♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

April 8, 2011

ခံစားမိသမျှရယ်…တဲ့

ဇာတ်ကောင်မိန်းကလေးဟာ အလွန်ညစ်ပတ်လို့ သူမရဲ့ အတွင်းခံ ထမီဟာ ဘယ်လိုမျိုး ဂျီးအထပ်ထပ်ဖြစ်နေကြောင်း၊ စားပြီးသား နေကြာစေ့အခွံတွေဟာ ဘယ်လိုပေပွပြီး ပုရွက်ဆိတ်တန်းဟာ ဘယ်လိုတန်းစီနေကြောင်း…

♥●••.. ….••●♥

အခုရက်ပိုင်းမှာ မြန်မာစာပေလောကရဲ့ နာမယ်ကြီး စာရေးဆရာ-ဆရာမ တွေရဲ့ စာအုပ်အချို့ကို ဖတ်ကြည့်ပါတယ်။ စာတွေကို သူတို့ ဘယ်လိုရေးသလည်းဆိုတာကို လေ့လာချင်လို့ ဖတ်ခြင်းဖြစ်ပါတယ်။ အတိတ်ကာလထဲမှာ မြန်မာစာပေလောကနဲ့ သိပ်ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့သူမို့ လေ့လာချင်တာလည်း ပါပါတယ်။

တစ်ဦးကဆိုရင် အရမ်းနာမယ်ကြီးပြီး လူသူအများလေးစားခံရတဲ့ စာရေးဆရာမကြီးဖြစ်ပါတယ်။ သူမဟာ ခုချိန်မှာ သက်ရှိထင်ရှားတော့ မရှိတော့ပါဘူး။ အကြောင်းအရာနဲ့တကွ ရင်ထဲမှာ ရှိတဲ့ အတိုင်းရေးချချင်လို့ သူတို့ရဲ့ အမည်တွေကို မဖော်ပြတော့ပါဘူး။ ဖော်ပြရအောင်လည်း ကိုယ်ဟာ ပမွှား တစ်ဦးဖြစ်တဲ့ အတွက် သာမန်စာဖတ်သူတစ်ဦးအနေနဲ့ပဲ ရင်ထဲက ဖြစ်ပေါ်လာတာကို ရေးသွားမှာ ဖြစ်ပါတယ်။

ဆရာမကြီးဟာ ဆိုရင် ပတ်ဝန်းချင်အခြေအနေကို ရေးဖွဲ့ပုံ၊ ဇာတ်ကောင်တွေကို သရုပ်ဖွဲ့ပုံဟာ အံ့မခန်း လက်ဖျားခါလောက်တယ်။

“၀တ္ထုရေးတယ်ဆိုတာ ဒီလိုပါလား…”

“သူမ ဒါကြောင့်လည်း နာမယ်တစ်လုံးနဲ့ နေခဲ့တာကိုး…”

ရင်တွင်းက တဖွားဖွားဖြစ်ပေါ်နေတဲ့ မှတ်ချက်တွေနဲ့ အတူ၊ သူ့စာအုပ်ကို လက်ကကို ချလို့ မရအောင်ဖြစ်နေခဲ့တယ်၊ ဒါကိုလည်း ကျေနပ်နေခဲ့မိတယ်။ ဒီလိုလက်က ချလို့ မရအောင် စွဲဆောင်နိုင်လွန်းတဲ့ ဆရာမကြီးရဲ့ ကလောင်စွမ်းကို အံမခန်းဖြစ်နေခဲ့မိတယ်။

သူ့စာအုပ်ကို ပိတ်အပြီးမှာ နှစ်ပေါင်းများစွာ ငတ်မွတ်တောင့်တနေတဲ့ အာဟာရ တစ်ခုကို ပြည့်ဝစွာ စားသုံးလိုက်ရသလိုပဲ။

ဆရာမကြီးရဲ့ ၀တ္ထုတစ်ပုဒ်ထဲက ဇာတ်ကောင်မိန်းကလေးတစ်ဦးဟာဆိုရင် ပျိုရွယ်စဉ်ခါက ချောမောလှပလွန်းတဲ့ အလှမယ် တစ်ဦးဖြစ်တယ်။ သူမကိုလက်ထပ်လိုက်တဲ့ အမျိုးသားဟာ ဥပဒေဘွဲ့ရပညာတတ်တစ်ဦး။ ဒါပေမယ့် နှစ်ဦးစလုံးက အလွန်ပျင်းတဲ့သူတွေဖြစ်တယ်။ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ပဲ နိုင်ငံခြားသားတွေနဲ့ အထက်တန်းလွှာဖြစ်ချင်သူတွေ ကျက်စားရာနေရာတွေမှာပဲ ယောင်လည်လည်လုပ်နေကြောင်းကို ရေးဖွဲ့ထားတာဟာ ပီပြင်လွန်းတယ်။

