♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

September 5, 2014

ဖေ့ဘွတ်ကာ မိတော

Filed under: မိတော, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 6:46 pm

 blueflower3.jpg

မိတောသည် ဘီစီပြည်နယ်၏ ကျောင်းဆရာ/ဆရာ မ များနှင့် ပြည်နယ်အစိုးရတို့ စစ်အေးတိုက်ပွဲကြောင့် ကျောင်းများ ပြန်မဖွင့်သေးသည် ပြဿနာကို စိတ်ဆင်းရဲကြီးစွာ ခံစားနေရလေသည်။ မိတော၏ ကလေးလေးများသည် ကျောင်းမတက်ရဘဲ၊ အချို့ရက်များတွင် သူတို့၏နာနီနှင့် အချိန်ကုန်သည့်ရက်များရှိသလို၊ အခြားမောင်နှမများအိမ်ရောက်လိုရောက်၊ အဘွားအိမ်ရောက်သည့်နေ့ရောက်၊ သို့မဟုတ် အချိန်ပိုင်း ကျောင်းသို့သွားသည့်နေ့သွား၊ စန္ဒယား၊ ရေကူး၊ တိုင်ဂွမ်တို စသော သီအိုရီများဖြင့်တိုက်ရိုက်မထိတွေ့ရဘဲ… အချိန်ကုန်နေရကား….. စက်တင်ဘာဦး၏ ရွက်ကြွေများကဲ့သို့ သူတို့လေးတွေမှာ ဟိုလွင့်ဒီလွင့် ဖြစ်နေရသကဲ့ မိတောမှာ ခံစားနေရလေသည်။

ဒီကြားထဲမှာ…. ရုံးအလုပ်ကိစ္စများကလည်း နေ့စဉ်နှင့်အမျှ စိတ်ကို ကြပ်ပိတ်လှောင်အိုက်စေသည့်အပြင်၊ စက်တင်ဘာဦးတွင် ကြွေလွင့်တော့မည့် ပန်းအကြွေကောက်ရမည့် ကိစ္စများ၊ ခြံရှင်းရမည့် ကိစ္စများ၊ နှင်းဆီကိုင်း၊ သစ်တော်ကိုင်း၊ ပန်းသီးပင်ကိုင်း ချိုင်ရမည့် ကိစ္စများဖြင့် စိတ်များအလွန်ရှုပ်နေရလေသည်။

တစ်နေ့… မိတော ရုံးကအပြန်တွင် အိမ်တံခါးအဖွင့်… ချစ်စဖွယ် သာသာယာယာ၊ တီတီတာတာနှင့် ပြေးလွှားလာသံလေးများ မကြားသဖြင့် …

‘ကလေးတွေကော…. အစ်မကလေးတွေ ဘယ်ရောက်နေကြသလဲ’ ဟု ပျာပျာသလဲမေးရာတွင်..

(ဆက်ဖတ်ရန်…)

June 25, 2014

My Publication List

ရေးဖူးသမျှ…. မှတ်မိသမျှ….

(က) ထုတ်ဝေ စာအုပ်ခေါင်းစဉ်၊ ထုတ်ဝေသူ၊ ထုတ်ဝေသည့် ခုနှစ်နှင့် စာပေအမျိုးအစား

၁) လမင်းရှိုက်သံ၊ ဗိုလ်မှူးကြီးကျော်ကျော်ဦး (မြဝတီပုံနှိပ်တိုက်)၊ ၂၀၀၉၊ ရသဝတ္ထုတိုများ (တစ်ကိုယ်တော်
၂) သက်တံဆယ်စင်း၊ နေမျိုးစာပဒေသာ (AMK Creation) ၂၀၁၂၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၃) မိုင်တိုင်နှစ်ဆယ်၊ နေမျိုးစာပဒေသာ AMK Creation) ၂၀၁၃၊ ရသဝတ္ထုတိုများ (ကလောင်စုံ)
၎) ကြယ်စင်ဆယ့်တစ်၊ ဦးမျိုးဆင့်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၅) မိတောရဲ့ ရှတတနေ့စွဲများ၊ (AMK Creation) ၂၀၁၃၊ သရော်စာ (တစ်ကိုယ်တော်)
၆) အဖြူရောင်နှလုံးသားများဆုံမှတ်၊ မိုးစာပေ၊ ၂၀၁၃၊ ဝတ္ထုတိုများ (ကလောင်စုံ)
၇) စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီ၊ ဦးနေဇာမောင်မောင်၊ ၂၀၁၃၊ ရသစာစုများ (ကလောင်စုံ)
၈) ကကြိုးနှစ်ဆယ့်တစ်၊ ဒေါ်သင်းသင်းမွန် (AMK Creation) ၂၀၁၄ မေလ၊ အွန်လိုင်းရသစာစုများ (ကလောင်စုံ)
၉) ဆယ့်နှစ်ကြိုးတပ် နှစ်ဆယ့်လေးသံစဉ် ၊ မိုးစာပေ၊ ၂၀၁၄ ဇွန်လ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၀) ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ ၊ မိုးစာပေ၊ ၂၀၁၅ မေလ၊ ရသဝတ္ထုတိုများ စုစည်းမှု (ကလောင်စုံ)
၁၁) လယ်တောထဲက မိန်းကလေး မိုးစာပေ ၂၀၁၆ နိုဝင်ဘာ၊ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ် (တစ်ကိုယ်တော်)

