April 27, 2009

ဗိုင်းရပ်စ်များ

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 7:04 pm

 swine_fever.gif

တိတ်ဆိတ်နေကျ နေရာလေးတစ်ခုက ရုတ်တရက် စကားသံတွေ၊ ဖုန်းမြည်သံတွေ၊ ငြင်းခုံသံတွေနဲ့ ဆူညံသွားသည်။ ဖိနပ်သံတွေ တရှပ်ရှပ်နဲ့အတူ စကတ်တို၊ စကတ်ရှည်၊ ဘောင်းဘီရှည်တွေ ၀င်လိုက်ထွက်လိုက်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက ပျားအုံကို တုတ်နှင့်ထိုးလိုက်သလို ဖြစ်နေသည်။ အမြဲတမ်း ရှင်းရှင်းလင်းလင်းထားတတ်တဲ့ စားပွဲတစ်ခုပေါ်မှာလဲ သတင်းစာတွေ၊ ရုံးထုတ်စာရွက်တွေ အပုံလိုက် ရောက်လာသည်။

“သိပ်လဲ စိတ်မပူကြပါနဲ့ ငါတို့ရဲ့ အဆုပ်တွေက မက္ကဆီကိုက အဆုပ်တွေထက် ပိုအားကောင်းပါတယ်”

“အင်း လေပိုသန့်တော့ ငါတို့အဆုပ်တွေ ပိုအားကောင်းတယ် ထင်ရပေမယ့် Nova Scotia မှာ case လေးခု BC မှာ case၂ခု၊ စုစုပေါင်း ကေစ်ခြောက်ခု ဖြစ်နေပြီ။ နောက်ဘယ်လောက် ထပ်တိုးလာမယ်မသိဘူး”

“ကနေဒါမှာ လူပေါင်း သန်းသုံးဆယ့်သုံးသန်းမှာမှ ကေစ်ခြောက်ခုထဲက မဆိုးပါဘူး”

“ဒါပေမယ့် အရမ်းမြန်မြန်ဆန်ဆန် ပျံ့နေတယ်”

“အမြဲတမ်း ပျားပန်းခတ်နေတဲ့ မက္ကဆီကိုမြို့က လမ်းမတွေလဲ တစ္ဆေခြောက်ထားသလို တိတ်ဆိတ်ခြောက်ကပ်နေတယ်တဲ့”

“ဘယ်သူပြောတာလဲ”

“မက္ကဆီကိုရောက်နေတဲ့ သူငယ်ချင်းတစ်ယောက် ဒီမနက်ပဲ ဖုန်းဆက်လာတာ”

“မက္ကဆီကိုလဲ စိတ်မကောင်းစရာပဲ၊ ဟိုတစ်လောကပဲ ဂိုဏ်းကိစ္စတွေနဲ့ လူသုံးထောင်သေတယ်၊ ခု ၀က်တုပ်ကွေးနဲ့ လူတွေထပ်သေပြန်ပြီ”

“သူတို့ရဲ့လေတွေက မသန့်တော့ အဆုပ်တွေကလဲ အားမကောင်းတော့ဘူးထင်တယ်”

“အခုလဲ သတင်းငှာနတွေကလဲ ဖုန်းတွေ တဂွမ်ဂွမ်ဆက်နေပြီ”

“အဲဒါတွေတော့ သတင်းငှာနတွေရဲ့ မေးခွန်းတွေကို ကိုင်တဲ့ ငှာန တာဝန်ယူပစေတော့”

“အဲဒါထားလိုက်ပါဦး၊ အခု ဆရာဝန်တွေကဘယ် sample ကို ဘယ်လိုယူရမလဲ မသိဘူးဖြစ်နေတယ်၊ nose culture လား throat culture လား”

“Pathologists တွေ အရေးပေါ် အစည်းဝေးက ထုတ်လိုက်တဲ့ လောလောဆယ်ဆုံးဖြတ်ချက်တွေကော…”

“Swine virus က Influenza A Virus နဲ့ တူတူပဲမဟုတ်ဘူးလား”

“strain အသစ်လို့ဆိုနေကြတယ်၊ Influenza A/H1N1 ရဲ့အခွဲဆို”

(ဆက်ဖတ်ရန်…)