ဇာတ်ကောင်မိန်းကလေးဟာ အလွန်ညစ်ပတ်လို့ သူမရဲ့ အတွင်းခံ ထမီဟာ ဘယ်လိုမျိုး ဂျီးအထပ်ထပ်ဖြစ်နေကြောင်း၊ စားပြီးသား နေကြာစေ့အခွံတွေဟာ ဘယ်လိုပေပွပြီး ပုရွက်ဆိတ်တန်းဟာ ဘယ်လိုတန်းစီနေကြောင်းကို ရေးထားတာဟာ မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်ကြီးကို ထင်လာစေပါတယ်။ အတွင်းခံဇာဘော်လီကိုတောင် ပြုတ်နေတာကို မချုပ်ဘဲ ပျင်းလွန်းလို့ အပ်နဲ့တွယ်ထားတာ၊ ရေစိုထမီကို ပြူတင်းပေါက်မှာကို လှန်းထားတာတွေကို ရေးပြထားတာဟာ အလွန်ပဲ အသက်ဝင်လှပါတယ်။

နောက်တစ်ပုဒ်မှာလည်း ဘာမဆို မိန်းမမီးပူတိုက်ပေးမှဝတ်သူ၊ မိန်းမချက်ပြုတ်မှစားသူ အိမ်ထောင်ရှင် ယောင်္ကျားတစ်ဦးဟာ နေပူရင်လည်းပူလို့၊ မိုးရွာရင်လည်း ရွာလို့၊ နှင်းကိုက်ရင်လည်း ကိုက်လို့ အမြဲနေမကောင်းဖြစ်ပြီး မိန်းမအပေါ်မှာ အခွင့်အရေးယူ ဇိမ်ခံနေတာကို ရေးဖွဲ့ထားပါတယ်။ မိန်းမက တစ်နေကုန် ကလေးတွေကြည့်ရ၊ လျှော်ဖွပ်၊ ချက်ပြုတ် ဈေးသွားပြီး တစ်နေကုန်ဇယ်ဆက်လို့ မနားရပါဘူး။ ညနေယောင်္ကျား အလုပ်ကပြန်လာရင်လည်း ယောင်္ကျားနဲ့ကလေးတွေစားဖို့ ပြင်ဆင်ပြီး တစ်ခါစားပြီးသား အိုခွက်ပန်းကန်တွေဆေးကြောပြီးလို့ ည ရနာရီလောက်ကျရင်လည်း စားသောက်ပြီးလို့ ခြေဆန့်နေတဲ့ ယောင်္ကျားကို နှိပ်နယ်ပေးရပါတယ်။ ညကျတော့လည်း ချမ်းလို့အိုက်လို့ စသဖြင့် မိန်းမက ရေနွေးကပ်ပေးရတာတို့ ည ၁၁ နာရီလောက်ထိ ငုတ်တုပ်ထိုင်ယပ်ခတ်ပေးရတာတို့ (မိန်းမကို လူသားချင်းစာနာစိတ်မရှိဘဲ ကျွန်တစ်ယောက်လို) ခိုင်းစေတတ်တဲ့ ယောင်္ကျားတစ်ယောက်အကြောင်းကို ရေးဖွဲ့ထားတာများဆို လူဟာ မောပြီးပျော့ခွေကျန်ခဲ့မတတ် ကလောင်စွမ်းဟာ ထက်လှပါတယ်။ အဲဒီဝတ္ထုမှာဆိုရင် နောက်ဆုံး ပြုစုပေးရတဲ့ ဒေါင်ဒေါင်မြည်ကျန်းမာရေးကောင်းသူ မိန်းမဟာ ဖြုန်းစားကြီး သေသွားပါတော့တယ်။ အမြဲ တရှောင်ရှောင်ဖြစ်တယ်ဆိုပြီး အခွင့်ရေးယူနေတဲ့ ယောင်္ကျားကတော့ ငုတ်တုပ်ကြီး ကျန်ခဲ့ပါတယ်။ မယားသေလို့ဝမ်းနည်းပုံဟာ မယားအတွက်မဟုတ်ဘဲ သူ့အတွက်ဖြစ်နေတာကို ရေးထားပါတယ်။ ငါ့ကိုဘယ်သူဂရုစိုက်မလည်း၊ ငါ့ကိုဘယ်သူချက်ကျွေးမလည်း၊ ငါ့ကိုဘယ်သူယပ်ခပ်ပေးမလည်း၊ ဆေးတိုက်မလည်း ဆိုတဲ့ “ငါ” တွေနဲ့ စိုးရိမ်ကျန်ခဲ့တာပါ။ ဒါကြောင့်လည်း မယားကြီးလိုပဲ ရေပူရေချမ်းကမ်းမယ့် ကြုံရာမိန်းမငယ်ငယ်တစ်ယောက် ထပ်ယူပြီးတော့ ဆက်လက်ပြီး လူလူချင်း ခေါင်းပုံဖြတ်ရင်း ကျန်ခဲ့ပါတော့တယ်။

