
ဆောင်းရာသီအိုလံပစ်ပွဲက မီးတိုင်ကြီးပါ။ ကျမ အစ်မ ရိုက်ပို့လိုက်တာပါ။ ကျမတော့ အနားကို မရောက်သေးပါဘူး။ ဓာတ်ပုံထဲမှာမြင်နေရတဲ့ အမြင့်ကလူတွေနေရာကိုရောက်ဖို့ ရှစ်နာရီကြာအောင် တန်းစီစောင့်ရတယ်လို့ သိရပါတယ်။ မြို့ထဲမှာလည်း သီတင်းကျွတ်မီးထွန်းပွဲလိုပဲ လူတွေကြိတ်ကြိတ်တိုးလို့ ဆိုကြပါတယ်။ ဒီမီးတိုင်ကြီးကို လုံခြုံရေးအတွက်ရယ် ဆန္ဒပြသူတွေရဲ့လက်ချက်မှလွတ်အောင် သံပန်းတွေသံကြိုးတွေနဲ့ အဝေးကနေ ကာထားတယ်လို့ သိရပါတယ်။ လူတွေဓာတ်ပုံရိုက်ချင်လို့ အနားကပ်မရတာကို ဝေဖန်ပြောဆိုကြဖန်များတော့မှ သံစည်းရိုးကို အနားကို နည်းနည်းရွေ့ပေးလိုက်ပြီး ဓာတ်ပုံရိုက်လို့ရအောင် သံပန်းတွေကို eye-level နေရာလောက်မှာ ဖြတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အခြားလူတွေမျက်စိထဲတော့ ဘယ်လိုနေသလဲမသိ။ ကျမ မျက်စိထဲတော့ ကဗျာမဆန်လှပါဘူး။ sci-fi ရုပ်ရှင်တွေထဲက ဒုံးကျည်အပျက်ကြီးနဲ့တူသလိုလိုလို့ ထင်မိပါတယ်။ သူ့ရဲ့ဒီဇိုင်းဖြစ်နိုင်ပါတယ်။ ဒါကိုလည်း ဒေါ်လာသန်းချီဆောက်ထားတာဖြစ်နိုင်ပါတယ်။ ဒီအိုလံပစ်ပွဲကို ကျမ စောင့်ကြည့်နေဆဲပါပဲ။ လောလောဆယ်တော့ ဆောင်းရာသီအိုလံပစ်ပွဲဆိုတာ လူဖြူတွေရဲ့ကစားပွဲပါပဲ။ ကစားပွဲသက်သက်ကိုသာကြည့်မယ်ဆိုရင်တော့ ပျော်စရာကောင်းပါတယ်.. ကစားပွဲနောက်က နိုင်ငံရေးတွေ.. စီးပွားရေးတွေ.. privatization တွေကို ကြည့်မယ်ဆိုရင်တော့ ………..
ဓာတ်ပုံပို့ပေးသော မမထိပ်ထားအား ကျေးဇူးတင်ပါတယ်။

ဒီမြို့မှာကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲကို သိပ်စိတ်မ၀င်စားခဲ့ပေမယ့် တမြို့လုံးမှာ ပျော်ပွဲရွှင်ပွဲတွေ၊ စတေ့ရှိုးတွေနဲ့ ပျော်နေကြသလို၊ ဆန္ဒပြသူတွေကလည်း မိုးရွာထဲမှာ တဲထိုးပြီးကို အကြီးအကျယ်ဆန္ဒပြနေကြချိန်မှာ၊ တီဗွီဖွင့်လိုက်တိုင်း ကနေဒါရွှေတံဆိပ်ရတဲ့ ကစားပွဲတွေကိုမှ တိုက်တိုက်ဆိုင်ဆိုင်ဖွင့်ကြည့်မိချိန်နဲ့ တိုးနေတာနဲ့ တော်တော်လေးကိုစိတ်ဝင်စားလာမိနေတယ်။ အခုလေးတင် တီဗွီဖွင့်လိုက်တာ၊ မြောက်ဗင်ကူးဗားမှာ နေထိုင်တဲ့ အသက်၃၁နှစ်အရွယ် Maelle Ricker ဟာ ကနေဒါအတွက် ဒုတိယရွှေတံဆိပ်ကို အမျိုးသမီး snowboard cross game မှာ ခူးဆွတ်ပေးခဲ့ပါတယ်။

ပထမ ရွှေတံဆိပ်ကိုတော့ အမျိုးသား moguls game မှာ အသက် ၂၂နှစ်အရွယ် Alex Bilodeau က ခူးဆွတ်ပေးသွားခဲ့ပါတယ်။

