အနီရဲရဲ လတစ်စင်းအောက်မှာ လောကတစ်ခုလုံးက ရဲရဲတောက်နေသည်။ ချောင်းရေသည် အနီရောင်လွှမ်းခြုံခြင်းခံနေရသည်။ ချောင်းစပ်ရှိ သစ်ပင်၊ ခြုံစပ်စပ်များ၊ ကျောက်တုံးများလဲ ရဲရဲတောက်နေသည်။ ချောင်းစပ်ရှိ အနီရောင်သဲသောင်ပြင်ပေါ်မှာ ဖိနပ်မပါသော အမျိုးသမီးတစ်ဦးက သစ်ရွက်တွေမှ အစိမ်းရောင်နှင်းစက် တရဟော ကျနေကြသည်ကို ငေးကြည့်နေသည်။ ခြုံပုတ်အောက်က နှင်းရည်ငတ်ပြတ်နေဟန်ရှိသော ညငှက်တစ်ကောင်က နှုတ်သီးကို အကျယ်ကြီးဟပြီး နှင်းစက်များကို မြိန်ရှက်စွာ သောက်သုံးနေသည်။ ပြီးတော့ အစိမ်းရောင်နှင်းရည်များကို လည်ဇလုပ်နှင့် သယ်ဆောင်ပြီး အသိုက်မြုံမှာ အစာကိုစောင့်နေသော ငှက်ကလေးငယ်များထံသို့ ပျံသန်းသွားသည်။
ဖိနပ်မပါသော အမျိုးသမီးက လည်ပင်းမှာပတ်ထားသော ရောင်စုံပုဝါကို ဖြုတ်လိုက်ပြီး လမင်းထံသို့ လက်ကမ်းလိုက်သည်။ သူမ၏ ဆံနွယ်တွေ ညလေထဲမှာ ကစင့်ကလျား လွင့်မျောနေကြသည်။ မိုးကောင်းကင်လမင်းထံမှ အနီရောင် အလင်းတန်းများက ရောင်စုံသက်တန့်များအဖြစ် ပြောင်းသွားပြီး သူမထံသို့ ရောင်စုံအလင်းများက လှပစွာ ခုန်ဆင်းလာကြသည်။ ထိုရောင်စုံအလင်းများထဲတွင် ချစ်ရည်လူးနေကြသည့် ငါးကလေးနှစ်ကောင်၊ အနီရဲရဲ ဒေါင်းရုပ်ပါသောခေါင်းစည်းတစ်ခုနှင့်၊ ရုပ်တုတစ်ခု။
(ဆက်ဖတ်ရန်…)

ထိုနေ့က ပင်လယ်လေတွေက ငြိမ်သက်နေသည်။ပစိဖိတ်သမုဒ္ဒရာ ရေပြင်ကျယ်ပေါ်မှာ ရွက်လှေအချို့ ငြိမ်သက်စွာ ခရီးနှင်နေသည်။ အနောက်ဘက်ကောင်းကင်က နေ၀န်းဆီမှ ရောင်ခြည်တွေက ပင်လယ်ပြင်ပေါ်ကို တောက်လက်စွာ ဖြာသွန်းကျနေသည်။ အရှေ့ဘက် ပင်လယ်နှင့် မိုးကုပ်စက်ဝိုင်းထောင့်မှာ နှင်းဖုံးနေသော တောင်တန်းကြီးက မိုးမြင့်သို့ တိုးတိုက်ဝင်တော့မယောင်။
ရေတက်နေသဖြင့် ကမ်းစပ်မှာ ကလေးငယ်အချို့ ရေကစားနေကြသည်။ မြက်ရှည်ပင်တွေကြားက သစ်တုံးပြတ်တွေပေါ်မှာ စင်ယော်ငှက်များ အနားယူနေကြသည်။ ပင်လယ်ကိုပတ်ပြီး ဆောက်လုပ်ထားသော လူသွားလမ်းလေးပေါ်တွင် လမ်းလျောက်နေသူများ၊ စကိတ်စီးနေသူများ၊ အပြေးလေ့ကျင့်နေသူများနှင့် စည်ကားနေသည်။
လူသွားလမ်း၏တဖက် ကားတွေတန်းစီရပ်ထားသော ကားလမ်းတလျောက်မှ ဈေးဆိုင်လေးများ၊ စားသောက်ဆိုင်များမှာ လူစည်ကားနေသည်။ ကြိုးမဲ့မီးတိုင်များတွင် ချိတ်ဆွဲထားသော ပန်းဆိုင်းများထံမှ ပန်းရနံ့များက လတ်ဆတ်နေသော ပင်လယ်လေထဲမှာ လွန့်လူးကူးခတ်နေကြသည်။
ငါးကြော်နှင့် အားလူးကြော်အနံ့များ၊ စတော်ဘယ်ရီ၊ ဗနစ်လာနှင့်၊ ချော့ကလက် ရေခဲမုန့်ရနံ့များလည်း ပန်းရနံ့များနှင့် ရောယှက်ကာ လေထဲမှာ လွန့်လူးနေကြသည်။
တောင်ကုန်းပေါ်မှာ ကပ်ပြီး ဆောက်ထားသော အမိုးပြန့်ပြန့်အိမ်များ၏ လေသာဆောင်များပေါ်တွင် လှပသောပန်းအိုးများ၊ လှဲလျောင်းအနားယူနိုင်သော ကုလားထိုင်များ၊ စားပွဲများနှင့် လှပသော ရောင်စုံထီးလေးများကို တွေ့နေရသည်။
လူရှင်းသော ကုန်းလျောတစ်ခုပေါ်ရှိ မြက်ခင်းစိမ်းစိမ်းပေါ်တွင် စာအုပ်တစ်အုပ်ကိုဖတ်နေစဉ် မြင်ကွင်းထဲသို့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးက ၀င်ရောက်လာသည်။ ကမ်းစပ်ရှိ ကျောက်တုံးများပေါ်တွင် လှဲလျောင်းနေသော သစ်လုံးများပေါ်ရှိ စင်ယော်ငှက်တစ်ကောင်ကို ငေးကြည့်နေသည်။ ထိုစင်ယောင်ငှက်၏ အသွေးအရောင်သည် မှုန်မှိုင်းနေပြီ။ ငှက်၏ နှုတ်သီးတို့သည် ချွန်မြစူးရှပြီး ပန်းရောင်သန်းမနေ၊ ထူထဲပြီး အညိုရင့်ရောင်ပြောင်းနေပြီ။ ထိုအမျိုးသမီးက ငှက်နားသို့ ကပ်မြည်ကြံတိုင်း ငှက်ကြီးက လေးပင်စွာနှင့် သစ်တုံးတစ်တုံးမှာ အခြားသစ်တုံးသို့ ကူးသွားသည်။ အမျိုးသမီးက ငှက်ကြီးကို အတန်ကြာကြည့်နေပြီး ကုတ်အင်္ကျီအိတ်တွင်းမှ ဖုန်းကိုထုတ်လိုက်ပြီး တစ်နေရာရာကို ဖုန်းခေါ်လိုက်သည်။ မကြာခင်မှာပင် ယူနီဖောင်းဝတ်လူအချို့ သူမ နားသို့ရောက်လာကြသည်။ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း ထိုသူများ၏ ယူနီဖောင်းကျောဘက်တွင် တိရိစ္ဆာန်ကယ်ဆယ်ရေး အဖွဲ့ဟု အဖြူရောင်များဖြင့်ရေးထားသည်။ (ဆက်ဖတ်ရန်…)