သူမရဲ့ ၀တ္ထုတိုတွေထဲမှာ ဇာတ်အိမ်က ကျစ်ကျစ်လစ်လစ်သေးသွယ်ပါတယ်။ ၀ါကျတွေက ပြတ်သားရှင်းလင်းတယ်။ အဖွဲ့အနွဲ့တွေက သိပ်ကဗျာမဆန်ဘူး (လုံးဝ ကဗျာမဆန်ဘူး)။ ပြဇတ်တစ်ပုဒ် မျက်လုံးရှေ့မှာ ကပြ နေသလိုပဲ။ အဓိက ဇာတ်ကောင် ၂ဦး သို့မဟုတ် ၃ဦးလောက်နဲ့ပဲ ကိုင်တွယ်သွားတယ်။ သူမဟာ ဘ၀သင်ခဏ်းစာတွေကို စာဖတ်သူတွေကို ပြောပြ/သင်ကြားပြနေပေမယ့် ဆရာကြီးလုပ်နေတဲ့ ပုံစံ လုံးဝမပေါ်ဘူး။ plot dump တွေ တွင်တွင်သုံးနေပေမယ့် သုံးလို့သုံးနေမှန်းတောင် မသိရဘူး။ (အဲ့ဒါသော့ချက်ပဲ။ ဝေလည်းဝေမျှချင်တယ် ဆရာကြီးလုပ်နေတယ်လည်း ထင်မှာစိုးတယ်၊ ဆရာကြီးလုပ်နေတဲ့ ပုံမျိုး မပေါက်အောင် မနည်းလေသံပျော့အောင်လုပ်နေရတဲ့ (မနှိုင်းကောင်း နှိုင်းကောင်း) ကျမလိုမျိုး မဟုတ်)

ဒါပေမယ့် …. ဒါပေမယ့်…. ဟုတ်ကဲ့ အဲ့ဒီ ဒါပေမယ့်က တော်တော်ဆိုးတဲ့ ဒါပေမယ့် ပါ…

(ကျမအတွက်)တစ်ခုဆိုးဝါးလွန်းတာက ဆရာမကြီးဟာ ၀တ္ထုတွေရဲ့အဆုံးကို ကောင်းကောင်းမသတ်ဘဲ တန်းလန်းကြီးတွေ ဖြစ်ဖြစ်နေတတ်တယ်လို့ ထင်မိပါတယ်။ အဆုံးသတ်ခါနီးမှာ ရုတ်တရက်ခပ်မြန်မြန် အဆုံးသတ်ပစ်တတ်တယ်။ အဆုံးသတ်ရမှာ စိတ်မရှည်တော့တာလားလို့ တွေးမိပါတယ်။ နောက်တစ်ရွက်လှန်ရင် ဆက်ဦးမယ် ထင်ပြီး လှန်လိုက်တဲ့အခါတွေမှာ နောက်ဝတ္ထုတစ်ပုဒ် အသစ် စနေတတ်တာကို အံ့သြစွာတွေ့ရပါတယ်။ သူမ၀တ္ထုတွေကို ဖတ်နေရင်း ပီတိအရှိန်နဲ့ ရင်တလှပ်လှပ် ခုန်နေရာကနေ နောက်တစ်ရွက်အလှန်မှာ တုန်းတိကြီး ပြီးလိုက်မှာလား ဆိုပြီး ရင်တထိတ်ထိတ် ဖြစ်နေရတာကလည်း ရသ တစ်မျိုးပဲလို့ ဆိုလို့တော့ ရနိုင်ပါတယ်။

