ကနေဒါနိုင်ငံကို တစ်နှစ်ကို လူကိုးသောင်းကျော်ဟာ ယာယီအလုပ်ပြည်ဝင်ခွင့်နဲ့ အလုပ်လာလုပ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ကနေဒါနိုင်ငံမှာ ရှိပြီးသားလူတွေမှာ မရှိတဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ သူတွေပါပဲ။ ကိုယ့်ကို အလုပ်ခန့်မယ့် အလုပ်ရှင်အဆင်သင့်ရှိနေပြီဆိုရင် အဲဒီကျွမ်းကျင်အလုပ်သမားဟာ ဗီဇာရရန်အလွန်လွယ်ကူပါတယ်။
ကနေဒါမှာရှိနေတဲ့ အလုပ်ရှင်တွေဟာ Human Resources and Social Development Canada (HRSDC) ရဲ့ ဆုံးဖြတ်ချက်ကို အရင်ရယူရပါတယ်။ HRSDC က ဒီလိုလုပ်ငန်းကို ကျွမ်းကျင်မှုရှိသူကို ဒီအလုပ်ရှင်က ခန့်လို့ရတယ်လို့ဆုံးဖြတ်မှ ထိုအလုပ်ရှင်က ခေါ်ယူခွင့်ရှိပါတယ်။ အဲဒါကို labour market opinion ရယူတယ်လို့ခေါ်ပါတယ်။
ဥပမာ.. ကနေဒါမှာ ထရပ်ကားမောင်းသူတွေ လိုအပ်နေတယ်။ မြန်မာတွေကို ကနေဒါကို ထရပ်ကားမောင်းသူတွေ အနေနဲ့ပို့ပေးမယ်၊ ဒေါ်လာငါးထောင်ပေးရင် ရောက်အောင်ပို့ပေးမယ်.. ဆိုတာတွေ ဟိုတုန်းက ကြားခဲ့ဖူးပါတယ်။ ခုခေတ်တော့ ရှိတော့မယ် မထင်ပါဘူး။ အဲဒါမျိုးတွေက မှန်ဖို့ရာခိုင်နှုန်း အလွန်နည်းပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကနေဒါမှာ ထရပ်ကားမောင်းတတ်သူတွေ အများကြီးရှိနေလို့ပါပဲ။ HRSDC ကလည်း ချပေးမှာ မဟုတ်ပါဘူး။
တစ်ကယ်လို့ ကနေဒါမှာနေနေတဲ့ လူတစ်ယောက်က မြန်မာစကားတတ်တဲ့ မြန်မာထမင်းဟင်းကိုမှ ချက်တတ်တဲ့ အလုပ်သမားမျိုး၊ ကလေးတွေကိုလည်း မြန်မာစာသင်ပေးနိုင်တဲ့ အလုပ်သမားမျိုးကို လိုချင်လို့ခန့်ချင်တယ်ဆိုရင် ဒါမျိုးက ယုတ္တိရှိပါတယ်။ ဥပမာ.. မြန်မာထမင်းဆိုင်ဖွင့်လို့ မြန်မာထမင်းချက်ကိုလိုချင်လို့ မြန်မာပြည်မှ ကျွမ်းကျင်သူကို လှမ်းရှာတယ်၊ ခြင်းလုံးစက်ရုံထောင်လို့ မြန်မာ့ခြင်းလုံးယက်လုပ်နိုင်တဲ့ ကျွမ်းကျင်အလုပ်သမားတွေကိုလှမ်းရှာတယ်၊ HRSDC ကလည်း အဲသလို မြန်မာအလုပ်ရှင်ကို eligible ဖြစ်တယ်လို့ ဆုံးဖြတ်တယ်ဆိုတာမျိုးကမှ မှန်နိုင်ချေရှိပါတယ်။
ကျွမ်းကျင်အလုပ်သမားများဟာ ယာယီနေခွင့်ဗီဇာကော အလုပ်ပါမစ်ပါ နှစ်ခုလုံးလိုအပ်ပါတယ်။
ကနေဒါပြင်ပမှာ ယာယီအလုပ်ဗီဇာလျှောက်လိုသူ ကျွမ်းကျင်လုပ်သားများ အနေနဲ့က
(ဆက်ဖတ်ရန်…)
ကျွန်မကို စာဖတ်သူတော်တော်များများက ကနေဒါနိုင်ငံကို ဘယ်လိုလာလို့ရသလဲ၊ ဘာတွေပြင်ဆင်ဖို့လိုသလဲ စတဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး ရေးခိုင်းနေကြတာ ကြာပါပြီ။ ကျွန်မအနေနဲ့ အချိန်၊ ခွန်အား စသဖြင့် မရှိတာရယ်… ဒီလိုအကြောင်းကိုရေးတဲ့အခါမှာ သတင်းအချက်အလက်စုံစုံလင်လင်နဲ့ ဝေမျှနိုင်ဖို့အတွက် သေသေချာချာ ဖတ်ရှုလေ့လာမှာရယ် စတဲ့ အကြောင်းတွေကြောင့် အချိန်လင့်ခဲ့ပါတယ်။ အခုတော့ တတ်နိုင်တဲ့ ဘက်က ရေးပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကနေဒါအစိုးရရဲ့ ၀က်ဘ်ဆိုက် (www.cic.gc.ca) ပေါ်က အချက်အလက်တွေအပြင်၊ ကိုယ်တွေ့အဖြစ်များကိုပါ ထည့်သွင်းရေးထားပါတယ်လို့ ပြောလိုပါတယ်ရှင်။
ပထမဆုံးအနေနဲ့ ကနေဒါနိုင်ငံထဲကို ဘယ်လိုနည်းတွေနဲ့ လူတွေဝင်လာကြသလဲဆိုရင်တော့ အလည်အပတ်အနေနဲ့၊ စာလာသင်တဲ့အနေနဲ့၊ အလုပ်လာလုပ်တဲ့အနေနဲ့ (temporary worker)၊ ပြောင်းရွှေ့နေထိုင်လာသူတွေအနေနဲ့၊ ခိုလှုံလာသူတွေ(ဒုက္ခသည်တွေ) အနေနဲ့၊ စသဖြင့် ၀င်လာကြပါတယ်။
အလည်အပတ်အနေနဲ့လာမယ်ဆိုရင်တော့ ….
(ဆက်ဖတ်ရန်…)
မျှော်လိုက်ရတဲ့ သံလွင်အိပ်မက် ထွက်ပါပြီ….း))
အရင်လိုပဲ.. ရသ၊သုတ စုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ်ပါပဲ…
ဝတ္ထုများ၊ ကဗျာများအပြင်… အက်ဆေးများနှင့် အထူးသဖြင့် ဆောင်းပါးများကို ဖတ်ကြည့်ရန် တိုက်တွန်းလိုပါတယ်ရှင်…။
“အရင်တုန်းကတော့ သူ ဒီကန်ကြီးပေါ်မှာ ငန်းလာကျောင်းတဲ့ ညနေတွေဟာ ကျုပ်တို့ အတွက်တော့ ရွှေရောင်ညနေခင်းတွေပေါ့ဗျာ။ ကျုပ်တို့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ခဲ့ကြတယ်လေ…”
……..
“တောနက်ထဲမှာဆောက်ထားတဲ့ ဒီကလပ်အလယ်က ရေကန်ကြီးကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ အကျယ်က ပေ ၁၀၀ လောက်ရှိတယ်၊ အရှည်က ပေ ၄၀၀ လောက်ရှိတယ်။ ၁၉၂၀ခုနှစ်လောက်က ဆောက်ထားတယ် ပြောကြတယ်။ လူလုပ် ရေတံခွန်တွေ၊ ရောင်စုံကြာပန်းတွေ၊ ပြီးတော့ လေတိုက်လို့ ရေမျက်နှာပြင်မှာ လှိုင်းတွန့်လေးတွေ ဘာဝလှုပ်ခတ်နေပုံမျိုး….”
…….
ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းနဲ့ သဘောသဘာဝကို လွတ်လပ်စွာ ဆန့်ကျင်နိုင်မှုနဲ့ ကလန်ကဆန်လုပ်ပြီး ပြောဆိုနိုင်တဲ့ လွတ်လပ်မှုတစ်ခု၊
o အရစ်တိုကရေစီကို လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊
o စားပွဲထိုးတွေကို လွတ်လပ်စွာ တစ်ပ်ပိုက်ဆံ မပေးရမှုနဲ့
o မိန်းမတွေကို ကြောက်ရခြင်း အဖြစ်တွေကနေ လွတ်မြောက်နိုင်မှုတွေ..