April 26, 2009

နွေဦးရောဂါ

Filed under: Vancouver, Canada, စာစု, ဓာတ်ပုံ — အိမ့်ချမ်းမြေ့ @ 1:00 am

gazebo.jpg

ခုတလောတစ်ကယ်ကို ရောဂါထပြီး နွေဦးနဲ့ပတ်သက်တာတွေချည်းပဲရေးနေမိတာ ဒီနှစ်ဆောင်းက အရင်နှစ်တွေထက် ပိုပြီးကြမ်းတမ်းနေခဲ့လို့ပါပဲ။ အခု တင်မယ့်ပုံတွေကို ဆောင်းရာသီကြမ်းကြမ်းကို ကျော်ဖြတ်ပြီးတဲ့ သူများကတော့ နားလည်ပါလိမ့်မယ်။ ကယ်လီဖိုးနီးယားလို၊ စင်္ကာပူလို၊ မလေးရှားလို၊ မြန်မာပြည်လို လှပတဲ့ နေရောင်ခြည်နဲ့ နီးစပ်သူတွေကတော့ ဒီပုံတွေ အိမ့်ချမ်းမြေ့ ဘာကြောင့်တင်လဲကို နားလည်မယ်တော့ မထင်ဘူး  သာမန်နေသာတဲ့ ထူးမခြားနား နေ့တစ်နေ့ပဲလေလို့ ကောက်ချက်ချမိမယ်ထင်ပါတယ်။

ရှားရှားပါးပါးနေရောင်နွေးနွေးက အပြင်မှာတောက်လက်နေတဲ့ နေ့လည်ခင်းတစ်ခုမှာ၊ ရုံးထဲက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် ဒေါက်မြင့်တွေချွတ် လမ်းလျှောက်ဖိနပ်တွေပြောင်းစီးပြီး ပျောက်ပျောက်သွားကြတယ်။ ကျမလဲ အလုပ်လုပ်ရင်း ကျန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို “ဗီတာမင် ဒီ” သွားထုတ်လိုက်ဦးမယ်လို့ ပြောပြီး ကင်မရာကိုကိုင်လို့ လမ်းလျှောက်ထွက်လာခဲ့တယ်။ ဒီနှစ်ဆောင်းက အရင်နှစ်တွေကထက် တော်တော်လေး ကြမ်းတယ်။ ခြံထဲက ကျမရဲ့ အုန်းပင်ပု နှစ်ပင်လုံးသေသွားပြီး ကျန်တဲ့အပင်တွေလဲ တော်တော်ပျက်စီးသွားတယ်။ လူတွေလဲ အရမ်းဖျားနာတာပြီး တရှောင်ရှောင် ဖြစ်နေကြတော့ အကုန်လုံးက ဒီဆောင်းကို တော်တော်လေး စိတ်ပျက်နေကြပြီ။ ခုလိုနေရောင်ထွက်လာတော့ ဆောင်းရာသီမှာ အိပ်မောကျပြီး နိုးထလာတဲ့ ဂရစ်ဇလီဝက်ဝံ grizzly black bear တွေလို အလျှိုအလျှို နေရောင်အောက်ကို ထွက်လာကြတယ်။

ဒီကိုရောက်ခါစကတုန်းက နေရောင်တောက်လက်တဲ့နေ့တွေဆိုရင် ဒီမှာရောက်နှင့်ပြီး မြန်မာတွေအပါအ၀င် အကုန်လုံးက “Oh… what a beautiful day!” တို့ “သိပ်ကိုသာယာတဲ့နေ့ပဲနော်.”. တို့ပြောရင် သူတို့ဘာကိုဆိုလိုနေမှန်း မသိခဲ့ဘူး။ အထူးသဖြင့် မြန်မာတွေပြောရင် စိတ်ထဲကနေ.. “ဟွန်း ..သိပ်ပိုပြီး သိပ်ကို ဗိုလ်ဆန်ချင်ကြတာပါပဲလား” ဆိုပြီး တွေးခဲ့မိတယ်။ အခုတော့ ကောင်းကင်ပြာကြီးရဲ့တန်ဖိုး၊ ကောင်းကင်ပြာကြီးမှာ တိမ်ဖြူတွေအဆုပ်လိုက်ရွေ့နေတဲ့ တန်ဘိုး၊ နေရောင်က ကိုယ့်အသားပေါ်ထိနေတဲ့တန်ဖိုး၊ လေပြေနွေးနွေးလေးတွေ ဆံပင်ထဲတိုးဝင်သွားတဲ့တန်ဘိုး၊ ကော်ဖီဆိုင်အပြင်ဘက်ကခုံမှာ နေရောင်ခံရင်း မိုကာပူပူလေးသောက်ရတဲ့တန်ဘိုးတွေကို နားလည်လာခဲ့ပြီ။ ဒါတောင် ဗင်ကူးဗားမြို့ဟာ ကနေဒါမှာ ရာသီဥတုအကောင်းဆုံး (စနိုးကျတာအနည်းဆုံး၊ အအေးအပေါ့ဆုံး) လို့ ဆိုလို့ရတဲ့ မြို့ပါပဲ။ ကျန်တဲ့မြို့တွေဆို စဉ်းစားသာကြည့်ကြပါတော့။ ကနေဒါအရှေ့ပိုင်းမြို့အချို့ကတော့ အပူအအေးပြင်းထန်တယ်၊ နွေဆိုလဲ ဗင်ကူးဗားထက် ပိုပူတယ်လို့ သိရပါတယ်။

