♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..
♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫
♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
February 5, 2011
အရိပ်တစ်ခုနှင့် မိန်းမနှစ်ယောက်အကြောင်း
Filed under: my notes, စာအုပ်ခံစားချက် (Book Review), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:51 am
ခပ်လှမ်းလှမ်းက မီးတွေမှိတ်နေတဲ့ အိမ်ကြီးရဲ့ ထောင့်ခန်းက မီးပွင့်လာတတ်တယ်..
♫ ♥●••·˙ ˙·••●♥♫
ငယ်ရွယ်စဉ်အခါက အချစ်ဝတ္ထုတွေကို ကိုင်ခွင့်၊ ဖတ်ခွင့် မရှိခဲ့ပေမယ့်၊ ဖတ်ဖူးတဲ့ မဂ္ဂဇင်းလေးတွေထဲက ရသလေးနှစ်ပုဒ်ကို ပြန်လည်လွမ်းဆွတ်ခြင်းပါ။ မဂ္ဂဇင်းအမည်ရယ်… စာရေးဆရာတွေ အမည်ရယ်ကို မမှတ်မိတော့ပေမယ့် ဒီအချိန်ထိ အမှတ်ထင်ထင်ရှိနေတဲ့ အချစ်ဝတ္ထုကလေး နှစ်ပုဒ်ကို ကိုယ့်ဟာကိုယ်လေး သိမ်းထားချင်လို့ရယ်၊ ရသချစ်သူများနဲ့ ဝေမျှချင်လို့ရယ်ပါ။
ပထမ တစ်ပုဒ်ကတော့ “အို.. အရိပ်ကလေး”.. တဲ့။ စာရေးသူက လမင်းမိုမိုလို့ ထင်ပါတယ်။
ကောင်လေးတစ်ယောက်က ညညဆိုရင် သူတို့လမ်းကလေးထဲက အုတ်ခုံကလေးမှာ သူငယ်ချင်းတွေနဲ့ စုစုပြီး ဂစ်တာထိုင်တီးတတ်တယ်။ သူ အဲသလို ဂစ်တာထိုင်တီးတိုင်း… ခပ်လှမ်းလှမ်းက မီးတွေမှိတ်နေတဲ့ အိမ်ကြီးရဲ့ ထောင့်ခန်းကလေးတစ်ခန်းက မီးကလေး ပွင့်လာတတ်တယ်။ ပြီးတော့ ပြတင်းပေါက်ကလေး ပွင့်လာတတ်တယ်။ ပြီးတော့ သွယ်နွဲ့တဲ့ အရိပ်ကလေးတစ်ခုက ပေါ်လာတတ်တယ်။ သူ သီချင်းတီးပြီးတဲ့ အထိ အဲဒီအရိပ်ကလေးက ရှိနေတယ်။ သူ အိမ်ပြန်သွားတဲ့ အခါမှပဲ အဲဒီအခန်းက မီးကလေးဟာ ဖျတ်ကနဲ ပိတ်သွားတော့တယ်။ သူဟာ အဲဒီအရိပ်ကလေးကို မျှော်တတ်လာတယ်။ အရိပ်လေးနေတဲ့ အခန်းက မီးကလေး ဖျတ်ကနဲ မပွင့်မချင်း မနေတတ်မထိုင်တတ် ဖြစ်နေတတ်တယ်။ ကန့်လန့်ကာနောက်က နွဲ့နွဲ့လေးရပ်နေတတ်တဲ့ အရိပ်ကလေးကို မြင်တိုင်းလည်း သူ့ရင်တွေဟာ ထိန်းမရအောင် ခုန်နေခဲ့တယ်။ နေ့လည်တွေမှာဆိုရင်တော့ အဲဒီထောင့်ခန်းဟာ ပြတင်းပေါက်တွေ အမြဲတမ်း ပိတ်နေခဲ့တယ်။
ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ကတဆင့်.. အဲဒီအိမ်ကြီးထဲက ညီအစ်မ(တွေ)နဲ့ ခင်မင်ခွင့်ရခဲ့တယ်။ အဲဒီမှာ ညီမ အငယ်က သူဂစ်တာတီးတာကို နှစ်သက်ကြောင်း၊ ညည သူဂစ်တာတီးတာကို နားထောင်တတ်ကြောင်းတွေကို သူငယ်ချင်းတွေက ပြောပြတတ်တယ်။ ဒီလိုနဲ့ ကြာလာတော့ သူငယ်ချင်းအုပ်စုတွေ အဲဒီအိမ်မှာ လက်ဘက်သုပ် သွားစားရင်း၊ ခင်မင်ရင်းစွဲကနေ ညီမအငယ်လေးနဲ့ သူ ချစ်သူတွေ ဖြစ်သွားကြတယ်။
ချစ်သူတွေဖြစ်သွားပေမယ့်.. ထူးဆန်းတာက သူဟာ သူ့ချစ်သူနဲ့ တွဲသွားတွဲလာ လုပ်နေစဉ်မှာ ရင်မခုန်ပဲ၊ ညည သူ့ချစ်သူ ပြတင်းပေါက်မှာ နွဲ့နွဲ့လေးရပ်နေတာကို မြင်ရမှ ရင်တွေက ထိန်းမရအောင် ခုန်တတ်တာပဲ။
နောက်တစ်နေ့ နေ့လည်တွေမှာလည်း ညက သူဆိုတဲ့ သီချင်းအကြောင်းကို နှစ်ယောက်ပြန်ပြောတဲ့ အခါမှာလည်း သူ့အနေနဲ့ ဘာမှစိတ်လှုပ်ရှားမှု သိပ်မရှိဘူး။
တစ်နေ့တော့ သူငယ်ချင်းအုပ်စု သူ့ချစ်သူအိမ်မှာ ရေခဲသုပ်လုပ်စားဖို့ ခြံထဲအ၀င်၊ ခြံထောင့်က ဒန်းကလေးပေါ်မှာ ကောင်မလေးတစ်ယောက်ထိုင်နေတာကို သူလှမ်းတွေ့လိုက်တယ်။ ကောင်မလေးက ပိန်ပိန်သွယ်သွယ်လေး၊ ပိန်တာကလည်း သာမန်လူတွေထက်ကို တော်တော်ကလေး ပိန်နေတယ်။ ကောင်မလေးက သူတို့ကို ခပ်ငေးငေးလေး လှမ်းကြည့်နေတယ်။ သူတို့လည်း အိမ်ထဲကို ဝင်လာခဲ့ပြီး ရေခဲသုပ် အပျော်လုပ်စားကြတယ်။ အဲဒီမှာ ကောင်လေးက သူ့ချစ်သူကို ဒန်းပေါ်ကကောင်မလေးက ဘယ်သူလည်းလို့ မေးတော့၊ သူ့ချစ်သူက အဲဒါ သူတို့ရဲ့အငယ်ဆုံး ညီမလေးလို့ဖြေတယ်၊ သိပ်နေမကောင်းဘူးလို့လည်း ဆိုတယ်။
ကောင်လေးက ဒီကိစ္စကို မေ့ပျောက်ထားလိုက်တယ်။ ဒါပေမယ့် ကောင်လေးဟာ သူ့ချစ်သူ ကောင်မလေးနဲ့ နေ့လည်နေ့ခင်းတွေ အတူသွားတူလာချိန်မှာ ဘာမှရင်ခုန်ခြင်းမရှိသလောက်၊ ညည သီချင်းဆိုရင်တော့ ပြတင်းပေါက်က ပေါ်လာတဲ့ သူ့ချစ်သူရဲ့ အရိပ်ကမှ သူ့ကိုရင်ခုန်မှုတွေပေးနေတာကို ကိုယ့်ကိုကိုယ် သိပ်နားမလည်ဘူးဖြစ်နေခဲ့တယ်။
ဇတ်လမ်းကို စာရေးဆရာက ဘယ်လိုဆွဲယူသွားသလည်းတော့ မမှတ်မိတော့ပေမယ့်၊ မှတ်မိသလောက်ပြောရမယ်ဆိုရင်တော့ ကောင်မလေးအိမ်မှာ လူတစ်ယောက်သေဆုံးသွားတော့ နာရေးကိစ္စ ကောင်လေးနဲ့ သူငယ်ချင်းတွေ သွားကူညီတယ်။ အဲဒီမှာ ကောင်လေးနဲ့ကောင်မလေးရဲ့ စကားပြောခန်းတွေပေါ့။
ဒီဘက်ထောင့်ခန်းကို သေသေချာချာ ဆေးတွေနဲ့ဆေးချဖို့၊ ကန့်လန့်ကာတွေကိုလည်း ရေနွေးနဲ့ပြုတ်ပစ်ဖို့ ပြောဆိုနေသံတွေကြားက ကောင်မလေးနဲ့ကောင်လေးရဲ့ စကားပြောခန်းတွေ။
