နွေရာသီအလှတရားရဲ့ ရိုက်ခတ်မှုက ဖန်သားပြင်နဲ့ အဝေးကြီးကို တွန်းပို့နေတယ်။ ဗလာနတ္ထိဦးနှောက်က ခံစားချက်တွေပြည့်နေတဲ့ရင်ကို လှောင်ပြုံးပြုံးပြတယ်။
“စာပေရေးသူတွေ ရေးစရာမရှိတဲ့ တစ်နေ့မှာ မှိုင်းကုန်သွားတဲ့ မီးပုံးပျံလို ထိုးဆင်းသွားမှာ သေချာတယ်…”
ဆရာမကြီး စောမုံညင်းက အနားမှာ ခပ်တိုးတိုးလာပြောတယ်။
“ရေးစရာမရှိတာထက် ရေးချင်စိတ်မရှိတာပါ ဆရာမကြီး”
နောက်ဘက်ခြံထဲက ပန်းသီးပင်အောက်မှာ အဖြူရောင်စာရွက်တစ်ရွက် တိတ်တဆိတ်ထိုင်နေတယ်။ အဲဒီချိန်မှာ ရင်ထဲက ခံစားချက်တွေက စာရွက်ပေါ်ကို ခုန်ဆင်းသွားတယ်။ ငှက်ကလေးက လေပြေကိုချစ်တယ်၊ လေပြေက နှင်းဆီကို နမ်းတယ်၊ နှင်းဆီက ပိတုန်းလေးကို မျှော်တယ်။ ပိတုန်းလေးက ချယ်ရီပွင့်ကို ကျီစယ်နေတယ်။ ချယ်ရီပွင့်ပေါ်မှာ နားရင်း နှင်းဆီဘက်ကို မျက်စောင်းထိုးနေတဲ့ ပိတုန်းတစ်ကောင်ကို ဘယ်သူများ နားလည်ပေးမလဲ၊ ကဲ့ရဲ့ရှုံချကြမှာ။ စာရွက်ဖြူက တစ်ယောက်ထဲ ဖုန်းကြီးစာရွတ်သလို လေပြေ၊ နှင်းဆီ၊ ပိတုန်းနဲ့ ချယ်ရီတွေအကြောင်း တတွတ်တွတ်ရွတ်နေတယ်။
“ကိုယ့်ကို နားလည်ပေးပါကလေးရယ်…. ”
ငိုက်မြည်းနေတဲ့ ဖန်သားပြင်ထဲက ဟောင်းနွမ်းဆွေးမြေ့နေတဲ့ သီချင်းတစ်ပုဒ်က တရေးနိုးထဆိုတယ်။
“သွားစမ်းပါ….”
သက်ပြင်းကိုတစ်ချက်ရှိုက်ပြီး ဖန်သားပြင်က နားပိတ်လို့ ပြန်လည်ငိုက်မြည်းနေလိုက်တယ်။ နားပိတ်ပြီး ငိုက်မြည်းနေပေမယ့် လတ်ဆတ်နေတဲ့ ရင်ခုန်သံကို ဘာသာပြန်ကြားနေရတယ်။
“I’ll be your dream I’ll be your wish I’ll be your fantasy….”