ဒီလိုနေ့တွေဆို လူတွေက နေ့လည်စာကို စိမ်ပြေနပြေမစားတော့ဘဲ မြန်မြန်ဆန်ဆန်စားပြီး လမ်းထွက်လျှောက်ဖို့ကို ပိုအားသန်ကြတယ်။ ကျမ မြို့ပြကို သိပ်မနှစ်သက်တော့ ရုံးတွေကြားမှာ ဖောက်ထားတဲ့ တောလမ်းလေးအတိုင်း လမ်းလျှောက်ထွက်ဖို့ ရုံးဘေးပေါက်ကနေ အောက်ဆင်းလာပြီး နွေဦးမှတ်တမ်း လိုက်တင်မိတော့တာပါပဲ။

အပေါ်ကပုံကတော့ ရုံးမှာဆေးလိပ်သောက်တတ်သူတွေအတွက် ရုံးဘေးမှာဆောက်ထားပေးတဲ့ တဲလေးပါ။ အဲဒီနားကဖြတ်သွားရင် ဆေးလိပ်နံ့တွေ လှိုင်ထနေတာပါပဲ။ တဲလေးဘေးမှာတော့ ခရိုးကပ်စ်နဲ့ ဒက်ဖိုဒေး ပန်းလေးတွေ ပွင့်နေပြီ။ Japanese Maple ကတော့ အဖုးနီနီလေးတွေ စထွက်နေပါပြီ။ တဲလေးပတ်ပတ်လည်က ထင်းရှုးပင်တွေကတော့ တစ်နှစ်ပတ်လုံး အခုလိုပဲအမြဲစိမ်းစိုနေတာပါပဲ။ မြင်နေရတဲ့ကားကတော့ တရားမ၀င်ရပ်ထားတာ.. အဲဒီနားတစ်ဝိုက်မှာက ရုံးကားတွေပဲရပ်ရတာကို တစ်ယောက်ယောက် လူလည်ကျပြီး ခိုးရပ်ထားတာပဲဖြစ်မယ်။ အဲဒီတဲလေးထဲမှာ နေ့လည်ဆို ရုံးထဲက အဘိုးကြီးတစ်ယောက်လဲ တစ်ခါတစ်ခါ တယောတီးရင်း ထိုင်နေတတ်တယ်။

(ဆက်ဖတ်ရန်…)

April 22, 2009

ကမ္ဘာမြေကြီးရဲ့မွေးနေ့

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 2:59 pm

 earthday2005.jpg
ဒီနေ့ ..၂၂ရက်နေ့
လေပြေတွေ သင်းပျံ့တဲ့နေ့
ချယ်ရီပွင့်တွေ မြေပြင်ပေါ်မှာ ပန်းရောင်သန်းနေတဲ့နေ့ …

နွေဦးရာသီမို့ ပရစ်ဖူးတွေထွက်စ သစ်ပင်ကြီးငယ်တွေပေါ်မှာ
ငှက်ကလေးတွေ တေးသီလာကြတယ်….
Coyote တွေ ခြုံကြားထဲက တိုးထွက်လာတယ်။
မြက်ခင်းတွေပေါ်မှာ Canadian geese တွေ …..
ရေကန်စပ် ကျောက်တုံးတွေပေါ်မှာ လိပ်ကလေးတွေ….
ကောက်ရိုးမျှင်တွေကြားမှာ အရောင်ရင့်ရင့် Beaver လေးတွေ…
နေစာကို အပြေးအလွှားလှုံလာကြတယ်။

ကမ္ဘာကြီးရဲ့ အလှကို ခံစားဖို့
မြင့်မြတ်တဲ့ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ဖို့
လတစ်လရဲ့ ၂၂ ရက်နေ့မှာ…
ငှက်ကလေးအချို့နဲ့အတူ
ဘဲငန်းလေးအချို့နဲ့အတူ
ကြက်ဝါလေးတစ်ကောင်နဲ့အတူ
ခရေစေ့လေးတစ်စေ့နဲ့အတူ
ကြာပန်းလေးတစ်ပွင့်နဲ့အတူ
ကိုယ်လဲ… မွေးဖွားလာခဲ့တယ်။

