♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

April 28, 2017

စင်

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 4:11 pm

stage2.jpg

စင်တစ်ခုပေါ်ရောက်ရင် အဲဒီစင်ကို အကြောင်းပြုလို့ ပြောချင်တာပြောလို့ရတယ်လို့ အချို့လူတွေက ထင်တတ်ကြတယ်။ စင်တစ်ခုပေါ်ကို တက်နိုင်ဖို့ဆိုတာ စင်ပေါ်တက်သူတစ်ဦးတည်းရဲ့ တော်ခြင်း၊တတ်ခြင်း၊ ပြီးပြည့်စုံခြင်းကြောင့် မဟုတ်ဘူး။ ဘေးက ပံ့ပိုးမှုပေါင်းများစွာပါတယ်။ ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ်။ အနုပညာစင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးစင်၊ စာပေရေးရာဟောပြောပွဲစင်၊ ဘာသာရေးစင်မြင့်တွေဖြစ်တည်လာဖို့ဆိုတာ ငွေအား၊ လူအား အကုန်လိုတယ်။ အားလုံးအတူတူဝိုင်းလုပ်ပြီးတဲ့အခါမှ စင်ပေါ်တက်သူတစ်ဦးဟာ စင်အောက်က ကိုယ့်ထက် ပိုပြီးပညာတတ်နိုင်တဲ့၊ အသက်ပိုကြီးနိုင်တဲ့၊ ဝါပိုကြီးနိုင်တဲ့၊ အတွေ့အကြုံပိုရှိနိုင်တဲ့ ပရိတ်သတ်ကို လေးစားမှု မရှိ၊ ပြောချင်ရာပြောတာတွေ မြင်ရကြားရဖန်များလာတဲ့အခါ အဲသလို ပြောချင်တိုင်းပြောလို့ ရပါသလားဆိုတဲ့ မေးခွန်းဖြစ်လာတယ်။

ပြည်ပရောက်လူတွေဟာ ပြည်တွင်းမှ ကိုယ်လေးစားချစ်ခင်တဲ့ အနုပညာသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို အလည်အပတ်ခေါ်လေ့ရှိတယ်။ စတိတ်ရှိုး၊ ဘာသာရေးပွဲ စသည်လုပ်ကြတယ်။ အဲသလိုလုပ်ဖို့ လူအားငွေအား  လိုတယ်။ လေယာဉ်ပျံဖိုးကအစ နေစရာ၊ စားစရာအပြင်၊ သူတို့ကို အလည်အပတ်ခေါ်သွားဖို့ ပြည့်စုံလုံလောက်တဲ့ facility အမျိုးမျိုး လိုတယ်။ ကိုယ်ဖိတ်ခေါ်လို့လာကြတဲ့ ည့်သည်တွေဆိုတော့ ည့်သည်လို ကောင်းမွန်စွာ ပြုစုချင်ကြတဲ့ ဆန္ဒတွေကိုလည်း မြင်နေရတယ်။ အလည်ခေါ်သွားတဲ့ နေရာတွေဆိုတာကလည်း မြိုခံတွေတောင် တော်ရုံမသွားတဲ့ ကောင်းပေ့၊ ဈေးကြီးပေ့ဆိုတဲ့ tourist attraction နေရာတွေဖြစ်တယ်။ ကော်ဖီလေးတစ်ခွက်ကိုတောင် ၂၅ဒေါ်လာပေးရတဲ့ နေရာတွေကို ခေါ်သွားကြတာမျိုးဖြစ်တယ်။

