♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

December 21, 2016

ကနေဒါ - အမေရိကားနှင့် ရန်ကုန် (ဇာတ်သိမ်း)

Filed under: ဘာသာပြန်, My Publications, စာစု, ပြုံးစရာ — အိမ့်ချမ်းမြေ့ @ 1:23 pm

mitaw.jpg
ကျွန်တော်သည် နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၂နာရီခန့်တွင် မလေး၏ လယ်တောထဲက မိန်းကလေး အမည်ရ ဘာသာပြန်ရသစာစုများ စုစည်းမှုစာအုပ်နှင့် နတ်ရဲ၏ ငှက်ကလေးဘယ်ဆီပျံသန်းနေ အမည်ရှိ မဂ္ဂဇင်းဝတ္ထုတိုစုစည်းမှု စာအုပ် စသည့် စာအုပ်နှစ်အုပ်တို့၏ မိတ်ဆက်ပွဲကျင်းပရာ City Star ဟိုတယ်သို့ တက္ကစီငှား၍ သွားလေ၏။ ထိုနေရာက ဘားလမ်းထဲမှာရှိ၍ မြို့တော်ခန်းမ၏ အနောက်ဘက်နားတွင် ရှိလေသည်။

ကျွန်တော်သည် တက္ကစီစထွက်ထွက်ချင်း ဆီဒိုးနားဟိုတယ်မှာတည်းသော မလေးကို ဖုန်းဆက်မိလေ၏။ ပွဲက နေ့လည်နှစ်နာရီမှ စမှာဖြစ်သော်လည်း သူတို့နောက်ကျနေမှာစိုး၍ပင်။ သို့သော် ၀ီရိယကောင်းတော်မူလှသော မလေးနှင့်တကွ မဟေမန်၊ နတ်ရဲ၊ မမေဇူး စသော အပေါင်းအပါတစ်စုသည် ပွဲကျင်းပမည့် ဟိုတယ်သို့ ကျွန်တော့်ထက် အရင်စောစွာ ရောက်နေနှင့်ခဲ့ကြလေပြီဖြစ်ကြောင်း သိလိုက်ရလေ၏။

November 13, 2016

♫ ♥●••·˙ကိုယ့်ကိုကိုယ် လွမ်းရတဲ့နေရာ˙·••●♥♫

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 1:20 am

 painting.jpgဒီနေ့….
ကိုယ်အကြာကြီး ပစ်ထားတဲ့နေရာလေးကို ပြန်ရောက်တယ်။ တစ်ကယ်က ကဗျာဟောင်းလေးတွေပြန်လာရှာတာပါ။ စာအုပ်မိတ်ဆက်ပွဲမှာ ကိုယ့်လက်နဲ့လုပ်ထားတဲ့ ကဗျာစာအုပ်လေးကို လေလံတင်မယ်ပေါ့။ ကဗျာဆိုလို့ တစ်ကယ်က ကိုယ်က ကိုယ့်ကိုကိုယ် ကဗျာရေးတယ်လို့တောင် မသတ်မှတ်ပါဘူး၊ ကဗျာဆရာမလို့လည်း မသတ်မှတ်ဘူး။ ရင်ထဲရှိတာရေးချမိတဲ့ စာတိုပေစလေးတွေပေါ့။ အဲဒါလေးတွေကို သစ်ရွက်လေးတွေနဲ့ decorate လုပ်ထားတဲ့ စာအုပ်လေးထဲမှာ ရေးမယ်စိတ်ကူးနဲ့ ကဗျာဟောင်းတွေပြန်လာရှာရင်း ကိုယ်မေ့ထားမိတဲ့ ဒီစာမျက်နှာလေးကို ပြန်ရောက်လာခဲ့တယ်။

ဒီစာမျက်နှာလေးဟာ တစ်ကယ်တော့…. တိတ်ဆိတ်အေးချမ်းတဲ့မြို့လေးတစ်မြို့ထဲကို ဖြတ်စီးဆင်းနေတဲ့ စမ်းချောင်းလေးဘေးက လူသူကင်းရှင်းတဲ့ လက်ဘက်ရည်ဆိုင်လေးလိုပဲ။ သီချင်းသံတွေဆူဆူညံညံ မရှိဘူး။ အရောင်တောက်တောက် ဖြတ်လျှောက်မယ့် မိန်းကလေးတွေ မရှိဘူး။ စကားတွေဖောင်ဖွဲ့အောင်ပြောတတ်တဲ့ ယောင်္ကျားတွေ မရှိဘူး။

ရှင်းရှင်းပြောရရင် လက်ဘက်ရည်ကိုတောင် ကောင်းကောင်းမဖျော်တတ်တဲ့ ဆိုင်ရှင်အဘိုးကြီးကြောင့် လူရှင်းတဲ့ဆိုင်ကလေးမျိုးပေါ့။
အေးချမ်းတယ်………..၊
တိတ်ဆိတ်တယ်…………၊
နားအေးတယ်…………၊
အတွေးတွေကို ကွန့်မြူးစေနိုင်တယ်……..။

ကိုယ်ဟာ…
ဆိုင်ကရောင်းတဲ့ လက်ဘက်ရည်တစ်ခွက်အတွက်လာတာ မဟုတ်ဘူး…
စကားများလွန်းတဲ့ ယောင်္ကျားတွေရဲ့ စကားတွေကို နားထောင်ဖို့လည်း လာတာမဟုတ်ဘူး၊
လမ်းမပေါ်ဖြတ်သွားဖြတ်လာ အရောင်စုံမိန်းကလေးတွေကို ကြည့်ဖို့လာတာလည်း မဟုတ်ဘူး။

တစ်ကယ်ဆို………
ကိုယ်က..
စမ်းချောင်းလေးရဲ့စီးဆင်းသံအတွက်..
ပေါလစ်ရောင်မွှေးတဲ့ ခုံတွေမှာထိုင်ရင်းသောက်မယ့် ခပ်ညံ့ညံ့လက်ဘက်ရည်တစ်ခွက်အတွက်…
တငွေ့ငွေ့လောင်ကျွမ်းနေမယ့် ဆေးလိပ်တစ်လိပ်အတွက်…
အေးချမ်းမှုအတွက်……
တိတ်ဆိတ်မှုအတွက်….
ကွန့်မြူးနေမယ့် ကိုယ့်အတွေးတွေအတွက်……..
အဲဒီဆိုင်လေးမှာ ထိုင်ဖြစ်သလိုမျိုး….။

ဟုတ်တယ်..။
ဒီနေရာလေးဟာ…. .အဲသလိုနေရာလေးမျိုးပေါ့။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။
ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့တဲ့ နေရာလေး။