ကောင်လေး သိလိုက်ရတာ ညည သူသီချင်းဆိုရင် ပြတင်းပေါက်ကလေးပွင့်လာပြီး သူဆိုနေတဲ့ သီချင်းတွေကို နားထောင်တတ်တဲ့၊ သူ့ကိုရင်ခုန်ခြင်းတွေပေးတဲ့ သွယ်နွဲ့တဲ့ အရိပ်ကလေးဟာ  သေဆုံးသွားပြီဖြစ်တဲ့၊ ရောဂါကူးမှာစိုးလို့ အခန်းထဲက အခန်းပြင်ထွက်ခွင့်မရတဲ့ အငယ်ဆုံးညီမ အဆုတ်ရောဂါသယ်လေးဆိုတာပါပဲကွယ်….။
♫ ♥●••·˙ ˙·••●♥♫
နောက်တစ်ပုဒ်ကတော့…
ဝတ္ထုနာမယ်လည်း မသိဘူး၊ စာရေးဆရာအမည်လည်း မမှတ်မိပါဘူး… ဒါပေမယ့် ဒီဇာတ်လမ်းဟာ သံလျှင်တိုးအေးသဘောင်္ (တိုးအေးလို့ ထင်တာပဲ.. ဒါလည်း မမှတ်မိပြန်ဘူး - မှားရင်ပြောကြပါရှင်) မြုပ်တုန်းက လွမ်းစရာအဖြစ်ကလေးတွေထဲက တစ်ခုကို စာရေးဆရာက ခံစားရေးဖွဲ့ထားတယ်လို့ ထင်တာပါပဲ။ အဲဒီအဖြစ်ရယ်… နောက်… … မြုပ်ကွက်တစ်ခုရယ်ကို တင်ပြထားတယ်လို့ ထင်ပါတယ်။ အခုအရွယ်မှာ ပြန်စဉ်းစားတော့ စာရေးဆရာဟာ အဖြစ်အပျက်နှစ်ခုရဲ့ အချိန်တွေကို ဘယ်လိုညှိပစ်သလည်း မသိလိုက်ဘူး။ ဒါမှမဟုတ် ကိုယ်ပဲ အဲဒီမြုပ်ကွက်ကို နားလည်မှု မှားနေတာလားလို့လည်း တွေးမိတာပါ။
မလေးတို့ ငယ်ငယ်တုန်းက သံလျှင်-ရန်ကုန် ဆွဲတဲ့ တိုးအေး(တိုးအေးလို့ပဲထင်နေတယ်) သဘောင်္ကြီး မြုပ်သွားဖူးတယ်။ လူတွေ အများကြီး သေကြေပျက်စီးခဲ့ရရှာတယ်။ အဲဒီတုန်းက သံလျှင်မြို့ရဲ့ လမ်းတိုင်းမှာ အနည်းဆုံး အသုဘတစ်ခု ရှိတယ်လို့ ဆိုကြတယ်။ လမ်းတိုင်းလမ်းတိုင်းမှာ ငိုကြွေးသံတွေ ဖုံးလွှမ်းခဲ့တယ်။ ဒီသတင်းကို ကြားတဲ့ အခြားမြို့တွေက လူတိုင်းဟာလည်း ကိုယ့်ရွှေမျိုး၊ အသိမိတ်ဆွေတွေ ပါမသွားသည့်တိုင်၊ ရန်ကုန်နဲ့ အနီးအနားမြို့ကလူတွေအားလုံး လိုက်ငိုခဲ့ကြတဲ့ အဖြစ်ဆိုးပါ။
ဇာတ်လမ်းလေးထဲမှာ ရန်ကုန်တက္ကသိုလ်က ကောင်မလေးနှစ်ယောက်။ မေဂျာမတူဘူး။ သူငယ်ချင်းတွေလည်း မဟုတ်ကြဘူး။ ဒါပေမယ့် အဆောင်တစ်ဆောင်တည်းမှာ အတူတူနေကြတယ်။ အဆောင်က အယ်လ်ပုံစံ ထောင့်ချိုးမို့ သူတို့နေတဲ့ အခန်းတွေက မျက်စောင်းထိုး တစ်ယောက်နဲ့တစ်ယောက် မြင်ရတဲ့ အခန်းမျိုး။
ဒီလိုနဲ့ တတိယနှစ်လောက်မှာ နှစ်ယောက်လုံး ချစ်သူကိုယ်စီရသွားကြတယ်။ တက္ကသိုလ်ဝင်းထဲက လမ်းမတွေပေါ်မှာ မျက်နှာချင်းဆိုင် စုံတွဲကိုယ်စီနဲ့ လျှောက်လာရင်ဖြစ်ဖြစ်၊ ကင်တင်းတွေမှာ ဟိုဘက်စားပွဲ သည်ဘက်စားပွဲ စားမိရင်ဖြစ်ဖြစ် အရည်လဲ့တဲ့၊ ပျော်ရွှင်ခြင်းတွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကျ။