မှန်ပါတယ်။ မြန်မာအများစုဟာ နိုင်ငံခြားရောက်တော့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကြရတာရှိတယ်။ အခြားအလုပ်ကြမ်းတွေလည်း လုပ်ကြရတာတွေရှိမယ်။ အဲသလိုပဲ အခြား ပရိုဖက်ရှင်နယ်အလုပ်တွေလုပ်နေသူတွေလည်း အများကြီးရှိပါတယ်။ ပြည်တွင်းမှာလိုပေါ့… လုပ်ငန်းအဆင့်အမျိုးမျိုးမှာ လူ့အလွှာအမျိုးမျိုးမှာ ကျင်လည်နေကြသလိုပါပဲ။ ပြည်ပမှ မြန်မာတွေဟာလည်း အလွှာမျိုးစုံမှာ ကျင်လည်ကြခြင်းပါ။ မည်သည့်အလွှာမှာကျင်လည်သည်ဖြစ်စေ မည်သည့်လုပ်ငန်းခွင်မျိုးမှာမဆို လုပ်ကိုင်နေကြသည်ဖြစ်စေ၊ သူတို့ဟာ သူများပစ္စည်းခိုးဆိုးဓားပြတိုက်စားနေသူများမဟုတ်၊ ရိုးသားဖြူစင်စွာ ဝမ်းစာရှာနေကြသူတွေ။ ဥပမာ.. ကိုယ်နေတဲ့ ဗင်ကူးဗားမှာ မြန်မာဆရာဝန် ၁၀ယောက်ရှိတယ်ဆိုရင်၊ စက်ရုံမှာလုပ်နေတဲ့ မြန်မာတွေ ရာချီရှိနိုင်တယ် (ပညာရေးစနစ်လိုအပ်မှုကြောင့် မြန်မာအများစုဟာ ဆရာဝန်၊ အင်ဂျင်နီယာ စသည်လောက်ကိုသာ အထင်ကြီးလေးစားတတ်တဲ့ စိတ်ရှိကြတာမို့ ဆရာဝန်များကို ဥပမာပေးရခြင်းပါ) အဲဒီတော့ ဒီလိုပွဲတွေကို ပံ့ပိုးသူအများစုဟာ စက်ရုံအလုပ်သမားတွေဖြစ်တယ်။ သူတို့ချစ်ခင်လေးစားသူ ဘာသာရေးသမားတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးပညာရှင်တွေကို သူတို့ရဲ့ ချွေးနည်းစာထဲက မစားရက်မသောက်ရက်စုပြီး ခေါ်ဖိတ်ပြီး စင်ပေါ်မှာ ဟောပြော၊ သီဆို စေကြတာဖြစ်တယ်။

(ဆက်ဖတ်ရန်…)

December 15, 2016

အငွေ့ (၂)

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:57 pm

ရေကူးကန်ဟာ အပြာရောင်လဲ့နေတယ်။ ဒီရေကူးကန်ဟာ ကိုယ်တည်းတဲ့ ဟိုတယ်အဆောက်အဦးကြီးရဲ့ အလယ်မှာရှိတယ်။ ရေကူးကန်ထဲကရေတွေဟာ အပြာရင့်ရောင်။ ပိန်းပိန်းအောင်မှောင်တဲ့ အနက်အမှောင် အပြာရောင်။ နေ့လည်တုန်းကတော့ အခုလောက်နက်မှောင်အောင် မပြာသေးဘူး၊ ကောင်းကင်ပြာနုနုပေါ်မှာ ဖွဖွလေးပြေးနေတဲ့ တိမ်ဖြူဖြူတစ်အုပ်ကို ဒီရေကန်က အရောင်ဟပ်ထားပေးသေးတာ။
ရေကန်ပတ်ပတ်လည်မှာတော့ အနားယူလှဲလျောင်းနိုင်တဲ့ ကြိမ်ခုံတွေရှိတယ်။ ကြိမ်ခုံတွေဟာ အရောင်လဲတောက်ပသစ်လွင်နေသေးတယ်။ အဲဒီကြိမ်ခုံတန်းတွေရဲ့နောက်မှာတော့ အုန်းပင်တွေ၊ ပင်လယ်ကဗွီးပင်တွေ၊ အစိမ်းရောင်အရွက်ဖားဖား အပင်တွေတန်းစီနေတာ။ အချို့အပင်တွေဟာဆိုရင် အဆောက်အဦးကြီးရဲ့ ပြတင်းပေါက်တွေကိုတောင် လှလှပပ ဝါးမြိုတော့ မယောင်။