(ဆက်ဖတ်ရန်…)

April 6, 2014

မိတောနှင့် အနီရောင်လန်ဘာဂီနီ

Filed under: မိတော, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:08 am

 red-lamborghini-veneno.jpg

မိတောသည် ဂျူနီယာတောအတွက် ဂျင်းပန်အဝယ်ထွက်လေသည်။ ကုန်တိုက်ကြီးများတွင် ဈေးဝယ်ထွက်ရသည်ကို ငယ်စဉ်ကပင် စိတ်မပါသော မိတောသည်၊ ကုန်တိုက်ထဲမှ ရေမွှေးနံ့၊ လူနံ့၊ ကုန်ပစ္စည်းများရနံ့များကို ဘယ်နိုင်ငံရောက်ရောက်၊ ဘယ်လောက်မွှေးမွှေး၊ မနှစ်သက်သူဖြစ်သော်ငြားလည်း ဂျူနီယာတော၏ ဂျင်းပန်များ ဒူးခေါင်းမှ ပြဲနေပြီဖြစ်သဖြင့် မဝယ်မဖြစ် ဈေးဝယ်ထွက်ရခြင်းပင်။

ဂျူနီယာတောသည် ဘောင်းဘီကို ဂျင်းပန်သာ ဝတ်လေသည်။ မိခင်ခြေရာနင်းသလားမသိ။ ငယ်စဉ်ကတည်းက ဂျင်းဘောင်းဘီလက်နှိုက်ပြီး ပလက်ဖောင်းဘေး လျှောက်ရသည်ကို အဟုတ်ကြီးထင်ခဲ့မိတောမှာ၊ ဂျူနီယာတောနှင့်မှ ဝဋ်လိုက်လေပြီ။

“တစ်ခြားဘောင်းဘီတွေလည်း ဝတ်ပါဦး သမီးရယ်၊ ဂျင်းပန်ချည်းပဲ ချဝတ်ပစ်တာ၊ ရှိသမျှဂျင်းတွေလည်း ဒူးက ပေါက်ကုန်ပြီ”
“ဟင့်အင်း…. ဂျင်းပန်ပဲကြိုက်တယ်၊ နောက်ပြီး skinny jeans ပဲ ကြိုက်တယ်”
“အမလေးတော်၊ ဂျင်းပန်တောင်မှ ခြေသလုံးမှာ ကြပ်နေတဲ့ ဂျင်းကိုမှ ကြိုက်ရသလား၊ ဒူးခေါင်းတွေမှာ အကုန်ပေါက်နေတာ ကြပ်လွန်းလို့ဖြစ်ရမယ်။ ဂျင်းပန်တွေချည်းပဲ ဝယ်မပေးနိုင်တော့ဘူး။ တစ်ခြားဘောင်းဘီတွေပဲ ဝယ်ပေးနိုင်တော့မယ်၊ ဂျင်းပန်ဝယ်ဖြစ်ရင်လည်း ခပ်ပွပွဂျင်းတွေပဲ ဝယ်ပေးတော့မယ်”
“မကြိုက်ဘူး၊ ခပ်ပွပွဂျင်းတွေ မဝတ်ချင်ဘူး”
“စိတ်ညစ်လိုက်တာနော်….. မင်းကိုယ်မင်း အပျိုများထင်နေလား… ဟင်”
“အပျိုဆိုတာ ဘာလဲဟင် မေမေ”

(ဆက်ဖတ်ရန်…)

March 17, 2014

မိတော နှင့် တောင်သမန်အင်း ဇာတ်လမ်း

Filed under: မိတော, ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:30 am

 hand.jpg

 နွေဦးပေါက်သည်နှင့် မက္ကဆီကိုဘက်မှ ဌက်များ ကနေဒါဘက်သို့ ပြန်လည်ပျံသန်းလာသကဲ့သို့၊ မိတော၏ မိခင်ကြီးသည်လည်း မြန်မာပြည်မှ ကနေဒါသို့ ပြန်လာပြီဖြစ်သောကြောင့် အလွန်အမင်းပျော်နေမိလေသည်။

 

မိခင်ကြီးနှင့်အတူပါလာသော ချဉ်ပေါင်ကြော်၊ ဘာလချောင်ကြော်၊ ငါးသလဲထိုးကြော် စသော… လျှာပေါ်တွင် နတ်သုဒ္ဓါတမျှ အရသာရှိလှလေသော မြန်မာအစားအစာများကိုလည်း စားရတော့မည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေခြင်းလည်းဖြစ်သည်။

 

မိခင်ကြီးထံမှ မိတော အလွန်နှစ်သက်သော မယ်ဇင်ပင်စေ့ (သို့မဟုတ်) မဉ္ဇူသကနတ်ပန်းပင်မှ ရသော အစေ့ကလေးများဖြင့် ပြုလုပ်အပ်သော ပိုက်ဆံအိတ်ကလေးများ၊ လက်ကောက်ပျော့လေးများနှင့် သော့ချိတ်ကလေးများကိုလည်း မြတ်နိုးရင်ခုန်စိတ်လှုပ်ရှားကာ မထိရက်မကိုင်ရက်အောင် ဖြစ်နေမိလေသည်။

