♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

February 2, 2011

ဗင်ကူးဗားမှ မြန်မာများအကြောင်း (၂)

Filed under: ပြုံးစရာ — အိမ့်ချမ်းမြေ့ @ 2:12 am

စောင်

headertruck.png

တစ်နေ့တွင်.. စာရေးသူတို့မြို့တွင် လူတစ်ဦးက စားပွဲတစ်လုံးကို ၀ယ်လေသည်။ ထိုစားပွဲကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အိမ်သို့သယ်ရန် နောက်ထပ်လူနှစ်ဦးက U_Haul ထရပ်ကား တစ်စင်းကို ဌားလေသည်။ ထိုထရပ်ကားထဲတွင် ပစ္စည်းပစ္စယ သယ်ပိုးရန် လှည်းကလေးများ၊ လှေကားတိုလေးများအပြင် မကွဲမရှရန် ထုတ်ပိုးနိုင်သော စောင်ကြမ်းများပါ ပါလေသည်။ ထိုနေ့က စားပွဲအပြင်၊ အခြားသယ်ယူပို့ဆောင်စရာ ကိစ္စများကိုပါ မြန်မာအချင်းချင်း ကူညီသည့်အနေဖြင့် ရပ်ကွက်ထဲလှည့်လာကာ ထိုသူနှစ်ဦးက သယ်ယူပို့ဆောင်ပေးလေသည်။ တစ်နေကုန် သယ်ယူပို့ဆောင်မှု ပြုလုပ်ပြီးသောအခါ ထရပ်ကား ပြန်အပ်ရန် အချိန်တန်သဖြင့် လှေကားတိုလေးများ၊ လှည်းများ စသည်တို့ကို ထရပ်ကားထဲ ပြန်စီထည့်ကြသည်။ စောင်ကြမ်းများကိုလည်း သေသေသပ်သပ်ခေါက်နေရင်း.. တဖွဖွဖြင့် အကျေနပ်ကြီး ကျေနပ်နေကြလေသည်။

“ဒီလောက်စောင်တွေ… ခြောက်ထည်လုံးမှာ ငါးဒေါ်လာပဲ ပေးရတယ်..”
“တန်… လိုက်..တာ .. ကွာ”
“ပစ္စည်းထုတ်တဲ့ စောင်ဆိုပေမယ့်လည်း ချော နေတာပဲ၊ ကြည့်စမ်းပါဦးဗျာ..”
“အေးဗျာ… နောက် အိမ်မှာ စောင်လိုရင်၊ mall ထဲ သွားစရာမလိုဘူး။ U_Haul ကုမဏီမှာပဲ ငါးဒေါ်လာနဲ့ သွားဝယ်ကြတော့ မပေါ့”
“မှန်လိုက်လေ…”

ထိုသို့ ကျေနပ်စွာပြောဆိုပြီးကြပြီး သကာလ၊ စောင်များကို ကားဂိုဒေါင်ထဲတွင် သေသေချာချာ ခေါက်သိမ်းခဲ့ပြီး ထရပ်ကားကြီးကို ပြန်အပ်ရန် မောင်းနှင်ထွက်ခွာသွားလေတော့သတည့်။

သို့သော်…

မိနစ်နှစ်ဆယ်ခန့်ကြာသော်.. ထရပ်ကားကြီးက ပြန်ရောက်လာသည်။ အဘယ်ကြောင့်ဆိုသော်.. သူတို့ချန်ရစ်ခဲ့သော စောင်များပြန်ပါမလာ၍ ထရပ်ကားကုမဏီက စောင်ဖိုးအလျှော်တောင်းသောကြောင့် စောင်များကို ပြန်လာယူခြင်း ဖြစ်သည်ဟူ၏။ ထိုစောင်ခြောက်ထည်လုံးမှ ငါးဒေါ်လာသည် စပေါ်ဖိုးသာလျှင် ဖြစ်သည် ဟူ၏။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