လောလောဆယ်တော့ ဆုတံဆိပ် အရည်အတွက်အများဆုံးနဲ့ ဂျာမဏ်ီကဦးဆောင်နေပြီး ယူအက်စ်က ဒုတိယနေရာ၊ ပြင်သစ်က တတိယနဲ့ ကနေဒါက စတုတ္ထနေရာမှာ ရှိနေပါတယ်။ (ဆုအရည်အတွက်က အချိန်နှင့်အမျှတော့ ပြောင်းနေပါတယ်)

အိုလံပစ်ဖွင့်ပွဲကို ဗင်ကူးဗားမြို့က stadium မှာကျင်းပရန် နာရီအနည်းငယ်သာလိုပါတော့တယ်။ စီစဉ်သူတွေထဲက အချို့တွေကတော့ ဒီအားကစားပွဲဟာ နိုင်ငံရေးနဲ့ဘာမှ မပတ်သက်ဘူးလို့ ဆိုပေမယ့် ဒါကို ငြင်းလို့ရတယ်လို့လည်း ဆိုကြပါတယ်။ အိုလံပစ်ကိုစတင်ပြီးတွေ့ရှိခဲ့သူ Baron de Coubertin ဟာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီးမှာ ဒီအိုလံပစ်ပွဲကို စတင်ထူထောင်ခဲ့တာလို့လည်းဆိုကြပါတယ်။ Coubertin ရဲ့ပြောဆိုချက်အရ ကမ္ဘာငြိမ်းချမ်းရေးဟာလည်း နိုင်ငံရေးပါပဲလို့ဆိုပါတယ်။ အိုလံပစ်ပြိုင်ပွဲလိုမျိုး အားကစားပွဲတွေဟာ ဘာသာရေးတွေလိုပဲ ငြိမ်းချမ်းရေးနဲ့ လူ့ဘ၀ရပ်တည်မှုတွေကိုရှေးရှုတယ်လို့လည်း ဆိုကြပါတယ်။ အိုလံပစ်အားကစားပွဲတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြတဲ့ပွဲတွေလိုမျိုးပါပဲလို့ ဆိုကြသူတွေလည်းရှိပါတယ်။
အိုလံပစ်မီးတိုင်ကို သယ်ဆောင်ကြသူတွေအထဲမှာ Michael Buble, Jenn Arden, Arnold Schwarzenegger တို့လည်း ပါကြပါတယ်။
မနက်စောစောသတင်းတွေထဲမှာတော့ အာနိုးကြီးကို မီးတိုင်ကိုင်ပြီး မြို့ထဲမှာ ပြုံးပြုံးကြီးတွေ့လိုက်ရတာပါပဲ။
ဗင်ကူးဗားမြို့တွင်းမှာ နေထိုင်ကြတဲ့ ဂရိလူမျိုးများကတော့ community celebration လုပ်ခွင့်မကျလို့ သိပ်စိတ်ကျေနပ်မှု မရှိကြပါဘူး။ ဒါပေမယ့် ဂရိလူမျိုးအများစုနေထိုင်ရာ broadway လမ်းမကျယ်ကြီးပေါ်မှာ အိုလံပစ်မီးတိုင်ဖြတ်သွားတဲ့အခါမှာတော့ ရိုးရာအကတွေ၊ ရိုးရာစားစရာတွေနဲ့ ပျော်ပွဲရွှင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
အိုလံပစ်ပွဲနဲ့ပတ်သက်ပြီး ဒီမြို့ကလူတွေရဲ့ ထင်မြင်ချက်တွေကတော့….
ငွေကြေးအရ ဆုံးရှုံးမှုများနိုင်တယ်လို့ထင်သူတွေကတော့ ၆၃%
ရေပေါ်ဆီလူတန်းစားများအတွက်သာ အကျိုးသက်ရောက်မှုရှိတယ်လို့ ထင်သူတွေကတော့ ၈၃%
အိုလံပစ်မှာသုံးတဲ့ငွေတွေဟာ အလဟသဖြစ်ရတယ်၊ အခြားနေရာတွေမှာသုံးသင့်တယ်လို့ ထင်သူတွေကတော့ ၆၀%
ရေရှည်မှာတော့ ဗင်ကူးဗားအတွက် အကျိုးရှိနိုင်တယ်လို့ ထင်သူတွေကတော့ ၅၁%
အိုလံပစ်ပွဲထုတ်လွှင့်မယ့် စားသောက်ဆိုင်၊ လူမှုရေးဆိုင်ရာနေရာတွေကို သွားမယ်ဆိုသူတွေက ၄၄%
ကနေဒီယန်အားကစားသမားများကြောင့် နိုင်ငံချစ်စိတ်တိုးရတယ်ဆိုသူတွေကတော့ ၇၃%
ရှိတယ်လို့ သိရပါတယ်။
ကျမကတော့ မြန်မာနိုင်ငံမှာ လူမျိုးစုတွေစည်းလုံးညီညွှတ်ရေးကို ဦးတည်တယ်ဆိုတဲ့ ပြည်ထောင်စုနေ့လိုနေ့မျိုးမှာ ဒီမြို့ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်တယ်ဆိုတဲ့ အိုလံပစ်ဖွင့်ပွဲ နဲ့ တိုက်ဆိုင်တယ်ဆိုပြီး အမှတ်ရနေမိတာ တစ်ခုပါပဲရှင်။
နှင်းတုကျတဲ့ ဗင်ကူးဗား…
ဗင်ကူးဗားမြို့မှ အိုလံပစ်ရွာ…
ခရီး…