အဲသလိုအဲသလို.. ရေးထားတဲ့ ဘိုဟီးမီးယန်းများနှင့် ငွေငန်းဖြူများ ဆိုတဲ့ ကျွန်မရဲ့ ၀တ္ထုတိုလေး တစ်ပုဒ်လည်းပါပါတယ်…
ဖတ်ရှုဝေဖန်ပေးကြပါဦးလို့…
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

နတ်တော်ဆန်း၍
လျှံထွန်းရောင်ဝါ
သူရိယာလျှင်
အ၀ါမမူ
အဖြူအနီ
စုံစီခြယ်လွင်
ပြင်ထပ်တွင်နှိုက်
နေ၀င်မြင်သည်
ဝရွှေပြည်ကား
ဆီးရည်ပတ်ချုပ်
မှိုင်းအုပ်ပျပျ
ပုညတောင်ဆီ
ရီလျှက်မလင်း
မ၀င်းအုံ့မှိုင်း
စစ်ကိုင်းတဘက်
သန်လျှက်ပေါ်ထွန်း
ကျွန်းများတံခွန်
နန်းဗိမာန်မှာ
လေသွန်ပြည့်လှည့်လိမ့်တကား…..
+ ရှင်ထွေးနာသိန် +
နတ်တော်လ ရောက်ရန် ရက်အနည်းငယ်လိုသေးသော်လည်း.. ကိုယ်ရေးတဲ့ ပိုစ်တွေကို ကိုယ်မကြိုက်လို့ (ပူလောင်လာသလိုဖြစ်နေလို့).. အရင်လို ကဗျာတွေ၊ စာတွေ၊ မောင်.. တွေ
ရေးပါဦးလို့ ပြောပြောနေကြတဲ့ မောင်နှမများအတွက် (အရင်လို နူးညံ့သောစာတွေလည်း မဖွဲ့နိုင်သေးလို့) ရှင်ထွေးနာသိန်ရဲ့ ရာသီဖွဲ့လေးတင်ပေးလိုက်ပါတယ်…
မိုးကဖွဲဖွဲကလေးရွာလာပြီ။ အဆောက်အဦးအ၀င်ဝက ပန်းခြုံတွေကြားမှာ မြေတူးနေရာမှ လုပ်လက်စအလုပ်ကို အမြန်အပြီးသတ်လိုက်သည်။ ဦးထုပ်ကို ခေါင်းရှေ့ကို ပိုငိုက်အောင် ဆွဲချလိုက်ပြီး ပန်းခြုံကြားမှ မတ်တပ်ရပ်လိုက်ပြီး ခါးကိုဆန့်လိုက်သည်။ ဆောင်းဦးဝင်ပြီမို့ မိုးက ကျွတ်ဆတ်အေးခဲလာနေပြီ။ မြေပြင်မှာ ရောင်စုံသစ်ရွက်တွေ ပျံ့ကြဲနေသည်မို့ မကြာခင် သစ်ရွက်တွေကို ကြုံးရဦးမည်။ ခပ်လှမ်းလှမ်းက လူလုပ်ရေကန်စိမ်းထဲက ရေညှိတွေက စိမ်းညိုရောင်သန်းနေသည်။ ရေကန်ဘေး နွံထဲမှာတော့ လိပ်ကလေးတွေ ငြိမ်သက်နေကြသည်။
အဆောက်အဦးအ၀င်ပေါက်ဝမှာ ဗော်လဗိုကားတစ်စင်းက အသံမမြည်ပဲထိုးဆိုက်လာသည်။ ပြောင်လက်တောက်ပနေသည့် ရှုးဖိနပ်ဝတ် လူတစ်ယောက်က ကားတံခါးဖွင့်ဆင်းလာသည်။ passernger seat မှ မိန်းကလေးကလည်း ကားအပြင်သို့ထွက်လာသည်။ ကားနားမှာ အနမ်းတစ်ခုကို အမြန်ဖလှယ်လိုက်ကြပြီး ရှုးဖိနပ်ဝတ်က ရုံးထဲသို့ တက်ကြွသောခြေလှမ်းများနှင့် ၀င်သွားသည်။ မိန်းကလေးက ကားကိုကျင်လည်စွာ မောင်းပြီးထွက်သွားသည်။ သည်လိုမြင်ကွင်းတွေက နံနက်ခင်းတိုင်းရဲ့ ရိုးအီနေတဲ့ မြင်ကွင်းတွေ…။
သည်နေရာမှာ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ digital photography နဲ့ digital printing ကို ဦးစားပေးတဲ့ Kodak၊ ဘီစီပြည်နယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအာမခံလုပ်ငန်းဆိုင်ရာ တစ်ခုလုံးကို ကိုင်တွယ်တဲ့ Blue Cross၊ နောက်ဆုံးပေါ် ဗွီဒီယိုဂိမ်းတွေထုတ်တဲ့ Electronic Arts၊ metabolism disorder တွေကို ရောဂါရှာဖွေဖော်ထုတ်ပြီး ကုသရေးပစ္စည်းတွေထုတ်တဲ့ Xenon Canada၊ စတဲ့လုပ်ငန်းတွေရှိသည်။
သူကတော့ နောက်ဆုံးပေါ် နည်းပညာတွေသုံးတဲ့ ရောဂါရှာဖွေရေးလုပ်ငန်း နဲ့ medical isotope တွေထုတ်တဲ့ MDSကုမဏီဝင်းအတွင်းမှ ပန်းခြံအလုပ်သမားတစ်ယောက်။ မြေကြီးတွေ ပေပွနေသော၊ အမှိုက်သရိုက်တွေတွယ်ကပ်နေတတ်သော မိုးကာဖျင်အညိုရောင်ကြီးတဖားဖားဝတ်ပြီး သည် business park ၀င်းထဲမှာ လျှောက်သွားနေတတ်သော သူ့ကို မည်သူကမျှ သိပ်သတိထားမိကြမည်မထင်။ သည်ဝင်းထဲလျှောက်သွားရင်း သည်တံခါးဝနားတစ်ဝိုက်က ပန်းခြုံတွေမှာ အလုပ်လုပ်ရင်း ဖြတ်သွားဖြတ်လာခြေသံတွေကို သူလေ့လာနေခဲ့သည်မှာ ကြာခဲ့ပြီ။ မ၀ံ့မရဲခြေလှမ်းတွေ၊ မအောင်မြင်လို့ စိတ်ဓာတ်ကျပြီးထွက်လာတဲ့ ခြေသံတွေ၊ လုပ်ငန်းခွင်အင်တာဗြူးအောင်သွားလို့ ပျော်ပြီးပြန်ထွက်လာတဲ့ ခြေသံတွေ၊ ကျောင်းပြီးကာစ တက်ကြွနေတဲ့ ခြေသံအသစ်တွေ၊ မာနတွေကို သယ်ဆောင်ထားတဲ့ ခြေသံတွေ၊ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုပြီး ကျောင်းကသင်ပေးလိုက်လို့ အားလုံးကို ပြောင်းပြန်မှောက်ခုံလုပ်ပစ်လိုက်မယ်ဆိုတဲ့ အဟုန်တွေကို သယ်ဆောင်လာတဲ့ ခြေသံတွေကို သူလေ့လာနေတတ်ခဲ့သည်။
(ဆက်ဖတ်ရန်…)
တောသားလေးက တက်ဂ် လို့ပါ…။
၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…
ပထမ ၂ပတ်မှာ သိပ်တွေ့ချင်တဲ့သူတွေကို အမြန်သွားတွေ့မယ်။ သိမ်းထားတဲ့စကားတွေကို ပြောမယ်။
ကျန်တဲ့ ၂ပတ်မှာတော့ သာယာလှပတဲ့ ပင်လယ်ကမ်းစပ်လေးတစ်ခုမှာ မိသားစုနဲ့ တဲထိုးပြီးနေမယ်။ နောက်ဆို မမြင်ရတော့မှာဖြစ်တဲ့ ကောင်းကင်ပြာနဲ့ တိမ်ဖြူတွေကို ငေးမယ်။ သဲပြင်ပေါ်မှာ ပက်လက်လှန်အိပ်ပြီး ကြယ်တွေကို မော့ကြည့်မယ်။ လေပြေရဲ့အထိအတွေ့ကို နောက်ဆုံးအနေနဲ့ ခံစားမယ်။ လှိုင်းပုတ်သံတွေကို နောက်ဆုံးအနေနဲ့ နားထောင်မယ်။ ငှက်တွေပျံသန်းနေတာကို နောက်ဆုံးအနေနဲ့ ငေးမောမယ်။ သိပ်လှတဲ့ ကမ္ဘာကြီးကို နောက်ဆုံးအနေနဲ့ ဂါဝရပြု နှုတ်ဆက်မယ်။
(၂) ဘာတွေခံစားနေရလဲ…
ဒီလောက်လှပတဲ့ သဘာဝအလှတရားတစ်ခု အငွေ့ပျံပျက်စီးသွားမှာတော့ နှမြောမိမယ်။ ဒါပေမယ့် လူသားတွေ အသုံးချနိုင်သလောက် အသုံးချပြီးခြင်းခံခဲ့ရတဲ့ ဒီကမ္ဘာက၊ ပျက်စီးဖို့ အချိန်တန်တာ ကြာပါပြီ။ ဒီကမ္ဘာဟာ အစကတည်းက ထာဝရတည်နေမယ့် အရာတစ်ခု မဟုတ်ခဲ့လို့ သိပ်တော့ ပူဆွေးမနေပါဘူး။