(ဆက်ဖတ်ရန်…)

April 20, 2009

သံလွင်အိပ်မက် (ဧပြီလ ၂၀၀၉)

အားလုံးမျှော်လင့်နေကြတဲ့ သံလွင်အိပ်မက် အတွဲ၃၊ အမှတ်၂ ထွက်ပါပြီ။

ဆောင်းပါးများ၊ အက်ဆေးများ၊ ၀တ္ထုတို၊ ကာတွန်း၊ ကဗျာ၊ အူနာစေမည့်ဗေဒင်ကဏ္ဍမှ အစ.. ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံစကားပြောထားတာတွေအပြင် “မြန်မာဘလောဂ့်တွေကြား မှေးမှိန်နေတဲ့အခွင့်အလမ်းများ” စတဲ့ စိတ်ဝင်စားဖွယ် ဆောင်းပါးများကိုလဲ ဖော်ပြထားပါတယ်ရှင်…။

အောက်က ပန်းချီလေးနဲ့ကတော့ ကျမရေးထားတဲ့ ၀တ္ထုတိုလေးဖြစ်ပါတယ်။

moon.jpg

အိမ်ရှေ့တံခါးကို သော့ဖွင့်ပြီး ဇော်ရှိန်း အိမ်ထဲဝင်လိုက်တော့ ညနေ ခြောက်နာရီထိုးလုပြီ။ အိမ်ခန်းထဲသို့ဝင် အင်္ကျီ အ၀တ်အစားများကိုလဲပြီး ကွန်ပြူတာခလုတ်ကို ဖွင့်လိုက်သည်။ ပြီးတော့ ဂျီတော့ခ်ထဲကို ၀င်ထားလိုက်ပြီး အိမ်ရှေ့ခန်းကို ဇော်ရှိန်း ပြန်ထွက်လာခဲ့သည်။ အိမ်ရှေ့ခန်းက အတော်အတန် ကျယ်ဝန်းပြီး မီးဖိုနှင့်ပါ တွဲနေသည်။ မနေ့ကတည်း ကချက်ထားသော ကြက်သားနှင့်အာလူးဟင်းကျန်အိုးကို ရေခဲသေတ္တာထဲမှထုတ်ပြီး မီးဖိုပေါ်သို့ တင်နွှေးထားလိုက်သည်။ ထမင်းကြမ်းကိုတော့ ပန်းကန်ထဲထည့်ပြီး မိုက်ခရိုဝေဖ်ထဲ နှစ်မိနစ်ခန့် ထည့်နွှေးထားလိုက်သည်။ ဇော်ရှိန်း ငှားထားသော တစ်ယောက်အိပ် အိမ်ခန်းက ရေ၊ မီး၊ တယ်လီဖုန်း၊ အင်တာနက်၊ အ၀တ်လျှော်စက်ဖိုး အကုန်အပြီးအစီးမှ တစ်လကို ဒေါ်လာ ငါးရာ့ငါးဆယ်ပေးရသည်။ သည်မြို့က ဆင်ခြေဖုံးရပ်ကွက်အချို့မှာ ဇော်ရှိန်းတို့လို အိမ်ရှင်များက အိမ်အကြီးကြီးတွေကို ဆောက်သည့် အခါ လူငှားများကို တင်ရန်အတွက် ရေချိုးခန်း၊ မီးဖိုများပါထည့်ပြီး အခန်းပိုများပါ တွဲပြီးဆောက်လေ့ ရှိကြသည်။ နှစ်ယောက်အိပ် အိမ်ခန်းများကို တစ်လဒေါ်လာ ရှစ်ရာခန့်ယူပြီး၊ တစ်ယောက်ခန်းများကို ဒေါ်လာငါးရာခန့်ယူလေ့ရှိသည်။ ကိုယ့်ဟာကိုယ် တိုက်ခန်းငှားနေမည်ဆိုပါက၊ တစ်ယောက်အိပ် တိုက်ခန်းတစ်ခုကိုပင် ရေမီး၊ တယ်လီဖုန်း မပါဘဲနှင့်ပင် ဒေါ်လာ ခုနှစ်ရာခန့် ပေးရမည်ဖြစ်၍ သည်လိုအိမ်မျိုးက သည်လိုအခန်းမျိုးမှာပဲ ဇော်ရှိန်း အခန်းငှားနေလိုက်သည်။