မိခင်ကြီးသည်လည်း “မိတော၏ ရှတတနေ့စွဲများ” စာအုပ်များကိုလည်း မည်သို့မည်ပုံ လက်မှတ်ထိုးကာ လူအများကို အလှူပေးလိုက်ကြောင်းကိုလည်း ကြားသိရလေသည်။

“မေမေက စာအုပ် အုပ် ၃၀ ကို အကုန်ပေးပစ်လိုက်တာလား”

“အင်း…. အိမ့်ချမ်းမြေ့ ကိုယ်စား… ဆိုပြီး လက်မှတ်တွေ ထိုးထိုးပြီး လက်ဆောင်ပေးပစ်လိုက်တာပဲ”

“နည်းနည်းလေးတောင် ရောင်းမကြည့်ဘူးလားဟင်”

မိတော မရဲတရဲလေး မေးမိလေသည်။

“သူတို့က ဝယ်ချင်တာ။ ဝယ်မယ်လည်းပြောတယ်၊ ဒါပေမယ့် မေမေက လက်ဆောင်ပေးပစ်လိုက်တာလေ”

“အွမ်….”

(ဆက်ဖတ်ရန်…)

January 29, 2014

မိတောနှင့် သွေးလှူခြင်း

Filed under: မိတော, ပြုံးစရာ — အိမ့်ချမ်းမြေ့ @ 1:18 am

မိတောသည် ယခုနှစ်မွေးနေ့ရက်တွင် မိသားစု၊ သူငယ်ချင်းမိတ်ဆွေများ၏ ဂရုစိုက်မှုကို ခံရသဖြင့် ကျေနပ်ပျော်ရွှင်နေလေသည်။ ရုံးတွင် မွေးနေ့ပွဲများကို ကျင်းပလေ့ရှိသော်လည်း မိတောတို့ဌာနတွင် မွေးနေ့ပွဲများ မကျင်းပကြသည်မှာ ကြာပြီဖြစ်လေသည်။ မကျင်းပရခြင်းအကြောင်းမှာ မိမိတို့ကိုယ်မိမိတို့ အသက်ကြီးလာကြပြီဟုယူဆမိကာ ကျင်းပလိုစိတ်မရှိကြတော့၍ဟု တိုတိုတုပ်တုပ်ဆိုရအံ့။

လွန်ခဲ့သောနှစ်များတွင်မတော့ တစ်စုံတစ်ယောက်၏မွေးနေ့ရက်ရောက်ပြီဆိုလျှင် ရုံးသို့ လှလှပပပြင်ပြင်ဆင်လာကြပြီး၊ မွေးနေ့ပွဲများကိုလည်း တခမ်းတနား ပျော်ရွှင်စွာကျင်းပလေ့ ရှိကြသည်။ မိမိမွေးနေ့ကို ချစ်ခင်သူများက သတိမရကြလျှင် ဘဝကြီးတစ်ခုလုံးပြီးဆုံးတော့မလို ဝမ်းနည်းတတ်ကြသေး၏။ အသက်သုံးဆယ်နား ကပ်လာကြသည့်အခါတွင်မတော့ မွေးနေ့ပွဲကျင်းပရန် စိတ်သိပ်မပါကြတော့။

ထိုသို့စိတ်သိပ်မပါကြသော်လည်း မွေးနေ့ပွဲများကိုတော့ ကျင်းပနေကြဆဲ။ သုံးဆယ်ကျော်လာကြသည့်အခါတွင်မတော့ မိမိမွေးနေ့ကို သတိမရကြလျှင်လည်း ဘာမှသိပ်မဖြစ်ကြတော့။ တစ်စုံတစ်ယောက်က သတိရပြီး ကျင်းပပေးလျှင်လည်း စိတ်မပါ့တပါဖြင့် ကျင်းပဖြစ်ကြသေးသည်။ သုံးဆယ်နှောင်းပြီး လာချိန်ကာလများတွင်မတော့ မိမိမွေးနေ့ကို သတိရကြမည်ကိုပင် စိုးရိမ်လာကြတော့သည်။ မွေးနေ့ပွဲထက် အရေးကြီးသော အခြားကိစ္စများနှင့် လုံးချာလည် လိုက်နေကြရသည်လည်း ပါသည်။ အသက်ဘယ်လောက်ရှိပြီလဲဟု မေးခံရမည်ကိုလည်း စိုးရိမ်လာကြသည်လည်း ပါမည်။

(ဆက်ဖတ်ရန်…)