၂၀၁၀ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ကျွန်မနေတဲ့ ဗင်ကူးဗားမြို့လေးမှာ ကျင်းပတော့မှာ ရက်အနည်းသာလိုပါတော့တယ်။ မနှစ်ကတည်းကစပြီး တစ်မြို့လုံး ဒီအိုလံပစ်ပွဲတော်အတွက် ပြင်ဆင်နေကြတယ်။ ဂုဏ်တစ်ရပ်လို မြင်သူတွေကလည်း ပွဲတော်တွက် သိုက်သိုက်ဝန်းဝန်းပြင်ဆင် ပါဝင်နေကြသလို၊ ငွေဖြုန်းတီးမှု နဲ့ ကမ္ဘာ့အပေါ်ယံကစားပွဲကြီးလို့ မြင်သူတွေကလည်း အင်တိုက်အားတိုက် ဆန္ဒပြကန့်ကွက်နေကြပါတယ်။ လေဆိပ်အ၀င်ရယ် ပစိဖိတ်သမုဒ္ဒရာထဲမှ မြစ်လက်တက်ထဲဝင်တဲ့ မြစ်အ၀နေရာတွေရယ်မှာ မီးအလုံးပေါင်းနှစ်သောင်းကျော်စီပါတဲ့၊ ၁၄မီတာမြင့်ပြီး ၃၀မီတာကျယ်တဲ့ အိုလံပစ်မီးဝိုင်းကြီးငါးဝိုင်းပါတဲ့ မီးတံဆိပ်ကြီးနှစ်ခုကို ထွန်းညှိထားပါတယ်။ စွမ်းအင်ကိုလျော့ချတဲ့အနေနဲ့ မီးလုံးတစ်လုံးကို ၄.၈၀ဒ်ပဲရှိတယ်ဆိုပါတယ်။ စွမ်းအားသုံးမှုနည်းတဲ့ LED မီးလုံးတွေကို သုံးထားတဲ့အတွက်၊ မီးထွန်းညှိခ တစ်နေ့ကို ကနေဒီယန်ဒေါ်လာ သုံးဒေါ်လာနဲ့သုံးဆယ်ခြောက်ဆင့် ပဲ ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒီမီးဆိုင်းကြီးတွေကိုဆောက်ခက တစ်ခုကိုတင် ဒေါ်လာသန်းချီကုန်တယ်လို့ ကြားထားရပြီး အဲဒီအ၀ိုင်းကြီးတွေနားရောက်တော့… ဟင်.. လို့ တစ်လုံးလေးတော့ ထွက်သွားမိပါတယ်။ နောက်ပြီး ဗင်ကူးဗားမြို့တွင်းက အိမ်ခြေမဲ့တွေရဲ့ မျက်နှာတွေကို မြင်ယောင်လိုက်မိပါတယ်။
“ဗင်ကူးဗားမြို့” “ကနေဒါနိုင်ငံ” “ဆောင်းရာသီ” ဒီလိုစာလုံးတွေမြင်တာနဲ့ လူတွေမျက်စိထဲမှာ နှင်းဖုံးနေတဲ့ မြို့ရယ်၊ ခိုက်ခိုက်တုန်နေတဲ့ မြို့သူမြို့သားတွေရယ်၊ မျက်စိတစ်ဆုံးဖြူဖွေးနေတဲ့ နှင်းတောင်တန်းကြီးတွေကို မြင်မိကြမှာပါပဲ။ ကနေဒါဆောင်းကိုဆို မြို့ခံတွေမပြောနဲ့ ငှက်တွေတောင် ဆောင်းဝင်ပြီဆိုတာနဲ့ မက္ကဆီကိုဘက်ကို အုပ်စုလိုက်ပျံသန်း တိမ်းရှောင်တတ်ကြတယ်။ နွေဦးပေါက်မှ ပြန်လာတတ်ကြတယ်။ ဒီလို နှင်းတွေ လှပစွာကျတတတ်တဲ့ ဗင်ကူးဗားမြို့လေးဟာ ဆောင်းရာသီအိုလံပစ်ပွဲတွက် တက်ကြွနေတယ်…။ အိုလံပစ်မီးဝိုင်းကြီးတွေကလည်း ညစဉ်ထိန်ထိန်လင်းနေပြီ။ အိုလံပစ်မီးတိုင်ဟာလဲ ဂရိနိုင်ငံမှနေပြီး ကနေဒါနိုင်ငံထဲမှာ လူတစ်သောင်းနှစ်ထောင်ကျော်ခန့် လှည့်ပတ်လက်ဆင့်ကမ်းနေပြီ။ မကြာခင် ဗင်ကူးဗားကို ရောက်လာတော့မှာ ဖြစ်တယ်။ ဗင်ကူးဗားမှာ ဖေဖော်ဝါရီ ၁၂ရက်နေ့မှ စပြီး ၂၈ ရက်နေ့ထိ ထွန်းညှိထားတော့မှာဖြစ်တယ်။
(ဆက်ဖတ်ရန်…)

ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို ကျမလက်ရှိနေနေသောမြို့မှာ ကျင်းပဖို့ တစ်နှစ်တောင် မလိုတော့ပါဘူး။ ကနေဒါဝန်ကြီးချုပ် စတီဗင်ဟာပါက အရင်လ ဖေဖော်ဝါရီ ၁၂ရက်နေ့တုန်းက အိုလံပစ်အားကစားပွဲတော်ဖွင့်ရန် တစ်နှစ်တိတိပဲ လိုတော့တဲ့ အထိမ်းအမှတ်နဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်။ အခြားမြို့နယ်တွေတော့ မသိဘူး၊ ကျမ နေတဲ့ မြို့နယ်ကတော့ ဂရုတောင် စိုက်ပုံမရှိပါဘူး။ တရုပ်ပြည်မှာဆိုရင် အိုလံပစ်ပွဲတော်မတိုင်ခင် တစ်နှစ်ပတ်လုံး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ ကြတယ်ပြောကြတယ်။ ဒီမြို့ကလူတွေကတော့ မတုန်မလှုပ် အေးအေးဆေးဆေးပါပဲ။ အိုလံပစ်ပွဲတော်ကစားပွဲမှာ လာကစားမယ့် အားကစားသမားပေါင်း ၂၈၀၀ တည်းဖို့ နေရာလိုပါနေပါတယ်။ ဒီတော့ အဲဒီအားကစားသမားပေါင်း ၂၈၀၀ တည်းခိုဖို့ အိုလံပစ်ရွာဆိုတဲ့ အဆောက်အဦးတစ်ခုကို နာမည်ကြီးစတင်လီပန်းခြံနားမှာ ဆောက်ဖို့ စဉ်းစားကြတယ်။ လိုအပ်တဲ့ ဘတ်ဂျက်ငွေဒေါ်လာသန်း၇၅၀ကို နယူးယောက်မြို့အခြေစိုက် Fortress Investment Group က ချေးငွေထုတ်ပေးမယ်၊ Millennium Development Corp. က နိုဝင်ဘာ ၂၀၀၉ မှာ အိုလံပစ်ရွာကို အပြီးဆောက်မယ်၊ ပွဲတော်ပြီးရင် မြို့နေလူတွေကို ပြန်ရောင်းမယ် စတဲ့ အကုန်လုံးအဆင်ပြေမယ့် အကြံနဲ့ ဒီရွာကြီးကို စပြီးဆောက်ကြပါတော့တယ်။

ဒီရွာထဲမှာ ကျောင်းတွေ၊ ဈေးတွေ၊ ကစားကွင်းတွေ၊ ကလေးထိန်းတဲ့နေရာတွေအပြင်၊ အဆောက်အဦးမှာသုံးတဲ့ ပစ္စည်းတွေက ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ ပစ္စည်းတွေ (environmental friendly parts) တွေလို့ဆိုကြပါတယ်။ ဒီလိုမျိုး ဗင်ကူးဗားမြို့ရဲ့ အကောင်းဆုံးနေရာတွေထဲမှာပါတဲ့ အခုလိုအဆင့်မြင့်ကွန်ဒိုတွေကိုလဲ upper-middle အလွှာတွေလောက်ပဲ ၀ယ်နိုင်လိမ့်မယ်လို့ ကျမ ထင်ပါတယ်။
(ဆက်ဖတ်ရန်…)