ကနွဲ့ကလျနဲ့ လမ်းလျှောက်လာတဲ့ ဒီသီချင်းရဲ့အဆိုတော်၊ ကျားကျားယားယားမဟုတ်တာကို ချယ်ရီရွက်ကလေးက နှုတ်ခမ်းစေ့လို့ကြည့်နေတယ်။
မျက်မှန်နောက်က စူးရှရှ မျက်ဝန်းတွေ၊ မရယ်မပြုံး နှုတ်ခမ်းတွေနဲ့ လက်ပိုက်လို့မတ်တပ်ရပ်နေတဲ့ ရှဉ့်တစ်ကောင်ကို ပန်းတစ်ပွင့်က သူ့လက်ဖမိုးပေါ် ယုယုယယတင်ပြီး အကြာကြီး ငေးနေတယ်။ “ချစ်လိုက်တာ.. မထိရက်၊ မတို့ရက်၊ ချစ်တယ်” ပန်းပွင့်ရဲ့စကားအဆုံးမှာ မျက်မှန်နဲ့ ရှဉ့်လေးက ခွက်ထိုးခွက်လန် ရယ်မောပြီး ပျက်ရယ်ပြုလိုက်တယ်။ “စိတ်ကူးမယဉ်စမ်းပါနဲ့…” “မဟုတ်..မဟုတ်ဘူးလေ၊ မင်းနဲ့ငါ.. အရင်ဘ၀က.. ကြင်သူတွေများ ဖြစ်ခဲ့သလားလို့ပါ” ပန်းလေးက ခေါင်းငုံ့ပြီး မ၀ံ့မရဲပြောရင်း မျက်ရည်တွေကို သူ့ရိုးတံနဲ့ ခိုးသုတ်လိုက်တယ်။ “ငါ..မင်းကိုဘယ်တော့မှ စကားပြန်ပြောလိမ့်မယ်မထင်နဲ့” ခပ်ဆတ်ဆတ်ပြောရင်း ရှဉ့်ကလေးက တောအုပ်ထဲ ပြေးဝင်သွားတယ်။ “ဖြစ်သင့်တာကို လုပ်ပါအချစ်ရယ်…” ပန်းပွင့်က ခပ်တိုးတိုးပြောရင်း၊ သူ့ပွင့်လွှာတွေကို တစ်ချပ်စီချွေချလိုက်တယ်။
ခပ်လှမ်းလှမ်းက ပန်းခြံထောင့်ကျောက်တုံးပေါ်မှာ ဦးဆန်းထွန်းနဲ့ ဒဂုန်ဦးစန်းငွေတို့ ထိုင်နေကြတယ်။
“အိပ်တော့… ညနာရီပြန် ၂ချက်လောက်ထိ စာတွေထိုင်ထိုင်ရေးနေလို့ ကျုပ်တို့အသေစောခဲ့တာ၊ အပျော်စာရေးသူ မင်းအနေနဲ့ဆိုရင် ဒီထက်စောအိပ်သင့်တယ်။”
“လူ့ပြည်မှာတော့ နေ့လည် ၂ချက်ပဲရှိပါသေးတယ်”
စောဒကတက်သံကြောင့် ဆရာမကြီး စိတ်တိုသွားတယ်။
“ကြောင်အိုရင် ကြွက်မလေးစားတာလား၊ ချောင်ထိုးချင်ကြတာများလား၊ တို့တောင် သက်ကြီးပူဇော်ပွဲတွေမှာ သောင်းချီရနေတာကို တချို့က တကယ်ရှစ်ဆယ်ကျော်ပါရဲ့လား၊ ပူဇော်ခံချင်လို့များ လိမ်ပြောသလားတဲ့ ဖြစ်ရပုံတွေ”
“လူတွေက အဲသလိုပဲပြောသလား ဆရာမကြီးရယ်၊ သက်ကြီးပူဇော်ပွဲတွေ မရောက်တာတောင် နစ်ပေါင်းကြာလှပေါ့။ ခုလဲ စောဒကတက်တာ မလေးစားတာမဟုတ်ရပါ၊ ခုဟာက နေ့လည် ၂ချက်ပဲရှိသေးတာကိုပြောတာပါ…”
ပွင့်ဖတ်တွေ တစ်စစီကြွေနေတဲ့ ပန်းရိုးတံက ရှိသမျှခွန်အားနဲ့ လူးလဲထရင်း ဆရာမကြီး ရင်ခွင်ထဲမှာ ငိုချလိုက်တယ်။ ချုံပုတ်ထဲက ရှဉ့်လေးကတော့ ခပ်ဝေးဝေးကိုထွက်ခွာသွားခဲ့ပြီ။ ချုံပုတ်စပ်မှာတော့ အနက်ရောင် မျက်မှန်လေးတစ်လက် တိတ်ဆိတ်စွာ လှဲလျှောင်းကျန်ရစ်ခဲ့တယ်…။