နောက်တစ်ခုကလည်း ဇာတ်ကောင်တစ်ဦးဟာ အစပျိုးခြင်းမရှိဘဲ ရုတ်တရက် တစ်နေရာကနေ ထထပေါ်လာတတ်တာ ပါပဲ။ အထူးသဖြင့် အဲဒီဇာတ်ကောင်ဟာ narrator ဖြစ်နေတတ်တာပါပဲ။ ဥပမာ ဒေါ်ထွေးနဲ့ဦးလှရဲ့ အိမ်ထောင်ရေးအကြောင်း တစ်လျှောက်လုံးရေးလာနေရာကနေ.. ဦးလှ နောက်မိန်းမက ဒေါ်ထွေးရွှေငွေတွေ အပိုင်သိမ်းပုံတွေ၊ ဦးလှသမီးက အနစ်နာခံရပုံတွေ၊ နောက်ဆုံး မခံနိုင်တော့ပဲ ဦးလှသမီး ဒေါသပုန်ထသောင်းကျန်းပုံတွေကို ကွင်းကွင်းကွက်ကွက်ရေးနေရင်းကနေ…

ကျမ ဆိုတာကြီးက ကန့်လန့်ကာနောက်ကနေ ရုတ်တရက် ပေါ်လာတတ်ပါတယ်။

အဲဒီ ကျမက နောက်အခန်းတွေမှာလည်း ဆက်မပါတော့ ပြန်ပါဘူး။

ဥပမာ..

အ၀ါရောင် ဂါဝန်ဝတ်ထားတဲ့ ကောင်မလေးဟာ ပန်းတောထဲမှာ ပန်းတွေ ကောက်နေတယ်။ သူ့လက်ထဲမှာပါလာတဲ့ အပြာရောင်ခြင်းကလေးထဲကို ပန်းတွေကောက်ထဲ့နေတယ်။ ပန်းတွေဟာ အ၀ါရောင်၊ အပြာရောင်၊ အနီရောင်၊ ခရမ်းပြာရောင်၊ အနက်ရောင်၊ မိုးပြာရောင်၊ နို့နှစ်ရောင်၊ မဲနယ်ရောင်၊ အစိမ်းပုပ်ရောင် တွေဖြစ်တယ်။ ပန်းတွေဟာလည်း အမျိုးစုံလှတယ်။ ခေါင်းလောင်းပုံ ပန်းကလေးတွေ၊ ကြိုးတန်းပေါ်မှာ သွယ်ကျနေသလို ပန်းကလေးတွေ၊ အရွက်ဖားဖား အပွင့်သေးသေးလေးတွေ၊ ၀တ်ဆံတွေ အများကြီးနဲ့ ပန်းတွေ၊ ရိုးတံကြီးတဲ့ ပန်းတွေ၊ ရဲရင့်တဲ့ပန်းတွေ၊ ရှက်တတ်တဲ့ ပန်းတွေ၊ နူးညံ့တဲ့ ပန်းတွေ၊ အပွင့်ကြွားတဲ့ ပန်းတွေ။

ပန်းတွေကြားမှာ လက်ရေးသေးသေးနဲ့ ရေးထားတဲ့ စာရွက်ဖြူတစ်ရွက်ကို ကောင်မလေးက လှမ်းတွေ့လိုက်တယ်။

ကောင်မလေးက ပန်းတွေကို ကောက်တယ်။ ခုနကပြောတဲ့ အရောင်စုံပန်းတွေကိုပေါ့။ ပန်းတွေကြားမှာလည်း အကောင်ပလောင် မျိုးစုံကို တွေ့ရတတ်တယ်။ ပုရွက်ဆိတ်လေးတွေ၊ တီကောင်တွေ၊ ချ၊ မြေတွင်းပိုး အမျိုးမျိုးက အိမ်တွေဖွဲ့လို့။

အ၀ါရောင်ဂါဝန်နဲ့ ကောင်မလေးဟာ ပန်းတွေကို ခြင်းထဲထည့်တယ်။ အချို့ပန်းအမျိုးအစားကို တစ်ပွင့်ချင်းစီထည့်တယ်။ အချို့ကိုတော့ လက်နဲ့ဆုပ်ကိုင်ပြီး ခြင်းထဲကိုထည့်တယ်။ အချို့ကိုတော့ ကောက်ကြည့်ပြီး ပြန်ချထားလိုက်တယ်။