ကိုယ့်ရဲ့အနုပညာ…
ကိုယ့်ရဲ့ရင်ခုန်သံ…
ကိုယ့်ရဲ့နူးညံ့မှု….
ကိုယ့်ရဲ့အတိတ်… ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ပြန်ရှာတွေ့လိုက်တဲ့ နေရာလေးပေါ့။

pic credit: telas e quadros

September 9, 2015

ကျမ မသိသော..စတော်ဘယ်ရီပင်အောက်က စာရေးဆရာမသို့

Filed under: အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 3:35 pm

စာရေးသူက ငယ်စဉ်ကတည်းက သရက်သီးလောက်ပဲ ကြိုက်တော့ စတော်ဘယ်ရီသီးကို ဂရုမစိုက်မိခဲ့ဘူး။ စတော်ဘယ်ရီချယ်ရီ သီချင်း မူရင်း Summer Wine ကိုတော့ ဖေဖေနဲ့မေမေက ဖွင့်ရင်တော့ ကြုံလို့နားထောင်ဖူးတယ်။ ဒါပေမယ့် စတော်ဘယ်ရီချယ်ရီရောရင် အတော်အတန် ဘာဖြစ်တယ်ဆိုလည်း … အဲဒီသီချင်းကို ခံစားလို့ မရခဲ့ဘူး။

ရန်ကုန်က အချို့သူငယ်ချင်းယောင်္ကျားလေးတွေကိုယ်တိုင်ကလည်း ချယ်ရီသီးဆိုတာတောင် ကောင်းကောင်းမမြင်ဘူးခဲ့တော့ စတော်ဘယ်ရီချယ်ရီဆိုတာ ကာရန်မိအောင် ရောချပြီး စိတ်ကူးယဉ် သီချင်းလုပ်ရေးထားတာ၊ စတော်ဘယ်ရီနဲ့ ချယ်ရီကို ရောပြီး အရည်သောက်လုပ်လို့ မရဘူးတောင် လက်သီးလက်မောင်းတန်း အာဘောင်အာရင်းသန်သန်နဲ့ကို ဆိုခဲ့ကြသေးတာ။

ဒီလိုနဲ့ စတော်ဘယ်ရီတွေ၊ ချယ်ရီတွေ အပြုံလိုက်ပေါက်တဲ့ တိုင်းပြည်ကို ရောက်လာတယ်ဆိုပါတော့။ စာရေးသူအရင်အိမ်ရဲ့ခြံနောက်မှာတင် စတော်ဘယ်ရီပင်တွေ၊ ချယ်ရီပင်တွေ အစုလိုက်အပြုံလိုက်။ မြေသြဇာကလည်း လွှတ်ကောင်းတော့ စတော်ဘယ်ရီပင်တွေဆိုတာ အမြစ်ကလေးကျတာနဲ့ အတန်းလိုက်ကို ပေါက်တော့တာ။ မနိုင်နိုင်အောင်ပဲ။

ဒီလိုနဲ့ တစ်နေ့မှာ အိမ်နောက်က စတော်ဘယ်ရီခင်းထဲမှာ စတော်ဘယ်ရီပင်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလေးတစ်ခုကို နားစွန်နားဖျားကြားလိုက်တယ်။ စတော်ဘယ်ရီပင်အောက်မှာ စာရေးဆရာမတစ်ယောက်က ထိုင်တယ်ဆိုလား။ စတော်ဘယ်ရီပင်ဆိုတာက ပုပုသေးသေးလေးကို ဘယ်လိုထိုင်မှာလဲ၊ အဲဒီအချစ်ဝတ္ထုရေးတဲ့ စာရေးဆရာမက မဟုတ်တာတွေရေးသလားမသိဆိုတဲ့ အကြောင်းပြောနေတာကို နားစွန်နားဖျား ကြားလိုက်တာပါ။

စာရေးသူကလည်း ပြောရမယ်ဆိုရင် အချစ်ဝတ္ထုကို သိပ်ဖတ်ဖူးခဲ့သူ မဟုတ်ဘူးဆိုတော့ စတော်ဘယ်ရီပင်အောက်က ခုံမှာထိုင်တယ်လို့ ရေးတဲ့ စာရေးဆရာမကို ယခုထိ ဘယ်သူမှန်းမသိသလို၊ ဘယ်ဝတ္ထုမှန်းလည်း မသိဘူး။

(ဆက်ဖတ်ရန်…)

April 22, 2015

ကွဲအက်ခြင်းရဲ့ အလှတရား

Filed under: my notes, အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 11:59 pm

 broken-heart.jpgဟိုတစ်နေ့က မီးလင်းဖိုအပေါ်ကတန်းကလေးကို  ကျမ ဖုန်သုတ်နေရင်းနဲ့ တန်းပေါ်မှာ အလှတင်ထားတဲ့ sake အိုးလေးကို လက်နဲ့တိုက်မိပြီး sake အိုးလေး ကျကွဲသွားခဲ့တယ်။ အဲဒီ အိုးလေးက ကျမ ဂျပန်သွားတုန်းက အမှတ်တယ ဝယ်လာခဲ့တာ။ ကျမက အဲဒီ sake အိုးအနက်လေးကို သိပ်ချစ်တာ။ အနက်ရောင်ပေါ်မှာ ရွှေရောင်ပန်းခက်လေးတွေနဲ့ သိပ်အနုပညာဆန်တဲ့ sake အိုးလေးဟာ အရက် မသောက်တတ်တဲ့ ကျမအတွက်တော့ အိမ်ရှေ့က မီးလင်းဖိုအပေါ်က တန်းဖြူဖြူလေးပေါ်မှာ အလှပြပစ္စည်းလေးပေါ့။