ကနေဒီယန် ကန်စွန်း

watercrest2.JPG

တစ်နေ့တွင်.. စာရေးသူထံသို့ ဖုန်းလာလေသည်။ ဖုန်းလာသည်မှာ အဆန်းမဟုတ်သော်လည်း ဒီတစ်ခါလာသည့် ဖုန်းသည် အလွန်ဆန်းကျယ်လေသည်။ ဖုန်းဆက်လာသူသည် သူ့အိမ်နားက ရေမြောင်းထဲတွင် ကနေဒီယန်ကန်စွန်းများ (watercrest) တောထအောင် ပေါက်နေသော သတင်းကိုပေးရန် ဆက်လာသော ဖုန်းဖြစ်သဖြင့် ဤဖုန်းသည် အဆန်းတကျယ်ဖုန်း ဖြစ်သည်။ စာရေးသူတို့မြို့တွင် တရုတ်ကန်ဇွန်းရွက်တစ်စည်းသည် ကြက်တစ်ကောင် နီးပါး တန်ဘိုးရှိသဖြင့်၊ ရေမြောင်းထဲတွင် ကန်စွန်းပင်များ တောထအောင် ပေါက်နေသည့် သတင်းသည် နှစ်လုံးထီအတိတ်စိမ်းရသကဲသို့ (ဒါမှမဟုတ်) ပိုင်ရှင်မဲ့ကြက်ခြံတစ်ခြံကို ရှာဖွေ တွေ့ရှိသကဲ့သို့အလား ဖြစ်လေ၏။ ကနေဒီယန်ကန်စွန်းကို မြန်မာကန်ဇွန်းလို ချွတ်စွပ်ပုံတူ ချက်ပြုတ်လို့ မရသော်လည်း မြန်မာကန်စွန်းကဲ့သို့ ကြော်ချက်တစ်မျိုး၊ အသုတ်တစ်ဖုံ ချက်ပြုတ်၍ ရလေသဖြင့် စာရေးသူလည်း ၀မ်းသာလုံးဆို့ကာ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

“ဟယ်.. သေချာရဲ့လား..”
“အို..သေချာပါတယ်.. ညနေစောင်း လူရှင်းတုန်းကတောင် ဆင်းကြည့်ပြီးပြီ”
“လာခူးချင်လိုက်တာ…”
“လာခူး၊ လာခူး၊ ခူးစေချင်လို့ကို တကူးတက ဖုန်းဆက်တာ၊ ဓာတ်ပုံတောင် အခုပဲ မေးလ်ပို့လိုက်သေးတယ်၊ အီးမေး စစ်ကြည့်လိုက်”
“မြောင်းထဲ ဆင်းရမှာလား”
“အို.. မြောင်းက တိမ်တိမ်ကလေးရယ်၊ ဘောင်းဘီတို ၀တ်ခဲ့”
“ဖြစ်ပါ့မလားဟင်၊ နေပါစေတော့ အပြင်မှာလည်း ဈေးသိပ်မပေးရပါဘူး”
“ဘာလို့ မဖြစ်ရမှာလည်း၊ လာခူးလှည့်စမ်းပါ၊ ဒီမယ်..နော်.. အခုကို လာခူးတဲ့ကားတွေ တန်းစီနေတာပဲ..၊ ကားတွေလည်း ဘာအမျိုးအစားလည်း မေးလိုက်ဦး၊ သူဌေးတွေချည်းပဲ.. သိရဲ့လား၊ အဖြူတွေ၊ တရုတ်တွေ ကားအကောင်းစားတွေနဲ့လာတာ၊ ကိုယ့်ကိုသိသူတွေ တစ်ယောက်မှ မရှိဘူး၊ စိတ်ချ”

သူဌေးတွေတောင် ရေမြောင်းထဲဆင်းပြီး ကန်စွန်းခူးတယ်ဆိုမှ အိမ့်ချမ်းမြေ့လည်း ခူးလိုက်စမ်းမည်ဟု အားတက်သွားကာ၊ နောက်တစ်ရက် နေ၀င်ရီတစ်ရော လူခြေတိတ်လောက်ချိန်မှာ အိမ်သူအိမ်သားတွေ စားရန်အလို့ဌာ၊ ကန်စွန်းခူး ထွက်ခဲ့ပါတော့သည်။ ဒီအချိန်သွားလျှင် မည်သူမျှ ရှိလိမ့်မည် မဟုတ်၊ ကိုယ်တစ်ယောက်တည်း ကန်းစွန်းများကို ကြိုက်သလောက်ခူးလိုက်မည်ကွဲ့ဟု တွေးထင်ကာ သီချင်းကလေး တအေးအေးဖြင့် ကားကိုထိုးရပ်လိုက်သည်တွင်..