အ၀ါရောင်ဂါဝန်နဲ့ ကောင်မလေးဟာ ပန်းတွေကို စိတ်တိုင်းကျကောက်ပြီးတဲ့ အခါမှာတော့ လမ်းသွယ်လေးအတိုင်း ထွက်ခွာသွားပါတော့တယ်။

အဲသလိုဆန်ဆန်မျိုးဆိုတော့ စာဖတ်သူမှာ.. ပန်းတွေကြားက လက်ရေးသေးသေးနဲ့ ရေးထားတဲ့ စာရွက်ဖြူတစ်ရွက် အကြောင်း တန်းလန်းကြီးဖြစ်လို့ ကျန်နေခဲ့ပါတယ်။

ဖြည်းဖြည်းချင်းဆက်ပါမယ်ရှင်..။

ထပ်မံ၍ ၀န်ခံချက်…

အခုရက်ပိုင်းမှာ မြန်မာစာပေလောကရဲ့ နာမယ်ကြီး စာရေးဆရာ-ဆရာမ တွေရဲ့ စာအုပ်အချို့ကို ဖတ်ကြည့်ပါတယ်။ စာတွေကို သူတို့ ဘယ်လိုရေးသလည်းဆိုတာကို လေ့လာချင်လို့ ဖတ်ခြင်းဖြစ်ပါတယ်။ အတိတ်ကာလထဲမှာ မြန်မာစာပေလောကနဲ့ သိပ်ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့သူမို့ လေ့လာချင်တာလည်း ပါပါတယ်။ ရင်ထဲမှာ ရှိတဲ့ အတိုင်းရေးချချင်လို့ သူတို့ရဲ့ အမည်တွေကို မဖော်ပြတော့ပါဘူး။ ဖော်ပြရအောင်လည်း ကိုယ်ဟာ ပမွှား တစ်ဦးဖြစ်တဲ့ အတွက် သာမန်စာဖတ်သူတစ်ဦးအနေနဲ့ပဲ ရင်ထဲက ဖြစ်ပေါ်လာတာကို ရေးသွားမှာ ဖြစ်ပါတယ်။

သက်ဆိုင်တာလေးတစ်ခု..

မြန်မာ့ အယ်ဒီတာများ



21 Comments »

  1. စာရေးဆရာကြိးတွေ အတိုင်းပဲ ဘာမဟုတ်တဲ့ ကောင်မလေး
    လာဖတ်ပြိး အားကျလျှက် ပြန်သွားပါတယ်မမရေ..
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    Comment by angelhlaing — April 8, 2011 @ 12:57 pm

  2. အစ်မရေ စာတွေလာဖတ်သွားပါတယ်။ ဆိုဒ်လေးက သင်္ကြန်အရိပ်အငွေ့တွေကို ခံစားနေရတယ်။ နှစ်သစ်မှာ အစ်မ အဆင်ပြေ ကျန်းမာပျော်ရွင်ပါစေ။
    တောသားလေး

    Comment by တောသားလေး — April 8, 2011 @ 3:24 pm

  3. မလေးရဲ့ Book review လေး လာဖတ်သွားတယ်။ စာရေးဆရာ နာမည်လေးနဲ့ စာအုပ် နာမည်လေးတွေပါ ဖော်ပြရင် ပိုကောင်းမယ်နော်။ အဲ့တော့ ရို့စ် ဖတ်ချင်ရင် ရှာကြည့်လို့ ရတာပေါ့း)

    Comment by rose — April 8, 2011 @ 6:13 pm

  4. ဖတ်ရင်းနဲ့ ဘယ်ဆရာမကြီးဖြစ်နိုင်မလဲလို့.. တွေးရင်းတွေးရင်း..

    ခင်မင်လျက်
    နေ၀ဿန်

    Comment by နေ၀ဿန် — April 8, 2011 @ 7:24 pm

  5. ဆက်ပါဦးဗျို့… စာရေးဆရာမက ဘယ်သူပါလိမ့်… ဟူး…..