အခုတော့….. မထင်မှတ်ဘဲ မီးလင်းဖိုရှေ့က ကျောက်ပြားပေါ်ကို ပြုတ်ကျလို့ ကွဲအက်သွားခဲ့ရပြီ။

~~~~~~~

ဟိုးရှေးရှေးတုန်းက… Ashikaga Yoshimasa ဆိုတဲ့ ရှိုးဂန်းတစ်ဦးက သူနှစ်သက်လွန်းတဲ့ ကြွေပန်းကန်တစ်ချပ်ကို တရုတ်ပြည်ကနေ ဝယ်လာခဲ့တယ်။ သူဝယ်လာတဲ့ ကြွေပန်းကန်လေးဟာ တစ်နေ့မှာ ကျကွဲသွားခဲ့တယ်။ သူဟာ ကွဲအက်သွားတဲ့ ကြွေပန်းကန်ကို မပစ်ရက်လို့ တရုတ်ပြည်အထိပြန်ပို့ပြီး ပညာရှင်တွေကို ပြန်ဆက်ခိုင်းခဲ့တယ်။ တရုတ်ပြည်က ကြွေပညာရှင်တွေက ပန်းကန်ကိုပြန်ဆက်ပြီး ရှိုဂန်းကြီးဆီ ပြန်ပို့လိုက်တယ်။ ပြန်ရောက်လာတဲ့ ကြွေပန်းကန်ကိုကြည့်လိုက်တော့ အကျည်းတန်တဲ့နန်းကြိုးတွေနဲ့ ပြန်ဆက်ထားတာ တွေ့လိုက်ရတယ်။ အဲဒီအတွက် ရှိုးဂန်းကြီးက တော်တော်လေး စိတ်မကျေမနပ်ဖြစ်ခဲ့ရတယ်တဲ့။ အဲဒီအဖြစ်ကိုသိလိုက်ရတဲ့အခါ.. ဂျပန်ပြည်က အိုးခွက်ပညာရှင်တွေဟာ အက်ကွဲသွားတဲ့ ကြွေပန်းကန်တွေကို လှပစွာ ပြန်ဆက်နိုင်တဲ့ အနုပညာ/ အတတ်ပညာတစ်ခုကို ရှာဖွေခဲ့ကြတယ်။
အဲဒီမှာ ဂျပန်လူမျိုးတွေရဲ့ Kintsugi လို့ခေါ်တဲ့ အိုးခွက်အနုပညာတစ်ခုဟာ ပေါ်ပေါက်လာခဲ့ရတယ်…။

(ဆက်ဖတ်ရန်…)

March 17, 2015

ရှိသည့်အတိုင်း

Filed under: တစ်မျက်နှာဝတ္ထု (Short Novels), စာစု — အိမ့်ချမ်းမြေ့ @ 12:12 am

 window-at-night1.jpgသူမ ဒီရက်တွေမှာ ဘဝမှာ မဖြစ်ဘူးသောအရာများနှင့် ကြုံတွေ့နေရသည်ဟု ဆိုရပေမည်။ သူမသည်

မိဘအသိုင်းအဝိုင်းထဲတွင် ငယ်စဉ်ကတည်းက လိမ္မာသူ ဟု တံဆိပ်တပ်ခံရသူ ဖြစ်သည်ဟု ဆိုရပေဦးမည်။ ပျော့ပျော့လေးနှင့် မာသူ ဟုလည်း ဆိုတတ်ကြသေးသည်။ အချိန်အတော်များများ တစ်ဦးတည်းနေတတ်သော သူမသည် ဖြစ်သင့်သောအရာများကိုလည်း အမြဲတမ်းတစိုက်မတ်မတ်လုပ်ခဲ့သူ။ ကံကောင်းထောက်မချင်တော့ သူမဖြစ်ချင်သောအရာများသည်လည်း ဖြစ်သင့်သော အရာများ ဖြစ်နေတတ်ခြင်းပင်။ တစ်ကယ်ဆိုလျှင်.. ဘဝမှာ အရာများများကို သိပ်မလိုချင်သူဟု သူမကိုယ်သူမလည်း ထင်ထားခဲ့မိသူ။

 

ပူလောင်သောအချစ်၊ မျှော်လင့်ရသောအချစ်၊ ဆွေးမြေ့ရသောအချစ်၊ တမ်းတရသောအချစ်၊ စိတ်ပျက်ရသောအချစ်၊ စိတ်ကုန်ရသောအချစ်၊ စသော အမျိုးအမည်များလှစွာသော အချစ်များစွာထဲတွင်မှ ညနေခင်းလေပြေလေးညင်သာစွာတိုက်ခတ်နေသလို အချစ်၊ အနားမှာထိုင်နေရရုံဖြင့် အရာရာပြည့်စုံသလို ခံစားစေသောအချစ်၊ သူနှင့်ဆိုလျှင် ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမတစ်ဦးလို ခံစားရစေသော အချစ် တစ်ခုကို သူမ ရွေးချယ်ခဲ့လေသည်။ တစ်ခါ.. ကံကောင်းထောက်မလွန်းစွာ ထိုအချစ်မျိုးကို ပေးဝေနိုင်သူသည် သူမ၏ခေါင်းမာမှုများ၊ သူမ၏စိတ်ကြီးတတ်ခြင်းများ၊ ယောင်္ကျားများနှင့်ရင်ဘောင်တန်းပြီး အတွေးခေါ်ချင်းစီးချင်းထိုးတတ်ခြင်းများ၊ ယောင်္ကျားတွေလုပ်နိုင်ရင် မိန်းမတွေလည်း လုပ်နိုင်တယ်ဆိုသည့် စိတ်များကိုလည်း ကျေနပ်နေတတ်ရုံသာမက၊ သူမအတွေးများကို ပိုမိုပြောင်မြောက်စေသူ ဖြစ်လာခဲ့လေသည်။

 

သူနှင့်ချစ်သူရည်းစားဘဝက ငယ်ရွယ်သူ သူမ၊ တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး စိတ်ကြီးကာ စီးထားသောဖိနပ်ကိုကန်ကြောက်ချွတ်ပြီး လူသူတိတ်ဆိတ်သော၊ စံပယ်ပန်းရိုင်းရုံများတန်းစီနေသော မြေနီလမ်းသွယ်လေးအတိုင်း ငိုယိုကာထွက်ပြေးခဲ့ဖူးသည်။ သူ ရှာမတွေ့နိုင်သော အဆောက်အဦးပျက်တစ်ခုနောက်တွင် နံရံကိုမှီကာ ငိုယိုနေခဲ့စဉ်၊ သူမချွတ်ထားခဲ့သော ဖိနပ်လေးကို ကိုင်ကာ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေခဲ့ဖူးသော သူ့ပုံရိပ်ကို သူမ မှတ်မိနေသေးသည်။

(ဆက်ဖတ်ရန်…)

January 5, 2015

ဖျားတဲ့ည

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 1:46 am

 abbey1.JPG

အိပ်ရာထဲတွင် လှဲလျောင်းနေရသည်မှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ အိပ်ချိန်များ များလွန်းသွားသည်အတွက် ခန္ဓာကိုယ်က အိပ်စက်ခြင်းကို ကြောက်လန့်တကြီး တွန်းထုတ်နေတော့သည်။ မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်လျှက် အမှောင်ထဲရှိ နံရံများနှင့် မျက်နှာကြက်ပေါ်တွင် ပင့်ကူတစ်ကောင်ကဲ့သို့ လျှင်မြန်စွာ ရွေ့လျားနေသော်လည်း၊ ခန္ဓာကိုယ်ကတော့ ခရုတစ်ကောင်ဖျားနာနေသကဲ့သို့ အားအင်ချိနဲ့ကာ နေလေသည်။