ဇော်ရှိန်း ထမင်းဟင်းများကိုနွှေးအပြီး ပန်းကန်ထဲတွင် ပုံလိုက်ကာ ထမင်းစားပွဲသေးသေးလေးတွင် ထိုင်မစားတော့ဘဲ ကွန်ပြူတာရှေ့သို့ ပန်းကန်ကိုယူကာ ထွက်လာခဲ့သည်။ ဂျီတော့ခ်ကို တစ်ချက်ကြည့်လိုက်တော့ သူမ ရောက်မလာသေး။ ခြောက်ကပ်ကပ် ဆီပြန်ဟင်းကျန်နှင့် ထမင်းတစ်လုပ်စားလိုက်၊ ကောင်းနိုးရာရာ ဆိုက်ဒ်များမှ သတင်းများ၊ ဘလော့ဂ်များကို ဖတ်လိုက်နှင့် သူမကို မျှော်နေမိသည်။

“ကိုကို”

စပီကာမှ တွမ် ဆိုသည့် အသံကလေးနှင့်အတူ ဖန်သားပြင်ပေါ်မှာ သူမ အမည်ဘေးက မီးလေး လင်းလာသည်။ ဇော်ရှိန်း ရင်ထဲမှာ နွေးထွေးသွားသည်။

“မျှော်လိုက်ရတာ လမင်းရယ်”

………
………

ဆက်ဖတ်ချင်ကြတယ်ဆိုရင်တော့ ဒီကိုသွားပါရှင်..

April 13, 2009

ပင်ဂွင်း နဲ့ ဆော်လမွန်တို့ အိမ်အပြန်…

Filed under: ရုပ်ရှင်ခံစားချက်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 3:28 pm

penguins1.jpgMarch of the Penguins ဆိုတဲ့ documentary ကို တော်တော်များများကြည့်ဖူးပြီး ဖြစ်ပါလိမ့်မယ်။ အချစ်ဇာတ်လမ်း လို့ သူတို့တင်စားထားတဲ့ ဒီဖလင်ဟာ ၂၀၀၅ တုန်းက အကောင်းဆုံး documentary ဆုကိုရထားတဲ့ ဖလင်ဖြစ်ပါတယ်။ နောက်ခံစကားပြောတဲ့ သူတွေ အမျိုးမျိုးရှိပေမယ့် ကျမကြည့်တုန်းက နောက်ခံစကားပြောသူကတော့ Morgan Freeman ပါ။ Morgan Freeman က ကျမ အထင်မှာ စကားပြောမကောင်းဘူးလို့ ဆိုရပါမယ်။ ပြတ်တောင်းတောင်းနဲ့ စကားပြော ဆွဲဆောင်မှု မရှိတာတောင်မှ ဖလင်ရဲ့ သဘောသဘာဝကြောင့် နှလုံးသားကို ထိခတ်တဲ့ ဖလင်လေးဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အဆိုးဆုံးရာသီဥတုကျရောက်တဲ့ အန္တာတိကမှာ ကျင်လည်ကျက်စားတဲ့ ပင်ဂွင်းငှက်ကလေးတွေဟာ ပင်လယ်တွေမှာ လေးငါးနှစ်ကြာအောင် ကျင်လည်ကျက်စားပြီး အချိန်တန်လာတဲ့ တစ်နေ့မှာ သူတို့ မွေးဖွားခဲ့တဲ့ ရေခဲပြင်တွေရှိရာကို အုပ်စုလိုက် တန်းစီပြီး ချီတက်လာကြတယ်။ အဲဒီနေရာကို ဘယ်လိုပြန်ရောက်အောင် သွားသလဲဆိုတာတော့ သိပ္ပံပညာရှင်တွေက ခုထိတော့ တိတိကျကျမသိကျသေးပါဘူး။ နေရောင်၊ ဒါမှမဟုတ် ကြယ်တွေကိုကြည့်ပြီး ရောက်အောင်ပြန်သွားကြတယ်လို့ ယူဆကြတယ်။

အဲဒီနေရာမှာ ဆော်လမွန်-salmon ( sām’ən လို့ အသံထွက်ပါတယ်၊ အယ်လ် သံ မပါပါဘူး) ငါးတွေအကြောင်းသွားသတိရလိုက်ပါတယ်။ သူတို့လေးတွေဟာလည်း မွေးကတည်းက တစ်ခါမှ ပြန်မရောက်ဖူးတဲ့ မွေးရပ်မြေကို ပင်လယ်တွေ၊ သမုဒ္ဒရာတွေကိုဖြတ်ပြီး မြစ်လက်တက်တွေရာပေါင်းများစွာကို မှန်အောင်ပြန်ရွေးပြီး မွေးရပ်မြေကို ကြယ်တွေကိုကြည့်ပြီး ရောက်အောင် ပြန်လာတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြတယ်။