တစ်နေ့မှာတော့ တက္ကသိုလ်မှာ အထိကရုန်းတွေဖြစ်ပြီး (အဲ့သလို တိုက်ရိုက်ကြီးတော့ ရေးမထားဘူးထင်တယ် - မလေးနှလုံးသားက အဲသလိုနားလည်လိုက်သလိုရှိတာပါ) ကျောင်းကြီးပိတ်သွားခဲ့တယ်။ အချိန်တန်လို့ ကျောင်းကြီးပြန်ဖွင့်ပေမယ့် ပထမကောင်မလေးရဲ့ ချစ်သူက ကျောင်းကို ပြန်မလာတော့ပါဘူး။ ဒုတိယကောင်မလေးဟာ သူ့ချစ်သူနဲ့ တွဲပြီး ကံ့ကော်တန်းတွေ၊ ရေတမာပင်လမ်းတွေပေါ်မှာ လျှောက်တဲ့အခါတွေမှာ၊ တစ်ယောက်ထဲ အထီးကျန်နေတဲ့ ပထမ ကောင်မလေးကို မြင်ရတတ်တယ်။ အဲသလိုဆုံကြတိုင်းလည်း သူတို့တွေက မျက်လုံးချင်း ဆက်လက်ပြီးဆုံနေကြဆဲပဲ။ ဒါပေမယ့် ပထမကောင်မလေးရဲ့ မျက်ဝန်းတွေကတော့ အရင်ဆုံနေကြတုန်းကလို မဟုတ်တော့ဘဲ ရီဝေမှိုင်းညို့နေတတ်ပြီ။ ညညဆိုရင်လည်း ၀ရံတာမှာ တစ်ယောက်တည်း ငေးငေးလေး ထိုင်နေတတ်တဲ့ ပထမကောင်မလေးကို ဒုတိယကောင်မလေးက တွေ့ရတတ်တယ်။
ဒီလိုနဲ့….
ဒီလိုနဲ့…
သံလျှင်ကနေ ကျောင်းလာတက်တဲ့ ဒုတိယအဆောင်ကျောင်းသူလေးရဲ့ ချစ်သူဟာလည်း တိုးအေးကြီးမြုပ်တဲ့အထဲမှာ ပါသွားခဲ့ပြန်တယ်။ အဲဒီမှာ ကောင်မလေးနှစ်ယောက်ဟာ အထီးကျန်စွာနဲ့ ကံ့ကော်တန်းတွေအောက်မှာ… တစ်ယောက်တည်းသွားနေကြတာ.. မျက်နှာချင်းဆိုင်ဆုံကြတဲ့ အခါတွေမှာ အရင်လိုအကြည့်ဆုံချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ရီဝေစွာကြည့်မိကြတာ…။
ဇာတ်လမ်းနောက်ဆုံးအခန်းကတော့ သာယာလှတဲ့ ညကလေးမှာ ဝရံတာမှာ ကိုယ်စီထွက်ထိုင်နေတဲ့ ကောင်မလေး နှစ်ယောက်…။ လမ်းမီးရောင်ကြောင့် သစ်ရိပ်တွေက လှုပ်နေတယ်၊ လေပြေတွေ လွန့်လူးနေတယ်.. ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်လွန်းနေတယ်။ ကောင်မလေး နှစ်ယောက်က ဝရံတာသံတိုင်တွေကြားကနေ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေခဲ့ကြတယ်။
ဝတ္ထုအမည်များနဲ့ စာရေးဆရာအမည်များ သိသူရှိပါက ကော့မန့်လေးထားခဲ့ပေးပါရှင်။
PrintPrint Friendly
15 Comments »
  1. နှစ်ပုဒ်လုံးကို မဖတ်ဖူးသေးတော့ အသစ်လိုပဲ ခံစားသွားပါတယ် …မလေးရေ။
    Comment by မိုးစက်ပွင့် — February 5, 2011 @ 6:33 am
  2. အရိပ်ကလေးဝတ္ထုကို ဖတ်ဖူးသလိုပဲ
    ဒုတိယတစ်ပုဒ်ကို မမှတ်မိဘူး