December 13, 2013

မိတောနှင့် ကောင်တာမမ များ

Filed under: မိတော, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:11 am

မိတောသည် ညက ဆီးဂိမ်းများကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး အိပ်ရာဝင်နောက်ကျသဖြင့်၊ နံနက်မိုးလင်းသောအခါတွင် ခေါင်းတဆစ်ဆစ် ကိုက်လျှက် ရှိလေသည်။ ဆောင်းရာသီမို့ ရာသီဥတုက ပြင်းထန်သဖြင့် မိုးလင်းကတည်းက အကျီင်္ အထပ်ထပ်ဝတ်၊ လည်စည်းပုဝါ၊ ဦးထုပ်၊ လက်အိတ်ပါ မကျန် အကုန်ဝတ်ပြီးသကာက၊ ကားကိုလည်း ရေခဲဆင်းခြစ်ရသေးသည်။ အရင်ဆုံးကို ကားကို စက်နိုးထားကာ ကားပေါ်ရှိ ရေခဲများကို ကော်ပြားအသေးလေးဖြင့် ခြစ်ရလေသည်။ ရာသီဥတုသိပ်မအေး တအေး၊ နေရောင်ခြည်လေးပွင့်သည့် ကာလများကဆိုလျှင် ကားမှန်ပေါ်ရှိ ရေခဲမှုန်ကလေးများကိုကြည့်ပြီး ကဗျာဆန်လိုက်ချင်သေးသဖြင့် ကဗျာကလေးများရေးတတ်သေးသည်။ စိတ်ကူးပေါက်လျှင် အွန်လိုင်းမှတဆင့် ချစ်သော အွန်လိုင်း/အော့ဖ်လိုင်း မိတ်ဆွေများကို ဂွတ်တမောနင်း တစ်ခါ…၊ ကောင်းသောနံနက်ခင်းပါ တစ်မျိုး နှုတ်ခွန်းဆက်မိသေးသည်။ သို့သော်လည်း ဒီရက်များမှာတော့ ရေခဲဆိုလျှင် ကြည့်ကိုမကြည့်ချင်။

ice.jpg

ထိုသို့ဖြင့် အိပ်ရေးကပျက်၊ အလုပ်ကများဖြင့် ရုံးစားပွဲမှာ ခေါင်းကိုက်လွန်းသဖြင့် ငြိမ်ကာနေနေလေသည်။ သူငယ်ချင်းများက နှုတ်ဆက်သော်လည်း မျက်နှာကိုညှိုးလျှက် ထားလေသည်။

“ဘာဖြစ်နေတာလဲ.. နေမကောင်းဘူးလား”

“ခေါင်းတွေ ထိုးကိုက်နေတယ်”

“ဟေ့… သူ ခေါင်းတွေ ထိုးကိုက်နေတယ်တဲ့၊ first aid attendant တစ်ယောက်ခေါ်လိုက်”

“ဖြည်းဖြည်းပြောပါဟာ၊ နင်အော်တာနဲ့ ငါ့ခေါင်းတွေ ကွဲထွက်မှာ စိုးရတယ်၊ first aid attendant လည်း မလိုဘူး၊ ကောင်းသွားလိမ့်မယ်”

မိတော ပြော၍ မဆုံးခင် first aid attendant က အေးနေအောင်ပြုထားသော အပြာရောင်ဂျဲလ်အိတ်တစ်လုံးဖြင့် ရောက်ချလာတော့သည်။

“ရော့… အင့်… ဒါလေး နဖူးဖြစ်ဖြစ်၊ ဂုတ်ပေါ်ဖြစ်ဖြစ် တင်ထားလိုက်၊ သက်သာသွားလိမ့်မယ်”

“ရော့… ဒီမှာ အကိုက်ခဲပျောက်ဆေး သောက်လိုက်”

“အဲဒါတွေ သိပ်မသောက်ချင်ဘူး၊ အူပါးတယ် နောက်ပြီး အသဲကိုထိတယ်”

“အသဲကို မထိတဲ့ဆေး၊ အူမပါးစေတဲ့ဆေး ရှိရင် ပြော”

သူငယ်ချင်းများက စေတနာပလပွဖြင့် ပြီးပြီးရောပုံစံများဖြင့် ဂျဲလ်အိတ်ကို ခေါင်းပေါ်တင်ပေးသွားသည်။ အကိုက်ခဲပျောက်ဆေးအားလည်း ပုလင်းလိုက် ဒိုးဒိုးဒေါက်ဒေါက်ချပေးသွားသည်။ ဆေးမသောက်ချင်သဖြင့် ရစ်ချင်သလိုလိုရှိသော မိတောကို ဖြစ်ချင်ရာဖြစ်ထားပြီး ထွက်သွားကြလေတော့သည်။ သို့ဖြစ်၍ ရှိုးနှင့်အလှပြင်ထားပြီး ဂျဲလ်အိတ်ကြီး ခေါင်းပေါ်တင်ကာ ကွန်ပြူတာရှေ့တွင် တကုပ်ကုပ် အလုပ်ဆက်လုပ်နေသော မိတောပုံစံကို မြင်ယောင်ကြည့်နိုင်ပါသည်။

ခေတ္တကြာသောအခါ မိတော၏ အထက်အရာရှိမက ဖြတ်အလျှောက် မိတောဖြစ်နေပုံကို လှမ်းတွေ့လေသည်။

“ခေါင်းပေါ်မှာ ဘာကြီးလဲ”

“ခေါင်းတွေကိုက်လွန်းလို့ ရေခဲအုံပေးသွားကြတာပါ”

“မင်းကိုကြည့်ရတာ မသက်မသာ ရှိလှပေမယ့် ခေါင်းပေါ်မှာ ရေခဲအိတ်လေးနဲ့ ချစ်စရာလေး”

