♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

November 10, 2014

ထားရစ်ခဲ့လေသော…

Filed under: tag game, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:51 am

gathering.jpg

ဖိတ်ဖိတ်တောက်လက်နေတဲ့ မဟာလှေကားကြီးတွေရှိတဲ့ ကျောင်းကြီးရဲ့ ကျောက်ပြားဖြူဖြူတွေပေါ်မှာရပ်ရင်း ကျောင်းကြီးကို အံ့သြတကြီးနဲ့ ငေးလို့နေမိတဲ့ နေ့တစ်နေ့။ လေးထောင့်ပုံကျောင်းကြီးရဲ့ အလယ်မှာ သစ်ပင်၊ ပန်းပင်မျိုးစုံလင်လှတဲ့ ပန်းခြံတစ်ခုကလည်း ရှိနေတယ်။ ပခုံးမှာလွယ်ထားတဲ့ လွယ်အိတ်ကြိုးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ဘယ်ဘက်ကိုလှမ်းကြည့်လိုက်တော့ မျက်စိတဆုံးမြင်နေရတဲ့ ကော်ရစ်ဒါ။ ညာဘက်ကို လှမ်းကြည့်လိုက်တော့လည်း လေးထောင့်ပုံအုတ်တိုင်လုံးနီနီကြီးတွေကြားထဲ ပြေးလွှားမြူးတူးနေတဲ့ အဖြူအစိမ်း ကျောင်းသူတွေ။

ပန်းခြံထဲကနေ ကျောင်းသူလေးတစ်ယောက်က ပြေးထွက်လာတာကို တွေ့လိုက်ရတယ်။ သူ့နောက်မှာ နောက်ထပ်ကျောင်းသူ သုံးလေးယောက်က ပြေးလိုက်လာတယ်။ ရှေ့ကပြေးလာတဲ့ ကျောင်းသူလေးရဲ့ထမီကို ထပ်ချပ်ပါလာတဲ့ နောက်ကတစ်ယောက်က ဆွဲလိုက်တယ်။

‘အားးး….’ စူးကနဲအော်သံနဲ့အတူ ကျွတ်ခမန်းဖြစ်သွားတဲ့ ထမီစကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း နောက်ပြန်လှည့်ပြီး သူမရဲ့သူငယ်ချင်းမ ကို မှီတဲ့နေရာလှမ်းရိုက်နေတယ်။ ပခုံး၊ ခေါင်း၊ လက်မောင်း…။ ရိုက်ခံထိနေတဲ့ မိန်းကလေးက လက်ကလေးနှစ်ဘက်နဲ့ သူမမျက်နှာကို သူမကားထားရင်း တခွီးခွီး ရယ်နေတယ်။

‘စိတ်ပုပ်မ၊ အကျင့်မကောင်းဘူး’
‘ဘာလဲဟ.. မြဲမြဲမြံမြံ ဝတ်တတ်ပြီလား စမ်းသပ်တာလေ’
‘အယုတ်တမာ.မ..’

အော်သံတွေ… ရယ်သံတွေနဲ့အတူ သူတို့တွေ စာသင်ခန်းမတစ်ခုဘက်ကို ပြေးလွှားလို့ သွားကြတယ်။

အဲဒီအချိန်မှာ လှေကားကနေ ကျောင်းသူသုံးယောက်ဆင်းလာတယ်။ သုံးယောက်ထဲမှာမှ အလယ်ကတစ်ယောက်ဆီကို ကိုယ့်အကြည့်တွေ ရောက်သွားတယ်။ မျက်လုံးတောက်တောက်နက်နက်လေးတွေကို ထူထဲလှပတဲ့ မျက်ခုံးမွှေးတွေက ဝန်းရံထားတယ်။ ဆံပင်အုပ်အုပ်လေးတွေ ဝဲကနဲ..။
လှေကားထစ်အောက်ဆုံးရောက်တဲ့အထိ ကိုယ့်ဆီက အကြည့်ကိုမခွာသေးဘူး။ ကိုယ်လည်း ဘာလုပ်ရမှန်းမသိတော့ နှုတ်ခမ်းလေးကို တွန့်ရုံပြုံးပြလိုက်တယ်။ ဒါပေမယ့် သူမဆီက အပြုံးကိုတော့ မရခဲ့ပါဘူး။

‘ကျောင်းအုပ်ဆရာမကြီး လာနေပြီဟေ့….’

ကော်ရစ်ဒါကနေ ပဲ့တင်ထပ်သွားတဲ့ အသံတစ်သံအောက်မှာ ပြေးလွှားနေတဲ့၊ စနောက်နေတဲ့၊ ရယ်မောနေတဲ့အသံတွေ မီးကိုရေနဲ့သတ်လိုက်သလို.. ရှဲကနဲ။

ဆိုင်ရာစာသင်ခန်းနဲ့နီးတဲ့ ကျောင်းသူတွေက အခန်းတွေထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်။ ကျန်နေတဲ့ ကျောင်းသူတွေကတော့ နံရံဘက်ကို ကပ်နိုင်သလောက်ကပ်ပြီးတော့ လက်တွေပိုက်လို့ ခေါင်းတွေကိုငုံ့ထားကြတယ်။

(ဆက်ဖတ်ရန်…)

October 25, 2013

ချစ်တယ်ဆိုတာထက် ပိုမပြောတတ်ပါကွယ်…

Filed under: my notes, tag game, အချစ်ဆုံး, စာစု — အိမ့်ချမ်းမြေ့ @ 8:04 am

ကလေးဘာလို့ လိုချင်သလဲဆိုတဲ့ အကြောင်းကို ပြန်စဉ်းစားမိတော့ မိဘတွေရဲ့ ကြင်နာချစ်ခြင်းကို ဝေမျှပေးမှုကနေ စရမယ်လို့ ထင်ပါတယ်။

ငယ်ငယ်က မိဘတွေက မိဘမဲ့ကလေးဂေဟာကို နှစ်စဉ်သွားရောက်လှူဒါန်းလေ့ရှိတယ်။ အဲဒီမှာ မိဘမဲ့ကလေးတွေကို စတင်မြင်ဖူးတော့တာပါပဲ။ ကလေးလေးတစ်ယောက်ဟာ ကုတင်တိုင်လေးကိုဖက်ပြီး တိုင်ကလေးနဲ့ သူ့ကိုသူ ပွတ်သပ်နေတယ်။ အဲဒီကလေးလေးဟာ ရှိလှမှ သုံးလေးနှစ်ပေါ့။ သူဘာလုပ်နေတာလဲဟင်လို့ ဖေဖေနဲ့ မေမေ့ကို မေးတော့ ဖေဖေနဲ့မေမေက ပြန်ဖြေတယ်။

‘သူ့ကို ချော့မြူမယ့် မိဘ မရှိလို့ ကိုယ့်ကိုကိုယ် ကုတင်တိုင်လေးနဲ့ပွတ်ပြီး ချော့မြူနေရတာ၊ သူ့ရဲ့ဝမ်းနည်းစိတ်၊ မကျေနပ်စိတ်၊ အားငယ်စိတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေသာအောင် လုပ်နေရတာ’

ရင်မှာ ဆို့နင့်သွားတယ်။ မိဘတွေရဲ့ အဖြေစကားသံနဲ့ ထိုကလေးရဲ့ ပုံစံကို ကနေ့အထိ နားထဲ၊ မျက်စိထဲက မထွက်တော့ဘူး။
နောက်တော့ အရွယ်ရောက်လာတဲ့အခါမှာ ညစ်ပတ်ပေတူးပြီး ကြောင်ချေးရုပ်နဲ့ အကျီ င်္စုတ်ပြဲ၊ တာတီဖိုး ကလေးလေးတွေဟာ၊ သန့်ရှင်းတောက်ပြောင်နေတဲ့ ကလေးတွေထက် ပိုပြီး ဆွဲဆောင်စေတော့တာပါပဲ။ ဘာကြောင့်ရယ်လို့တော့ မသိဘူး။ ညစ်ပတ်ပေရေပြီး ငပိစားလို့ ဝကစ်နေတဲ့ ကလေးလေးတွေကို ကောက်ချီပွေ့ယူ ဖက်ယမ်းပစ်ချင်တဲ့ စိတ်တွေက အမြဲဖြစ်ခဲ့တယ်။ တစ်ခါမှလည်း မရွံမိခဲ့ဘူး။