ရေမြောင်းနား တ၀ိုက်တွင်.. သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပနေသည့်ပမာ…  ကန်စွန်းခူးနေကြကုန်သော.. ဗင်ကူးဗားမှ မြန်မာများအား ချိမ့်ချိမ့်သဲ တွေ့လိုက်ရပါတော့သတည်း။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

ကင်းမလက်မဲ

တစ်နေ့သ၌ စာရေးသူတို့ နေထိုင်သော မြို့တွင် မြန်မာလူငယ်နှစ်ဦးရှိလေသည်။ သူတို့သည် မြန်မာပြည်မှ ရောက်လာသည်ကလည်း မကြာကြသေးသည့်အပြင်၊ လုပ်ငန်းခွင့်တစ်ခုတည်းတွင် အတူတူလုပ်ကြသူများ၊ ခင်မင်ရင်းနှီးသူများ ဖြစ်လေသည်။ ထိုနှစ်ဦးထဲမှ တစ်ဦးက ကာတွန်းဆွဲ ပညာကို သင်ကြားစရာ မလိုဘဲ၊ မွေးရာပါ ကျွမ်းကျင်တတ်မြောက် လေ၏။ ကလေးပုံ၊ လူကြီးပုံ၊ မြွေ၊ ကင်းလိပ်ချော၊ ပန်းသီး၊ ခရမ်းချဉ်သီး စသည်များကို တစ်ကြောင်းဆွဲမျဉ်းနှင့်ပင် ကျွမ်းကျင်စွာ ဆွဲတတ်သူ ဖြစ်လေသည်။ ထိုသူတို့၏ လုပ်ငန်းခွင်တွင် ပိုစတာရိုက်ရာတွင်သုံးအပြီး ပိုလျှံသော အနက်ရောင်ကပ်ခွာအပျော့များ အလျှံပယ် ရှိလေသည်။ ထိုကပ်ခွာပြားများသည် တောင်ပုံရာပုံ ဖြစ်နေသည်အတွက် ကာတွန်းဆွဲတော်သူ လူငယ်အတွက် လည့်တည့်စမ်းစရာဖြစ်နေလေသည်။ သူသည် ထိုကပ်ခွာပျော့များဖြင့် ပုံစံအမျိုးမျိုးအလှဆွဲကာ ကားအဖုံးများ၊ အမိုးများပေါ်တွင် အလှပုံများ၊ အကြောင်အကြားများကို ဒီဇိုင်းမျိုးစုံ ကပ်ပါလေတော့သည်။ ထို့ကြောင့် သူတို့လုပ်ငန်းခွင်မှာ ရှိသော လူငယ်အချို့၏ ကားများသည် တော်ရုံသင့်ရုံကားများ အဆင့်မှ နေ့ချင်းညချင်း sports car ဒီဇိုင်းများဖြင့် လန်ထွက် နေပေတော့သည်။ သူ အလွန်ခင်မင်သော သူ့သူငယ်ချင်းကားသည်လည်း ကားရှေ့ဖုံးပေါ်တွင် ကင်းမလက်မဲပုံကြီး အကြီးကြီးဖြင့် အလွန် ပနံရနေလေသည်။ သူ၏ သူငယ်ချင်းဖြစ်သူသည်လည်း ကားရှေ့အဖုံးတစ်ခုလုံး ဖုံးလုနီးပါး scorpion sticker မဲမဲကြီးဖြင့် ကားတ၀ီဝီတစ်မြို့လုံးပတ်မောင်းကာ အကျေနပ်ကြီး ကျေနပ်နေလေသည်။ စာရေးသူပင်လျှင် ထိုကားကို မြင်တိုင်း “ခမ်းနားလိုက်လေခြင်း” ဟု မှတ်ချက်ပေးမိသည်က အခါခါ။ ထိုအခါ ကားပိုင်ရှင် လူငယ်ကော၊ ကာတွန်းပန်းချီတော်သူ လူငယ်ကပါ ကျေနပ်လွန်းစွာဖြင့် ကိုယ်များကို လှုပ်ကာ တဟဲဟဲ ရယ်မောနေကြလေသည်။

တစ်နေ့တွင်မတော့ ထိုကားပေါ်က ကင်းမလက်မဲ sticker ကြီးကို မတွေ့ရတော့။ စာရေးသူလည်း အကျိုးအကြောင်း မေးမိသောအခါ၊ ကားပိုင်ရှင်လူငယ်က scorpion sticker ကြီး မည်သို့မည်ပုံ ပြုတ်သွားကြောင်းကို ၀မ်းနည်းစွာ ပြောပြလေတော့သည်။