ညမှောင်လာပြီမို့ လူရှင်းနေပြီ။ ကိုယ်ကလဲ လူရှင်းချိန်ကို တမင်ရွေးပြီးဆင်းလာခဲ့တာပဲလေ။
ကိုယ်ခြေလှမ်းနေတဲ့နေရာက ၁၈၀၀ခုနှစ်လောက်ကပုံစံမျိုးမီးတိုင်တစ်ခုအနားကို။ အဲဒီမီးတိုင်နားမှာ အစိမ်းရောင်အရွက်ဖားဖားအပင်တစ်ပင်က ဝေဝေဆာဆာအုပ်မိုးနေသေးတာ။ မီးတိုင်ကို အဲဒီအပင်က အုပ်မိုးဝါးယူဖို့ကြိုးစားနေတာလး၊ သူ့ကိုဝါးမြိုဖို့ကြိုးစားနေတဲ့ အဲဒီအပင်ကို မီးတိုင်က သူ့အလင်းနဲ့ပိုလင်းစေနေတာလား။
အဲဒီအစိမ်းရောင်အပင်အောက်က ကြိမ်ခုံမှာ အသာလေးလှဲလျောင်းလိုက်တယ်။ လက်ထဲမှာ ကိုင်ထားတဲ့ ဆေးလိပ်နဲ့မီးခြစ်ကို အဆင်သင့်ပြင်လိုက်တယ်။ ဆေးလိပ်ကို နှစ်သက်လွန်းပေမယ့် ဘဝမှာ နှစ်ကြိမ်သုံးကြိမ်ထက် ပိုပြီးဆေးလိပ်မသောက်ခဲ့သူ။

တစ်ယောက်တည်း အေးအေးဆေးဆေး ဆေးလိပ်သောက်မယ်လို့ ဆုံးဖြတ်ပြီး ဒီရေကန်အနားကိုရောက်လာတုန်းကတော့ စိတ်လှုပ်ရှားသလိုလိုဖြစ်ခဲ့ပေမယ့် ညကလှပလွန်းနေတော့ ပတ်ဝန်းကျင်အလှမှာ ခဏတော့ယစ်မူးလိုက်မယ်လို့ စဉ်းစားမိလိုက်တယ်။
ဘယ်ဘက်ခပ်လှမ်းလှမ်းက ပိတ်ခါနီးအောက်ထပ်စားသောက်ဆိုင်က ပန်းကန်ခွက်ယောက်သိမ်းဆည်းသံ သဲ့သဲ့။ စားပွဲထိုးနှစ်ယောက်သုံးယောက်လောက်က ကန်ဘောင်ပေါ်မှာ ချခင်းထားတဲ့ စားပွဲတွေပေါ်က ပန်းကန်တွေနဲ့ စားပွဲခင်းဖြူဖြူတွေကို သိမ်းဆည်းနေကြတာ။ စားသောက်ဆိုင်ထဲကိုလှမ်းကြည့်လိုက်တော့ အထဲမှာ နိုင်ငံခြားသားအုပ်စု တစ်စုထိုင်နေကြသေးတယ်။
ညာဘက်ကအပေါ် တတိယထပ်က အားကစားရုံထဲမှာ လူနှစ်ယောက် အားကစားလုပ်နေတာ လှမ်းတွေ့လိုက်သေးတယ်။ အဲဒီအရှေ့ဘက် ဒုတိယထပ်မှာရှိတဲ့ နောက်ထပ်စားသောက်ဆိုင်ဝရံတာပေါ်မှာတော့ မီးရောင်မှိန်မှိန်လေးတွေလင်းနေပြီး ကိုယ်လို အေးအေးဆေးဆေးတစ်ယောက်ထဲထိုင်ရင်း ညအလှကိုငေးနေသူတစ်ယောက်ကိုလည်း မြင်လိုက်တယ်။
အဆောက်အဦးရဲ့အလင်းရောင်သဲ့သဲ့နဲ့ ကန်ဘောင်ပတ်လည်မီးတိုင်ဆီက အလင်းရောင်ခပ်မှိန်မှိန်လေးတွေဟာ နက်မှောင်ပြာလွင်တဲ့ရေကန်ထဲမှာ ကူးခတ်ကခုန်နေကြသေးတာ။
ဆေးလိပ်ကို မီးမညှိခင် ကောင်းကင်ကို မော့ကြည့်လိုက်မိတယ်။
ကိုယ်… ရင်ခုန်သွားသလား…။

(ဆက်ဖတ်ရန်…)

December 7, 2016

ကနေဒါ - အမေရိကားနှင့် ရန်ကုန် ( ၃ )