(ဆက်ဖတ်ရန်…)

April 10, 2009

ကျေးဇူးတင်ရှိခြင်း …

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 4:06 pm

ကျမရဲ့ ဒီဆိုက်လေးကို လူတွေဘယ်လိုရောက်လာလဲဆိုပြီး ဟိုနေ့က စိတ်ကူးပေါက်လို့ ကောင်တာလေးကိုဖွင့်ကြည့်မိတော့ ….

Direct Visit/ Bookmark နဲ့ လာသူများက ၄၄%
အိမ်ချမ်းမြေ့၊ ပန်းခရေ၊ မောင်၊ သီချင်း၊ ကဗျာ စတဲ့ စာလုံးတွေကိုရှာပြီး ရောက်လာသူတွေက ၆%
ကိုဝီရှီမီ မိသားစု မှ ရောက်ရှိလာသူတွေက ၅%
ကိုစေးထူး ဆီမှ ရောက်ရှိလာသူတွေက ၃%
မပန် ဆီမှ ရောက်ရှိလာသူတွေက ၃%
မခင်ဦးမေဆီမှ ရောက်လာသူတွေက ၂%
မောင်မျိုး ဆီမှ တဆင့်ရောက်လာသူတွေက ၂%

လာလည်ကြတဲ့ တိုင်းပြည်တွေက
စင်္ကာပူ မှ ၃၃%
ယူအက်စ် မှ ၂၀%
ကနေဒါမှ ၁၂%
မြန်မာမှ ၁၂%
ထိုင်း မှ ၅%
ယူကေ မှ ၄%
မလေးရှား မှ ၂%
ကျန်တဲ့ သြဇီတို့ ဟောင်ကောင်၊ ထိုင်ဝမ် စသည်တို့က ၁% လို့ သိရပါတယ်..

အားလုံးကို ကျေးဇူးတင်ကြောင်း ……
ပျော်ရွှင်သော သင်္ကြန်ဖြစ်ကြပါစေရှင်…

April 8, 2009

ပုလင်းတစ်လုံးနှင့် ဘီယာနှစ်ဗူး

Filed under: အတွေးအမြင် — အိမ့်ချမ်းမြေ့ @ 11:04 pm

စာသင်ခန်းတစ်ခုရဲ့ရှေ့မှာ ပရော်ဖက်ဆာတစ်ယောက်က ဖန်ပုလင်းအလွတ်ကြီးတစ်လုံးနဲ့ရပ်နေတယ်။ ပြီးတော့ အဲဒီဖန်ပုလင်းကြီးထဲကို စားပွဲပေါ်က ဂေါက်သီးလုံးတွေတစ်လုံးပြီးတစ်လုံးနဲ့ ပြည့်အောင်ဖြည့်လိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို ဖန်ပုလင်းက ပြည့်သွားပြီလားလို့မေးတယ်။ ကျောင်းသားတွေက ပြည့်သွားပြီလို့ ဖြေကြတယ်။

ပရော်ဖက်ဆာက ကျောက်စရစ်ခဲဗူးလေးတစ်ဗူးကို ကောက်ယူလိုက်ပြီး ခုနကဂေါက်သီးတွေနဲ့ပြည့်နေတဲ့ ဖန်ပုလင်းထဲကို ကျောက်စရစ်ခဲလေးတွေ လောင်းချလိုက်တယ်။ ကျောက်စရစ်ခဲတွေက လွတ်နေတဲ့ နေရာတွေမှာ နေရာယူသွားကြတယ်။ ပရော်ဖက်ဆာက ကျောင်းသားတွေကို ဖန်ပုလင်းကပြည့်သွားပြီလားလို့ ထပ်မေးတယ်။ ကျောင်းသားတွေကလည်း ပြည့်သွားပြီလို့ ထပ်ဖြေကြတယ်။