“ကိုယ့်ကိုကိုယ်တော့ ချစ်စရာလေးလို့ ခံစားမနေရဘူး”

(ဆက်ဖတ်ရန်…)

September 13, 2013

မိတောနှင့် အမှတ်တရ သောင်္ကြာ၁၃

Filed under: Gamer မဂ္ဂဇင်း, မိတော, AMK Creation — အိမ့်ချမ်းမြေ့ @ 6:00 pm

၁၃ ဂဏန်းကျတဲ့ သောင်္ကြာရက်ဆိုရင် လူတွေက မကောင်းတဲ့ရက်အနေနဲ့ သတ်မှတ်ကြတယ်။ အထူးသဖြင့် ဒီဘက်နိုင်ငံတွေမှာ လူအချို့ဟာ ၁၃ ဂဏန်းကိုလည်း မနှစ်သက်ဘူး၊စီးပွားရေးသမားတွေက စီးပွားရေးတစ်ခုခုစလုပ်မယ်ဆိုရင်လည်း သောင်္ကြာနေ့ကို မရွေးဘူးလို့ ဆိုကြတယ်။

သောင်္ကြာ ၁၃နဲ့ ပတ်သက်လို့ အမျိုးမျိုးအမြင်တွေရှိတယ်။ အချို့ကလည်း ၁၂ ဂဏန်းဟာ ပြီးပြည့်စုံခြင်းကို ပြတယ်။
တစ်နှစ်မှာ ၁၂ လရှိတယ်၊ နက္ခတ် ၁၂ခု၊ နာရီတွေဟာ ၁၂ မှာဆုံးတယ်၊ ပြီးတော့ ၁ ကနေ ပြန်စတယ်၊ သခင်ခရစ်တော်မှာ တမန်တော် ၁၂ ပါးရှိတယ်၊ အစ္စရေးလူမျိုး ၁၂ မျိုး စသဖြင့် ၁၂ ဂဏန်းဟာ ပြီးပြည့်စုံမှုကို ပြတဲ့အတွက်၊ ၁၃ ဟာ စည်းမျဉ်းတစ်ခုကနေ သွေဖယ်နေလို့ လို့ ဆိုကြတယ်။

အချို့ကလည်း Thomas W. Lawson ရဲ့ နာမယ်ကြီး ဝတ္ထုဖြစ်တဲ့ Friday, the Thirteenth ကြောင့် လူတွေက တစ်စခန်းထတာလို့ ဆိုသလို၊ သောင်္ကြာနေ့မှာ သခင်ခရစ်တော်ကို ကားစင်တင်ခဲ့တဲ့ နေ့မို့လို့လည်း ထိတ်လန့်ကြရာမှ အစပြုပြီး စွဲလာတာလို့ ဆိုကြတယ်။

ဒီကြားထဲမှာ မှ Dan Brown ရဲ့ The Da Vinci Code ဝတ္ထုကလည်း သောင်္ကြာနေ့၁၃ ရက်ကို ပိုမိုထိတ်လန့်စေအောင် ပြုတယ်လို့ ဆိုတယ်။

အဲသလို အမျိုးမျိုးကြားထဲမှာ စောစောအိမ်ပြန်ချင်လို့ မနက်အစောကြီးထပြီး ရုံးကို လာခဲ့တယ်။ အိမ်ကမထွက်ခင် ကောင်းကင်ကိုမော့ကြည့်လိုက်တော့ မောင်ရင်ဆိုင်းထမ်းရယ်၊ ဖျောက်ဆိပ်ကြယ်စုရယ်၊ မာကျူရီဂြိုလ်ရယ်က လင်းလက်တောက်ပနေလိုက်တာ ဆိုတာ… မိတောမှာ တခဏတာ ငေးမောတွေဝေမိသွားတယ်၊ သဘာဝအလှမှာ နစ်မျောသွားမိတယ်။

တစ်ကယ်ဆို မိတော အိပ်ရေးပျက်တာ ၂ည ရှိပြီ။ နွေကုန်ဆောင်းဦးကာလမှာတောင် နေခြစ်ခြစ်တောက်ပူနေတဲ့ ဘုရားစူးကနေဒါမှာ ညစဉ် လူးလိမ့်နေရတယ်။ ၂ရက်လုံးပေါင်းမှ ၆ နာရီပဲ အိပ်ရသေးတာမို့ မိတော စိတ်ကတိုချင်သလိုလိုဖြစ်နေတယ်။ ရုံးရောက်တော့ မနက် ခြောက်နာရီကနေ ရှစ်နာရီထိ အလုပ်လုပ်ရင်း၊ ရေးလက်စ စာလေးကို ခေါင်းထဲစီချရင်း စိတ်လက်ကြည်သာနေပေမယ့်၊ ရှစ်နာရီထိုးတာနဲ့ စိတ်တိုစရာက တန်းစီလာတော့တယ်။ အဲဒီအထဲမှာမှ အောက်မှာ ကော်ဖီဆင်းယူတုန်း သက်သာချောင်ချိရေးဆိုင်က စာဖိုမှူးတစ်ယောက်က မြန်မာပြည်အကြောင်းတွေ လာမေးနေပြန်တယ်။