မှန်ပြတင်းကို တဖောက်ဖောက်ရိုက်ခတ်လာသော ဆောင်းမိုးစက်တို့က ခြောက်ခြားစရာမကောင်းဘဲ၊ လွမ်းစရာယောင်ယောင်။ ပြတင်းပေါက်အကာလေးများကို ညကဖွင့်အိပ်မိသဖြင့်လည်း လမ်းမီးရောင်ဖျော့ဖျော့က အခန်းထဲသို့ မှိန်မှိန်လေးထိုးကျလို့နေသည်။ တစ်ချက်တစ်ချက် လေပြင်းပြင်းအောက် လမ်းမပေါ်က သစ်ပင်ကြီးများတရှဲရှဲမြည်ဟည်းသွားသံတွေကလည်း ညကဗျာရဲ့ကြောက်စရာတေးသွားတွေလို။

မျက်လုံးကိုအသာမှိတ်ကာ ည၏အသံများနှင့် အကျွမ်းတဝင်ဖြစ်လို့နေမိသည်။ ပြန်လည်အိပ်ပျော်ရန် ကြိုးစားသော်လည်း အချည်းနှီးဖြစ်လေပြီ။

ဝင်လေ ထွက်လေကို မှတ်သည်၊ အရာမရောက်။ သိသမျှ ဘုရားစာများ စိတ်ထဲကရွတ်သည်၊ ကုန်သလောက်နီးပါးဖြစ်လေပြီ။ တစ်မှတစ်သောင်း၊ တစ်သောင်းမှတစ် အပြန်ပြန်ရေရွတ်ရရင်ကောင်းမလားဟု စဉ်းစားမိစဉ် လက်က ခေါင်းအုံးအောက်မှ ဖုန်းကိုစမ်းမိလိုက်လေသည်။

ဖုန်းကိုဖွင့်ကာ ကိုယ့်နှလုံးသားနားခိုရာဒေသလေး၏ သတင်းစုံရာနေရာလေးတစ်ခုသို့ လက်ချောင်းများနှင့် အရောက်သွားမိလိုက်သည်။ ပျော်ရွှင်စွာ ကျင်လည်ကျက်စား ချစ်ခင်မွေ့လျော် ရင်ခုန်တမ်းတ စိတ်တိုရန်ဖြစ် အံကြိတ်ပေါက်ကွဲ ဒေါသဖြစ်ခြင်း အဖုံဖုံစုစည်းရာ၊ မျက်နှာစာအုပ်။ ကိုယ့်အသွေး၊ ကိုယ့်အသားတို့ နေထိုင်ရာ နေရာလေးတစ်ခု။

မရည်ရွယ်ပါဘဲ ရောက်သွားရပြန်လေပြီ။

(ဆက်ဖတ်ရန်…)

October 15, 2014

စမ်းရည်ဆိုမ်

Filed under: စာစု, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:31 pm

တစ်ကယ်ဆို…
ဘယ်တုန်းကမှလည်း…
သက်ဆိုင်ခဲ့တာ မဟုတ်လေတော့…။

writing-my-heart-out-gladiola-sotomayor.jpg

(ဆက်ဖတ်ရန်…)

September 23, 2014

ကျောင်းတစ်နေ့

Filed under: my notes, စာစု, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:45 pm

 leaves.jpg

နွေအကုန် ဆောင်းအကူးကာလ စက်တင်ဘာနှောင်းသည် လွမ်းစရာကောင်းနေပြန်သည်။

ဆောင်းဦးကို အကြိုထောက်တော့မည့် သစ်ပင်တို့သည် သူတို့၏ အရွက်များကို ချွေချမြေခစေတော့ပြန်မည်။ အနီရင့်၊ အဝါနု၊ လိမ္မော်၊ ပန်းနု၊ အညိုစိမ့်၊ အစိမ်းပြာ စသည်စသည် စုံလှသည့်အရောင်များသည် သဘာဝအလှကို ချစ်မြတ်နိုးတတ်သူတို့ရင်ကို ရစ်မူးစေနိုင်လွန်းသည် မဟုတ်ပါလား။

လူသူကင်းရှင်းတိတ်ဆိတ်လှသော လမ်းများပေါ်ရှိ ရွက်ကြွေတောများထဲ အတွေးတစ်ခုခုကို ရင်မှာပိုက်ရင်း ရွက်ကြွေများကြား ရှပ်တိုက်လျှောက်ရသည့် ခံစားချက်၊ ရွက်ကြွေတို့၏ အသံတိတ်ကြွေလွင့်သွားသံကို ရှာဖွေမောရသည့် မျှော်လင့်ချက်တို့ကလည်း စန္ဒယားခလုပ်ဖြူဖြူများပေါ်သို့ နှင်းဆီပွင့်ချပ်တို့ ခပ်တိုးတိုး ကြွေကျသွားသကဲ့သို့ ဖြစ်နေတတ်သေးသည် မဟုတ်ပါလား။

ရောင်စုံသစ်ရွက်တွေမြေပေါ်မှာ ပြန့်ကျဲနေသည်ကို မှတ်တမ်းတင်ချင်မိသည်မို့ မေမေ့ကို ခဏလေးလိုက်ခဲ့ပါလားဟု အဖော်ခေါ်မိသေးသည်။ သစ်ရွက်ကြွေတို့ အတော်အတန်ကြွေနေပြီဖြစ်သော တစ်ဘက်လမ်းသို့ ကားမောင်းထွက်လာခဲ့မိသည်။ လမ်းထိပ်အရောက် ကားကိုရပ်ပြီး ကားပေါ်မှ မဆင်းခင် မေမေ့ကို အကူညီတောင်းမိပြန်သည်။

‘မေမေ… ကားကို အဲဒီသစ်ရွက်တွေထဲ ဖြတ်မောင်းပေးပါနော်’

(ဆက်ဖတ်ရန်…)

August 31, 2014

‘ငါဟဲ့ စာရေးဆရာ/မ’

Filed under: အတွေးအမြင်, စာစု — အိမ့်ချမ်းမြေ့ @ 11:20 pm

arrogant-frog.gif

သေချာတာကတော့ စာတွေရေးနေကြလို့ ကျမတို့က စာရေးသူများပါ။

အခုနောက်ပိုင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ စာမူတွေပါလာသည့်တိုင် ကိုယ့်ကိုကိုယ်တွေလည်း စာရေးဆရာ/ဆရာမ များလို့ မသတ်မှတ်ပါဘူး။
(ကျမတော့ ကိုယ့်ကိုကိုယ် မသတ်မှတ်ဘူး၊ ဒါ ကိုယ်သတ်မှတ်လို့ရတဲ့ အရာလည်း မဟုတ်ဘူး၊ အသိုင်းဝိုင်းတစ်ခုက သတ်မှတ်လို့ ရတဲ့ အရာလည်း မဟုတ်ဘူး။ စာဖတ်သူတွေက သတ်မှတ်မယ့် အရာလို့ပဲ ကျမ မြင်ပါတယ်)

