♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

December 22, 2007

ဆောင်းအိပ်မက်

ထိုနေ့ညက နှင်းစက်တို့ ထင်းရှုးပင်တွေထဲ တဖောက်ဖောက်ကျနေသံကို ကြားနေရသည်။ ကြည့်လိုက်တိုင်းဖွေးဖွေးလှုပ်ဖြူနေသော နှင်းစက်တွေအောက်မှာ ရောင်စုံမီးတွေက ဖျိုးဖျိုးဖျတ်ဖျတ်။ တောင်ကုန်းအောက်ခြေမှာ အိပ်မောကျသော အိမ်ပုလေးတစ်လုံးဆီက ခေါင်းတိုင်မှ မီးခိုးကတလူလူတက်လာနေသည်။ ဆောင်းလေက အလိုက်မသိစွာ ခါးသက်ကြမ်းရှနေလေရော့သလား။ သူမအိပ်မောကျနေလေရော့သလား။ သူမဘေးမှာ တစ်စုံတစ်ဦးများရှိနေလေမလား။ ခြံထဲသို့ဝင်သည့် လမ်းတစ်လျောက်မှာ နှင်းပုံက အိအိစို့စို့။ အိမ်ရှေ့ခန်းပြူတင်းကဖြတ်လို့ မီးရောင်က ပြူတင်းအပြင်ဘက်က အကိုင်းကျဲကျဲ မေပယ်ပင်ပေါ်ကို ဖြာကျနေသည်။ သူမအခန်းထဲမှာလဲ မီးရောင်ကဖျာလဲ့လဲ့။

ခြံထဲမှာ သူမစိုက်ထားသည့် အပင်တွေ နှင်းဒဏ်အောက်မှာ အလဲလဲအပြိုပြို။ နွေရာသီတုန်းက သူမ၏ နွယ်ပန်းမွှေးပင်အတွက် ကိုယ်တိုင်စဉ်ထိုးပေးခဲ့သည့် ပန်းစင်ကတော့ ဆွေးမြေ့နေပြီ။ ပန်းစင်အောက်က နှင်းပုံထဲမှာ လက်လက်တောက်တောက် အရာတစ်ခုကို တွေ့လိုက်သည်။ အော်… သူမထိုးနေကျ ဆံထိုးလေး။ သူမပန်းစိုက်တုန်းက ကျခဲ့ဟန်တူသည်။ ဒူးထောက်ထိုင်ရင်း ဆံထိုးလေးကို ခပ်ဖွဖွတို့ကြည့်မိသည်။ ရင်မှာ တစစ်စစ်နာကျင်လာတော့ နှင်းရိပ်အောက်က ငိုက်မြည်းနေသောသစ်ပင်အိုထံမှ ညငှက်တစ်ကောင် နာကျည်းစွာ အော်ဟစ်ပြန်ထွက်သွားသည်။

တစ်နေ့သော ညနေစောင်းတစ်ခုတုန်းက မီးဖိုထဲမှာ ခရမ်းချဉ်သီးတွေ လှီးနေသော သူမကို နောက်က သိမ်းဖက်ရင်း သူမနားရွက်ကို ချစ်မြတ်နိုးစွာနမ်းလိုက်စဉ်က ထိုဆံထိုးလေး ပန်းကန်ဆေးခွက်ထဲသို့ ပြုတ်ကျသွားခဲ့ဖူးသည်။ နောက်တော့ သူမ ကိုယ်ကို တစ်ပတ်လှည့်လာပြီး ရင်ခွင်ထဲမှာ မှီနွဲ့လာခဲ့သည်။ အဲဒီနေ့က ကော်လာဖြူပေါ်မှာ သူမဆီက ခရမ်းချဉ်သီးပေကျန်ခဲ့သည်။ ဆောင်းလေက အရိုးအေးမတတ်တိုက်ခတ်နေသည်။ သက်ပြင်းမောကို မှုတ်ထုတ်အပြီး သူမနှစ်သက်သည်ဆိုသည့် ဆေးလိပ်နံ့နံနေသည့် ကိုယ့်နှုတ်ခမ်းကို ရောင်ရမ်းထိကြည့်မိသည်။ ၀ဲစရာမျက်ရည်တော့ မရှိတော့။