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:29 am

 keychain.jpg
ရန်ကုန်ဘူတာကြီးရှေ့မှ ကျွန်တော်တို့ငှားစီးလာသော တက္ကစီသမားသည် အဲကွန်းဖွင့်မောင်းပေးသော်လည်း ကျွန်တော်တို့အား မျှော်စင်ကျွန်းဘက်ကို မပို့ပေး။ ကျွန်တော်တို့တစ်သိုက်အား မလိမ့်တစ်ပတ်ဖြင့် ဖျံကျကာ ကရ၀ိတ်ရှိရာ ၀င်ပေါက်ဘက်နားသာ ပို့ပေးလေ၏။ ကျွန်တော်သည် ဘာပဲဖြစ်ဖြစ် ကွန်ပလိမ်းမတက်တော့ပါဘူးလေဟု တွေးကာ မလေးတို့တစ်သိုက်အား ဦးဆောင်၍ ၀န်းထဲသို့ ၀င်ရန်ပြင်လေ၏။အပေါက်ဝနားမှ ပန်းခြံဝင်ခွင့် စတေကာကပ်သည့်ကောင်လေးအား ဘယ်လောက်လဲဟု ကျွန်တော်က မေးရာ သူက ထောင့်နှစ်ရာဟု ဖြေလေ၏။ ထိုအခါ ကျွန်တော်က…

ဘာ… တစ်ယောက်ကို ထောင့်နှစ်ရာ၊ ဟုတ်လားဟု သွေးပျက်စွာ မေးရာ အသံနည်းနည်းကျယ်သွားခြင်းကြောင့် ထင်၏။ ထိုကောင်လေးက နည်းနည်းလန့်သွားပုံဖြင့် …

မဟုတ်ဘူးလေ။ အားလုံးကို ထောင့်နှစ်ရာပါဟု လေပြည်ထိုးကာ စတေကာဝိုင်းလေးတစ်ခုအား ကျွန်တော့်ပခုံးပေါ်မှာ ညင်သာစွာ ကပ်ပေးရှာ၏။

ထို့နောက် ၀င်ခွင့်စတေကာကိုယ်စီဖြင့် ကျွန်တော်တို့တစ်သိုက်သည် အတွင်းသို့ ၀င်ခဲ့ကြ၏။ တစ်နေရာအရောက်တွင် ရေစပ်၌ ရုပ်ရှင်ရိုက်နေကြသော ရိုက်ကွင်းတစ်ခုကို မြင်ကြရ၏။

မင်းသမီးလေးသည် ကျွန်တော်တစ်ခါမျှ မမြင်ဖူးသော ပေါက်စနိုး ပေါက်စနလေးဖြစ်၏။ ဒူးအောက်နား မရောက်တရောက်ရှိသည့် တစ်ဆက်တည်း တစ်ဖြောင့်တည်း ချောကလက်ရောင် လက်ပြတ် ဂါဝန်ရှည်ကို ၀တ်ထားတာ တွေ့ရ၏။ ထိုဒီဇိုင်းသည် ခုခေတ်စားနေသော နောက်ဆုံးပေါ် ဒီဇိုင်းလားတော့ မသိပါ။ ကျွန်တော့်စိတ်ထဲတွင်တော့ ဖျာပုံထည်လို ပုံတုံးသော ဒီဇိုင်းမျိုးဟု ထင်မိတာ အမှန်ပင်။ ဆံပင်များကတော့ လှိုင်းတွန့်လေးများနှင့် မတိုမရှည်။

ထိုမင်းသမီးလေးသည် ပန်းရောင်မိုးပျံပူပေါင်းတစ်တွဲကြီးပါသော အမိုးပွင့် ပြိုင်ကားလှလှလေးလေးဘေးတွင် ရပ်နေ၏။ မင်းသမီးဘေးမှာကတော့ မင်းသားတစ်ယောက် ရှိနေ၏။ သူသည် ကျွန်တော့်လို သေးသေးကွေးကွေး လူ့ဖလံလေးပင် ဖြစ်၏။ အကောင်လေးက သေးရသည့်ကြားထဲ ကိုယ်ကျပ်ဘောင်းဘီရှည်ကို ကျပ်ထုပ်နေအောင် ၀တ်ထားလေသည်။ ပူရသည့်အထဲ ကုတ်အင်္ကျီရှည်ကို ၀တ်ထားသေး၏ ခေါင်းပေါ်မှ ဆံပင်ဒီဇိုင်းကတော့ နာနတ်သီးပုံပင်။ ဘေးအကုန်အပြောင်ရှိတ်ထား၍ ထိပ်တည့်တည့်မှာ ကြက်တောင်စည်းထားသော ဒီဇိုင်းဖြစ်လေ၏။