‘မင်းတို့ တိုင်းပြည်က သွားလည်ရင် လုံခြုံမှု ရှိပါတယ်နော်၊ ငါသွားလည်ချင်လို့၊ ဒါပေမယ့် စဉ်းစားနေရတယ်၊ ခိုးမှု လုမှုတွေ၊ ရိုက်မှုတွေများ ရှိသလားလို့’
‘ဒါကတော့ မင်းဘယ်နေရာသွားလဲ ပေါ် မူတည်ပါတယ်၊ တော်ရုံကတော့ ဘယ်သူမှ မလုပါဘူး’ လို့ မိတော ဖြေလိုက်တယ်။ ကြိုးစားပြီး ကောင်းကောင်းဖြေပေမယ့် စာဖိုမှူးမေးတာကို မကြိုက်တဲ့ လေသံ ထွက်နေတယ်။

(ဆက်ဖတ်ရန်…)

July 25, 2013

မိတောအကြောင်းတစေ့တစောင်း (မိတော review by မောင်မျိုး)

Filed under: မိတော, AMK Creation, letters from fans, စာအုပ်ခံစားချက် (Book Review) — အိမ့်ချမ်းမြေ့ @ 8:58 am

 mgmyo.JPG

စာအုပ်တွေနဲ့ဝေးနေတော့ စာငတ်နေတာကြာပြီ။ ဆိုလိုတာကအွန်လိုင်းမှာဖတ်လို့ရနိုင်ပေမယ့် စာအုပ်ဆိုတာနဲ့ လက်ထဲကိုင်ဖတ်ချင်တဲ့စိတ်က ရှိနေတာမို့ပါ။ အဲ့တာမှ ပိုအရသာရှိသလားလို့။ မလေးရေးတဲ့ မိတောစာအုပ်လေး ထုတ်ဖြစ်မယ်ဆိုတာတော့ ကြားတော့ကြားတယ်။ ဒါပေမယ့် ဒီလောက်မြန်မြန်နဲ့ သပ်သပ်ရပ်ရပ်ကလေးဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ အခုစာအုပ်ကလေးကအပြင်အဆင် အကြောင်းအရာအများကြီး လမင်းရှိုက်သံနဲ့ ကွာခြားနေတာခံစားလိုက်ရတယ်။ စာအုပ်မျက်နှာဖုံးလေးကလည်း ချစ်စရာကောင်းတယ်။ ပိုချစ်ဖို့ကောင်းတာက အတွင်းပန်းချီလေးတွေက တော်တော်ကိုလိုက်ဖက်တာ ပန်းချီဆရာကိုနော်ဆိုတဲ့သူ တော်တော် တော်တယ်။ စာအုပ်ဖတ်ရင်း မပြီးသေးတဲ့အခါ စာမျက်နှာတွေ ခေါက်ခေါက်ထားရတဲ့အခါ အဆင်မပြေမှုကို စာအုပ်စီစဉ်သူက ကြိုးကလေးနဲ့လုပ်ထားပေးတဲ့ အိုင်ဒီယာလေးမှာတော့ စာရေးသူနဲ့ စီစဉ်သူကြားက ခင်မင်ဂရုစိုက်မှုကို ပြလိုက်သလိုပါပဲ။

စာအုပ်လက်ဆောင် ၅ အုပ်ကြီးများတောင်ပေးတဲ့ မလေး၊ စာအုပ်တွေသိမ်းထားပေးတဲ့ ‘ကိုဏီ’ နဲ့ အတူတကူးတကဒီအထိအရောက် ပို့ပေးလူ ပင်ပန်းငွေအကုန်ကျပါခံလိုက်ရတဲ့ နာမည်လှလှနဲ့ ‘မသူ’ တို့ကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား ။ စာအုပ်ရီဗြူးရေးမယ် ရေးမယ်နဲ့ စာရေးပျင်းနေတဲ့အကြောက မသေသေးတော့၊ တစ်လုံးမှကို မရေးဖြစ်ဘူးရယ်။ အသိတစ်ယောက်ကပြောတယ် “အိမ့်ချမ်းမြေ့က စာအုပ်တော်တော်များများမှာရေးနေတာ မင်းကသူရေးသမျှစာတိုင်းရီဗြူးရေးနိုင်လို့လား” တဲ့။ အဲ့တာရွဲ့တား)။ အမှန်ကတော့ ခင်မင်မှုကြောင့်ရေးတာ။ ကောင်းပါတယ်ဆိုတဲ့ လန်ထွက်ပျံတက်နတဲ့ အွန်လိုင်းကဒိတ်ဒိတ်ကြဲတွေရဲ့ စာတွေကို ကောင်းပါတယ်ဆိုပြီး အားနာပါးနားရွှီးနေရမှာထပ်စာရင် ခင်မင်စွဲကြောင်း ဝေဖန်ရေး လေကန်ရေးလုပ်ရတာက ပိုအဆင်ပြေသလားလို့ပါ။

(ဆက်ဖတ်ရန်…)