အိမ်ကို တပတ်ပတ်ကြည့်မိသည်။ အရင်အတိုင်း ဘာမှပြောင်းလဲခြင်းမရှိ။ ခြံထောင့်က သစ်ရွက်သိမ်းသည့် ဂွတံကို သူမ မသိမ်းပဲ နှင်းတွေထဲ ဒီအတိုင်းပစ်ထားသည်ပဲ။ ပန်းရေလောင်းသည့် ရေပိုက်တွေလဲ မသိမ်းပဲပစ်ထားတော့ အက်ကွဲကုန်ပြီထင်သည်။ အိမ်ဘေးပြူတင်းပေါက်မှ အိမ်တွင်းသို့လှမ်းအကြည့် အိမ်ရှေ့ခန်းမီးလင်းဖိုမှာ မီးဖိုထားသည်ကို မြင်နေရသည်။ သူမကော…။ အိပ်ခန်းထဲမှာ စာဖတ်နေလား။ မဖြစ်နိုင်။ သူမက မီးလင်းဖိုနားမှာ စောင်တစ်ထည်ခြုံရင်း စာဖတ်တတ်သည်ပဲ။ စာဖတ်ရင်း အိပ်ပျော်သွားတတ်သည့် သူမနဖူးကို ဟိုတုန်းကတော့ သာသာနမ်းပြီး နှိုးနေကျ။ တစ်ခါတစ်ရံ သူမသောက်ဖို့ ဖျော်ပေးထားသည့် လက်ဘက်ရည်ကို မသောက်ပဲ အိပ်ပျော်သွားသည့်အခါ တဗျစ်တောက်တောက် ပြောမိခဲ့သည်များကို နောင်တရမိသည်။ ယခုတော့ သူမထိုင်နေကျ မီးလင်းဖိုနားက ခုံက လွတ်နေသည်။ ဒါဆို ရေနွေးကန်ထဲမှာ စိမ်ရင်း အိပ်များပျော်နေသလား။ သူမ၏ ရေနွေးစိမ်ရင်း အိပ်ပျော်တတ်သည့် ထူးထူးဆန်းဆန်း အကျင့်ဆိုးကြောင့် ခဏခဏ နေမကောင်းဖြစ်သော သူမ၊ ဆေးသောက်ရမှာ အလွန်ကြောက်သောသူမ၊ ဘယ်ဆေးကိုမှ အယုံအကြည်မရှိသောသူမ၊ ဒီတစ်ဆောင်းလုံးဘယ်လိုများ နေနေပါလိမ့်။

အိမ်ရှေ့ သုံးထစ်လှေကားအတိုင်း တက်လာခဲ့သည်။ နွယ်ပန်းတွေ အအေးဓာတ်အောက်မှာ ခေတ္တအိပ်စက်နေကြသည်။ နွေဦးဆိုရင်တော့ ခေါင်းထောင်လို့ ကြော့လာကြပေဦးမည်။ အရင်လို အသံပေးပြီး အိမ်ထဲဝင်ရမလား။ သူမအရမ်းအံ့သြသွားမလား၊ လန့်သွားမလား။ သူမနာမည်ကို တချက်ခေါ်ကြည့်လိုက်သည်။ စိတ်လှုပ်ရှားလွန်းလို့ထင်သည်။ ကိုယ့်အသံတောင် ကိုယ်ပြန်မကြားရ။ အိမ်ထဲက ဘာသံကြားမလဲ စောင့်ကြည့်နေသည်။ ဘာသံမျှမကြား၊ ဘာလှုပ်ရှားမှုမှမတွေ့။ အိမ်ရှေ့တံခါးကို အသာတွန်းလိုက်တော့ တံခါးက ပွင့်နေသည်။ အို…. သူမဘာကြောင့်များ တံခါးပိတ်မထားပါလိမ့်။

