပ်တက်နေတဲ့ ဘီလူးတွေအောက်ရောက်နေတော့ခက်သား ကံလို့တော့မပြောချင်ဘူး လူတွေအသုံးမကြတာပါဘဲ။

    Comment by မဟာ — June 19, 2011 @ 6:05 am

  12. ခုခေတ် လူငယ်တွေမှာ ဖျက်ဆီးချင်တဲ့ စိတ်ဓါတ်ကို ရှိနေကြတာ ရင်လေးစရာပါ။

    Comment by သိင်္ဂါကျော် — June 19, 2011 @ 10:09 pm

  13. အမရေးသွားတာလေးက သတင်းဆောင်းပါးပုံစံမျိုးဆိုပေမယ့် ရသရေးနေတဲ့ လက်မို့လို့လားမသိဘူး ပျင်းစရာမကောင်းဘူး။

    Comment by ဇွဲလွင် — June 20, 2011 @ 11:17 am

  14. ကိုယ်နေထိုင်ကြီးပြင်းခဲ့တဲ့မြို့က အားပေးတဲ့ အသင်းက နိုင်ထားတော့ ပျော်ရွှင်ဂုဏ်ယူနေတာ၊ ဒီလိုမျိုးတွေ မြင်ရတွေ့ရတာတော့ ရှုတ်ချမိတယ်..။
    အခုလို ဗင်ကူးဗားက riot မှမဟုတ် Europe မှာ၊ US မှာ မလိုအပ်ပဲ ဖြစ်ကြတဲ့ riot တွေပါ အပါအဝင် အဲလောက်အထိ ဖြစ်ဖို့ မလိုအပ်ဘူး ထင်တာပဲ….၊
    အနောက်နိုင်ငံက လူတိုင်းလိုလို ဘယ်လောက်ပဲ material things အနေနဲ့ ပြည့်စုံပြီး intellectual ဖြစ်နေကြပါစေ Bad loser ဖြစ်လာတဲ့အခါ spiritual နဲ့ cultural values ကို မထိန်းသိမ်းနိုင်လောက်အောင် ပြည့်ဝမှု့ mature မရှိကြ၊ မဖြစ်ကြဘူးဆိုတာ ပြသွားတာပဲလို့ မြင်ပါတယ်..။

    Comment by နန္ဒာ — June 20, 2011 @ 1:09 pm

  15. ဆန္ဒပြပွဲသတင်းကထားလိုက်ပါတော…
    အဲဒီအကြောင်းအရာကိုသုးံသပ်ပြသွားတဲ ဆရာမအမြင်ကတော…. တော်တော် ဆီလျော်တဲ. အမြင်ပဲ.
    ထူးချွန်တဲ. journalist တွေရဲ. ရည်အချင်းမျိုးကိုပြလိုက်တာပဲ….
    liberal democracy မှာလည်း စိတ်မချစရာ အကြောင်း တရားတွေရှိသေတာပဲ …..

    Comment by ထက်အောင်ခန့် — June 22, 2011 @ 1:08 pm

  16. >နောက်မှာ ရုန်းရင်းဆံခက်နဲ့ မီးလောင် နေတာတောင် ပို့စ်ပေးပီး ဓာတ်ပုံ အရိုက်ခံတဲ့ သူကရှိသေးတယ်နော် ..အံ့ သြစရာ ပါ ဘဲ မမ . . .။

    Comment by မင်းပြည့်စုံ — June 22, 2011 @ 1:13 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------