ပရော်ဖက်ဆာက သူ့ခုံပေါ်ကသဲဗူးလေးကို ကောက်ယူလိုက်ပြီး ဂေါက်သီးတွေရယ်၊ ကျောက်စရစ်ခဲတွေရယ်နဲ့ပြည့်နေတဲ့ ပုလင်းထဲကို သဲတွေလောင်းထည့်လိုက်ပြန်တယ်။ သဲတွေက နေရာလွတ်တွေရှိသမျှမှာ တိုးဝင်သွားကြတယ်။ ပရော်ဖက်ဆာက ကျောင်းသားတွေကို ဖန်ပုလင်းက ပြည့်သွားပြီလားလို့ ထပ်မေးတယ်။ ကျောင်းသားတွေကလည်း ပြည့်သွားပြီလို့ ထပ်ဖြေကြတယ်။

(ဆက်ဖတ်ရန်…)

April 7, 2009

နွေဦး

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 8:27 am

နေရောင်ခြည်က နှင်းဖုံးတောင်တွေပေါ်ကတဆင့် တောင်ပေါ်မြို့လေးရဲ့ လမ်းတွေပေါ်မှာ ကစင့်ကလျားဖြာထွက်…
လမ်းတွေပေါ်မှာ ရေချိုးပြီးထွက်လာသလိုပဲ ကားတွေက မျက်စိကျိမ်းမတတ် အရောင်တွေကလက်…
ကားပြူတင်းပေါက်တွေ အကုန်ပွင့်နေလို့ ကားတွေထဲက သီချင်းမျိုးစုံက ခုံပေါက်ကွဲအက်နေတော့….
နွေဦးတောင် ရှက်သွားတော့မယ်ထင်ရဲ့။

တရုတ်လူမျိုးတစ်ယောက်ရဲ့ ကားထဲက လေးတွဲ့တွဲ့ တရုတ်သီချင်းက ငိုတော့မလိုလို…
ကုလားလူမျိုးတစ်ယောက်ရဲ့ ကားထဲက ဗုံသံကစုံပြီး “ပြာတယ်.. ပြာတယ်..” လို့ဆိုနေသလိုလို…
ဗီယက်နမ် လူမျိုးတစ်ယောက်ရဲ့ ကားထဲက သီချင်းတစ်ပုဒ်က ကြားရသူတောင် ငိုညည်းလိုက်ချင်သလိုလို…
အဖြူတစ်ယောက်ရဲ့ ကားထဲက Celine Dion ရဲ့ နှာခေါင်းသံက ဟိုးမိုးပေါ်က ပျံ့လွင့်လာသလိုလို….
ဗမာမ တစ်ယောက်ရဲ့ ကားထဲကတော့ ကော်ပီသီချင်းတစ်ပုဒ်က သံစဉ်ညီနေသလိုလိုနဲ့…
နွေဦးကို စိုပြည်စေကြမလို့တဲ့။

လမ်းမပေါ်က မြီးကောင်ပေါက်မလေးတွေကတော့…
(ဆက်ဖတ်ရန်…)

April 3, 2009

ခေတ်နောက်ပြန်ဆွဲသူမို့

Filed under: ၀တ္ထု — အိမ့်ချမ်းမြေ့ @ 11:09 pm

ရှားအိမ်တစ်ယောက် သူငယ်ချင်း ၀ါရ ရဲ့ အိမ်ရှေ့ခန်းက ဆိုဖာပေါ်မှာ ကျောမှီပြီး တီဗွီမှန်သားပြင်ကို စိုက်ကြည့်နေသည်။ တီဗွီမှန်သားပြင်ပေါ်မှာ မိန်းမများကို ပြစားပြီး နာမည်ရလာသော “deal or no deal” အစီအစဉ်ထဲက အတိုများအဟိုက်များကို ကြည့်နေစဉ် အိမ်ရှေ့ခန်းက ဖုန်းက ဆယ်မိနစ်တစ်ခါလောက် မြည်နေသည်။

“၀ါရ.. ဖုန်းမကိုင်ဘူးလား”

“ငါ့ဖုန်းတွေ မဟုတ်ဘူး ရှားအိမ်၊ ငါ့အခန်းဖော် ၀ါသီရ ရဲ့ ဖုန်းတွေ”

“လာလှချည်လား”

“အင်း.. သူ့ကောင်မလေးတွေလေ”

“ကောင်မလေးတွေ…. ”

“အင်း… အွန်လိုင်း၊ အွန်လိုင်း” ၀ါရက ရယ်ကျဲကျဲနှင့်ပြောသည်။

“သူ့သမီးက တက္ကသိုလ်တောင်ရောက်နေပြီမဟုတ်လား၊ မိန်းမကော”

“ကွဲနေတယ်လေကွာ… တရားဝင်ကွဲတာတော့မဟုတ်သေးပါဘူး။ မင်းလဲ လုပ်ကြည့်ပါလား၊ အွန်လိုင်းမှာ ပေါတယ်၊ ငါတောင် ဂျာမဏီမှာကျောင်းတက်နေတဲ့ ကောင်မလေးတစ်ယောက်နဲ့ အဆင်ပြေနေတယ်”