အိမ်ရှေ့ခန်းထဲရောက်တော့ အရာအားလုံး အရင်အတိုင်း၊ ဘာမှမပြောင်းလဲ။ အဆောင်အယောင်ကင်းမဲ့တဲ့ အခန်းလေးထဲမှာ အသံတွေ တိတ်ဆိတ်နေသည်။ နံရံပေါ်မှာတော့ သူမအတွက် စပ်ခဲ့ဖူးတဲ့ကဗျာတပုဒ်။ အဲဒီနေ့က ထုံးစံအတိုင်း နောက်နေ့စာတွက် သူမ ထမင်းချက်ရန် ဆန်အိုးကိုဖွင့်လိုက်သည်ကို ခပ်လှမ်းလှမ်းမှ ပန်းကန်တွေဆေးရင်း သူမမျက်နှာကို မသိမသာ အကဲခတ်နေခဲ့သည်။ ဆန်အိုးထဲက ထွက်လာတဲ့ စာရွက်ခေါက်ကို သူမ မျက်မှောင်ရှုံ့ပြီး ဖွင့်ဖတ်လိုက်သည်။ သူမ မျက်နှာလေးတည်သွားသည်။ နောက် တဖြည်းဖြည်း ပြုံးလာသည်။ နောက် အောက်နှုတ်ခမ်းလေးကို သူမကိုက်ပြီး မျက်လုံးလှန်ကြည့်သည်။ နောက် ဆင်မယဉ်သာ ခြေလှမ်းများနှင့် အနားကို ကပ်လာသည်။ နောက် လည်ပင်းကိုသိုင်းဖက်ပြီး ယဉ်ကျေးသိမ်မွေ့သော အနမ်းတစ်ခုကိုပေးသည်။ နောက်တစ်နေ့တော့ ထိုကဗျာစာရွက်လေးကို ဘောင်လှလှလေးထဲထည့်ပြီး အိမ်ရှေ့ခန်းမှာ သူမချိတ်ထားလိုက်သည်။

ယခုတော့ သူမ အရမ်းတိတ်ဆိတ်နေသည်။ အိပ်မောကျနေရော့သလား။ ရေချိုးခန်းထဲမှာ ပန်ကာလည်သံလဲမကြား၊ မီးလဲဖွင့်မထား။ စင်္ကြန်အတိုင်း အိပ်ခန်းရှိရာဘက်သို့လျောက်လာသည်။ အခန်းတံခါးက စေ့နေသည်။ မီးရောင်ကဖြာကျနေသည်။ အခန်းတံခါးကို အသာတွန်းဖွင့်လိုက်သည်။

သူမ ကုတင်ပေါ်မှာ အိပ်မောကျနေသည်။ ဟင်…….. သူမ.. သူမ သိပ်ပိန်သွားပါလား။ စောင်ပုံလေးပဲ မြင်နေရသည်။ အနားကို ခပ်ဖွဖွလှမ်းလို့ ကပ်သွားမိသည်။ သူမ ပိန်လိုက်တာမှ အရိုးပဲကျန်တော့သည်။ ဘယ်လိုဖြစ်တာလဲ။ အရင်က နီရဲဖူးစိုခဲ့သော နှုတ်ခမ်းတွေ မဲညစ်ခြောက်ကပ်နေသည်။ မြတ်နိုးစွာနမ်းခဲ့သော ပါးပြင်မို့မို့တွေ ချိင့်ဝင်နေသည်။ အရောင်တောက်လက်ခဲ့သော ဆံနွယ်တွေ ဖွာလန်ကြဲနေသည်။ လက်ချောင်းတွေက အရိုးငေါငေါထွက်နေသည်။ ကျွန်တော်ဝတ်နေကျ အနွေးထည် အညိုရောင်ကို တင်းတင်းကျပ်ကျပ်ဖက်ရင်း သူမအိပ်ပျော်နေသည်။ ခေါင်းရင်းက စားပွဲပေါ်မှာလဲ ဆေးပုလင်းတွေ ကြဲပြန့်နေသည်။ ဆေးတွေက အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေပါလား။ သူမ မျက်နှာကို ငုံ့ကြည့်လိုက်သည်။ ဟာ… ပါးပြင်မှာ မျက်ရည်တွေ ခြောက်တောင် မခြောက်သေးဘူး။ သူမ ငိုရင်း အိပ်ပျော်သွားသည်ပဲ။