    Comment by Craton — April 8, 2011 @ 8:13 pm

  6. ရတနာ ထင်တဲ့စာရေးဆရာမဖြစ်နေမလား မသိဘူးနော်။ စာအုပ်တစ်အုပ်လုံးအချိန်ပေးဖတ်လိုက်ရတဲ့အချိန်ကို နှမြောတဲ့စိတ်ကလွဲပြီး ဘာမှမကျန်ခဲ့ဘူး။

    Comment by ရတနာ — April 8, 2011 @ 9:18 pm

  7. မလေးက စာကို သေချာ ဖတ်တာ ပေါ်လွင်လိုက်တာ
    ချီးကျုးမိတယ်
    ပြီးတော့ မြန်မာစာကို နိုင်နင်းတာကိုလဲတွေ့ရတယ်။
    ဒါကြောင့်လည်း မလေးစာတွေက ချောမွေ့ပြေပြစ်ပြီး ဖတ်လို့ကောင်းနေတာ
    အခု မလေးပြောတဲ့ ဆရာမကြီးရဲ့ လက်ရာကိုလည်း ဖတ်ပြီး သိသလိုလိုဘဲ
    ထင်တဲ့သူ ဟုတ်မဟုတ်တော့ မပြောတတ်ဘူး။

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — April 8, 2011 @ 9:38 pm

  8. မလေးရေ..
    အဲဒိဆရာမကြီးရဲ့ ဝတ္ထုတိုပေါင်းချုပ်ကလေးကိုကြိုက်လွန်းလို့ ဝယ်သိမ်းထားတယ်မ.. သရုပ်ဖော်ရေးတဲ့နေရာမှာသိပ်ကျွမ်းကျင်လိမ္မာပြီး စာဖတ်သူကိုတုပ်တုပ်မှမလှုပ်နိုင်အောင် ကလောက်စွမ်းကထက်ပါတယ်. သူမရဲ့ အိမ်ထောင်ဖက်အကြောင်းရေးထားတဲ့ လုံးချင်းကိုတော့အသည်းစွဲရယ်..
    အင်း..မလေးပြောသလိုတစ်ခါတစ်လေဖတ်ရင်း မချင့်မရဲလေးဖြစ်ကျန်ခဲ့တာကလွဲရင် မလေးလို တိတိကျကျမသုံးသပ်တတ်ပါဘူး…
    ဖတ်လို့ကောင်းလွန်းလို့ ဆက်ရန်ကိုစောင့်ဖတ်နေပါ့မယ်..မ

    ချစ်ခင်လေးစားတဲ့

    Comment by ပန်းချီ — April 8, 2011 @ 10:33 pm

  9. သေချာစွာဖတ်ထားတဲ့ စာတွေကို သုံးသပ်မှု ပြုပြီး ပြန်လည်မျှဝေတာကောင်းပါတယ် ။ ဖတ်ခဲ့ရတဲ့ စာ နဲ့ စာရေးသူကို ရဲရဲသာဖော်ပြလိုက်ပါ ။ ဝေဖန်ရေးသားခွင့်ရှိပါတယ် ။ အမြင် တူ/မတူ လည်း ညှိလို့ ရအောင် ဖော်ပြပေးရင် ကောင်းမယ်ထင်ကြောင်း တိုက်တွန်းခဲ့ပါတယ် ။
    ငြိမ်းစိုးဦး ( 9 ; 4 ; 2011 )

    Comment by ငြိမ်းစိုးဦး — April 9, 2011 @ 3:52 am

  10. မလေးရေ…. အဲဒီစာအုပ်လေးဖတ်ဖူးတယ်၊ သူ့စာအုပ်တော်တော်များများကို ဖတ်ဖူးတယ်၊ အရေးအသားနဲ့ ဇာတ်ကောင်စရိုက်တွေ ကြိုက်တယ်။ မလေးလို မဝေဖန်တတ်ဘူး။ သာမာန်စားသုံးသူတယောက်က အရသာရိုးရိုးပဲခံစားတတ်ပေမဲ့ ဟင်းချက်တတ်တဲ့သူများကျတော့ လျှာပေါ်တင်တာနဲ့ ဘယ်ဟင်းခတ်အမွှေးအကြိုင်ကဲနေတယ်၊ ဘာလေး လိုသွားတယ်၊ ဘယ်လိုကောင်းတယ်ဆိုတာ သေချာ ပြောတတ်သလိုပေါ့နော်။

    စကားမစပ်၊ တမ်းပလိတ်အသစ်က ပိတောက်ပန်းလေးတွေနဲ့ လှနေပါလား၊ ဖတ်နေရင်း ပိတောက်နံ့လေးတောင် ရလာသလိုဘဲ :-)