ကျော်ကြားချင်လို့လည်း စာရေးတာမဟုတ်သလို၊ ဆုတွေရဖို့လည်း စာရေးတာ မဟုတ်ဘူး၊ လူတွေ ချီးမွမ်းတာကို ခံယူ ကျေနပ်ချင်လွန်းလို့လည်း စာတွေရေးတာ မဟုတ်ဘူး။ အထူးသဖြင့် အွန်လိုင်းမှာက ချီးမွမ်းခံရတာ နည်းနည်း၊ တစ်ချက်မှားရင် ပြောခံထိမှာက များများပါ။ လွတ်လပ်ပွင့်လင်းတဲ့ .. အသိုင်းဝိုင်းတစ်ခုပါ။ ဒါကြောင့် သတ္တိရှိဖို့လည်း လိုအပ်သလို၊ ကိုယ့်ဘက်က အမှားနည်းဖို့လည်းလိုတယ်။

(ဆက်ဖတ်ရန်…)

March 22, 2014

စိန်ပွင့်နဲ့ ပဲကြီးလှော် လဲမစားမိစေဖို့…

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 12:32 am

 moneytree.jpg

 ဒီကနေ့ ကတော့ မင်္ဂလာရှိတဲ့ နေ့လေးပါပဲ။ ဆရာဦးသန်းမြင့်ဦး page ကနေတဆင့် ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ခုပါ။ မြန်မာ့သစ် (raw timber logs) တွေကို ဧပြီလ ၁ရက်နေ့မှစပြီး တင်ပို့ခွင့်တွေကို ကန့်သတ်တားဆီးတော့မယ့် သတင်းပါပဲ။

 

ဟိုတစ်လောက မြန်မာ့သနပ်ခါးထုတ်လုပ်မှုနည်းတစ်မျိုးကို ဂျပန်ကမူပိုင်ခွင့်တင်တဲ့ ကိစ္စနဲ့ဆက်နွယ်ပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ Paclitaxel အတွက် မြန်မာ့ကျောက်ထင်းရူးတွေကို တရုတ်တွေကတဆင့်၊ အနောက်နိုင်ငံတွေမှ pharmaceutical giants ကြီးတွေဟာ တရုတ်သစ်ကုမ္ပဏီတွေမှ တရားဝင်ဝယ်ယူတဲ့ ကိစ္စပါ။

သစ်တွေကို မြန်မာပြည်တွင်းကနေ ခုတ်ထွင်ရောင်းချခဲ့ကြတာ ကြာပါပြီ။ ရွှေထက်အဆ ၄၀ တန်ဘိုးရှိတဲ့ ပစ္စည်းထွက်တဲ့ ထင်းရူးပင်တွေဟာ ထင်းဈေးနဲ့နိုင်ငံခြားကို အရောင်းခံခဲ့ရတဲ့ ကိစ္စဟာ တစ်ကယ်တော့ ရင်နာစရာအဖြစ်ပါ။ Paclitaxel ဆိုတာ ကုန်ကြမ်းအဆင့်ပဲ ရှိသေးတဲ့ ဓာတ်တစ်မျိုးပါ။ ဆေးဝါးအဆင့်ရောက်ရင် ရွှေထက်အဆ ၄၀၀ လောက်ထိ ဈေးရှိပါတယ်.အဲဒီအတွက် တိုင်းပြည်က တန်ရာတန်ကြေးရတယ်ဆိုခဲ့ရင် ကျမ မပြောပါဘူး။

ဆရာဦးသန့်မြင့်ဦးရဲ့ ပိုစ်အောက်မှာလည်း တစ်ယောက်က ကော့မန့်ပေးသွားပါတယ်။ ကျွန်းသစ်တွေ ဒီလောက်ထွက်တဲ့ တိုင်းပြည်မှာ ကမ္ဘာ့အရှည်ဆုံး ကျွန်းတံတားရယ်လို့ ကမ္ဘာအနှံ့က ခရီးသွားတွေ လာကြည့်ရတဲ့ ဦးပိန်တံတားကတော့ ခနော်ခနဲ့ ဖြစ်နေရတဲ့အဖြစ်မျိုးကလည်း  မသင့်တော်လှပါဘူး။

(ဆက်ဖတ်ရန်…)

March 13, 2014

ကမ္ဘာ့ဆွဲအားရဲ့ မျက်မြင်မရတဲ့ကြိုး

Filed under: my notes, အတွေးအမြင်, Vancouver, Canada, စာစု — အိမ့်ချမ်းမြေ့ @ 1:22 am

 stone4.jpgဆောင်းကုန်တော့မယ်…။

နွေဦးရောက်လို့ အအေးဓာတ်လျော့သွားတာနဲ့ ပင်လယ်ပြင်ဘက်ကို ကျမ ခြေဦးလှည့်ဖြစ်တော့တယ်။

 

ပူနွေးလာနေတဲ့ နွေဦးရာသီ မဆိုထားနဲ့၊ ဆီးနှင်းတွေ တဖွဲဖွဲကျနေတာတောင်မှ ပင်လယ်ပြင်ကို ကျမက မျှော်ငေးတတ်သေးတာ။

ဆီးနှင်းတွေ ပင်လယ်ထဲကို ကျတာ မြင်ဖူးကြပါသလား။ အဆုပ်လိုက်အခဲလိုက် ရေခဲပန်းပွင့်တွေဟာ တဝုန်းဝုန်းရိုက်ခတ်နေတဲ့ ပင်လယ်ရေထဲကို ကျသွားပြီဆိုတာနဲ့ ပင်လယ်ပြင်က သိမ်းပိုက်ပွေ့ဖက်ပစ်လိုက်တာမျိုး။ နောက်…. ဆီးနှင်းပန်းပွင့်တို့က ပင်လယ်ပြင်ရဲ့ ရင်ခွင်ထဲ စုပ်စမြုပ်စ ပျောက်ကွယ်သွားတာမျိုး….။

သိပ်လှတဲ့ ရှုခင်းတွေပဲပေါ့…။

အဲသလို… အေးခဲတဲ့ဆောင်းရာသီတွေမှာတောင် ပင်လယ်ဘက်ရောက်တတ်တဲ့ ကျမ…
နွေဦးရောက်တော့မှာမို့ ကမ်းခြေဘက် ရောက်ခဲ့ရပြန်တာပေါ့။

(ဆက်ဖတ်ရန်…)

February 28, 2014

အလုပ်ဟူသမျှ….

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 1:38 am

မြန်မာပြည်ဟာ ဆင်းရဲတယ်။ မှန်ပါတယ်၊ ကျမတို့ ဆင်းရဲတယ်။ ကမ္ဘာ့အလယ်မှာ မျက်နှာမွဲတွေဖြစ်တယ်။ ဒါပေမယ့် ဝမ်းရေးကိုဖြေရှင်းဖို့အတွက် အစုလိုက်အပြုံလိုက် အခြားတိုင်းပြည်တွေမှာ အိမ်ဖော်တွေအနေနဲ့ သွားရောက်ပြီး လုပ်ကိုင်ရှာဖွေစားသောက်ရလောင်အောင်ကို အခြေအနေဆိုးနေပြီလား။

(ဆက်ဖတ်ရန်…)

January 24, 2014

လူကြုံ

Filed under: Vancouver, Canada, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 1:44 am
မိတောသည် မွေးနေ့မတိုင်မှတစ်ရက်၊ မွေးနေ့ရက်နှင့် မွေးနေ့ပြီးသည့်တစ်ရက်တိတိအထိ မိသားစု၊ မိတ်ဆွေ၊ ရုံးမှသူငယ်ချင်းများ ဖဘ/အွန်လိုင်းမှ သူငယ်ချင်းများကြောင့် အလွန်ပျော်ရွှင်နေသော မုဒ်ကို ပျောက်မည်စိုးသဖြင့် ဖဘပေါ်တွင် မိမိ ပေ့ခ်ျမှလွဲ၍ ဘယ်ပေ့ခ်ျကိုမှ မဖတ်ရန် အသက်ရှုအောင့်ပြီး နေနေခဲ့သော်လည်း……………………..ဆိုပြီး ဖဘမှာ အစချီရခြင်းအကြောင်းကတော့…