“ကိုယ် ပြန်ရောက်ပြီလေ”

သူမ နဖူးလေးကို ဖွဖွနမ်းပြီး နှိုးလိုက်သည်။ သူမ မလှုပ်၊ သူမအသက်ရှုသံ လေးလေးမှန်မှန် ဆက်ထွက်နေသည်။

“ကန့်လန့်ကြီး အိပ်နေတော့ မောင်ဘယ်နားအိပ်ရမှာလဲ”

နှာခေါင်းလေးကို လက်နဲ့ အသာဖျစ်လိုက်ပြီး ပြောလိုက်သည်။ သူမ ကိုယ်ကို တချက်တွန့်ပြီး ဟိုဘက်စောင်းပြီး ဆက်အိပ်နေသည်။ သူမကောက်ကြောင်းတွေက အရင်လို မပီပြင်တော့။ သူမ ဆံနွယ်တွေကို အသာပွတ်ပြီး ဟိုအရင်ကလို နားရွက်လေးကို နမ်းလိုက်သည်။ သူမ နှုတ်ခမ်းက အပြုံးတစ်ခု လှစ်ကနဲ မြင်လိုက်ရသည်။

သူမ နှုတ်ခမ်းက အပြုံးလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ သူမ နှုတ်ခမ်းတွေလှုပ်ရွလာသည်။

“မောင်…”

တိုးတိုးလေး….

“ဗျာ”

“မောင်… မောင်”

သူမကိုယ် လူးလွန့်လာသည်။

“ဗျာ… မောင်ဒီမှာလေ”

“မောင်.. အို… မောင်” သူမ မျက်လုံးမှိတ်ရင်း ဆက်ခေါ်နေသည်။ မျက်လုံးအိမ်မှ မျက်ရည်တွေ တသွင်သွင် စီးကျလာသည်။

“မောင်.. မောင် မသေဘူးနော်…”

သူမ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေသည်။

“ဟင်.. မောင်မသေပါဘူး၊ ဘာတွေပြောနေတာလဲ။ မောင်မသေပါဘူး”

သူမ ကို မျက်ရည်သုတ်ပေးရန် စက္ကုပါးလေးကို ထယူလိုက်သည်။ သူမ၏ ကိုယ်လုံးပေါ်မှန်ရှေ့က ဖြတ်လျောက်မိတော့ တစ်ခုခု မှားနေသလိုခံစားလိုက်ရသည်။

မှန်ရှေ့ကို နောက်ခြေတစ်လှမ်း ပြန်လှမ်းလိုက်ပြီး တည့်တည့်ရပ်လိုက်သည်။

“ဟာ”

မှန်ထဲမှာ………

မှန်ထဲမှာ……..

ကိုယ့်ကိုကိုယ် ပြန်မမြင်ရပါလား။

သူမကို အံ့သြတကြီး လှဲ့ကြည့်လိုက်သည်။ သူမကတော့ သူ့နာမယ်ကို တမ်းတကြေကွဲစွာ ဆက်၍ခေါ်နေသည်။

နံရံတွေထဲက အလင်းတွေ ဖြာထွက်လာသည်။ အခန်းတစ်ခုလုံး လင်းလက်နေသည်။ ထူးဆန်းစွာ မျက်စိတွေကတော့ ကျိမ်းစက်မနေ။

“မောင်…. မောင်…”

သူမ အသံက တဖြည်းဖြည်း ဝေးသွားသည်။ တိုး၍… တိုး၍……….

“မောင်…….. မသွားပါနဲ့မောင်”

“မောင်…..”

“မောင်…….”