    ခင်မင်စွာဖြင့်

    Comment by မိုးစက်ပွင့် — April 9, 2011 @ 5:31 am

  11. ကျနော်လည်း သူများတွေ ညွှန်းလို့ ဖတ်ဖြစ်တယ် ။ ဒါမယ့် အရသာလည်းမတွေ့သလိုလို ကိုယ်နဲ့ပဲ အကြိုက်မတူတာလားတော့မသိ မကြိုက်ဘူး မှတ်မိသလောက် တစ်အုပ်ပဲဖတ်ဖူးတယ်ထင်တယ် ။ စာရေးဆရာမ တွေထဲကဆို ဆရာမဂျူး ကိုအကြိုက်ဆုံးပဲ ရှေ့ပိုင်းကောင်းလာပြီမှ စာအုပ်က အဖျားရှူးသွားရင် လွှင့်ပစ်ချင်စိတ်တောင်ပေါက်တယ် ။

    Comment by မောင်မျိုး — April 9, 2011 @ 6:12 am

  12. မလေး … ၀မ်းစာဖြည့်ဖို့ စာများများဖတ်ရမယ်ဆိုတာကို ကောင်းကောင်းလေ့လာသုံးသပ်တတ်အောင် မီးမောင်းထိုးပြသွားတာ အရမ်းကျေးဇူးတင်တယ် …

    Comment by မိဿမင်းသမီး — April 9, 2011 @ 8:03 am

  13. အပေါ်ဆုံးစာကြောင်းမြင်တာနဲ့ မလေးပြောတဲ့ ဆရာမကြီးကို တန်းသိလိုက်တယ် မလေး။ သူ့ဝတ္ထုတိုပေါင်းချုပ်ကို အရမ်းကြိုက်လို့ ၀ယ်သိမ်းပြီး ခဏခဏဖတ်ဖြစ်တယ်။ သူရေးတဲ့ “သွေး” ဖတ်ပြီး မျက်ရည်ကျခဲ့ဖူးတယ်။ “မုန်း၍မဟ”ူ ဖတ်ပြီး ၀မ်းနည်းခဲ့ဖူးတယ်။ …သူ့စာတွေအတော်များများမှာ မြန်မာအမျိုးသမီးစရိုက်တွေကို လူတန်းစားအလွှာအလိုက် ကွက်ကွက်ကွင်းကွင်း ရေးပြထားတာတွေ သိပ်သဘောကျမိတယ်။
    အဆုံးသတ်တစ်ချို့မှာတော့ မလေးပြောသလို ပြတ်တောင်းတောင်းတွေ ဖြစ်ကျန်ခဲ့တယ်။
    သူ့ဝတ္ထုအရှည်တွေ ဖတ်ကြည့်ပါလား မလေး။ “သွေး”တို့၊ “သူလိုလူ”တို့။ မလေးဖတ်ချင်ရင် ဇွန်ပို့ပေးမယ်လေ။
    မလေးခံစားမိသမျှ ဇွန်က စိတ်ဝင်တစားနဲ့ ဖတ်ဖို့ရာ စောင့်မျှော်နေပါတယ်။း)

    Comment by ဇွန်မိုးစက် — April 10, 2011 @ 6:19 am

  14. ဇွန်ကတော့ လုပ်ပြီ.. အဟွန်း။ နာမယ်မပြောရဲပါဘူးဆိုမှ။ မလေး ဆရာမကြီးရဲ့အရေးအသား.. သူ့ဇာတ်အိမ်တွေ.. ဆရာမကြီးရဲ့ အတွေးတွေကို သိပ်ကြိုက်တယ်။ အဆုံးမှာဘဲ ဆန့်ငင်ဆန့်ငင်ဖြစ်တာပါ… ကိုငြိမ်းစိုးဦးတိုက်တွန်းသလို ရေးချင်ပေမယ့်.. မလိုအပ်တဲ့ ငြင်းခုန်မှုတွေဖြစ်ပြီး လိုရင်းမရောက် အချိန်ကုန်မှာစိုးလို့ အမည်တွေ မဖော်တာပါ..
    နောက်…
    နောက်ပြီး…
    အဲဒီ မုန်း၍မဟူထဲက ဇာတ်ကောင်တွေက မလေးရဲ့ ဆွေတော်မျိုးတော်တွေပါဘဲ ဇွန်ရေ…. ကဲ။ ဟိဟိ။
    ရက်စက်တဲ့ အဘိုးကြီးဘက်က တော်တာပါး(>
    မိန်းကလေးဘက်က ဆွေစဉ်မျိုးဆက်တွေက ယူအက်စ်ရောက်ကုန်ပါပြီကွယ်

    Comment by မလေး — April 10, 2011 @ 8:34 am

  15. မလေးက ဇွန် ဟိုပိုစ်တင်ပြီးကတည်းက ပျောက်သွားလို့ အတွေးခေါင်ပြီး စိတ်ပူနေခဲ့လို့…း)) ဇွန့်စာရပြီး မပူတော့ဘူး..