ဒီကနေ့…

သတင်းချစ်သူဝေဟင်ရဲ့ ရန်ကုန်လေဆိပ်မှာလူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တဲ့အကြောင်းကို ခံစားရေးဖွဲ့ထားတဲ့ facebooker  တစ်ဦးရဲ့ “စင်ကာပူသွားမည့်သူများ သတိထားပါ” ဆိုတဲ့ ပိုစ်လေးကို ဖတ်ရပါတယ်။ မူရင်းပိုစ်ကိုအရင်ဖတ်ရအောင် တင်ပေးလိုက်ပါတယ်။

ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာ အကူအညီ တောင်း တဲ့လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေးလိုက်ပေမယ့် စင်ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။

(ဆက်ဖတ်ရန်…)

November 15, 2013

ကျမချစ်တဲ့ လမ်းကလေးတွေပေါ်မှာ..

Filed under: Vancouver, Canada, စာစု — အိမ့်ချမ်းမြေ့ @ 11:37 pm

 leaves.jpgတစ်ခါတစ်လေတော့လည်း………
ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်တဲ့ အချိန်တွေရယ်..
ဘယ်တော့မှ ပြန်ဖြစ်လာမှာ မဟုတ်တဲ့ အကြောင်းတွေရယ်….
ဘယ်တော့မှ ပြန်ဆုံခွင့် မရှိနိုင်တော့မယ့် သူတွေရယ်….
ရှိရှိသမျှမျက်ရည်တွေ ကုန်ခမ်းသွားတာတောင်မှ ပြန်မတွေ့နိုင်တော့မယ့်…
ပျောက်ဆုံးသွားတဲ့ ကျမ အသည်းနှလုံးတစ်စုံရယ်ကို….

ပြန်တွေ့လို့တွေ့ငြား…
ဒီလမ်းတွေပေါ်မှာ ရှာကြည့်မိတဲ့ နေ့ရက်တွေ
ကျမ ဘဝထဲမှာ များများလာခဲ့တယ်…..

နေသာတဲ့နေ့…
မိုးအုံ့တဲ့နေ့…
မြူဆိုင်းတဲ့နေ့
မိုးသီးကြွေတဲ့ နေ့…
ရေခဲလေတွေ တိုက်ခတ်တဲ့နေ့…
ကောင်းကင်ကြီး ပန်းနုရောင်သန်းတဲ့ နေ့…
ကောင်းကင်ကြီး ကြည်ပြာရောင်သန်းတဲ့ နေ့…
အဲသလို….
နေ့မျိုးစုံမှာ.. ကျမ ဒီလမ်းတွေပေါ်မှာ လျှောက်ဖြစ်တယ်….။

တစ်ယောက်တည်း လမ်းလျှောက်ရတဲ့ အချိန်တွေဟာ
နှစ်လိုဖွယ် မက်မောဖွယ် ကောင်းလွန်းလှတယ်..
အတွေးတွေကိုလည်း လိုသလိုကွန့်မြူးလို့ရတယ်…
လူရှင်းတဲ့အခါ…. ဌက်ကလေးတွေနဲ့အပြိုင် တေးသီချင်းတစ်ပိုင်းတစ်စကလည်း
နှုတ်ခမ်းဖျားကနေ မတော်တဆ ခုန်ထွက်ကျ လာတတ်သေးတာ…။
အဲသလောက် သာယာလှပတဲ့ အတ္တမဲ့ အချိန်တွေကို
ဖဲ့မပေးနိုင်တာကိုက အတ္တကြီးနေမိတာပဲလား….။

ကျမလိုပဲ.. လမ်းလျှောက်ဝါသနာပါတဲ့ သူငယ်ချင်းမ တစ်ယောက်နဲ့လည်း..
ဒီလမ်းတွေပေါ်မှာ ဆုံဖြစ်တယ်..။
ဌာနတစ်ခုတည်း လုပ်တယ်ဆိုပေမယ့်
သူကော ကျမကော… ကိုယ်စီအတွေးတွေနဲ့ တစ်ယောက်တည်း လျှောက်တတ်သူတွေ….
လမ်းလျှောက်တာကို နှစ်သက်ကြသူတွေပေမယ့် တစ်ခါမှ အတူတွဲမလျှောက်ဖူးကြဘူး။

(ဆက်ဖတ်ရန်…)

October 25, 2013

ချစ်တယ်ဆိုတာထက် ပိုမပြောတတ်ပါကွယ်…

Filed under: my notes, tag game, အချစ်ဆုံး, စာစု — အိမ့်ချမ်းမြေ့ @ 8:04 am

ကလေးဘာလို့ လိုချင်သလဲဆိုတဲ့ အကြောင်းကို ပြန်စဉ်းစားမိတော့ မိဘတွေရဲ့ ကြင်နာချစ်ခြင်းကို ဝေမျှပေးမှုကနေ စရမယ်လို့ ထင်ပါတယ်။

ငယ်ငယ်က မိဘတွေက မိဘမဲ့ကလေးဂေဟာကို နှစ်စဉ်သွားရောက်လှူဒါန်းလေ့ရှိတယ်။ အဲဒီမှာ မိဘမဲ့ကလေးတွေကို စတင်မြင်ဖူးတော့တာပါပဲ။ ကလေးလေးတစ်ယောက်ဟာ ကုတင်တိုင်လေးကိုဖက်ပြီး တိုင်ကလေးနဲ့ သူ့ကိုသူ ပွတ်သပ်နေတယ်။ အဲဒီကလေးလေးဟာ ရှိလှမှ သုံးလေးနှစ်ပေါ့။ သူဘာလုပ်နေတာလဲဟင်လို့ ဖေဖေနဲ့ မေမေ့ကို မေးတော့ ဖေဖေနဲ့မေမေက ပြန်ဖြေတယ်။

‘သူ့ကို ချော့မြူမယ့် မိဘ မရှိလို့ ကိုယ့်ကိုကိုယ် ကုတင်တိုင်လေးနဲ့ပွတ်ပြီး ချော့မြူနေရတာ၊ သူ့ရဲ့ဝမ်းနည်းစိတ်၊ မကျေနပ်စိတ်၊ အားငယ်စိတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေသာအောင် လုပ်နေရတာ’

ရင်မှာ ဆို့နင့်သွားတယ်။ မိဘတွေရဲ့ အဖြေစကားသံနဲ့ ထိုကလေးရဲ့ ပုံစံကို ကနေ့အထိ နားထဲ၊ မျက်စိထဲက မထွက်တော့ဘူး။
နောက်တော့ အရွယ်ရောက်လာတဲ့အခါမှာ ညစ်ပတ်ပေတူးပြီး ကြောင်ချေးရုပ်နဲ့ အကျီ င်္စုတ်ပြဲ၊ တာတီဖိုး ကလေးလေးတွေဟာ၊ သန့်ရှင်းတောက်ပြောင်နေတဲ့ ကလေးတွေထက် ပိုပြီး ဆွဲဆောင်စေတော့တာပါပဲ။ ဘာကြောင့်ရယ်လို့တော့ မသိဘူး။ ညစ်ပတ်ပေရေပြီး ငပိစားလို့ ဝကစ်နေတဲ့ ကလေးလေးတွေကို ကောက်ချီပွေ့ယူ ဖက်ယမ်းပစ်ချင်တဲ့ စိတ်တွေက အမြဲဖြစ်ခဲ့တယ်။ တစ်ခါမှလည်း မရွံမိခဲ့ဘူး။