14 Comments »

  1. ဟင်………….မောင်ကပေါ်လာပြန်ပြီးလားးး ကော့သောင်း၊ ရနှောင်း ဘက်ကတတ်သွားပြီဆို….ကျနော့် ဦးလေးကြီးတော့ ပေါက်ကွဲတော့မှာပဲ..နဂိုထဲက ထိန်မရပါဘူးဆို

    Comment by မောင်မျိုး — December 22, 2007 @ 9:44 am

  2. မလေးရေ… လေးမတော့လေ.. ချစ်တဲ့သူတွေကို ကိုယ်ကအရင် ခွဲသွားရတဲ့သူပဲဖြစ်ချင်တယ်…။ အတ္တကြီးလိုက်တာနော်..လေးမက…။

    Comment by လေးမ — December 22, 2007 @ 10:14 pm

  3. မလေးရေ…လေးမတော့လေ…ချစ်ရတဲ့သူတွေကို အရင် ခွဲသွားရတဲ့သူပဲဖြစ်ချင်တယ်…။ တစ်ကိုယ်ကောင်းဆန်လိုက်တာနော်…လေးမက…။

    Comment by လေးမ — December 22, 2007 @ 10:17 pm

  4. ပန်ချီကားလေး တစ်ချပ်နဲ့ တူတယ်

    Comment by ဧချမ်း — April 17, 2008 @ 5:32 pm

  5. ချစ်ဘို့ကောင်းလိုက်တဲ့ စာပန်းချီ

    Comment by ဂျူ — May 22, 2008 @ 12:31 am

  6. ama ,i like ur story ….i love ur ending….thanks

    Comment by meenge — June 28, 2008 @ 6:10 am

  7. တော်သေးတာပေါ့နော်ဆောင်းအိပ်မက်မို့လို့  သူမတစ်ယောက် ဒီဆောင်းအိပ်မက်က အမြန်နိုးလာပြီး ချစ်တဲ့မောင့်ကို တွေ့ နိုင်ပါစေ လို့ဆုတောင်းမိပါတယ် မြူဝေေ၀ တောင်ခြေနံဘေး အိပ်ပုကလေးထဲက ချစ်သူနှစ်ဦး ထာဝစဉ်ဘ၀ဆက်တိုင်းဆုံဆည်းနိုင်ကြပါစေ

    Comment by Yan Naing — February 8, 2009 @ 8:45 am

  8. တော်သေးတာပေါ့နော် ဆောင်းအိပ်မက်မို့လို့ သူမတစ်ယောက် ဒီကြောက်စရာ့ ဆောင်းအိပ်မက်က အမြန်နိးလာပြီးချစ်တဲ့မောင့် ကိုတွေ့ ဆုံနိင်ပါစေ မြူဝေေ၀ တောင်ခြေနံဘေး အိမ်ပုလေးထဲက ချစ်သူနှစ်ဦးထာဝစဉ် မခွဲမခွါ အတူရှိနေကြပါစေ

    Comment by Yan Naing — February 8, 2009 @ 8:48 am

  9. ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကိုရန်နိုင်ရေ..း)

    Comment by မလေး — February 10, 2009 @ 12:10 am

  10. “mg”
    i like “ko”
    but same 2words.

    Comment by mg phyo thet aung — May 6, 2009 @ 5:30 am

  11. cannot he canot die….

    Comment by Anonymous — August 11, 2009 @ 6:03 am

  12. မျှော်လင့်ခြင်းကွင်းပြင်သီချင်းလေးကို အမှတ်တမဲ့နားထောင်နေမိရင်း ဆောင်းအိပ်မက်ကိုပြန်ဖတ်မိတော့ တအားဝမ်းနည်းသွားမိတယ် . .

    ရင်ထဲမှာ အလွမ်းတွေနဲ့ တင်းပြည့်ကျပ်နေလို့ . .

    Comment by ရတနာ — June 16, 2011 @ 1:57 am

  13. ကောင်းလိုက်တာ ..

    Comment by သံစဉ်ဖြူဖြူ — June 1, 2012 @ 11:37 pm

  14. မလွမ်းချင်ဘူး…ရင်မဆိုင်ရဲဘူး …

    Comment by khay — May 22, 2014 @ 1:02 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------