ညနေခင်းတစ်ခု သူငယ်ချင်းနှစ်ဦး ထမင်းစားနေချိန်တွင် ကောင်းကင်ပေါ် ရဟတ်ယာဉ်သံများကို ကြားနေရသည်။ ညနေခင်း ရုံးဆင်းချိန်များမှာ ကောင်းကင်မှာ traffic helicopter များ သွားတတ်သည်မှာ အဆန်းမဟုတ်သော်လည်း၊ ဒီ ရဟတ်ယာဉ်က ဒီအနားကနေ မခွာဖြစ်နေသည်ဟူ၏။ သူတို့ထွက်ကြည့်တော့ ရဟတ်ယာဉ်က သူတို့အိမ်အပေါ်နား ကောင်းကင်ယံမှာ တ၀ဲလည်လည် ဖြစ်နေသည်ကို ထူးဆန်းစွာတွေ့နေရသည်။ ခေတ္တမျှနေသော်.. သူတို့လမ်းထဲသို့ ရဲကား နှစ်စင်းဝင်လာကာ၊ ရဲနှစ်ဦးက သူတို့ခြံထဲကို ၀င်လာသည်။ ခြံထဲမှာ အသင့်ရှိနေသော လူငယ်နှစ်ဦးကို ကင်းမလက်မဲကြီး ကပ်ထားသော ကားက မည်သူ့ကားလည်း၊ လူငယ်နှစ်ဦး၏ အမည်၊ အလုပ်အကိုင် စသည်တို့ကို မေးမြန်းပြီးသကာလ….. အနှီမြို့မှာ ဂိုဏ်းတွေရှိကြောင်း၊ ထိုဂိုဏ်းများတွင် အနီရောင်ကင်းမဂိုဏ်း (red scorpion) သည် နာမည်ကြီးကြောင်း၊ နာမယ်ကြီးသည့်အပြင် လောလောလတ်လတ် လူခြောက်ဦးသတ်သည့် ကိစ္စဖြင့် ယခုတလော ခြေရှုပ်နေကြောင်း၊ သည်လိုခြေရှုပ်နေချိန်မှာ scorpion sticker အနက်ကြီးကပ်ထားသော ကားဖြင့် တ၀ီဝီ လုပ်မနေသင့်ကြောင်း ဆိုဆုံးမ ပြောသွားခြင်းကြောင်၊့ သူ၏ ကားရှေ့ဖုံးပေါ်မှ scorpion sticker ကြီး ကို ထိုညကပင် စိတ်နာနာဖြင့် ဆွဲဆုတ်ပစ်လိုက်ကြောင်းကို ပြောပြလေတော့သည်။

အားလုံးပဲ..ပျော်ပါစေရှင်…။

 

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

♫ ♥●••·˙ ဗင်ကူးဗားရောက် မြန်မာများအကြောင်း-၁ ˙·••●♥♫

PrintPrint Friendly

16 Comments »

  1. သြော်..သြော်…ဒီလိုတွေရှိတယ်လား…။ ဖြစ်ရမယ်..။ အန်တီ့အကြောင်းလေးတွေရော..???

    Comment by Evergreen Phyo — February 2, 2011 @ 4:28 am

  2. တော်သေးတာပေါ့ဗျာ ၊ ကျွန်တော် စိတ်ထဲမှာ စကော်ပီရံဂိုဏ်းကဆိုပြီး ရဲစခန်းပါသွားပြီမှတ်နေတာ

    Comment by လရိပ်အိမ် — February 2, 2011 @ 4:40 am

  3. ကနေဒီယမ်ကန်ဇွန်းခင်းထဲ ဘောင်းဘီတိုနဲ့ ကောက်စိုက်နေတဲ့ အဲ..ကန်စွန်းခူးနေတဲ့ မလေးပုံအား
    မှန်ပြောင်းဖြင့်..အဲ..အကြည်ဓာတ်ဖြင့် ချောင်းကြည့်သွားပါကြောင်း:)

    Comment by Nyi Thu E@iN — February 2, 2011 @ 5:14 am

  4. အင်း လေ မလေး က သူ့ အကြောင်းကျတော့ ဖွက်ထားတယ်။
    မရဘူး နောက်တခါရေးယင် စာရေးသူ အိမ့် ချမ်းမြေ့  အကြောင်း လဲ ပြောပြပါဦး။

    Comment by မောင်မောင် — February 2, 2011 @ 5:28 am

  5. ဒါနဲ့ ကန်စွန်းရွှက် မခူးဖြစ်တော့ဘူးပေါ့ ။ ဟုတ်ကဲ့ ပျော်ရွှင်ပါတယ်ခင်ဗျ

    Comment by Republic — February 2, 2011 @ 6:17 am

  6. အဟားဟား. . . .
    ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် ၊ ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ . . ။
    ကန်စွန်းရွက် ခူးနေပုံများ မြင်ယောာင်မိသေး . . ဟေးဟေး။

    Comment by ကိုဇော် — February 2, 2011 @ 6:27 am

  7. မလေးရေ…ဒါမျိုးလေးတွေ အလျဉ်းသလို ရေးပေးပါနော်။ ဖတ်လို့ကောင်းတယ်။ :D

    ဇွန် ခဏတော့ပျောက်နေဦးမယ် မလေးရေ… ခရီးတိုသွားစရာတစ်ခုရှိနေတာရော၊ ပြန်လာရင် လုပ်စရာတွေပုံနေမှာဖြစ်တဲ့အတွက် စာရေးချင်စိတ်ကို အတင်းချိုးနှိမ်ထားရတယ်။း(

    Comment by ဇွန်မိုးစက် — February 2, 2011 @ 7:05 am

  8. အလုပ်တွေ များနေတာကြောင့် အိပ်မက်ကို အရောက်နည်းနေလို့ အစ်မရဲ့ စာတွေမဖတ်ရတာ ကြာနေပါပြီ…အစ်မဘလော့ကို လိုက်ရှာတော့လဲ တစ်ခါပဲရောက်ခဲ့ဖူးတာမို့ မျက်စိလည်နေတာကြောင့် ဘယ်လိုမှရှာလို့ မတွေ့ပါ…အခုမှပဲ မျက်စိလည်ပြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမိတုန်း လင့်ခ်ယူသွားပါရစေ…ကျေးဇူးပါ

    Comment by ဟန်ကြည် — February 2, 2011 @ 12:16 pm

  9. ဒီမှာတော့ ပျင်းစရာကောင်းတယ် မလေးအိမ့်ရယ်..

    Comment by shwunMi — February 2, 2011 @ 12:21 pm

  10. စာရေးသူသည် ရေမြောင်းထဲက ကန်ဇွန်းများအားခူးမည်အကြံဖြင့် ဘောင်းဘီတိုဝတ်ကာ ထွက်ခွာသွားသော်လည်း၊ ကန်ဇွန်းခူးပွဲ ချိမ့်ချိမ့်သဲ ကျင်းပနေကြကုန်သော ဗင်ကူးဗားမြန်မာများ မြင်မည်ကို ဘာရယ်မသိ ရှက်မိခြင်းကြောင့်၊ မြောင်းထဲဆင်း ကန်ဇွန်းမခူးဖြစ်တော့ပဲ၊ တိတ်တိတ်ကလေးရယ်နဲ့.. ၀မ်းနည်းစွာတပ်ခေါက်ပြန်ခဲ့ရကြောင်း ချစ်သောစာရှုသူများကို ပြောကြားလိုပါသည်ရှင့်…