    Comment by မလေး — April 10, 2011 @ 8:37 am

  16. မလေး ပြောတဲ့ ဆရာမကြီးရဲ့ စာတွေကို တို့လည်း သိတ်ကြိုက်ပေါ့…ဇာတ်ကောင်စရိုက်ဖွဲ့တာပီပြင်လွန်းလို့ အားကျခဲ့ရတာ တို့ထင်တာကတော့ ဆရာမကြီးက သူပေးချင်တဲ့အပိုင်းပဲ ဖိုးကပ်စ်လုပ်ပြီး ကျန်တာတွေကို မှုန်ဝါးထားခဲ့တာမျိုးပါ။ စောင့်ဖတ်နေပါတယ် မလေးရေ…

    Comment by ချစ်ကြည်အေး — April 10, 2011 @ 11:21 pm

  17. မလေးရေ။ ပိုစ့် လာဖတ်ရင်း အိမ်တံဆိတ်မြိတ်(စာလုံးပေါင်းမှားမယ်ထင်တယ်)က ပန်းတွေကိုပါ ငေးသွားပါတယ် မမ။ အဲ့ ပန်းဝါဝါတွေကို ချစ်တာ။။။ မမပိုစ့်လေးတွေကိုတော့ မေလေးက ချစ်ပြီးသား။။။

    Comment by maylay — April 11, 2011 @ 4:40 am

  18. မမအိမ့်ရဲ့ သုံးသပ်မှုတွေကို စိတ်ဝင်တစားငေးပြီး ဖတ်သွားပါတယ်။ အဲဒီဆရာမကြီးရဲ့စာတွေကို ညီမလည်း အရမ်းကြိုက်မိပေမယ့် မမအိမ့်လိုမျိုး စနစ်တကျ သရုပ်မခွဲတတ်ခဲ့ဘူး။ စာကောင်းပေမွန်တွေအတွက် အမြဲတမ်းကျေးဇူးတင်နေပါတယ် မရယ်။

    သင်္ကြန်လည်း ကျပြီမို့လို့… နှစ်သစ်တစ်နှစ်လုံးကို ချစ်သောမိသားစုနဲ့အတူ (မမအိမ့်နာမည်လေးအတိုင်း) ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ… လို့ ဆုတောင်ူးပေးပါတယ်။

    Comment by ရွှေပြည်သူ — April 12, 2011 @ 6:08 pm

  19. Please write about “သူလိုလူ”. I’ve been inspired that an absolute honesty is the way a human should live in his/her life from that great biographic novel.

    Comment by pyaykaungaung — April 17, 2011 @ 2:54 pm

  20. Journal ကျော်မမလေးရဲ့(သူလိုလူ)ကိုလည်း ခံစားရေးပြပါအုန်း

    Thank you,
    Best wishes
    zaw win (Portland,OR)

    Comment by zaw win — April 18, 2011 @ 9:27 pm

  21. သူ့စာတွေတော်တော်များများတော့ ဖတ်ဖူးတယ်…ဒါပေမယ့် ဆရာငြိမ်းကျော်ကလွဲပြီး ကျန်တဲ့ဆရာ၊ ဆရာမတွေကို စွဲစွဲလမ်းလမ်း မရှိတာကြောင့် သိပ်တော့သတိမထားမိပါ…အခုနောက်ပိုင်းတော့ စာစုံဖတ်ဖို့ ကြိုးစားနေဖြစ်ပါပြီ…ပျော်စရာကောင်းတဲ့ မြန်မာနှစ်ဦးမှသည် တစ်နှစ်တာလုံး ငြိမ်းချမ်းအေးမြခြင်းတွေနဲ့ ပြည့်စုံပြီး ချမ်းမြေ့ပါစေလို့ နောက်ကျဆုတောင်း ပြုလိုက်ပါရစေဦး အစ်မရေ…

    Comment by ဟန်ကြည် — April 23, 2011 @ 10:43 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------