June 11, 2013

ကျွန်တော်နှင့် မိတော (Review by ဏီလင်း ညို)

nyi2.jpg

အွန်လိုင်းပေါ်မှ www.ainchannmyay.com စာမျက်နှာထက်တွင် မလေးအိမ့်ချမ်းမြေ့ရေးခဲ့သော မိတော စာစုများအား အခြေအနေ အမျိုးမျိုးကြောင့် ကျွန်တော်ဖတ်ဖြစ်တာတွေလည်းရှိသလို မဖတ်ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် မလေးက မိတောစာစုအားလုံးကို စုပေါင်း၍သာမက နောက်ထပ်အသစ်ရေးထားသော (အွန်လိုင်းပေါ်မှ စာဖတ်သူမောင်နှမများ မဖတ်ဖူးသေးသော) စာစုလေးများကိုပါ ထပ်ပေါင်းပြီး စာအုပ်လေးတစ်အုပ်အဖြစ် ဖန်တီးမည်ဟု သိရသောအခါ စိတ်ထဲ အတိုင်းမသိ ၀မ်းသာမိခဲ့ရ၏။ မျှော်လင့်စောင့်စားခဲ့မိ၏။

မျှော်လင့်မိရခြင်းမှာ အခြားအကြောင်းကြောင့်တော့ မဟုတ်။ အွန်လိုင်းစာမျက်နှာပေါ်မှ ကျွန်တော် ဖတ်မိသလောက်သော မိတောစာစုလေးများက ချစ်စရာ၊ ကရုဏာသက်စရာကောင်းသည့် သရော်စာဆန်ဆန် ပုံစံမျိုးလေးတွေမို့ စိတ်ထဲ သဘောကျမိခဲ့သောကြောင့်ပင် ဖြစ်၏။ ဒါကလည်း ရံဖန်ရံခါတွင် သရော်စာလေးများအား မတောက်တခေါက် ထ,ထရေးတတ်ချင်သေးသော ကျွန်တော့်ဝါသနာနှင့် ကိုက်ညီနေခဲ့သောကြောင့်လား မပြောတတ်။ စကားမစပ်ပြောရမည်ဆိုလျှင် သရော်စာဆိုသည်မှာ ရေးတတ်ပါမှ တန်ကာကျ၏။ တော်၏။ မရေးတတ်လျှင် သရော်စာမှနေ “ကလော်”စာဖြစ်သွားတတ်သည်ဟု ကျွန်တော်ကြားခဲ့ဖူးသည်။ ပြောရမည်ဆိုလျှင် တစ်ဖက်သားအား စော်ကားရာရောက်သွားတတ်သည့် သဘောမျိုးပင် ဖြစ်လိမ့်မည်။ ထားတော့၊ အခု ကျွန်တော် ရေးချင်တာက သရော်စာဋီကာ မဟုတ်။ အကျယ်တ၀င့် ရှင်းပြရလောက်အောင်လည်း ကျွန်တော်က အများကြီး နှံ့စပ်သိရှိသူ မဟုတ်ခဲ့။ ကျွန်တော်ရေးချင်တာက မိတောစာအုပ်လေး၏အကြောင်းသာ ဖြစ်၏။

(ဆက်ဖတ်ရန်…)

June 4, 2013

ရှတတမိတော - Review by Author Shweainsi

 039.jpg

မိတောနှင့် စတင်သိကျွမ်းရသည်မှာဆန်ပိုးများဖြစ်သည်။ ယခင်က မလေး (အိမ့်ချမ်းမြေ့) မိတော ဇာတ်လမ်းများစွာ ကို ရေးခဲ့သည် ဟုဆိုသည်။ သို့သော် ကျွန်မ မဖတ်ဖူးခဲ့။အင်တာနက်ဘလော့ဂ်စာမျက်နှာကို နောက်ကျမှ ရောက်ရှိလာခြင်းကြောင့် ယခင်ရေးနှင့်ကြပြီးသော ဘလော့ဂ်စာများကို မဖတ်ရှုဖူးခဲ့ပေ။ အချိန်ရှားပါးမှုနှင့် မျက်လုံးပြဿနာကြောင့် စာစုံဖတ်ရှုနိုင်ဖို့၊ ရှာဖွေဖို့ခဲယဉ်းနေခဲ့သည်။ ‘မိတောနှင့်ဆန်ပိုးများ’ ကိုဖတ်ရှုမိချိန်တွင် သဘောတကျနှင့် အစမှ အဆုံးတိုင် ပေါ့ပါးရွှင်သာစွာ ဖတ်ရှုဖြစ်သွားသည်။ ဆန်ပိုးများကို တွေ့ရှိကာရှင်းလင်းဖြစ်ရာမှ ၎င်းဆန်ပိုးလေးများအကြောင်း စပ်စပ်စုစုရှာဖွေလေ့လာသည့် အကြောင်းမျှသာ ဖြစ်သော်လည်း ရေးသားပုံသွက်လက် အရွှင်ဓာတ်ပါကာ ခေတ်ကိုပါ မထိတထိသရော်စာလေးများဖြင့် ရိပ်ဖမ်း သံဖမ်းထည့်ရေးသွားသည်။

မိတောခမျာ သူ့ဆန်ပိုးများအကြောင်း ပြောပြရန် ကိုရင်သာအေးကိုလိုက်ရှာနေချိန်တွင် တွေ့မြင်လိုက်ရသောအဖြစ် သနစ်ကိုရေးပြသွားသည်မှာ တစ်ပိုဒ်ထဲနှင့် မျက်မှောက်ခေတ်ကို သိမ်းကြုံးသရော်သွားနိုင်သည်။