    Comment by မလေး — February 2, 2011 @ 12:51 pm

  11. တခါတုန်းက ကျနော်အိမ်ခန်းပြောင်းစရာရှိ၍ U-Haul ကားတစီးငှားဖူးပါသည်(U.S မှာ)။ ကားနံရံပေါ်မှာ $ 19.95 ဟုရေးထားတာကို တွေ့ရပြီး အဲဒါသည် တနေကုန်လုံး လိုရာသုံးနိုင်သည့် တနေ့စာ ကားငှားခဖြစ်သည်လို့လည်း ကျနော့်ကို ကားမောင်းပို့ပေးမည့်သူက ပြောပါသည်။ (ဈေးသက်သာလှချည့်လား ထင်မိသေးသည်။) သို့နှင့်ကားအငှားဌာနမှာ အဲဒါ အမှန်ဟုတ်ပါသလား မေးကြည့်တော့လည်း “ဟုတ်ပါသည်။ ၁၉.၉၅ + ဆီခ (လာအပ်ချိန်မှာ ပေးရမည် )ပါ” ဟုဖြေသဖြင့် ကျနော့် ATM card ကို swipe လုပ်ပေးခဲ့ပါသည်။ နောက်တနေ့ အင်တာနက် ပေါ်မှာ ကျနော့် ဘဏ်လက်ကျန်စာရင်း ကြည့်မိတော့မှ U-Haul က $ 130 နီးပါးလောက် ဖြတ်ထားသည်ကို တွေ့ရလေသည်။ ထို့ကြောင့် U-Haul ကို ဖုန်းဆက်ပြီး ရန်တွေ့သောအခါ “$19.95+ ဆီတမိုင်ခ(ဂါလန်နှုံးမဟုတ်တော့။ မိုင်နှုံးဖြင့်။ ဘယ်လောက်လဲ ကျနော်မမှတ်မိတော့)= စုစုပေါင်းကျသင့်ငွေ” ဖြစ်ပါသည်။ ကျနော်လက်မှတ်ထိုးထားသော သဘောတူညီချက် ပြေစာမှာ ကြည့်ပါဟု ပြန်ပြော၏။ (ကနေဒါမှာတော့ မသိ၊ US မှာပြေစာတွေက စာလုံးသေးသေးနှင့် ဖြစ်သည့်အပြင် ဝတ္ထုတိုတပုဒ်စာလောက် ရှိတာမို့ ဘယ်တော့မှအသေးစိတ် မဖတ်ဖြစ်ပေ)။ နောက်ဆုံးတော့ hidden fee တွေနှင့် မရှင်းမရှင်း လုပ်တတ်ကြသော သည်အမေရိကန် စီပွားရေးသမားတွေကို အောင့်သက်သက်နှင့် ခံလိုက်ရလေသတည်း။

    Comment by ပြည်ကောင်းအောင် — February 2, 2011 @ 3:59 pm

  12. ကနေဒါမှာ ကန်စွန်းတွေ ဒီလိုပေါက်တတ်တာ အခုမှပဲ ကြားဖူးတယ်၊ ဒါဆို ကိုယ့်အိမ်မှာ ပြန်စိုက်လည်း ရမှာပဲပေါ့..၊း)
    ပျော်စရာ ပို့စ်လေးအတွက် ကျေးဇူးပါ မလေး…။

    Comment by ညီလင်းသစ် — February 2, 2011 @ 4:53 pm

  13. ဖတ်ပြီး သဘောတကျ ပြုံးမိသွားတယ် မလေးရေ… ကန်ဇွန်းခင်းရယ်… စကော်ပီယံကားရယ်…စောင်တွေရယ်….

    Comment by rose of sharon — February 2, 2011 @ 9:17 pm

  14. မလေး
    အခါတိုင်းနဲ့ မတူတဲ့ စာအရေးအသားက တစ်မျိုးလေး စိတ်ဝင်စားစရာကောင်းနေပြန်ရော..
    ဆရာကြီး မင်းသိင်္ခ လိုလို ဘာလိုလို၊ စုံထောက် ၀တ္ထုလိုလိုနဲ့
    တကယ်ကို ပျော်သွားတယ် ဖတ်ပြီးတော့လေ။
    ပြီးတော့ ဘောင်းဘီတိုနဲ့ ကန်စွန်းရွက်ခူးနေတဲ့ မလေးရဲ့ ပုံလည်းတင်သင့်တယ်လို့ တွေးမိတယ် ဟိဟိ
    လှနေမယ်ဆိုတာ သိတယ်လေ…

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — February 3, 2011 @ 6:58 am

  15. ဒီလိုလေးဖတ်ရတာကို ပိုသဘောကျမိတယ်။ ရှိသေးရင် နည်းနည်းရေးပါ … :D

    Comment by P.Ti — February 7, 2011 @ 2:41 am

  16. မလေး…ကနေဒါက ကန်ဇွန်းခင်းလေးကိုအကြိုက်ဆုံးဘဲ….မလေးကို..ခုနကမှ အိမ်မက်များမှာ အချစ်အကြောင်း ဖတ်လိုက်ရလို့…ကန်ဇွန်းခင်းလေးအကြောင်းရေးတာမလေးမှန်းသိသွားတာ…အရမ်းစာရေးကောင်းတာဘဲ…အားကျလိုက်တာ…ကန်ဇွန်းခင်းလေးကိုဖတ်ပြီး အဲဒီပျော်စရာမြင်ကွင်းလေးကိုမြင်ယောင်မိတယ်….ကျေးဇူးတင်ပါတယ်..စာကောင်းတွေဖတ်ရလို့

    Comment by Lotus — April 20, 2011 @ 5:01 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------