(ဆက်ဖတ်ရန်…)

April 1, 2009

ဝါသနာ

Filed under: tag game — အိမ့်ချမ်းမြေ့ @ 11:07 pm

ဝါသနာ….ဆိုတာ အားလပ်တဲ့အချိန်မှာလုပ်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်အပန်းပြေစေတဲ့ အလုပ်တစ်ခုတဲ့။

ကျမအတွက်တော့ ၀ါသနာဆိုတာ မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားတယ်။

ကျမ ငယ်ငယ်က ကိုယ်လက်လှုပ်ရှား အားကစား သိပ်ဝါသနာပါတယ်။ ကြက်တောင်ရိုက်တာ၊ တောင်တက်တာ၊ ဘောလုံးကန်တာတွေကို သိပ်ဝါသနာပါခဲ့တယ်။ ကျမတို့ ခေတ်တုန်းက မိန်းကလေးတွေ ဘောလုံးကန်တာ၊ တောင်တက်တာတွေဟာ ဗိုင်းကောင်းကျောက်ဖိ ယဉ်ကျေးမှုတစ်ခုနဲ့ ဘယ်လိုမှ မသင့်တော်ခဲ့ဘူးလို့ ဆိုရမယ်ပေါ့နော်။ နောက်ပြီး အိုးပုတ်နဲ့ ကစားရတာ၊ စာအုပ်တစ်အုပ်အုပ်ယူပြီး သစ်ပင်ပေါ်တက် စာဖတ်နေရတာ၊ ဂစ်တာတီးရတာ သိပ်ဝါသနာပါခဲ့တယ်။ အဆိုးဆုံးကတော့ ကရာတေးကစားတဲ့ ၀ါသနာပါပဲ။ ၀ါသနာသာပါတာပါ၊ တစ်ခါမှ မကစားလိုက်ရပါဘူး။ ရှစ်တန်းလောက်တုန်းက အပေါင်းအသင်းတွေထဲမှာ ဂျုဒို၊ကရာတေး ခေတ်ထလိုက်သေးတယ်။ သိတဲ့အတိုင်းပဲ ဂျူဒို၊ကရာတေး တတ်တဲ့လူတွေဟာ သင်တန်းလေးစတက်ပြီဆိုတာနဲ့ လမ်းလျှောက်တာကိုက မြောက်ကြွမြောက်ကြွနဲ့ ကားပြီးလျှောက်တတ်ကြတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့တွေ ဘယ်လိုပဲကားနေကားနေ၊ ခါးပတ်နက်လောက်အထိ ကစားချင်တဲ့စိတ်တွေက ချိုးနှိမ်လို့မရဘူး။ အကိုတွေကတော့ပြောတယ် “မိန်းကလေးဖြစ်ပြီး ပခုံးကြီးကားပြီး အပေါ်ပိုင်းကြီး ကြီးချင်နေလား” တဲ့။ ကြီးချင်ကြီး၊ ကားချင်ကား ကိုယ်ကတော့ ကစားချင်တာပဲသိတယ်။ ဖြစ်ချင်တော့ အပေါင်းသင်းထဲက ခါးပတ်အညိုအဆင့် မိန်းကလေးတစ်ယောက်က လမ်းလျှောက်ရင် ယောင်္ကျားကြီးလို ကားပြီး မြောက်ကြွမြောက်ကြွဖြစ်နေရာကနေ၊ ရုတ်တရက် အရမ်းသိမ်မွေ့နူးညံ့ပြီး အရမ်းမိန်းကလေးဆန်သွားတယ်။ လမ်းလျှောက်ရင်လဲ ဆင်မယဉ်သာခြေလှမ်းကလေးနဲ့ လှုပ်လီလှုပ်လဲ့ဖြစ်နေတော့ ညီအစ်မတတွေ “ဟဲ့… သူ..ဘယ်လိုဖြစ်သွားရတာလဲ” လို့ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ်မေးနေရင်းကနေ သိလိုက်ရတာက …. သူ ရည်းစားရသွားလို့တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ အိမ်နောက်ဘက်မြေကွက်လပ်မှာ ကရာတေး အတော်အသင့်တတ်တဲ့ သူငယ်ချင်းမိန်းကလေးတွေဆီကနေ ဖေဖေ မသိအောင် ခိုးပြီးသင်ခဲ့ဖူးတယ်။
(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips