ကျွန်မရဲ့ “လမင်းရှိုက်သံနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ပုံနှိပ်ပြီးနောက်၊ မြ၀တီက လကုန်မှဖြန့်ချီရန် စီစဉ်ထားပေမယ့်လည်း ကျွန်မက ကိုယ့်ဆိုက်ဒ်မှာ တင်ထားလိုက်တော့ စာအုပ်အားပေးမယ့်သူတွေက တိုက်ကို ဖုန်းတွေဆက်ကြတယ်လို့ သိရပါတယ်။
တိုက်ကလူတွေလဲ မျက်စိတော်တော်လည်သွားတယ်လို့ ပြောပါတယ်။ အခုတော့ ကျွန်မကြော်ငြာပြီးဖြစ်လို့ လကုန်အစား ၂၄ရက် စက်တင်ဘာလ၊ ကြာသပတေးနေ့ မှာစဖြန့်မယ်လို့ သိရပါတယ်။
တစ်အုပ်ကို ဒေါ်လာတစ်ထောင့်ငါးရာဖြင့် ရောင်းချမှာဖြစ်ပါတယ်လို့
ဆိုင်တွေပေါ် မတင်ရသေးဘူး ၀ယ်ရန်ဆိုင်းပြင်းနေသော ညီအစ်ကိုမောင်နှမများကို ကျေးဇူးတင်ပါတယ်။
အုပ်ရေ ၅၀၀၊ ရောင်းဈေး ကျပ် တစ်ထောင့်ငါးရာ ပါလို့ အသိပေးအပ်ပါတယ်….
(ဒီတစ်ခါတော့ ထပ်မမှားလောက်ပါဘူး။ ဖုန်းလိုင်းကလဲ အရမ်းကို ကြည်လင်ပြတ်သားနေပါတယ်… :D)
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫







♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
ကျွန်မ၏ ၀တ္ထုတိုပေါင်းချုပ် ထွက်ပါပြီ

အွန်လိုင်းစာမျက်နှာတွေပေါ်မှာရေးခဲ့သော ကျွန်မရဲ့စာစုလေးတွေထဲက ကောင်းနိုးရာရာလေးတွေကိုစုပြီး၊ ၀တ္ထုတိုပေါင်းချုပ်စာအုပ်လေးအဖြစ် ဖန်တီးဖြစ်လိုက်တဲ့အကြောင်းကို စာဖတ်သူ၊ စာရေးသူ မောင်နှစ်မများကို အသိပေးပြောကြားလိုပါတယ်။ စာအုပ်ရဲ့အမည်ကတော့ “အိမ့်ချမ်းမြေ့ရဲ့ လမင်းရှိုက်သံနှင့် အခြားဝတ္ထုတိုများ” ဖြစ်ပါတယ်။ မြ၀တီစာအုပ်တိုက်မှ သြဂုတ်လ၊ ၂၀၀၉ မှာ စတင်ထုတ်ဝေနေပါတယ်။ ၀တ္ထုတိုများဆိုပေမယ့်လည်း တစ်ကယ်တော့ ကဗျာလေးပုဒ်နဲ့ ဆောင်းပါးအချို့လည်း ပါပါတယ်ရှင်။
မနှစ်က မြန်မာပြည်ကိုပြန်ရောက်တုန်းက သည်စာအုပ်လေးထုတ်ဖို့ ကတိုက်ကရိုက်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ လူကြိုက်များကြတဲ့ “ချစ်သူ့အိမ်”၊ “ရုပ်ရှင်လက်မှတ်လေးနှစ်စောင်” နဲ့ သံလွင်အိပ်မက်အင်တာနက် မဂ္ဂဇင်းမှာ ပါဖူးတဲ့ ကျွန်မအကြိုက် “ရေဆန်ငါး” နှင့် အခြားဆောင်းပါးများ၊ အိပ်မက်ဒေါ့ကွန်းမှာ လူကြိုက်များကြတဲ့ “ရုံးကမမများ” နဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “Okanagan လွင်ပြင်ခရီး”၊ environmental issues နဲ့ဆိုင်တဲ့ “ကြည်ပြာ” “လမင်းရှိုက်သံ” စတဲ့ စာစုလေးများ၊ ကနေဒါအတွေ့အကြုံများဖြစ်တဲ့ “ခွင်” နဲ့ “ကနေဒါမှာအလုပ်ရရင် ဘယ်လိုအမည်မျိုးမှည့်မလဲ” စတဲ့ စာစုလေးတွေလဲ ပါပါတယ်။
♫ ♪ ♫ ♪ ♫ ♪ ♫ ♪
(ဆက်ဖတ်ရန်…)
“ဒီကလေးတွက် ဘဏ်အကောင့်ဖွင့်ဖို့ ကလေးရဲ့ နောက်ဆုံးအမည် (last name) က…”
“ထွေးပါ”
“ပထမ အမည် (first name) က”
“ရင်”
“Social insurance အမှတ်”
“၁၂၃၄၅၆၇၈၉”
ကောင်တာနောက်မှ ဘဏ်အမျိုးသမီး၏ မျက်နှာက အံ့သြနေရာမှ တဖြည်းဖြည်း ပြုံးယောင်သန်းလာသည်။
“ရှင့်ကလေးတွေရဲ့ နောက်ဆုံးအမည်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးနော်၊ ရှင့်နောက်ဆုံးအမည်ကလဲ သူတို့နဲ့ မတူဘူးနော်၊ အပျိုတုန်းထဲက အမည်နဲ့တူတယ်”
“ဟုတ်ကဲ့ မတူပါဘူး၊ ဟိုလေ.. ကျွန်မတို့ယဉ်ကျေးမှုမှာ….”
“ဟင်းဟင်း ရှင်းပြစရာမလိုပါဘူးရှင်၊ တစ်ပင်လဲတစ်ပင်ထူပြီး နောက်အိမ်ထောင်နဲ့ ကလေးတွေထပ်ရတော့ ကလေးတွေရဲ့ နောက်ဆုံးအမည်တွေ မတူတာ အဆန်းမဟုတ်ပါဘူး၊ နောက် အိမ်ထောင်ထပ်ကွဲတော့လည်း အရင်ကအပျိုတုန်းက အမည်ကို ပြန်ယူတတ်ကြတာလည်း အဆန်းမဟုတ်ပါဘူး”
“ရှင်… အဲ”
အိမ်ထောင်မရှိကလေးနှစ်ယောက်မိခင် (single mother) ဟု ထင်နေသော၊ ဘဏ်ဝန်ထမ်းအမျိုးသမီး၏ မျက်နှာကိုကြည့်ပြီး ဖြေရှင်းရန် သူမ မကြိုးစားတော့။ သည်ကလေးနှစ်ယောက်ကလည်း ယောင်္ကျားတစ်ဦးစီနှင့် ရသည်ဟု ဆက်လက်ပြီး ထင်နေမည်ဖြစ်သော ထိုအမျိုးသမီးကို သည်အတိုင်းသာ ကြည့်နေလိုက်တော့သည်။
♫ ♪ ♫ ♪ ♫ ♪ ♫ ♪
(ဆက်ဖတ်ရန်…)
ညလေလေးက တဖြူးဖြူးတိုက်ခတ်နေသည်။ လရောင်က လေသာဆောင်တလျှောက် အညိုရောင်ပွတ်လုံးတွေကိုဖြတ်လို့ ပြောင်လက်တဲ့ လေသာဆောင်ကြမ်းပြင်ပေါ်မှာ တိတ်ဆိတ်စွာလှဲလျောင်းလာသည်။ ခပ်လှမ်းလှမ်းက ဆင်ဖြူရှင်မဂူနားမှာ စေတီလေးတစ်ဆူ။ ထိုစေတီဆီမှ ဆည်းလည်းသံက ညလေအဝှေ့မှာ သာယာနာပျော်ဖွယ်။ ခပ်ဝေးဝေးမှာတော့ လမ်းလေးတစ်ခုအဆုံးက အိပ်မောကျနေသော တိုက်ပုလေးတစ်လုံးကို လရောင်အောက်မှာ အပေါ်စီးကလှမ်းမြင်နေရသည်။ လေသာဆောင်ချင်းဆက်ပြီး အခန်းချင်းကပ်နေသော တစ်ဘက်ခန်းက ဖေဖေနဲ့မေမေ၏ တီးတိုးစကားသံတွေ ညလေနှင့်အတူ လွင့်မျောလာသည်။ ဖေဖေက မေမေ့ကို ကျွန်မတို့စိတ်ဝင်စားတဲ့ အကြောင်းတစ်ခုကို ပြောနေသည်ကို တစ်စွန်းတစ်စကြားနေရသည်။
ဂစ်တာကြိုးကို ခပ်ဖွဖွလေးတို့ခတ်ရင်း လကိုမော့ကြည့်လိုက်မိသည်။
တံခါးဘောင်ကိုမှီ၊ ဒူးကိုလက်နဲ့ပိုက်ဖက်ထားရင်း တံခါးဝမှာငုတ်တုပ်ထိုင်နေသော
ငယ်ငယ်ကလဲ လကိုမော့ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။
“လှလိုက်တဲ့ညနော်”
“အိပ်ကြတော့လေ၊ စိတ်ကူးယဉ်မနေကြနဲ့”
အခန်းထဲက ကုတင်ပေါ်မှာ မီးအမှောင်ချပြီး အိပ်ရန်ပြင်သော မမကြီးက လှမ်းဟန့်လိုက်သည်။
“ဟိုအကြောင်းပြောပြရင် လာအိပ်မယ်” ငယ်ငယ်က ဂျစ်လိုက်သည်။
“ဖေဖေနဲ့ မေမေက အဲဒီအကြောင်းတွေပြောတာမကြိုက်ဘူးလေ” ကျွန်မက ငယ်ငယ့်ကို ပြောလိုက်သည်။
“ဟင်…. သူတို့ကျတော့ပြောနေကြတာ တစ်စွန်းတစ်စကြားနေရတယ်။ မလေး နားမထောင်ချင်ရင်နေ.. တစ်ယောက်ထဲ လေသာဆောင်မှာနေခဲ့တော။့ ငယ်တော့နားထောင်မယ်.. မမကြီးပြောပြ” ပြောပြောဆိုဆိုနှင့် ငယ်ငယ် ငေါက်ကနဲထထွက်ပြီး မမကြီးရှိရာ အခန်းထဲဝင်သွားသည်။
“ဟဲ့ ဒါဆိုရင်တော့ နားထောင်မယ်.. ဒီလေသာဆောင်မှာတော့ တစ်ယောက်ထဲမနေခဲ့ချင်ဘူး”

(ဆက်ဖတ်ရန်…)

ညနေစောင်းတွေရောက်ပြီဆိုရင် ဒီကွေ့ကောက်တဲ့ လူလုပ်စက်ဝိုင်းလမ်းကလေးဆီ ခြေဦးလှည့်ဖြစ်တယ်။ ဒီစက်ဝိုင်းလမ်းကလေးထဲမှာ လမ်းလျှောက်ရတာ အားတစ်ခုကို စိုက်ထုတ်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစက်ဝိုင်းလမ်းကလေးဟာ ၀င်္ကပါလို လမ်းမပျောက်စေဘူး။ ဒီစက်ဝိုင်းလမ်းကလေးဟာ အလယ်ဗဟိုတစ်ခုကို ခေါ်ဆောင်သွားတယ်။ ဒီစက်ဝိုင်းလမ်းကလေးဟာ အဲဒီအလယ်ဗဟိုနေရာကနေ ၀င်လာရာအပေါက်ကိုလည်း ပြန်လည်ခေါ်ဆောင်သွားတယ်။ ဒီစက်ဝိုင်းလမ်းကလေးထဲမှာ ဖိအားတွေကိုခြေဖျက်ဖို့၊ အဖြေတစ်ခုခုကိုရှာဖို့၊ ဆုံးဖြတ်တစ်ခုခုကိုချဖို့၊ စိတ်တွေကိုရှင်းထုတ်ဖို့၊ နောက်ဆုံး.. ကောင်းကင်ဘုံက တစ်စုံတစ်ခုသော ဆုကျေးဇူးတစ်ခုခုကို ရနိုင်ဖို့ အခွင့်အလမ်းတွေ ရှာဖွေတွေ့ရှိနိုင်တယ်လို့ ဆိုကြတယ်။

ဒီစက်ဝိုင်းလမ်းလေးရဲ့ အ၀င်ဝကိုရောက်ပြီဆိုတာနဲ့ ပါလာတဲ့ ခံစားချက်တွေရယ်၊ အတွေးတွေရယ်နဲ့ ဖြစ်တည်မှုအားလုံးကို မြေပြင်ပေါ်မှာ ချထားလိုက်တယ်။ ကျောက်စရစ်ခဲနဲ့သဲစပ်စပ် မြေပြင်ပေါ်က လျှပ်တိုက်သွားနေတဲ့ ကိုယ့်ခြေသံကို ကိုယ်ပြန်ကြားနေရတတ်တယ်။ စက္ခုအစုံကို မြေပြင်ပေါ်ကို ပို့ထားပြီး၊ စိတ်ကိုရှင်းထုတ်ထားတတ်ပေမယ့် တစ်ခါတစ်ရံမှာ မျက်လုံးက ခပ်လှမ်းလှမ်းက စက္ကူပန်းလေးတွေဆီရောက်သွားတတ်တယ်။ အဲဒီအခါမျိုးမှာ “ဒီလိုစက္ကူပန်းမျိုး ကိုယ့်ခြံထဲမှာ စိုက်လို့က အခုလို လှလှပပလေးရှင်သန်ပါ့မလား” ဆိုတဲ့ အတွေးမျိုးက တိုးဝင်လာတတ်တယ်။
တစ်ခါတစ်ရံတော့လည်း ပန်းခြံစပ်က လှပတဲ့ရုပ်တုလေးဆီ ဒါမှမဟုတ် ခုံတန်းပေါ်က စာအုပ်တစ်အုပ်ကိုငုံ့ဖတ်နေတဲ့ ကောင်လေးနဲ့ ကောင်လေးပေါင်ပေါ်မှာ ပက်လက်လှန်ခေါင်းအုံးအိပ်ပြီး ကောင်းကင်ပြာကြီးကို ငေးမောမော့ကြည့်နေတဲ့ ကောင်မလေးစုံတွဲဆီ အကြည့်တွေက ရောက်သွားတတ်တယ်။ အဲဒီအခါမျိုးမှာ

“ရုပ်တုလေးကလှလိုက်တာ၊ ဟိုခုံတန်းပေါ်က စုံတွဲလေးကလဲ အေးချမ်းလိုက်တာ၊ အင်း.. ဒါပေမယ့်… အချစ်ဆိုတာဘာလဲ၊ တွယ်တာမှုလား၊ ချစ်တယ်လို့ထင်ကြတာလား၊ အချစ်တစ်ခုက ဘယ်လောက်ကြာကြာခံမှာလဲ၊ အချစ်ဆိုတာ…အသုံးချမှုတစ်ခုလား၊ ဟိုမုန်းတွေလား၊ မျိုးပွားဖို့ဖြစ်နေတာလား” ဆိုပြီး စိတ်တွေက ကစင့်ကလျားဖြစ်သွားတတ်သေးတယ်။
(ဆက်ဖတ်ရန်…)