    အသက်လေးထောက်လာတော့ မှတ်ဥာဏ်တွေလည်း ၀ါးလာပြီ မလေးရဲ့ :)
    Comment by ပန်ဒိုရာ — February 5, 2011 @ 7:18 am
  3. လမင်းမိုမို ရဲ့ ၀တ်ထုပဲဖတ်ချင်တယ် အဲ့တာက ပိုဆွဲဆောင်နေသလားလို့ ။
    Comment by မောင်မျိုး — February 5, 2011 @ 7:40 am
  4. ၂ပုဒ်လုံးက စိတ်မကောင်းစရာ
    အဲလို ၀တ္ထုတွေ ဖတ်ရတာ တော်တော်နဲ့ မေ့ဖို့ခက်တယ်နော်
    နှလုံးအိမ်မှာ ငြိတွယ်အားကောင်းတာကိုး
    တကယ်သာ ဖတ်မိရင် မျက်ရည်ကျမိမလား မသိဘူး
    Comment by ချော(အစိမ်းရောင်လွင်ပြင်) — February 5, 2011 @ 9:00 am
  5. မဖတ်ဖူးဘူး မလေးရဲ့
    မလေးပြောမှ ကြားဖူးတယ် …
    မူရင်းမဟုတ်ပေမဲ့ ပြန်ပြောပြတာလဲ ဖတ်လို့အကောင်းသား … ။
    Comment by မေဓာဝီ — February 5, 2011 @ 4:42 pm
  6. ဆရာမ လမင်းမိုမို ( ကျနော်နဲ့တော့ facebook မှာမိတ်ဆွေပဲ။ user name: Ma Hla Myat Mo ) ကို တိုက်ရိုက် မေးကြည့်လိုက်ရင် အတိအကျ သိရမယ်ထင်တယ်။ ဆရာမ ဝတ္ထုတွေ ထဲက ဇာတ်ဆောင်တွေက အေးအေးချမ်းချမ်း လူငယ်စရိုက်မျိုး ရှိကြလို့ ကျနော်လည်း သူ့ဝတ္ထုတွေကို ကြိုက်ပါတယ်။
    Comment by ပြည်ကောင်းအောင် — February 6, 2011 @ 12:43 am
  7. တိုးအေးနစ်တာက အရင်လားဖြစ်တာလားလို့ မအိမ်ချမ်းမြေ့။
    အရေးအခင်းကနောက်မှ ထင်တာပဲ
    Comment by HN — February 6, 2011 @ 2:39 am
  8. မလေး ပြောပြတဲ့ ၀တ္ထုလေးတွေ မဖတ်ဖူးဘူး မလေးရေ…။ ဇာတ်လမ်းလေးတွေက စိတ်ဝင်စားစရာပဲ။ ဖတ်ချင်လိုက်တာ။
    Comment by rose — February 6, 2011 @ 6:20 am
  9. သရက်ပင်အောက်ကကွပ်ပြစ်လေးပေါ်မှာဒေါ်အိမ့်ပြောခဲ့တာ ၃ မျိုးလေ။
    ကျန်သေးတယ်နောက်အရိပ်တခု။ သိချင်ရင် ဖုန်းဆက်။ ကုန်ကြမ်းစုထားတယ်။
    Comment by Htate Htar — February 6, 2011 @ 10:55 am
  10. ‘အရိပ်ကလေး’ တော့ ဖတ်ဖူးတယ် မလေး..၊ နောက်တစ်ပုဒ်တော့ မကြားဖူးဘူး၊
    တိုးအေး နစ်တုန်းက အကြောင်းတွေကတော့ တကယ့်ကို ဝမ်းနည်းစရာပါပဲ၊
    Comment by ညီလင်းသစ် — February 6, 2011 @ 4:32 pm
  11. this is not toe aye, that is time lone kyaw
    Comment by minn la yong — February 7, 2011 @ 7:09 am