‘အင်တာနက်စာမျက်နှာ များပေါ်တွင် မြန်မာပြည်အရေးများဖတ်ပြီး မျက်နှာတည်တည်ကြီးဖြစ်နေသော ကိုရင်သာအေး ကိုလှမ်းမြင် လိုက်သည်။ သူ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ခြင်းဖြင့် မြန်မာပြည်တစ်နေရာရာမှာ မြစ်ရေလျှံပြန်ပြီလား၊ မီးပျက် ပြန်ပြီလား၊ မီးလောင်ပြန်ပြီလား၊ လက်ကိုင်ဖုန်းတွေ ဈေးတက်ပြန်ပြီလား၊ ဆည်တွေဆောက်ကြပြန်ပြီ လား၊ တောင်တွေ ဖြိုပြန်ပြီလား၊ ဘယ်သူက ဘယ်သူ့ကိုနမ်းပြန်ပြီလဲ…တစ်ခုခုတော့ ဖြစ်နေပြန်ပြီကို ရိပ်မိလိုက်ရပြန်သည်။ ဒါကြောင့် ဘာမှ မပြောဝံ့တော့ဘဲ အိမ်ပေါ်သို့ အသာလေးတက်လာလေသည်။’

မိတောရေးသားပုံမှာ အရွှန်းဖောက်နေခြင်းမဟုတ်သော်လည်း သူမ၏ပြုမူလှုပ်ရှားပုံကလေးများ၊ စကားများ၊ ပတ်ဝန်း ကျင်မှ လူများနှင့် ကူးလူးဆက်နွယ်သော အဖြစ်သနစ်များက ပြုံးစရာ၊ ရယ်မောစရာဖြစ်နေသည်။ တစ်နည်း လူ့စရိုက်၊ လူ့ သဘာဝကို အသော့လေး ဖော်ဆောင်နေသည့်နှယ်။ ‘ဆန်ပိုးများ’ ကို ဖတ်ပြီးပြီးချင်း မိတော၏ပုံရိပ်ကို အသေအချာမြင် ယောင်လာမိသည်။ အလားတူ မိတော စာစုများရှိနေသေးကြောင်း သိရှိရချိန်တွင် တစ်ပုဒ်အကြောင်းအရာတစ်မျိုးစီနှင့် လူနေမှုဝန်းကျင်၏ ကမောက် ကမ၊ ခေတ်၏ ယိုင်နဲ့မှုတို့ကို ဖော်ပြသွားလိမ့်မည်ဟု ခန့်မှန်းသိရှိခဲ့သည်။

မိတောစာစုများ စုစည်းထုတ်ဝေမည်ကြားရသောအခါ ၀မ်းသာမိသည်။ မိမိ မဖတ်ရသေးသော မိတောစာစုများကို တစ်စု တစည်းတည်း ဖတ်ရတော့မည်။ သို့သော် တော်တော်နှင့် မိတောက စာအုပ်အဖြစ်ရောက်ရှိမလာ။ စာရေးသူက ဝေးလံ လှသော ကနေဒါနိုင်ငံတွင် အခြေချနေထိုင်ခြင်းကြောင့် စာအုပ်တစ်အုပ်အဖြစ်ပုံဖော်ရန် လွယ်ကူချောမွေ့မှုရှိမည်တော့ မဟုတ်။ ထိုသို့ဖြင့် မေလလယ်ခန့်တွင် ‘မိတောရဲ့ရှတတနေ့စွဲများ’ အဖြစ်စာအုပ်ထွက်ရှိလာလေသည်။

ဦးစွာ စာအုပ်အပြင်အဆင်ကို နှစ်သက်သဘောကျစွာ သတိပြုမိခဲ့သည်။ နံ့သာရောင်ဖျော့ဖျော့နောက်ခံ တွင် ရှေ့မျက်နှာဖုံး ရှိ ကွန်ပြူတာတစ်လုံးနှင့် အလုပ်ရှုပ်နေသော ဆံရစ်ဝိုင်းလေးနှင့် မိတော သရုပ်ဖော်ပုံက ပြုံးမိစေသည်။ မိတော ဘာတွေများ အလုပ်ရှုပ်၊ ဘယ်လိုအရာတွေ ကြုံတွေ့ပြုံးမိစေဦးမည်လဲ..။

(ဆက်ဖတ်ရန်…)

May 22, 2013

အဆင်ချောပါတဲ့ မိတော

029.jpg

မိတောရဲ့ ရှတတနေ့စွဲများအကြောင်းကို ရေးဖို့ကို ရင်ထဲမှာ အပျော်တွေ ထုံမွှန်းနေလို့ ဘယ်ကစရမယ် မသိ ဖြစ်နေပါတယ်။
အစဦးဆုံးပြောရမယ်ဆိုရင်တော့ သက်တံ၁၀စင်း နောက်မှာ ကြော်ငာထားတဲ့ ၀တ္ထုကနေ စရမယ်ထင်ပါတယ်။

(ဆက်ဖတ်ရန်…)

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------