နောက် ဒီထက် အရွယ်ရောက်လာတော့ အိပ်ရာထဲမှာ အရုပ်တွေအများကြီးနဲ့ အိပ်လာတယ်။ ဒါဟာ မိခင်စိတ်ကို ပြတာလို့ ဆိုရမလား။ ခွေး၊ ကြောင်၊ ကြက်၊ ဝက်ဝံ၊ နွားရုပ်ကအစ အိပ်ရာတစ်ခုလုံး ပွယထနေခဲ့တယ်။ သူတို့ကို နေရင်းထိုင်ရင်း အရုပ်တွေကို ဂရုစိုက်ချင်နေခဲ့တာ… ရူးသွပ်ခြင်းတစ်ခုပေါ့။
နောက်… ဒီထက်ကြီးလာတော့ သားသမီးတွေ အများကြီးလိုချင်တဲ့စိတ်က ဘာရယ်မဟုတ်ဘူး အလိုလိုဖြစ်လာတယ်။ သမီးမိန်းကလေး ရ ယောက် လိုချင်တယ်။ ဆံပင်ရှည်ရှည်၊ အရပ်ရှည်ရှည်၊ ထမီရှည်ရှည်ဝတ်တတ်ရုံမက၊ အသားညိုချောတွေ ဖြစ်စေချင်တယ်။ ဒါတင်မက ထမင်းဟင်းချက်တော်ပြီး၊ ဂီတတူရိယာမျိုးစုံကို တီးမှုတ်တတ်တဲ့ သမီးတွေချည်းပဲ ရ ယောက် လိုချင်ခဲ့တယ်။ အရူးအမူးကို လိုချင်တာ။ အဲဒီသမီးတွေ အားလုံးကိုလည်း အိမ်ထောင်မပြုစေချင်တဲ့ အတ္တစိတ်ကလည်း ကြီးစိုးနေခဲ့သေးတယ်။ သမီးတွေဝိုင်းပြီး အသက်ကြီးတဲ့အထိ နေသွားချင်တဲ့ စိတ်။ သမီးတွေ အများကြီးဝိုင်းပြီး နေတဲ့အတွက် ရရှိလာမယ့် နွေးထွေးမှု၊ အဲဒါတွေကြောင့် ကလေး လိုချင်ခဲ့တယ်။

(ဆက်ဖတ်ရန်…)

June 13, 2013

ကုမ်မိတို့.. အကြောင်း

Filed under: astrology, စာစု — အိမ့်ချမ်းမြေ့ @ 5:30 pm

 acquarius.jpg

အကွေးရီးယစ် (ကုမ်ရာသီ) အမျိုးသမီးတွေ အကြောင်း ဒါနဲ့ပါဆို ၂ခါရှိပြီထင်ပါတယ်။ အခြားသူတွေနဲ့ ကမ္ဘာကြီးအကြောင်းသာ မက၊ နေ၊ လ၊ နက္ခတ်တွေအကြောင်း လေ့လာပြီး ငြီးငွေ့လာလို့ ကိုယ့်ကိုကိုယ် ပြန်နားလည်အောင် လုပ်နေတယ်လို့ပဲ သဘောထားပေးကြပါ။

ကုမ်ရာသီဖွား မိန်းမတွေကို Uranians လို့လည်း ခေါ်ကြပါတယ်။ အဓိပ္ပာယ်ကိုတော့ မရှာချင်ကြပါနဲ့တော့။ ထိုမိန်းမတွေဟာတဲ့ သဘာဝပင်ကိုယ်က ကြင်နာတတ်တယ်၊ ဆိတ်ငြိမ်တယ် ဆိုပေမယ့် လူအများစုက ဒါဟာ “ဤ” ပါ လို့ သတ်မှတ်ထားတာကို “ကျွဲ” ကြီးပါလို့ ထလုပ်တတ်ကြတဲ့ သဘောရှိတယ်။ အဲသလို သဘာဝက နူးညံ့ညင်သာပြီး စကားပြောတာကလည်း နူးနူးညံ့ညံ့လေး ဆိုပေမယ့် တစ်ချက်တစ်ချက် ထထပြီး “ဤ” ကို “ကျွဲ” လုပ်လို့ လူတွေက သူတို့ကို အံ့သြတာကို တိတ်တိတ်လေး ကြိတ်ပြီး ကြည်နူးတတ်ကြတယ် ဆိုပါလား… (:D)

တစ်ချက်တစ်ချက် ပြောထည့်လိုက်တာဟာလည်း နားထောင်ရသူအသားဆိုင်ထဲကို လျှပ်စစ်ဖြတ်စီးသွားသလိုလည်း ခံစားကြရတတ်တယ် လို့လည်း ဆိုပါတယ်။ (မရည်ရွယ်ပါဘူး)

သိပ်ချစ်နေပြီဆိုရင်တော့ သစ္စာအရမ်းရှိပေမယ့် အီမိုးရှင်း မရှိကြဘူးတဲ့ … (မရှိဘဲ နေပါ့မလား၊ မပြတာ/မပြတတ်တာ/ဘယ်လို အီမိုးရှင်း ကို ပြရမှန်းမသိတာ ဖြစ်ပါမယ်)

(ဆက်ဖတ်ရန်…)

June 3, 2013

တစ်ယောက်တည်း နေလိုသူတွေရဲ့ အကြောင်း

Filed under: my notes, အတွေးအမြင်, ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 11:09 am

အချို့လူတွေဟာ လူတွေအများကြီးနဲ့ စကားပြောဆိုပြီး နေရတာကို နှစ်သက်တယ်၊ သူငယ်ချင်းတွေ အများကြီးနဲ့ နေတတ်တယ်။ သူတို့ဟာ တစ်ယောက်တည်း မနေတတ်ဘူး၊ မနေချင်ဘူး။ လူတွေနဲ့ စကားတွေပြောနေရတာကို မွေ့ပျော်တယ်။ လူတွေနဲ့ နေရလေလေ ခွန်အားတွေ ပြည့်ပြည့်လာသလို ခံစားရတတ်တယ်။

အချို့လူတွေကတော့ လူတွေအများကြီးကြားမှာ နေနေရရရင်၊ စကားသံတွေကြားထဲမှာ နေနေရရင်ကို မောဟိုက်နွမ်းနယ်လာသလိုခံစားရတယ်။ တစ်ခါတစ်လေလည်း လူတွေအများကြီးကြားထဲမှာ နေနေရင်းနဲ့ကို ဘာမှန်းမသိတဲ့ တစ်စုံတစ်ရာကို တမ်းတနေတယ်၊ လိုအပ်နေတယ်၊ လူတွေကြားထဲမှာ တစ်ယောက်တည်း အထီးကျန်သလိုခံစားနေရတယ်။ အဲဒီတမ်းတနေတဲ့ အရာဟာလည်း ဒီလူတွေကြားထဲမှာ ရှိမနေဘူးဆိုတာကို သိနေတယ်။

လူတွေအများကြီးနဲ့ နေရတာကို နှစ်သက်တဲ့သူတွေကို အားလုံးသိကြတဲ့ အတိုင်း Extrovertလို့ ခေါ်ကြပြီး၊ တစ်ယောက်တည်း နေရတာကို နှစ်သက်တဲ့ သူတွေကိုတော့ Introvert တွေလို့ ခေါ်ကြတယ်။

Extrovert တွေဟာ Introvert တွေကိုကြည့်ပြီး ပျင်းရိလာသလို ခံစားရတာတွေ ရှိနိုင်သလို၊ Introvert တွေကလည်း Extrovert တွေကိုကြည့်ပြီး အလိုလိုနေရင်း မောလာသလို ခံစားရတာတွေ ရှိမှာပါပဲ။