  12. ပထမတစ်ပုဒ်ကို ဖတ်ဖူးသလိုလိုရှိပေမယ့် ဒုတိယတစ်ပုဒ်ကို မဖတ်ဖူးတာ သေချာတယ်။ အဆုံးသတ်က ကြေကွဲစရာနော် မလေး။
    သြော်… မလေးရေ စင်္ကာပူမှာ တတိယအကြိမ်မြောက် စာပေဟောပြောကို ဧပြီလ၃၀ရက်မှာ ကျင်းပဦးမယ်တဲ့။ မလေးအားကျအောင် လာပြောတာ။ ;)
    Comment by ဇွန်မိုးစက် — February 9, 2011 @ 9:02 am
  13. ကျွန်တော်က ဆရာငြိမ်းကျော်ရဲ့စာတွေ၊ ဆရာနေ၀င်းမြင့်၊ ဆရာတက္ကသိုလ်ဘုန်းနိုင်တို့ရဲ့ စာတွေနဲ့ လူလားမြောက်ခဲ့တာမို့ အစ်မပြောတဲ့ ၀ထ္ထုနှစ်အုပ်လုံး မဖတ်ဖူးဘူး အစ်မရေ…ဇာတ်အိမ်တည်ထားထာလေးတွေကတော့ လှလှပပလေးတွေချည်းပါပဲ…ဇာတ်လမ်းကို ဘယ်လိုဖော်ယူသွားမယ်ဆိုတာတော့ မဖတ်ခဲ့ဖူးလို့ မတွေးတတ်ပါဘူး…ဒါပေမယ့် ဇာတ်အိမ်ခိုင်ရင်လည်း အရေးအသားပိုင်းက ပို့စရာ သိပ်မလိုတော့ဘူးပေါ့ဗျာ…
    Comment by ဟန်ကြည် — February 9, 2011 @ 10:26 am
  14. တိုးအေး သင်္ဘောနစ်တာက ၁၉၈၅ မှာနစ်ပါတယ်လတော့ သေချာမမှတ်မိပါ ဇွန်နဲ့ ဂျူလိုင်တလလပါ သေချာတာကတော့ တိုးအေးသင်္ဘောနစ်နေတုန်း ကျမက သံလျှက်စွန်းကသူငယ်ချင်းအိမ်ရောက်နေရင်းနဲ့ ကမ်းအစပ်မှာ သွားကြည့်ခဲ့ရလို့မှတ်မိတာပါ။ အဲဒီသင်္ဘောနစ်ပြီး နှစ်နှစ်လောက်အကြာမှ ရန်ကုန်တက္ကသိုလ်ထဲမှာ စာမေးပွဲတွေဖြေရင်း နောက်ဆုံး တဘာသာအကျန်မှာ ငွေစက္ကူ ၂၅နဲ့၇၅ ကျပ် တန်တွေသိမ်းလို့ ခဏကျောင်းတော့ ပိတ်လိုက်ပါတယ်၊ ပထမ ဝတ္ထုတော့ဖတ်ဖူးပါတယ် ဒုတိယတခုတော့ အခုမှဖတ်ဖူးတာပါ၊ ကျန်တာလေးကတော့ ဘယ်လိုမှမထင်စေချင်ပါ ကျမသိသလောက် ပြန်လည်ဝေငှလိုက်တာပါ။
    အခုလို ဝတ္ထုကောင်းလေးတွေ ပြန်မျှတဲ့ အတွက်ကျေးဇူးတင်ပါတယ်။
    Comment by Lwin — February 11, 2011 @ 3:57 pm
  15. အစအဆုံးဖတ်ရရင်သိတ်ကောင်းမှာဘဲနော် ခ
    Comment by တောသားလေး — February 25, 2011 @ 8:56 pm
RSS feed for comments on this post. TrackBack URL
Leave a comment
Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.
ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။
♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။
♥♥ ...... ♥♥
တစ်ချိန်တုန်းက အမှတ်တယလေးတွေ....
myfeet4.gif
♥♥ ...... ♥♥
myfeet5.gif
---------------