နောက် ဒီထက် အရွယ်ရောက်လာတော့ အိပ်ရာထဲမှာ အရုပ်တွေအများကြီးနဲ့ အိပ်လာတယ်။ ဒါဟာ မိခင်စိတ်ကို ပြတာလို့ ဆိုရမလား။ ခွေး၊ ကြောင်၊ ကြက်၊ ဝက်ဝံ၊ နွားရုပ်ကအစ အိပ်ရာတစ်ခုလုံး ပွယထနေခဲ့တယ်။ သူတို့ကို နေရင်းထိုင်ရင်း အရုပ်တွေကို ဂရုစိုက်ချင်နေခဲ့တာ… ရူးသွပ်ခြင်းတစ်ခုပေါ့။
နောက်… ဒီထက်ကြီးလာတော့ သားသမီးတွေ အများကြီးလိုချင်တဲ့စိတ်က ဘာရယ်မဟုတ်ဘူး အလိုလိုဖြစ်လာတယ်။ သမီးမိန်းကလေး ရ ယောက် လိုချင်တယ်။ ဆံပင်ရှည်ရှည်၊ အရပ်ရှည်ရှည်၊ ထမီရှည်ရှည်ဝတ်တတ်ရုံမက၊ အသားညိုချောတွေ ဖြစ်စေချင်တယ်။ ဒါတင်မက ထမင်းဟင်းချက်တော်ပြီး၊ ဂီတတူရိယာမျိုးစုံကို တီးမှုတ်တတ်တဲ့ သမီးတွေချည်းပဲ ရ ယောက် လိုချင်ခဲ့တယ်။ အရူးအမူးကို လိုချင်တာ။ အဲဒီသမီးတွေ အားလုံးကိုလည်း အိမ်ထောင်မပြုစေချင်တဲ့ အတ္တစိတ်ကလည်း ကြီးစိုးနေခဲ့သေးတယ်။ သမီးတွေဝိုင်းပြီး အသက်ကြီးတဲ့အထိ နေသွားချင်တဲ့ စိတ်။ သမီးတွေ အများကြီးဝိုင်းပြီး နေတဲ့အတွက် ရရှိလာမယ့် နွေးထွေးမှု၊ အဲဒါတွေကြောင့် ကလေး လိုချင်ခဲ့တယ်။

(ဆက်ဖတ်ရန်…)

August 31, 2013

၂၀၁၃ ဘလောဂ်နေ့

Filed under: tag game — အိမ့်ချမ်းမြေ့ @ 4:21 pm

 blog-day.jpg

ဘလောဂ်ဒေး အမှတ်ရ ပိုစ်ရေးခိုင်းသော မကေသွယ်နဲ့ ကိုရန်အောင် ကြောင့် ဒီပိုစ်လေးကို ရေးပါတယ်။

ဒီနေ့ (သောင်္ကြာ 30-Aug-2013) တစ်နေကုန် အလုပ်မှာ ပင်ပန်းလာသည့်အထဲ.. လေ့ကျင့်ခန်းမလုပ်တာကြာတော့ gym ထဲမှာ အလေးနည်းနည်း သွားမထားမိပါသေးတယ်။ ပြန်လာတော့ လက်တွေအရမ်းကိုက်ခဲနေတာတောင်မှ စိတ်ကူးပေါက်ပြီး ‘တစ်ပြည်သူ မရွှေထား’ ကို ပီယာနိုနဲ့တီးပြီး သီချင်းဆိုမိသေးတယ်။ သောင်္ကြာနေ့မို့ လူက ပင်ပန်းသော်လည်း အရှိန်တက်ပြီး အခြားသီချင်းတွေပါ အရမ်းကို တီးပစ်လိုက်မိတယ်။
ည ၁၁နာရီလောက်ကျတော့ အွန်လိုင်းပေါ်တက်ပြီး ဖဘ သွားကြည့်လိုက်ဦးမယ်လေဆိုပြီး တက်လိုက်တယ်။ အဲဒီမှာ…. ဘလောဂ်ဒေး တက်ဂ်ထားတာ မြင်တော့…. တစ်ယောက်တည်း ကသုတ်ကရက်တွေ ဖြစ်ကုန်တယ်။

‘သူတို့ကလည်းလေ နှစ်စဉ်ဘလောဂ်ဒေးရှိနေတာကို အလုပ်ပင်ပန်းလာပြီး၊ အလေးမ လာမိတဲ့ နေ့၊ စန္ဒယားတွေ နင်းကန်အရှိန်တက်ပြီး တီးမိထားတဲ့ နေ့မှာမှ ဘလောဂ်ပိုစ်တွေ အရမ်းတွေရေးပြီး၊ အရမ်းတွေကို တက်ဂ်နေကြပါလားနော်…’ ဆိုပြီး ပြောမိတဲ့ အထိပါပဲ။ အရင်နှစ်တွေတုန်းကတော့ ဘလောဂါတွေက ဘလောဂ်နဲ့ သူတို့နဲ့ ဘာမှ မဆိုင်သလိုလို၊ ဘာလိုလို။ နောက်ပြီးပြောသေးတယ်.. ဘလောဂ်ဘက် ခြေဦးလှည့်နိုင်တော့ပါဘူးကွယ်… ဆိုပြီး…. ဒီနှစ်ကျမှ အရမ်းတွေ ရေးနေကြတာရယ်လေ…..

ကိုယ်ကလည်း ဘလောဂ်ကို ချစ်တဲ့သူ၊ ဘလောဂါတွေရဲ့စာတွေကို မြတ်နိုးသူ၊ ဘလောဂါတွေကို မမြင်ဖူးမတွေ့ဖူးသော်လည်း သံယောဇဉ်ရှိသူ၊ နောက်ပြီး ရှေးဦးရေးသူတွေထဲပါတော့ နေရင်းထိုင်ရင်း တာဝန်ရှိသလိုကြီးခံစားလိုက်ရတော့ …. ရေးဦးမှပါပဲ.. ဆိုပြီး အားတင်းချိန်.. မျက်စိက အရမ်းကိုစင်းကျနေခဲ့ပါပြီ။

မျက်နှာစာအုပ်ဟာ မကေသွယ်ပြောသလို အရမ်းမြန်ဆန်တယ်၊ မနည်းလိုက်ရတယ်။ ပြီးရင်.. စတေးတပ်စ်တွေ၊ အမြင်တွေ အတွေးတွေက ချက်ချင်း တိမ်လိုလေလိုလွင့်ပါးပျောက်ကွယ် သွားပြန်တယ်။ ဘလောဂ်ပေါ်ကစာတွေက ခွန်အားစိုက်ထုတ်ရေးကြရတယ်။ ဘလောဂ်ပေါ်မှာ လူမျိုးစုံ၊ အသက်ရွယ်မျိုးစုံ၊ ဘဝအခြေအနေမျိုးစုံနဲ့ လူတွေရဲ့ စာတွေကို — စာအနေနဲ့ပဲ ဖတ်ကြတာများတယ်။ သူတို့ရဲ့ နှလုံးသား၊ ဦးနှောက်ထဲက ထွက်လာတာတွေကို အဆင့်အတန်းမခွဲ ဖတ်ကြတယ်၊ ဝေဖန်ဆွေးနွေးဖလှယ်ကြတယ်။ ဒါပေမယ့် ဖဘနဲ့ယှဉ်ရင် နောက်ပိုင်းမှာ ဖတ်သူလည်းနည်းတယ်လို့ထင်တယ်။ ဖဘပေါ်မှာက လူတွေပိုများပြီး …

‘ဒီကနေ့ ပန်းကလေးကို ရှုနေတုန်း နှာခေါင်းကိုပျားတုပ်သွားတယ်’
‘ဒီကနေ့ ထမင်းသုံးလုပ်စားတယ်’
အဲသလို မက်စေခ်ျတွေတောင် လူက ထောင်ချီပြီး လိုက်ခ်လုပ်ရင်လုပ်တာကလား။
အထူးသဖြင့် စတေးတပ်စ်ပိုင်ရှင်က ချောလှငယ်ရွယ်ပြီးဂုဏ်ရှိတယ်ဆိုရင်တော့ မနိုင်တော့ဘူးရယ်။

(ဆက်ဖတ်ရန်…)

August 27, 2013

အိတ်သွန်ဖာမှောက်

Filed under: tag game, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 10:44 pm

တက်ဂ်ပို့စ်လေးတွေကို လွမ်းတယ်…။
အစ်မသက်ဝေ တက်ဂ်လို့လည်း ကျေးဇူးတင်ပါတယ်…။
…..
ကိုယ့်အိတ်ကိုဖွင့်ပြီး စီချမိတော့…
မိန်းမတွေဟာ ဘာဖြစ်လို့ ဒီလောက်သယ်ပိုးနေရလဲ မသိဘူးနော်… လို့ တွေးမိလိုက်တယ်။
ကိုယ့်ကိုကိုယ်လည်း အံသြမိတယ်။ နားမလည်နိုင်အောင်လည်း ဖြစ်မိတယ်။
တရားတောင် ရမိသလိုလိုဖြစ်လာတယ်… အဟုတ်ရယ်… :D

ပထမဆုံး…..
အင်း.. ဘယ်အိတ်ကို အရင်မှောက်ပြီး ဘယ်ကဘယ်လို ပြရမှန်းတောင် မသိတော့ပါဘူးရယ်…။

(ဆက်ဖတ်ရန်…)

August 27, 2011

အမှတ်တရလေးများ (ဘလောဂ်နေ့အတွက်)

Filed under: my notes, tag game — အိမ့်ချမ်းမြေ့ @ 12:59 am

ကျမလည်း ပိတုန်းတွေ ဆဋ္ဌဂံ ကို ၀င်စီးရင်းတန်းလန်း၊ ယန်စီမြစ်ရေခမ်းခြောက်ခြင်း နဲ့ မြစ်ဆုံလွမ်းဘွဲ့ ရောက်၊ တရုတ်ပြည်ကနေ မြန်မာပြည်.. တစ်ခါ ကနေဒါမြောက်ဘက်ရပ်ဝန်းက ဘီဗာတွေ ကမ္ဘာ့အကြီးဆုံး ဆည်ဆောက်တဲ့ အကြောင်းရောက်လိုရောက်နဲ့ ဟော.. အခု ကိုအောင်(ပျူနိုင်ငံ) တက်ဂ်တာနဲ့ ဘလောဂ်နေ့ အမှတ်တယများ ပိုစ်ကို ရောက်နေပြန်ပါပြီ။ ကျမကို ချစ်ခင်သော စာရေးဖော် - စာဖတ်ဘက် မောင်နှမတွေ၊ ကျမအကြောင်းအနည်းငယ်သိသူတွေကတော့ တော်တော်လေး စိတ်ရှည်သည်းခံကြပါတယ် (ပိုစ်ရေးသမျှ တန်းလန်းဖြစ်လွန်းလို့ )။ အခန်းဆက် ရေးပြီး အဆုံးသတ်နိုင်တာ.. ပေါင်းချုပ်စာအုပ်ထုတ်မှာမို့ ကြိုးစားအဆုံးသတ်တဲ့ “ဂုဏ်မက်သူ” တစ်ပုဒ်ပဲ ရှိခဲ့ပါတယ်။

အခုလည်း ဘာရေးရမှန်းမသိတာနဲ့ ကိုအောင်(ပျူနိုင်ငံ)ရဲ့ ပိုစ်ကို တစ်ပိုင်းကို သုံးခါလောက်စီ ပြန်ဖတ်၊ ကော့မန့်တွေပါ သေချာဖတ်၊ အခြားတက်ဂ်လုပ်ခံထားရသူတွေ ဘာရေးထားလည်း ဖတ်ပြီးသည့်နောက်.. ဘလောဂ်ရပ်ဝန်းမှာ ကိုယ် … မှတ်မိသလောက် ဘလောဂ်နေ့အမှတ်တယဖြစ်စေဖို့ ရေးလိုက်ပါတယ်။ (ရက်လတွေနဲ့ ခုနှစ်တွေကတော့ အနည်းငယ်လွဲနိုင်ပါတယ် (သိသူများ ၀င်ရောက်ဖြည့်စွက်နိုင်ပါတယ်ရှင်)။

(ဆက်ဖတ်ရန်…)

March 23, 2011

အချစ်အကြောင်း

Filed under: tag game, ♥●••.. မောင်….••●♥, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 4:23 pm

အချစ်နှင့် အတူရှိဖူးသော နေ့ရက်တို့သည် နွေးထွေးညင်သာသော နေ့များဖြစ်သည်။ ဘာကိုမှ မတောင်းဆိုတတ်သော အချစ်သည် သန့်ရှင်းသေသပ်နေတတ်သေးသည်။

(ဆက်ဖတ်ရန်…)

November 22, 2010

ပုံရိပ်ဟောင်းများ (သို့) ကေ၏ ရက်စက်ခြင်း

Filed under: tag game, ဓာတ်ပုံ (Pictures) — အိမ့်ချမ်းမြေ့ @ 1:17 pm

ဟိုးတစ်ခါတုန်းက ဘလောဂ်ရွာကြီးဟာ ခဏတာ ခြောက်ကပ်နေစဉ်ကပေါ့..။
ကေသွယ်ဆိုသူ ဘလောဂါမမ တစ်ဦးဟာ ပျင်းပျင်းနှင့် ဂိမ်းကလေးတစ်ခုကို ကစားလိုက်ပါသတဲ့…။
သူကတော့ ပျင်းလို့ ကစားလိုက်ပေမယ့်…
ဟိုစကားပုံတစ်ခုထဲကလို…
မင်းအတွက် အပ်တစ်ထောက်စာပေမယ့် ဆပ်ပြာပူပေါင်းတွက်ကတော့ ဘ၀တစ်သက်စာပါကွယ်.. ဆိုသလို…. ခံစားလိုက်ရပါတယ်…။

ဇတ်လမ်းကလေးက ဒီလိုပါရှင်….

(ဆက်ဖတ်ရန်…)

July 28, 2010

ထင်းရူးနံ့သင်းသော ဧရာဝတီ

Filed under: tag game, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:57 am

 

 irr1.pngirr2.png

irr3.png

နှင်းရိပ်ရီဝေေ၀ကြားမှာ ငွေလက ခပ်တိုးတိုးသာနေသည်။ ထင်းရူးပင်ဖျားတွေက လရိပ်အောက်မှာ ငိုက်မြည်းနေသည်။ မီးဖိုချောင်ကြမ်းပြင်ပေါ်မှာ လရိပ်က အရည်ပျော်ငြိမ်သက်လို့..။ သူ.. သောက်လက်စရေခွက်ကို အိပ်ချင်မူးတူးဖြင့် ပန်းကန်ဆေးကြွေခွက်ထဲ ထည့်လိုက်စဉ် မီးဖိုတံခါးက ဖြည်းဖြည်းဖွင့်လာသည်။

“မအိပ်သေးဘူးလား..မောင်တောင် တရေးနိုးလာပြီ၊ ဆံပင်တွေလည်း နှင်းရည်တွေစိုလို့ပါလား”

“လသာလွန်းလို့ ထွက်ရိုက်တာ”

“အိပ်သင့်ပြီနော်၊ မနက်ကျ မထနိုင်ဘူးဖြစ်နေဦးမယ်”

“လူ့ဘ၀က တိုတိုလေး၊ လသာညတွေကလည်း ရေတွက်လို့တောင် ရလို့ပါ”

“ဆံပင်တွေအခြောက်ခံဦး၊ အိပ်ရေးတွေပျက်လို့လည်း မျက်တွင်းတွေ မည်းလာနေပြီ”

“ဟင်.. ဟုတ်လို့လား”

“ဟုတ်တယ်.. အနည်းဆုံး ခုနစ်နာရီတော့ အိပ်သင့်တယ်”

“တစ်နေ့ကို လူတစ်ယောက်က ခြောက်နာရီထက် ပိုအိပ်ရင်ဖြစ်ဖြစ် လျော့ပြီးအိပ်ရင်ဖြစ်ဖြစ် အသက်တိုတတ်တယ်တဲ့။ မောင်လည်း သတိထားဦး၊ တစ်ချိန်လုံး အိပ်ချည်းပဲ နေနေတာပဲ၊ အသက်တိုနေဦးမယ်နော်.. ဟွန်း”

ပြောပြောဆိုဆိုနှင့် သူမ.. အခန်းထဲ ၀င်သွားပြီး တံခါးကို ပိတ်သွားတော့ သူလည်း သူ့အခန်းထဲ ၀င်သွားတော့သည်။

%%%%%%%

နံနက်ခင်း နေရောင်ခြည်က တောက်လက်နေသည်။ စားပွဲပေါ်မှာ နံနက်စာပူပူနွေးနွေးက စားပွဲပေါ်မှာ အဆင်သင့်။ သူ… ကော်ဖီကိုငှဲ့အပြီး အိမ်ရှေ့တခါးက ညင်ညင်သာသာပွင့်လာသည်။ အားကစားဝတ်စုံနှင့် သူမ၏ ကောက်ကြောင်းတို့ နေရောင်ခြည်ကြားက တစ်ချက်လှမ်းကြည့်လိုက်သည်။ မီးဖိုချောင်ကောင်တာပေါ်က သူမအတွက်အဆင်သင့်ကော်ဖီခွက်ကို ယူပြီး သကြားဗူးနားကို သူမ ကပ်သွားသည်။ တစ်ဇွန်း၊ နှစ်ဇွန်း၊ သုံးဇွန်း…။

“တော်လောက်ပြီထင်တယ်။ ဒီလောက် သကြားတွေသောက်နေတာ၊ နည်းတဲ့သကြားတွေမဟုတ်ဘူးစားတာ၊ ဒီကြားထဲ ဟင်းသီးဟင်းရွက်ကလည်း စားတာသိပ်နည်းတယ်.. antioxidant များများစားရတော့မယ်လို့ ပြောနေတယ်”

သူမ ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ငုတ်တုပ်ထိုင်ပြီး ကော်ဖီကို ငုံ့သောက်နေသည်။

“ရော့.. ဒီမှာ မုန်လာဥနီစား”

“………………….”

“ဘယ်တွေရောက်ခဲ့လည်း၊ ပန်းခြံဘက်သွားတာလား၊ ပင်လယ်ဘက်ကိုသွားတာလား”
(ဆက်ဖတ်ရန်…)

April 8, 2010

အတွင်းကြေသွားတဲ့ ဧပြီ

Filed under: tag game, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:17 pm

သင်္ကြန်မိုးက တပြိုက်နှစ်ပြိုက်သွန်းကျပြီးပြီ။ မှုန်မှိုင်းမှိုင်းကောင်းကင်မှာတော့ တိမ်ညိုတွေက လေးပင်စွာရွေ့လျောရင်း အိမ်ဘေးမှာ ကပ်ပေါက်နေတဲ့ ငုပင်ထိပ်မှာ ငြိမ်သက်စွာ တွဲခိုလို့။ ငုပန်းတွေကတော့ ရဲရဲဝင့်ဝင့်နဲ့ ကိုယ်ရောင်ကိုယ်ဝါတွေတောက်လို့။ ငုရွက်တွေကတော့ သင်္ကြန်မိုးကြောင့် စိမ်းစိုလတ်ဆတ်လို့။ ထည်ဝါမှုမဲ့တဲ့ အိမ်ကလေးတစ်လုံးရဲ့ အရောင်မဲ့နံရံမှာတော့ ငိုက်မြည်းနေတဲ့ တယောအိုတစ်လက်က ကပိုကယိုမှီနွဲ့လို့။ ပြူတင်းပေါက်ရှေ့ စားပွဲပေါ်မှာတော့ အဆုံးသတ်မရသေးတဲ့ ကဗျာတစ်ပုဒ်က အားအင်ချိနဲ့လို့။

မီးဖိုထဲက လက်ကျန်ဆီလေးကို စွတ်ကျယ်စုတ်မှာဆွတ်ပြီး တယောလေးကို အရောင်တင်လိုက်တော့ တယောလေးက သနပ်ခါးလိမ်းထားတဲ့ မိန်းမလှလေးတစ်ယောက်လို ယဉ်သွားလိုက်တာများ။ တယောအိုလေးကို နံရံမှာပြန်မှီ၊ စားပွဲနားကို လျှောက်သွား၊ ပုဆိုးကို တိုတိုပြင်ဝတ်၊ စားပွဲပေါ်က ဖတ်မပြီးသေးသော်လည်း ရက်စေ့နေသည့်စာအုပ်ကို ကောက်ကိုင်၊ စာအုပ်အငှားဆိုင်ဘက်ကို ထွက်လာခဲ့တော့ မိုးငွေ့သက်တဲ့ လေပြေက သင်းပျံ့ပျံ့။

တစ်ကယ်ဆို ထိုနေ့က ညနေစောင်းလောက်မှ စာအုပ်ဆိုင်ကို သွားခဲ့ဖို့ကောင်းသည်။

မိုးရွာပြီးစမို့ မြေနီလမ်းပေါ်မှာ ရေအိုင်လေးတွေက ဟိုတစ်ကွက်၊ သည်တစ်ကွက်။ ဓာတ်ကြိုးပေါ်မှာ ငိုက်မြည်းနေသော ငှက်ကလေးတွေ။ လေထဲမှာတော့ ကြိုင်သင်းနေတဲ့ ပိတောက်နံ့တွေ။ နေ့လည်ခင်း တစ်နာရီခွဲလောက်မို့ တိတ်ဆိတ်နေကျ သည်လမ်းကလေးက ပိုလို့တိတ်ဆိတ်နေသည်။ နံနက်စောစောတုန်းကတော့ ကလေးလေးတွေ ရေပုံးကလေးတွေနှင့် လမ်းသွားလမ်းလာတွေကို ရေပက်နေသံတွေကို ကြားနေခဲ့ရသလိုလို။ အခုတော့ အိမ်ကလေးတွေထဲမှာ မောမောနှင့် အိပ်မောကျနေလောက်ပြီလား။

နောက်ဘက်မှာ မြေနီလမ်းပေါ်မှာ ကားဘီးလိမ့်သံ ခပ်တိုးတိုးကြားနေရသည်။ ရှေ့နားက ရေအိုင်နီနား ကိုယ်ကော နောက်ကလာနေသည့်ကားကော ရောက်သည့်အချိန် အံကိုက်ဖြစ်နေတော့မည်။ ကားစီးသည့်လူတန်းစားကို ခြေကျင်လျှောက်လူတန်းစားက ဦးစားပေးလိုက်တော့လို့ ကိုယ့်ကိုကိုယ်သတိပေးရင်း လမ်းဘေးကို ကပ်လျှောက်လိုက်သည်။ ရေအိုင်နီနားရောက်ခါနီးမှာ ကားက သိသိသာသာ အရှိန်တင်ပြီး ဖြတ်မောင်းသွားသည်။

“ဗွမ်း”

ထောင်းကနဲဒေါသမျက်ဝန်းက ရေစိုသွားသော ပုဆိုးအောက်ပိုင်းနဲ့ တစ်ပတ်နွမ်းဖိနပ်လေးဆီမှာ။ ဖြတ်သွားသည့် ကားဖြူထဲက ရယ်သံလွင်လွင်တွေဟာ ဗွက်အိုင်တွေပေပွနေသော မြေနီုလမ်းပေါ် ဗရုတ်သုတ်ခနဲ့ ခုန်ဆင်းလာတော့ ကိုယ့်ဒေါသတွေကို နက်နက်ရှိုင်းရှိုင်းတူးဆွမိ။ ကားထဲကို ငဲ့ကြည့်လိုက်တော့ ထီမထင်ရောင်စုံမျက်နှာတွေကြားထဲက အကြင်နာမျက်ဝန်းတစ်စုံကို လှလှပပလေး လွယ်ထားတဲ့ ကောင်မလေး…။

“ကျွီ”

ကားက ခပ်လှမ်းလှမ်းမှာ ရပ်သွားသည်။ တံခါးပွင့်အသွားမှာ ကောင်မလေးရဲ့ ကနွဲ့ကလျ မျက်နှာလှလှလေး။ သူ့ရဲ့တောင်းပန်စကားတွေက သင်္ကြန်မိုးရှေ့က လေနုအေးလို။ ကားထဲက မထီတရီ ရောင်စုံမျက်နှာတွေကို မသိကျိုးကျွန်ပြုရင်း၊ လှုပ်ခါနေသော နားကွင်းလေးကို ငေးကြည့်ရင်း၊ ကိစ္စမရှိပါဘူးဟု နှုတ်က ခပ်တိုးတိုးထွက်သွားသလား ကိုယ့်ကိုကိုယ်လည်း မသေချာ။

တစ်ကယ်ဆို ထိုနေ့က ယောင်္ကျားမာနတွေကို အခမ်းအနားနဲ့ကို အလံထူခဲ့ဖို့သင့်သည်။

(ဆက်ဖတ်ရန်…)

November 7, 2009

ကမ္ဘာမပျက်ခင် တစ်လ အလို….

Filed under: tag game — အိမ့်ချမ်းမြေ့ @ 5:38 pm

တောသားလေးက တက်ဂ် လို့ပါ…။

၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…
ပထမ ၂ပတ်မှာ သိပ်တွေ့ချင်တဲ့သူတွေကို အမြန်သွားတွေ့မယ်။ သိမ်းထားတဲ့စကားတွေကို ပြောမယ်။
ကျန်တဲ့ ၂ပတ်မှာတော့ သာယာလှပတဲ့ ပင်လယ်ကမ်းစပ်လေးတစ်ခုမှာ မိသားစုနဲ့ တဲထိုးပြီးနေမယ်။ နောက်ဆို မမြင်ရတော့မှာဖြစ်တဲ့ ကောင်းကင်ပြာနဲ့ တိမ်ဖြူတွေကို ငေးမယ်။ သဲပြင်ပေါ်မှာ ပက်လက်လှန်အိပ်ပြီး ကြယ်တွေကို မော့ကြည့်မယ်။ လေပြေရဲ့အထိအတွေ့ကို နောက်ဆုံးအနေနဲ့ ခံစားမယ်။ လှိုင်းပုတ်သံတွေကို နောက်ဆုံးအနေနဲ့ နားထောင်မယ်။ ငှက်တွေပျံသန်းနေတာကို နောက်ဆုံးအနေနဲ့ ငေးမောမယ်။ သိပ်လှတဲ့ ကမ္ဘာကြီးကို နောက်ဆုံးအနေနဲ့ ဂါဝရပြု နှုတ်ဆက်မယ်။

(၂) ဘာတွေခံစားနေရလဲ…
ဒီလောက်လှပတဲ့ သဘာဝအလှတရားတစ်ခု အငွေ့ပျံပျက်စီးသွားမှာတော့ နှမြောမိမယ်။ ဒါပေမယ့် လူသားတွေ အသုံးချနိုင်သလောက် အသုံးချပြီးခြင်းခံခဲ့ရတဲ့ ဒီကမ္ဘာက၊ ပျက်စီးဖို့ အချိန်တန်တာ ကြာပါပြီ။ ဒီကမ္ဘာဟာ အစကတည်းက ထာဝရတည်နေမယ့် အရာတစ်ခု မဟုတ်ခဲ့လို့ သိပ်တော့ ပူဆွေးမနေပါဘူး။

(၃) ဘာတွေပြင်ဆင်ထားမလဲ…
ဘာမှ ပြင်ဆင်စရာကို မလိုတော့ပါဘူး။ ဘ၀မှာ လိုချင်တာ သိပ်များများ မရှိခဲ့ပါဘူး။ အဲဒီလိုချင်တာ နည်းနည်းလေးတွေထဲက အကုန်နီးပါးလည်း ရခဲ့ပြီးပြီ။ လှူသင့်တာတွေလှူပြီးပြီ။ ပေးသင့်တာတွေ ပေးပြီးပြီ။ ကျေးဇူးဆပ်သင့်တာတွေ ဆပ်ပြီးပြီ။ ပေးဆပ်သင့်တာတွေ ပေးဆပ်ပြီးပြီ။ လူသားတစ်ယောက်အနေနဲ့ ခံစားလို့ရသမျှ လူပီသစွာ ခံစားနေထိုင်ပြီးပြီ။ ပြီးပြည့်စုံနေတဲ့ လူသားတစ်ယောက် မဟုတ်ပေမယ့်လည်း၊ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ပြီးတဲ့အတွက်.. သေဆုံးဖို့ အဆင်သင့်ဖြစ်နေတာ ကြာပါပြီ။

(ဆက်ဖတ်ရန်…)

October 14, 2009

တစ်ခါတစ်လေမှာ ဒီသီချင်းလေးတွေ ဆိုတတ်၏

Filed under: tag game, သီချင်း (Songs) — အိမ့်ချမ်းမြေ့ @ 5:47 pm

ညီမလေး နှင်းဟေမာက ခုတစ်လောဆိုဖြစ်တဲ့သီချင်းလေးတွေကို တင်ပေးဖို့တဂ်ထားတယ်။

ငယ်ငယ်တုန်းကတော့ မောင်နှမတွေစုပြီး စန္ဒယားတီးရင်းဖြစ်ဖြစ်၊ ဂစ်တာစုတီးရင်းဖြစ်ဖြစ် ဆိုဖြစ်ခဲ့တဲ့ သီချင်းတွေကတော့ တစ်ထောင့်ကိုးရာရှစ်ဆယ်ခုနှစ်တွေတုန်းက သီချင်းတွေဖြစ်တဲ့… ခိုင်ထူး၊ ထူးအိမ်သင်၊ စိုးလွင်လွင်၊ မွန်းအောင်… အဲဒါတွေကို ဆိုဖြစ်တယ်။ မိန်းကလေးသီချင်းတွေကတော့ အဲဒီခေတ်က ကိုကိုတွေ၊ မောင်တွေ၊ အချစ်တွေနဲ့ နွဲ့လွန်းလို့ မဆိုရဲဘူး၊ သိပ်လည်းနားမထောင်ဖြစ်ဘူး။ အိမ်နောက်က မန်းကျည်းပင်အောက်မှာ လသာညတွေမှာ မောင်နှမတွေစုတိုင်းလည်း ယောင်္ကျားသီချင်းတွေပဲ ဆိုနေတာနဲ့ ယောင်္ကျားသံကြီး ဖြစ်မသွားတာ ကံကောင်းလို့ ပြောရမလိုဖြစ်နေပြီ။

အဲဒီတုန်းကတော့ အဖေဖွင့်လို့ ဆိုင်းထီးဆိုင်ကို စိတ်မပါဘဲ နားထောင်ဖူးတယ်။ ဦးလေးဖွင့်တဲ့ ရေဒီယိုက စန္ဒယားလှထွတ်တို့ တွံတေးသိန်းတန်တို့ကို ပြုံးရယ်ခဲ့တယ်။

ကနေဒါကို ရောက်စကတော့ အနောက်တိုင်းသီချင်းတွေထဲက ပေါ့ပ်ဂီတကို နှစ်သက်စွာနားထောင်ဖြစ်တယ်၊ ဆိုဖြစ်တယ်။ မြန်မာသီချင်းတွေထဲမှာတော့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေကို တဖြည်းဖြည်း နှစ်သက်လာတယ်။ အနေဝေးတာကြာတော့ အခုခေတ်ပေါ်နေတဲ့ မြန်မာသီချင်းတွေကိုနားထောင်ပေမယ့်လည်း ငယ်စဉ်ကသီချင်းတွေလို ရင်မှာစွဲကျန်မနေတော့ဘူး။ နောက်ပိုင်းအဆိုတော်တွေကိုလည်း သိပ်မသိတော့ဘူး။ အရွယ်ကလည်း စကားပြောလာတာဖြစ်မှာပါ။ ဒီမှာ အနေကြာလာလေလေ.. တစ်ကယ်နားထောင်ဖြစ်တဲ့ မြန်မာ သီချင်းတွေက သက္ကရာဇ်တွေရဲ့ ဟိုးဘက်က သီချင်းတွေဖြစ်လာတယ်။

ခုတစ်လောတော့ ဆိုဖြစ်နေတဲ့သီချင်းလေးတွေထဲက ရင်ထဲ စွဲစွဲနစ်နစ်ရှိနေတဲ့ နှစ်ပုဒ်… ပထမ တစ်ပုဒ်ကတော့ ဖွင့်ပြီးဆိုရတာဆိုတော့ အရမ်းအားရတယ်။ ဒုတိယတစ်ပုဒ်ကတော့ အသက်အောင့်ပြီး ဆိုရတဲ့သီချင်း။ ညီမလေးနှင်းဟေမာအတွက် တင်ပေးလိုက်ပါတယ်။ အစ်မ ပြောထားသလိုပဲ မငိုရဘူးနော်…
ဘာဖြစ်လို့လဲဆိုတော့ ဒီ ပထမသီချင်းကို ပန်းကန်ဆေးရင်းဖြစ်ဖြစ်၊ ဟင်းချက်ရင်းဖြစ်ဖြစ် အော်အော်ဆိုတိုင်း အိမ်မှာရှိတဲ့လူကုန် အိမ်အောက်ကို သိသိသာသာဘဲဖြစ်ဖြစ်၊ မသိမသာဘဲဖြစ်ဖြစ် ဆင်းဆင်းသွားကြလို့…
ဒီမှာပါ…..

(ဆက်ဖတ်ရန်…)

August 14, 2009

(အခုတလော…)…

Filed under: tag game — အိမ့်ချမ်းမြေ့ @ 12:31 pm

တွေးနေမိတာ….
ဘ၀တိုတိုလေးထဲမှာ အတ္တတွေ၊ မောဟတွေ၊ ဒေါသတွေ၊ မာန်မာနတွေကို လူတွေအလျှံပယ်ဝါးမြိုနေကြတာ ဘာကြောင့်ပါလိမ့်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
နေချင်လှပါချည်ရဲ့ဆိုပြီး ရှိသမျှစည်းစိမ်ပုံအောလို့ပေးကြရင်တောင် ဒီလောကထဲကနေ တစ်နေ့မှာ အားလုံး ထွက်ခွာသွားကြရမှာပါ။

ကျန်းမာရေး
အိပ်ရေးတွေပျက်နေတယ်

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…

books.jpg
အဲဒါတွေ တစ်ပြိုင်နက်ဖတ်နေတာ နှစ်လလောက်ရှိပြီလေ…. တစ်အုပ်မှ အဆုံးမသတ်နိုင်သေးပါ။

ရောက်ဖြစ်နေတာက…
ဒီသစ်ပင်လေးတွေအောက်…

(ဆက်ဖတ်ရန်…)

June 7, 2009

အနှစ်နှစ်ဆယ်ကျော် ကြာသောခါဝယ်…

Filed under: tag game, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:53 am

ချောမွတ်ပြီး ကွေ့ကောက်သော၊ အရိပ်ကောင်းသော ကားလမ်းမတစ်ခုပေါ်မှာ ကားလေးက တရိပ်ရိပ်ပြေးလွှားနေသည်။ ကားလမ်းဘေးက ကျယ်ပြန့်သော ရေပြင်ကျယ်ကြီးနှင့် လမ်းတစ်ဘက်တစ်ချက်က ကြီးမားစိမ်းစိုသော သစ်ပင်များကို ကျမ ငေးကြည့်နေမိသည်။ ကားလေးက ဂိတ်ဝတစ်ခုကိုကျော်ဖြတ်ပြီး တက္ကသိုလ်ကျောင်းဝင်းကြီးတစ်ခုထဲသို့ ရောက်လာသည်။ ပထမဦးစွာမြင်လိုက်ရသည်က ကြီးမားပြီးခမ်းနားသော အဆောက်အဦးကြီးတစ်ခု။ သစ်လွင်သောဆေးများသုတ်ထား၍ ပိုပြီးထည်ဝါနေသည်။ အဆောက်အဦးကြီးရှေ့မှာတော့ နှင်းဆီနီ၊ ၀ါ၊ ဖြူ၊ ပန်းရောင်၊ လိမ္မော်ရောင် စသဖြင့် ရောင်စုံနှင်းဆီဥယျာဉ်ကြီး။ ဥယျာဉ်ကြီး၏အလယ်မှာတော့ ကျောက်ဖြူဖြင့် ထုဆစ်ထားသော၊ ပွင့်နေသောစာအုပ်ကြီးတစ်အုပ်။ ထိုစာအုပ်ထဲမှ ရေပန်းများက လှပစွာဖျာထွက်နေသည်။ ဥယျာဉ်ကြီးတစ်ဝိုက်မြက်ခင်းပြင်ပေါ်မှာ ကျောင်းသူ၊ ကျောင်းသားများ စာဖတ်သူဖတ်၊ အုပ်စုလိုက်ထိုင်ပြီး ငြိမ်သက်စွာ စကားပြောသူပြောဖြင့် စည်ကားနေသည်။ အဆောက်အဦးကြီးဘေးမှဖြတ်ပြီး သစ်ပင်စိမ်းများ စနစ်တကျတန်းစီစိုက်ထားသော လမ်းမအတိုင်း ကားကို ဖြေးညှင်းစွားမောင်းလာကြသည်။ ကျောင်းလမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် ကမ္ဘာပေါ်တွင်ကျော်ကြားလှသော ဤတက္ကသိုလ်ကြီး၏ စာကြည့်တိုက်များ၊ ပြတိုက်များက၊ သုတေသနအဆောက်အဦးများက ခန့်ထည်စွာ တည်ရှိနေကြသည်။

“Wow!”

ကားနောက်ခန်းမှာ တစ်လမ်းလုံး ငြိမ်သက်စွာပါလာသော အငယ်ဆုံးသားဆီမှ အသံတစ်ချက်ထွက်လာသည်။

“သား.. ဒီတက္ကသိုလ်ကြီးကို သဘောကျနေပြီမဟုတ်လား”

သားထံမှာ ရယ်သံ ခပ်တိုးတိုး ထွက်လာသည်။

“သား… ဒီကျောင်းကို မင်းအကိုနဲ့အစ်မလို ၀င်နိုင်အောင်ကြိုးစားပါသားရယ်။ ဒီတက္ကသိုလ်က ကမ္ဘာပေါ်မှာအကောင်းဆုံးနံပါတ်ချိတ်ထားတာ သုံးနှစ်ဆက်တိုက်ရှိနေပြီ။ နောက်ပြီး နှစ်ပေါင်းများစွာ အစဉ်အလာရှိတဲ့တက္ကသိုလ်။ ဒီကျောင်းကဘွဲ့ရသွားတဲ့သူတွေဆိုရင် ကမ္ဘာပေါ်မှာဘယ်နိုင်ငံသွားသွား လက်မထောင်နိုင်ပြီသားရဲ့၊ ပညာရေးပိုင်း၊ အတွေးအခေါ်ပိုင်း၊ လှုမှုဆက်ဆံရေးအပိုင်း၊ ကျမ်းမာရေး၊ တီထွင်ကြံဆနိုင်မှု ဘယ်ထောင့်ကကြည့်ကြည့် ဒီကျောင်းထွက်တွေဆို လူသားတွေကိုအကျိုးပြုနိုင်ကြတာချည်းပဲ။ နိုင်ငံအနှံ့က တော်ပေ့၊ တတ်ပေ့ ကျောင်းသားကျောင်းသူတွေ ဒီကျောင်းဝင်ဖို့ကို နှစ်ရှည်လများ ကြိုးစားနေကြတာ။ သားလဲကြိုးစားပါသားရယ်”

“It’s quite competitive to get accepted by this university, Mom.”

“၀င်ခွင့်ရဖို့တော့ခက်တယ်သား၊ ဒါပေမယ့် ကြိုးစားရင်ဖြစ်ပါတယ်သားရယ်၊ မင်း အကိုနဲ့အမတောင် ၀င်သေးတာပဲ၊ ဒီတိုင်းပြည်က ကျောင်းတွေတော်တော်များများက ကမ္ဘာ့အကောင်းဆုံးတွေထဲမှာ ပါနေတာပဲ။ နောက်ပြီး မင်းကို အမေပြောရတာလဲမောပြီ။ အင်္ဂလိပ်စကားချည်းပဲ ပြောမနေပါနဲ့ဆိုတာ၊ ဗမာလိုလေးလဲပြောပါဦး”

(ဆက်ဖတ်ရန်…)

April 1, 2009

ဝါသနာ

Filed under: tag game — အိမ့်ချမ်းမြေ့ @ 11:07 pm

ဝါသနာ….ဆိုတာ အားလပ်တဲ့အချိန်မှာလုပ်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်အပန်းပြေစေတဲ့ အလုပ်တစ်ခုတဲ့။

ကျမအတွက်တော့ ၀ါသနာဆိုတာ မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားတယ်။

ကျမ ငယ်ငယ်က ကိုယ်လက်လှုပ်ရှား အားကစား သိပ်ဝါသနာပါတယ်။ ကြက်တောင်ရိုက်တာ၊ တောင်တက်တာ၊ ဘောလုံးကန်တာတွေကို သိပ်ဝါသနာပါခဲ့တယ်။ ကျမတို့ ခေတ်တုန်းက မိန်းကလေးတွေ ဘောလုံးကန်တာ၊ တောင်တက်တာတွေဟာ ဗိုင်းကောင်းကျောက်ဖိ ယဉ်ကျေးမှုတစ်ခုနဲ့ ဘယ်လိုမှ မသင့်တော်ခဲ့ဘူးလို့ ဆိုရမယ်ပေါ့နော်။ နောက်ပြီး အိုးပုတ်နဲ့ ကစားရတာ၊ စာအုပ်တစ်အုပ်အုပ်ယူပြီး သစ်ပင်ပေါ်တက် စာဖတ်နေရတာ၊ ဂစ်တာတီးရတာ သိပ်ဝါသနာပါခဲ့တယ်။ အဆိုးဆုံးကတော့ ကရာတေးကစားတဲ့ ၀ါသနာပါပဲ။ ၀ါသနာသာပါတာပါ၊ တစ်ခါမှ မကစားလိုက်ရပါဘူး။ ရှစ်တန်းလောက်တုန်းက အပေါင်းအသင်းတွေထဲမှာ ဂျုဒို၊ကရာတေး ခေတ်ထလိုက်သေးတယ်။ သိတဲ့အတိုင်းပဲ ဂျူဒို၊ကရာတေး တတ်တဲ့လူတွေဟာ သင်တန်းလေးစတက်ပြီဆိုတာနဲ့ လမ်းလျှောက်တာကိုက မြောက်ကြွမြောက်ကြွနဲ့ ကားပြီးလျှောက်တတ်ကြတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့တွေ ဘယ်လိုပဲကားနေကားနေ၊ ခါးပတ်နက်လောက်အထိ ကစားချင်တဲ့စိတ်တွေက ချိုးနှိမ်လို့မရဘူး။ အကိုတွေကတော့ပြောတယ် “မိန်းကလေးဖြစ်ပြီး ပခုံးကြီးကားပြီး အပေါ်ပိုင်းကြီး ကြီးချင်နေလား” တဲ့။ ကြီးချင်ကြီး၊ ကားချင်ကား ကိုယ်ကတော့ ကစားချင်တာပဲသိတယ်။ ဖြစ်ချင်တော့ အပေါင်းသင်းထဲက ခါးပတ်အညိုအဆင့် မိန်းကလေးတစ်ယောက်က လမ်းလျှောက်ရင် ယောင်္ကျားကြီးလို ကားပြီး မြောက်ကြွမြောက်ကြွဖြစ်နေရာကနေ၊ ရုတ်တရက် အရမ်းသိမ်မွေ့နူးညံ့ပြီး အရမ်းမိန်းကလေးဆန်သွားတယ်။ လမ်းလျှောက်ရင်လဲ ဆင်မယဉ်သာခြေလှမ်းကလေးနဲ့ လှုပ်လီလှုပ်လဲ့ဖြစ်နေတော့ ညီအစ်မတတွေ “ဟဲ့… သူ..ဘယ်လိုဖြစ်သွားရတာလဲ” လို့ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ်မေးနေရင်းကနေ သိလိုက်ရတာက …. သူ ရည်းစားရသွားလို့တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ အိမ်နောက်ဘက်မြေကွက်လပ်မှာ ကရာတေး အတော်အသင့်တတ်တဲ့ သူငယ်ချင်းမိန်းကလေးတွေဆီကနေ ဖေဖေ မသိအောင် ခိုးပြီးသင်ခဲ့ဖူးတယ်။
(ဆက်ဖတ်ရန်…)

January 2, 2009

မြတ်နိုးတတ်ခြင်းများ၏ နောက်ကွယ်တွင်…

Filed under: tag game, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 5:52 pm

ကျွန်မ သတိရလို့ ကြည့်လိုက်တော့ ကတ္တီပါခင်းပေါ်မှာ ကျွန်မကို တမြတ်တနိုးတင်ထားကြတာကိုတွေ့ရတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလဲ မီးတွေက ထိန်ထိန်ညီးနေတယ်။ ကျွန်မရဲ့ ကိုယ်ပေါ်ကိုလဲ ခေါင်မိုးကနေ မီးဖြူတွေလင်းနေအောင် ထိုးထားတယ်။ မှန်တွေအကန့်လိုက်ကာထားတဲ့ အခြားသော အခန်းတွေထဲမှာလဲ ….

(ဆက်ဖတ်ရန်…)

December 8, 2008

မပြောချင်လို့သာပဲ.. ပြောလိုက်ရတဲ့ ကိုယ့်အကြောင်းရယ်…

Filed under: tag game — အိမ့်ချမ်းမြေ့ @ 4:25 pm

ကိုယ့်ကိုကိုယ် မုန်းတဲ့ အချက်များတဲ့ … ကိုရန်အောင်က တက်ဂ် ပါတယ်။
ကဲ… ရေးပါပြီ….

၁) ကိုယ့်အကြောင်းကို မပြောချင်ခြင်း

အဲဒီက စတော့တာပါပဲ။ မပြောချင်ပါဘူး ဆိုမှ တက်ဂ်လိုက်ကြတာပါပဲလား။ အဲဒီဂိမ်းက ဘလော့ဂ်တွေ စပေါ်စဉ်က ကိုတက်စလာက စလိုက်တာလို့ ကျွန်မထင်ပါတယ်ရှင်။ နာမယ်နဲ့လဲ လိုက်ပါတယ် တက်စလာတဲ့..။ သူတက်ဂ်ကာမှ တောက်လျောက်တက်ဂ်ကြတာ ခုတော့ မပြောချင်တာတွေလဲ ပြောရပြီပေါ့နော်…။

ကျွန်မက ဖြစ်နိုင်ရင် ကျွန်မ ဘယ်တိုင်းပြည်မှာနေတယ်၊ ဘာလုပ်တယ် စသဖြင့် လုံးဝမပြောချင်ပါဘူး။ တစ်ခြားဘာရယ်မဟုတ်ပါဘူးရှင်။ ကျွန်မရဲ့ ကလောင်နဲ့ စာတွေကိုပဲ အလေးထားစေချင်တဲ့ သဘောပါ။ ကျွန်မစာတွေကို စာ အနေနဲ့ပဲ မြင်စေဖတ်စေချင်တယ်။ ကျွန်မဟာ မိန်းမတစ်ဦးဖြစ်နေလို့၊ အသက်က ဘယ်အရွယ်မို့လို့၊ အလုပ်အကိုင်က ဘာမို့လို့၊ လခက ဘယ်လောက်ရနေလို့၊ မိသားစု အသိုင်းအ၀ိုင်းက ဘာမို့လို့ စတဲ့ ပေတံတွေနဲ့ စာပေကို ဘောင်ခတ်လိုက်မှာကို မလိုလားလို့ပဲဖြစ်ပါတယ်။ (ပြောရင်း လေအရမ်းရှည်ပြီး စီးယီးရပ်စ်တွေ ဖြစ်လာပြန်ပါပြီ)

ပထမ ကလောင်နာမယ်ကို ယောင်္ကျားနာမယ်တောင် ထွင်ပြီး ယူဦးမလို့။ “ဟယ်… ဒီကဗျာဆရာလေးက ကလောင်လေးကလဲလှ၊ ကဗျာလေးတွေကလဲ မဆိုးဘူးဟဲ့” အဲသလို အဲသလို ဖြစ်ချင်တာ။ ၀န်ခံရရင်တော့ လုပ်ခဲ့ဖူးပါတယ် တော်တော်ငယ်ငယ်က၊ yahoo group တွေ ခေတ်စားတုန်းကပါရှင်။ yahoo group တွေဖွဲ့ပြီး ကဗျာတွေ၊စာတွေတင်ပြီး နာမယ်လေး လူနည်းနည်းလေး သိလိုက်ပါသေးတယ်။ အဲဒီတုန်းက groupပေါ်တက်တာနဲ့ ကောင်မလေးတွေက အရမ်းလိုက်ပြီး စကားပြောတာနဲ့ မနိုင်တော့လို့ ပြေးရပါတယ်….ခွိ..။ (ကလောင်နာမယ်တော့ မပြောပါရစေနဲ့တော့… ၀ိုင်းရိုက်ခံထိမှာစိုးလို့) နောက်တော့ ကိုယ်က ထွင်တာပေမယ့် လိမ်သလိုဖြစ်မယ်လေ ဆိုပြီး အိမ့်ချမ်းမြေ့ နာမယ်နဲ့ပဲ အွန်လိုင်းလောကထဲကို ၀င်လာတယ်ဆိုပါတော့ရှင်။ အွန်လိုင်းလောကထဲမှာပဲ ကိုယ့်အကြောင်းမပြောချင်တာလားဆိုတော့လဲ မဟုတ်ပါဘူး။ အပြင်လောကမှာလဲ ကိုယ့်အကြောင်း မပြောချင်သူပါ။ (မပြောချင်လို့ပဲ တော်တော့တယ်နော်.. အဟွန်း)

၂) အလုပ်လောဘကြီးခြင်း

ငယ်ငယ်လေးထဲက ဘယ်အသက်အရွယ်မှာ ဘယ်အလုပ်ကို ပြီးရမယ်ဆိုတာကို အချိန်ဇယားလိုကို ချမှတ်ပြီး လုပ်ကိုင်ပါတယ်။ အလုပ်တစ်ခုလုပ်ပြီဆိုရင်လဲ ဘယ်လောက်ပင်ပန်းနေပါစေ၊ ဘယ်လောက်ခက်ခဲပါစေ၊ မရပ်မနား ပြီးသည်အထိလုပ်ပါတယ်။ ဒီအတွက် ကောင်းကျိုးတွေရှိသလို၊ ဆိုးကျိုးတွေလဲ ရှိပါတယ်။ ပင်ပန်းလွန်းလို့ အိပ်ရာထဲ ဗုန်းဗုန်းလဲတဲ့ အထိ အလုပ်လောဘကြီးတတ်ပါတယ်။

၃) အားနာတတ်ခြင်း၊ သနားတတ်ခြင်း

အဲဒါ ကျွန်မကိုယ့်ကိုကိုယ် သိပ်မုန်းတဲ့ အချက်ပါ။ လူလည်တွေ၊ ကတုံးပေါ်ထိပ်ကွက်သူတွေ၊ လေလုံးထွားထွားနှင့် ကြွားဝါနေသူတွေ၊ လူလူချင်း အသုံးချတတ်သူတွေကိုတောင် မသိဟန်ဆောင်၊ အ ချင်ဟန်ဆောင်ပေးနေတဲ့ ကိုယ့်ကိုကိုယ် နားမလည်နိုင်လောက်အောင်ပါပဲ။ တစ်ချိန်ထဲမှာပဲ သူတို့ကို စာနာနေတယ်၊ နားလည်ပေးနေတယ်။ ပြီးတော့ ခံလိုက်ရပြီး အိမ်ပြန်ရောက်လာရတဲ့ ကိုယ့်ကိုကိုယ် မုန်းပါတယ်။

(ဆက်ဖတ်ရန်…)

September 28, 2008

အိမ့်ချမ်းမြေ့ရဲ့ ပထမဆုံးများ

Filed under: tag game — မလေး @ 10:50 pm

အမတန်ခူး … အစ်မတန်ခူး လိုပဲ မှတ်မိသမျှရေးပေးမယ်နော်။ ပထမဆုံးတွေရှိကြပေမယ့် ကုန်လုံးတိတိကျကျ မမှတ်မိတော့ စွဲလန်းနေပြီး ပထမဆုံးလိုဖြစ်နေတာလေးတွေကို မှတ်မိသမျှရေးပေးလိုက်ပါတယ်နော်။

ပထမဆုံးတက်ရသည့်ကျောင်း
ယဉ်ယဉ်ဝိုင်းမူကြို။
စိတ်အညစ်ဆုံးနဲ့ မပျော်ဆုံး။ ဖယ်ရီမောင်းတဲ့ ဦးလေးကြီးနဲ့ နောက်မှာကလေးတွေကို ထိန်းတဲ့ ဦးလေးကြီးက အမွှာပူးညီအစ်ကိုထင်တယ်။ ချွတ်စွပ်ပဲ။ သိပ်ကြောက်တာပဲ။ မိုးလင်းလို့ရှိရင် အိမ်ခန်းပြူတင်းပေါက်ကနေ သူတို့မျက်နှာပေါ်လာတာနဲ့ အာဗြဲနဲ့ဟစ်တော့တာပါပဲ။ ညစ်ပေမှုမရှိတဲ့ အကျီ င်္ တွေကို တစ်နေ့ နှစ်ခါ၊သုံးခါလောက် နာနီတွေက လဲလှယ်ပေးလို့ စိတ်ညစ်နေတဲ့ ကလေးတွေရှိတဲ့ ကျောင်းလေးလဲဖြစ်ပါတယ်။

ပထမဆုံးတက်ရသည့်အတန်း
အဲဒါကတော့ ပကာသနတွေကင်းတဲ့ မူလတန်းကျောင်းလေးတစ်ကျောင်းရဲ့ ကကြီးတန်းမှာပါ။ ကျောင်းဝိုင်းကြီးက သစ်ပင်ဝါးပင်တွေ စိမ်းစိမ်းစိုစိုနဲ့။ ခရေပင်အကြီးကြီးလဲရှိတယ်။ စိန်ပန်းပင်တွေလဲရှိတယ်။ စံပယ်ခြုံလေးတွေလဲ ရှိတယ်။ မတောက်ပြောင်ပေမယ့် စိတ်ထားနူးညံ့သိမ်မွေ့တဲ့ ဆရာ၊ဆရာမတွေကော ကျောင်းသူကျောင်းသားတွေကော ရှိတဲ့ အတန်းလေးတစ်တန်း၊ နံနက်ခင်း နေရောင်တွေ ကျုထရံကြားက ထိုးဖောက်လာတတ်တဲ့၊ မိုးရွာရင် မိုးယိုတာလွတ်အောင် ခုံရွှေ့ထိုင်ရတဲ့ အတန်းလေးတစ်တန်းပါ။

(ဆက်ဖတ်ရန်…)

September 16, 2008

လတ်တလော အိမ့်ချမ်းမြေ့

Filed under: tag game — အိမ့်ချမ်းမြေ့ @ 10:07 pm

အမတန်ခူး က တက်ဂ်ထားတာလေး ကိုရေးလိုက်ပါပြီ။

ကိုယ့်ရဲ့နာမည် - ဘယ်လိုပြောရမှန်းတောင်မသိဘူးး)) ဒီအသိုင်းအ၀ိုင်းမှာတော့ တစ်ပြည်သူတဲ့၊ မလေးတဲ့၊ အိမ်ချမ်းမြေ့တဲ့။

ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နာမယ်အရင်းရယ်၊ ပန်းနာမယ်တွေနဲ့ တိရစ္ဆာန်နာမယ်တောင် ပါလိုက်သေး၊ ဥပမာ.. ရင်မွှေးပန်းတို့၊ မြတ်လေးတို့၊ ယုန်လေးတို့ အင်း… ခေါင်ရမ်းပန်းတို့ ကျွဲမ တို့ မခေါ်တာ ကံကောင်း…

ကိုယ်ဒီမှာနေတယ် - စိမ်းမြညိုမှောင်နေတဲ့ တောင်တွေဝန်းရံတဲ့ ပစိဖိတ်သမုဒ္ဒရာနဲ့ ကပ်နေတဲ့ တောင်ကုန်းတွေထူထပ်ပြီး ရှဉ့်လေးတွေပေါများတဲ့ အေးချမ်းတဲ့ မြို့လေးတမြို့မှာနေပါတယ်။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ဘယ်သူမှ မဆက်ချင်ဘူးတဲ့… တစ်ကယ်.. အကုန်လုံးကို လိုက်မေးပြီးပြီ

အရောင်ဆိုရင် - ပန်းရင့်ရောင်၊ အစိမ်းရင့်ရောင်၊ အနက်နဲ့အဖြူ

အ၀တ်အစားဆိုရင် - ရိုးရိုးယဉ်ယဉ်လေးတွေကြိုက်တယ်။ အသားတွေ အရမ်းပေါ်နေတာမကြိုက်ဘူး (ချမ်းလို့ပါ :P) နောက်ပြီး သူ့နေရာနဲ့သူလိုက်ဖက်မယ့် အ၀တ်အစားလေးတွေပါ။ brand name နဲ့ ဈေးကြီးအ၀တ်အစားတွေထက် သင့်တင်လျောက်ပတ်တဲ့ အ၀တ်အစားလေးတွေ ကြိုက်တယ်။ ဖိနပ်မြင့်မြင့်တွေတော့ ကြိုက်တယ်။

အစားအစာဆိုရင် - မုန့် ဟင်းခါး၊ လက်ဘက်ရည်နဲ့အီကြာကွေး၊ ရွှေရင်အေး၊ ပဲပြုတ်ထမင်းဆီဆမ်း၊ French toast၊ broccoli keish နောက်ပြီး Cheese Cake!!! :D

ပစ္စည်းဆိုရင် - လူလက်နဲ့လုပ်တဲ့ ပန်းပုရုပ်တုတွေ နဲ့ ဂီတပစ္စည်းတွေ။

သီချင်းဆိုရင် - ကိုယ်ပိုင်သံစဉ်တွေကြိုက်တယ်။ သီချင်းဆိုသူတွေထက် သီချင်းတွေကိုကြိုက်တာပါ။ ပန်းနွယ်ကစိမ်း၊ ရင်ခတ်အလွမ်း၊ လွမ်းရတဲ့ညတွေလွန်ပါစေ.. ဗလရဲ့ ကိုယ်တိုင်ကိုယ်ကျ အဲလိုသီချင်းမျိုးလေးတွေ.. ဆိုသူအမည်တွေကို မပြောမဖြစ် ပြောရမယ်ဆိုရင်တော့ စန္ဒယားလှထွဏ်၊ အနိုင်၊ ခိုင်ထူး၊ စိုးလွင်လွင်၊ ဗလ၊ မွန်းအောင်နဲ့ မာရဇ္ဖ။ (မိန်းကလေးအဆိုတော် မပါဘူးနော်.. အတင်းညှစ် စဉ်းစားတာတောင် ထွက်မလာဘူး) အင်း.. ထွန်းအိန္ဒာဗိုလ်ရဲ့ ဝေးခဲ့ကြပြီကိုကြိုက်တယ်။ မြန်မာသီချင်းတွေနဲ့ ဝေးတာ ဆယ်စုနှစ်တစ်ခုကျော်သွားလို့ နောက်ပိုင်းလူတွေကို သိပ်မသိတော့ဘူး။ အင်္ဂလိပ်သီချင်းတွေက မြန်မာသီချင်းတွေလောက် စာသားတွေက ကဗျာမဆန်လို့ သိပ်မစွဲလန်းဘူးရှင့်။

စာရေးဆရာ - R. Tagore, Arundhati Roy.. (အိန္ဒိယ စာရေးသူတွေချည်းပဲနော်)

စာအုပ် - အဲဒီမှာ ကြည့်လိုက်ကြပါနော်။

Life style – အဲ.. အဲဒါကိုဘာရေးရမှန်းမသိလို့ အမတန်ခူးနဲ့ မောင်မျိုးဆီသွားကြည့်တာ သူတို့ရေးထားတာတွေ သဘောကျပေမယ့် ကူးချလို့မဖြစ်တော့.. အင်း.. ဘယ်လိုပြောရမလဲ.. ပူလောင်တဲ့ ပြိုင်ဆိုင်မှုတွေ နဲတဲ့နေရာမှာ အေးအေးလေးကြိုးစားပြီးနေနေတယ်လို့ ဆိုလို့ရပါတယ်။ ဒါဟာ အတ္တပုံဆောင်ခဲတစ်ခုရဲ့ ပြယုဒ်လို့ ဆိုလို့လဲ ရနိုင်ပါတယ်။ (ပြောရင်း စီးရီးယစ်က ဖြစ်လာပြန်ပြီ)

ကိုယ့်ရဲ့ဝါသနာ - စာရေးတယ်၊ ဂစ်တာတီးတယ်၊ သီချင်းရေးတယ်၊ အိမ်ရှင်းတယ်၊ ပန်းပျိုးတယ်၊ အားကစားလုပ်တယ်၊ အလေးမတယ် (၅ ပေါင်အလေး.. အဟွန်း)

အလိုချင်ဆုံးလက်ဆောင် - ရုံးရှေ့မှာ မထင်မှတ်ပဲ အမှတ်တမဲ့မြင်လိုက်ရမယ့် … သူ ….
(ပင်စင်မယူခင်ထိ မျှော်နေမယ်နော်)

ကိုယ့်ရဲ့အချစ်ဆုံးသူက - မျက်လုံးဝိုင်းနဲ့နှုတ်ခမ်းထော်

ကိုယ့်ရဲ့အလေးစားဆုံးသူက - လူတိုင်းက သူ့ဟာနဲ့သူ လေးစားစရာတွေက ရှိနေပါတယ်။

ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - ရုပ်ရှင်လက်မှတ်လေးနှစ်စောင် ထဲက သူပါ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ညီမလေး (ရှုး တိုးတိုး… သူ မသိပါစေနဲ့)

ကိုယ့်ရဲ့အမုန်းဆုံးသူက - အဲဒါတော့ မရှိသေးဘူး၊

ရင်အခုန်ဆုံးအချိန် - အပြေးလေ့ကျင့်နေတဲ့အချိန်

အကြောက်ဆုံးအချိန် - သူမချစ်တော့မှာစိုးမိတဲ့အချိန်

အမှတ်တရနေ့  - ၂ရက် ၃ရက် ၄ရက် ဂရက် ၁၀ရက် ၁၂ရက် ၁၃ရက် ၂၀ရက် ၂၂ရက် ၂၄ရက် ၃၀ရက်

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - အချစ်ဆုံးနဲ့ပြန်ဆုံပြီး ထာဝရအတူနေပါရစေ။

အချစ်ဆိုတာ - ဟိုမုန်းတွေနဲ့ကယ်မီကယ်လ်တွေပါ။

အမုန်းဆိုတာ - တဒင်္ဂခံစားချက်တစ်ခု

အလွမ်းဆိုတာ - မထွေးနိုင်မမြိုနိုင်တဲ့အရသာ

သံယောဇဉ်ဆိုတာ - ရင်ထဲက ကန့်လန့်ဖြတ် သံတန်းကြီးတစ်ခု

ဘ၀ဆိုတာ - ကစားပွဲတစ်ခု၊ ပြဇာတ်တစ်ခု၊ သုတေသနတစ်ခု၊ စမ်းသပ်မှုတစ်ခု၊ နောက်ဆုံး အိပ်မက်တစ်ခုလဲဖြစ်နိုင်ပါတယ်။

သူငယ်ချင်းဆိုတာ - စိတ်ဆိုးပြီး အဖုအထစ်မရှိ ပြန်ခေါ်ကြတဲ့သူတွေ

ချစ်သူဆိုတာ - ကဗျာတို့ရဲ့ သခင်၊ အသည်းကိုနွေးစေတဲ့ ဘုရင်၊ မွှေးပျံ့တဲ့ပန်း၊ သင်းပျံ့တဲ့လေပြေ၊ အတောင်ပံများအောက်က တွန်းအား၊ နှုတ်ခမ်းမှာ တိတ်တခိုးအပြုံးတစ်ခု ဖန်တီးပေးသူ နဲ့ ကျမရဲ့မျက်လုံးထဲမှာ နူးညံ့ယဉ်ကျေးလို့ အလှပဆုံးသောအရာ

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - အားနာတတ်တယ်၊ စကားပြောရင်လိုရင်းမရောက်ဘူး၊ (စကားကို မပြောချင်တာပါ.. စာပဲရေးချင်တယ်.. ဖြစ်နိုင်ရင် တယ်လီပသီရှိရင်ကောင်းမယ်) ကိုယ့်ကိုဆော်လို့ဆော်နေမှန်းမသိဘူး (ကံကောင်းရင် တပတ်လောက်နေမှ ဟာ.. ဒါ ငါ့ကိုဆော်သွားတာပါလားဆိုပြီးဖြစ်တယ်)။ အရမ်းမြိုသိပ်လို့ ပေါက်ကွဲမှုပြင်းထန်တယ်။ ဒီလိုနဲ့ ဆယ်သုံးနှစ်သမီးဘ၀ထဲက သေနတ်ပစ်လက်ဖြောင့်တော့တာပါပဲ .. အဲဒါကြွားတာ… (မဟုတ်ပါ.. တစ်ကယ်ကြီးပါ မယုံရင် နို့ဆီခွက်တွေကို မေးကြည့်ပါ) နောက်ပြီး သဘာဝအလှအပမှာ တိမ်းမူးတတ်တယ်။ တိတ်ဆိတ်ငြိမ်သက်မှုကို သဘောကျတယ်။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ကမ္ဘာမှာ ဒီယာယီတဲ့ရဲ့ သက်တမ်းက ရက်ပေါင်းသုံးသောင်းကျော်ကျော်လေးပါ။

အပြောချင်ဆုံးစကားတခွန်း - များလွန်းလို့ ဘယ်က စရမှန်းမသိတော့ပါဘူးရှင်။

သိုးမလေးကို တက်ဂ်တယ်…း))

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------