(ဆက်ဖတ်ရန်…)

May 5, 2013

ကိုယ်ပိုင်လွတ်လပ်ခွင့်

Filed under: ကြေးမုံသတင်းစာ (The Mirror Myanmar Newspaper), စာစု — အိမ့်ချမ်းမြေ့ @ 11:49 pm

ဒီနေ့ ကြေးမုံသတင်းစာမှာ ပါတဲ့ စာမူလေးပါ…

internet.JPG

(ဆက်ဖတ်ရန်…)

April 30, 2013

တိရိစ္ဆာန်ရုံ

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 9:17 pm

တိရိစ္ဆာန်ရုံဆိုတာနဲ့ မလေးတစ်ယောက်တော့ တိရိစ္ဆာန်ရုံအကြောင်းရေးတော့မယ်လို့ ထင်ကြတော့မယ်ထင်ပါတယ်။ ဒါပေမယ့် အခုတော့ မရေးသေးပါဘူး။

(( လူတွေကို တိရိစ္ဆာန်တွေရဲ့အပြုအမှုတွေနဲ့ နှိုင်းယှဉ်ရေးသားလေ့ရှိတဲ့ စာတွေကို မလေး သဘောကျတယ်။ လူတွေရဲ့ အခြေခံရုပ်တွေကလည်း တိရစ္ဆာန်အချို့နဲ့ သွားတူနေတတ်တယ်။ ဥပမာ.. သမ္မတဂျော့ဘွတ်ရှ်ဆိုရင် မျောက်ရုပ်အခြေခံရှိတယ်။ ဆာရာဂျက်စီကာပါကာဆိုရင် မြင်းရုပ်အခြေခံရှိတယ်။ အဲသလိုပဲ လူတွေရဲ့ အပြုအမူတွေဟာလည်း တိရစ္ဆာန်တွေရဲ့ အပြုအမူတွေကို အခြေခံနေတာမျိုးကိုလည်း မြင်ရတတ်တယ်။

ဒီဘက်နိုင်ငံတွေမှာ တိရစ္ဆာန်တွေနဲ့ နှိုင်းရင် သိပ်ပြီးမကျေမနပ်ဖြစ်ကြတာမျိုးကို မတွေ့ရတတ်ဘူး။ ငယ်ငယ်တုန်းကဆိုရင် ရုပ်ရှင်တွေထဲမှာ လူဆိုးလူမိုက်တွေကို “ခွေးကြီး” “နွားကြီး” စသဖြင့် အော်ဟစ်လက်ညှိုးထိုးတတ်တယ်။ အဲဒါဆိုရင် သိလိုက်ပြီ။ တိရစ္ဆာန်နဲ့ နှိုင်းခံထိသူဟာဖြင့် လူဆိုးလူမိုက်ပဲ ဆိုတာကိုပါ။ ဒီဘက်တွေမှာတော့ သားသမီးကိုအမွေမပေးဘဲ၊ အိမ်ကခွေးကို အမွေပေးတဲ့အဖြစ်တွေဟာ မဆန်းတော့တဲ့ အဖြစ်တွေဖြစ်တဲ့အပြင်…. “ဒီနေ့တော့ဖြင့် မင်းကိုကြည့်ရတာ.. မင်းအိမ်ကခွေးမလေးနဲ့ တူတယ်နော်၊ လည်စည်းလေးနဲ့” လို့ သူငယ်ချင်းတစ်ယောက်ယောက်ကို ပြောမိရင် အပြောခံရတဲ့ သူငယ်ချင်းဟာ စိတ်မဆိုးတဲ့အပြင် မျက်နှာကြီးဖြီးပြီး ပိုပြီးပျော်နေတတ်ဦးမှာဖြစ်ပါတယ်။ ပြောသူရဲ့ ရင်ထဲကဆိုလိုရင်းနဲ့ ခံယူသူတွေရဲ့ ယဉ်ကျေးမှု အခြေခံတွေပေါ်မှာ မူတည်ပြီး တိရစ္ဆာန်နဲ့ နှိုင်းခံရတဲ့အခါ နာခြင်း-သာခြင်း ခံယူချက်တွေက ကွဲလွဲကြပါလိမ့်မယ် ))

(ဆက်ဖတ်ရန်…)

March 25, 2013

မြားနှစ်စင်းရဲ့သားကောင်များ

Filed under: ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း, စာစု — အိမ့်ချမ်းမြေ့ @ 10:33 pm

shwe.png

((အခုတစ်လော ဘာစာမှ သိပ်မရေးနိုင်လို့ရယ်.. အသစ်လာလာရှာသူတွေကို အားနာဦးဆိုသူများအတွက်ရယ်… ရွှေဒေါင်းတောင်မှ အက်ဆေးလေးကို ဆားချက်ခွင့်ပြုပါ… လို့.. :)) ))

♫ ♥●••·˙ …. ·••●♥♫♫ ♥●••·˙ …. ·••●♥♫♫ ♥●••·˙ …. ·••●♥♫

နှင်းမှုန်ကလေးတွေ တဖွဲဖွဲကျနေတဲ့ ညချမ်းတစ်ခု…။ တီဗွီဖန်သားပြင်ပေါ်မှာ အသံလွှင့်လှိုင်းတွေကို ဟိုပြောင်းဒီပြောင်း… ပြောင်းလို့ကြည့်နေတုန်း စကျင်ကျောက်နဲ့ထွင်းထားတဲ့ ရုပ်ထုလေးတစ်ခုကို ဖျတ်ကနဲလှမ်းမြင်လိုက်တယ်..။

“တဏှာနောက်ကိုလိုက်ရင် နောက်ဆုံးတော့ ဘာမှကို မရတတ်ဘူးဆိုတာ လူတွေ တရားရအောင်….”

ဇာတ်ကြောင်းပြောနေသူရဲ့ စကားသံကိုလည်း ကြားလိုက်မိတယ်။

အဲဒီအချိန်မှာ လက်ကခလုပ်နှိပ်တာမြန်တော့ အခြားအသံလွှင့်လှိုင်းကိုရောက်နေပြီ။ ဖျတ်ကနဲမြင်လိုက်ရပေမယ့် ရုပ်ထုလေးက ဆွဲဆောင်မှု အားကောင်းလွန်းလို့ရယ်၊ ဇာတ်ကြောင်းပြန်သူရဲ့စကားကို စိတ်ဝင်စားသွားလို့ရယ်… အဲဒီအသံလွှင့်လိုင်းကို ပြန်ရှာပေမယ့် မမှတ်မိတော့ဘူး။

ဘယ်လိုမှ ပြန်ရှာလို့ မရတော့ဘူး။

ရင်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခု ဖြစ်လို့သွားတယ်..။

နောက်ရက်တော်တော်များများထိ အဲဒီရုပ်ထုလေးကိုပဲ မျက်စိထဲမှာ မြင်ယောင်နေမိတော့တယ်။

“တဖြည်းဖြည်းသူ့အနားရောက်တော့ရင် ♪ ♫ ♪ ♫♪ အမြင်သစ်အတွေးသစ်ခင်မင် ♪ ♫ ♪ သံသရာအငွေ့ထင်♪ ♫ အနီးအဝေး ရှုတိုင်းလှတဲ့ခင် ♪ ♫ ♪ ♫♪ ဆုတောင်းကောင်းတဲ့အပျိုစင် ဆိုစရာအပြစ်မမြင်♪ ♫ ♪ ♫♪” …

ဆိုတဲ့ မန္တလေးဦးဘသိန်း ရဲ့ “ပန်းပုသူဇာခင်” တေးလက်ရာလေးထဲကလို ဒီရုပ်ထုလေးနဲ့ပတ်သက်လို့ တအုံနွေးနွေး ခံစားနေရတယ်။

(ဆက်ဖတ်ရန်…)

အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------