(၃) ဘာတွေပြင်ဆင်ထားမလဲ…
ဘာမှ ပြင်ဆင်စရာကို မလိုတော့ပါဘူး။ ဘ၀မှာ လိုချင်တာ သိပ်များများ မရှိခဲ့ပါဘူး။ အဲဒီလိုချင်တာ နည်းနည်းလေးတွေထဲက အကုန်နီးပါးလည်း ရခဲ့ပြီးပြီ။ လှူသင့်တာတွေလှူပြီးပြီ။ ပေးသင့်တာတွေ ပေးပြီးပြီ။ ကျေးဇူးဆပ်သင့်တာတွေ ဆပ်ပြီးပြီ။ ပေးဆပ်သင့်တာတွေ ပေးဆပ်ပြီးပြီ။ လူသားတစ်ယောက်အနေနဲ့ ခံစားလို့ရသမျှ လူပီသစွာ ခံစားနေထိုင်ပြီးပြီ။ ပြီးပြည့်စုံနေတဲ့ လူသားတစ်ယောက် မဟုတ်ပေမယ့်လည်း၊ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ပြီးတဲ့အတွက်.. သေဆုံးဖို့ အဆင်သင့်ဖြစ်နေတာ ကြာပါပြီ။
(ဆက်ဖတ်ရန်…)
အဲဒီနေ့က မနက်စောစောကတည်းက ဖရုံသီးလေးတွေလို၊ ပန်းပွင့်လေးတွေလို၊ နတ်သမီးလေးတွေလို၊ ကျားပေါက်၊ ဆင်ပေါက်စတဲ့ အကောင်ပေါက်လေးတွေလို ၀တ်ဆင်ထားကြတဲ့ ကလေးလေးတွေ လမ်းတွေပေါ်မှာ၊ ဈေးတွေထဲမှာ ဥဒဟို သွားလာနေကြတာကို မြင်တွေ့နေရတယ်။ အချို့အိမ်တွေ တော်တော်များများကလည်း အိမ်ရှေ့အ၀င်ဝမှာ ပင့်ကူမဲမဲကြီးတွေ တွဲလွဲခိုနေတဲ့ ပင့်ကူအိမ်အတုတွေ၊ အရိုးစု အရုပ်တွေ၊ အစွယ်ငေါငေါထွက်နေတဲ့ ပုံစံရအောင်ထွင်းထားတဲ့ ဖရုံသီးရုပ်တွေနဲ့ အိမ်တွေကို တန်ဆာဆင်ထားကြတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့က အားလုံးသိကြတဲ့အတိုင်း တစ္ဆေကြီးပွဲ။ ဟိုးရှေးခေတ်တွေတုန်းက နွေရာသီကောက်ရိတ်သိမ်းပြီးကြရင် သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို ၀ိညာဉ်တွေလာစားမှာစိုးလို့ ကြောက်စရာအ၀တ်အစားတွေဝတ်ပြီး ခြောက်လှန့်ကြတဲ့ celtic ဓလေ့ကနေ စတယ်လို့လဲ ဆိုကြတဲ့ ဒီတစ္ဆေကြီးပွဲက အခုခေတ်မှာတော့ ကလေးလေးတွေ တစ်အိမ်တက်ဆင်း သကြားလုံးလိုက်တောင်းတဲ့ ပွဲတစ်ခုလည်း ဖြစ်နေပါပြီ။
နေ၀င်သွားလို့ လ ထွက်လာတာနဲ့ ရောင်စုံသစ်ရွက်တွေကြွေနေတဲ့ လမ်းတွေပေါ်ကို ၀တ်စုံပြည့်အ၀တ်တွေနဲ့ ကလေးလေးတွေထွက်လာပြီး အိမ်တံခါးကို လာခေါက်ရင်၊ သူတို့ကိုပေးဖို့သကြားလုံးတွေ ချော့ကလက်ပြားလေးတွေ ဈေးက သွားဝယ်အပြီး၊ သေဆုံးသွားပြီးတဲ့လူတွေ မြှုပ်နှံထားတဲ့ ပန်းခြံကြီးရှေ့က လမ်းမကြီးအတိုင်း အဲဒီနေ့က ဖြတ်ပြန်လာခဲ့တယ်။
လူသေတွေမြုပ်နှံထားတဲ့ ပန်းခြံကြီးက ဆောင်းရာသီအ၀င် အရောင်စုံပြောင်းနေတဲ့သစ်ပင်ကြီးတွေအောက်မှာ တိတ်ဆိတ်စွာ ငြိမ်သက်နေတယ်။
(ဆက်ဖတ်ရန်…)