ထိုအချိန်တွင် မလေးသည် ထိုရိုက်ကွင်းအား ဓာတ်ပုံရိုက်ရန် ကျွန်တော်တို့ဘေးမှ ထွက်သွားလေတော့၏။ မဟေမာန်သည် မင်းသမီးလေးကို ငေးကာ…

နေပါဦး၊ ဒီကောင်မလေးနာမည် ငါသိပါတယ်။ ဘယ်သူပါလိမ့်၊ ကျွတ်စ်၊ ဟင်းး

ဟု ဆိုသောစကားကို ကြက်တူရွေးစာအံသလို တတွတ်တွတ် ရွတ်နေလေတော့၏။ ကျွန်တော်သည် နားကြားပြင်း ကပ်လွန်းမိလာသဖြင့် သေချာသိအောင် ခင်ဗျား သွားမေးကြည့်လိုက်ပါလားဗျာဟု အငေါ်တူးမိလိုက်သေး၏။

သို့သော် ကျွန်တော်ကတော့ ထိုမင်းသမီးလေးအား အရှင်းမသိသည့်အပြင် မင်းသားပိစိလေး၏ ထူးခြားသော အဆင်အပြင်ကိုငေးရင်း ဘေးမှ နတ်ရဲအား မနေနိုင်တော့ဘဲ …

မင်းသားလုပ်တဲ့ကောင်လေးရဲ့ ကေနဲ့ ဒီဇိုင်းက လန်းတယ်နော် ဟု ပြောမိရာ နတ်ရဲက ကျွန်တော့်ဘက်လှည့်၍…

(ဆက်ဖတ်ရန်…)

November 29, 2016

ကနေဒါ - အမေရိကားနှင့် ရန်ကုန် ( ၂ )

Filed under: ၀တ္ထု (Novels) — မလေး @ 2:03 am

 train.jpgနောက်တစ်နေ့ဖြစ်သော နိုဝင်ဘာ ၁၈ရက်တွင် ၁၇ရက်နေ့က အစီအစဉ်ဆွဲထားသည့်အတိုင်း မလေးတို့နှင့် ချိန်းဆိုထားရာ ရန်ကင်း ကျောက်ကုန်းအနီးမှ ဘောက်ထော်မှတ်တမ်းရုံးနားသို့ ကျွန်တော် သွားလေသည်။ မလေးသည် ကျွန်တော် ဘတ်စ်ကားပေါ်မှာ ရှိစဉ်တွင် ဖုန်းဆက်၍ သူရောက်ခါနီးပြီဖြစ်ကြောင်း လှမ်းပြောလေ၏။ သူသည် သူ့သူငယ်ချင်းတစ်ယောက်က နေ့လယ်စာကျွေးနေတာကို အမုန်းဆွဲပြီးမှ လာခြင်းဖြစ်ကြောင်း ပြောသေး၏။

ထို့ကြောင့် ကျွန်တော်သည် သူမရောက်လောက်သေးဟုထင်ကာ ကျောက်ကုန်းမီးပွိုင့်တွင် ဘတ်စ်ကား ပွိုင့်မိသွားခိုက် နိုင်ငံကြီးသားပီသစွာ ကားပေါ်မှ ခုန်ဆင်း၍ မှတ်တမ်းရုံးဘက်သို့ ဆေးလိပ်တဖွာဖွာဖြင့် အေးဆေးလမ်းလျှောက်မိတော့၏။ နေ့ခင်း ဆယ့်နှစ်နာရီကျော်အချိန်မို့ နေက ပူလွန်းလှသဖြင့် ကျွန်တော်သည် တတ်နိုင်သမျှ လမ်းဘေးကပ်ကာ သစ်ပင်ရိပ်များကို ခိုလှုံရင်း လျှောက်မိလေ၏။ လျှောက်ရင်း လမ်းတစ်ဖက်မှ ဆိုင်ခန်းများကိုလျှောက်ငေးကာ မလေးလာလျှင် ဘယ်ဆိုင်မှာထိုင်ကြရင် ကောင်းမလဲဟု စဉ်းစားမိလာသေး၏။

ထိုသို့ လျှောက်လာရင်း ချိန်းထားကြသည့် မြ၀တီမဂ္ဂဇင်းတိုက်ရှိရာ အ၀င်အ၀ ဂိတ်နေရာကို အမှတ်တမဲ့ ကျွန်တော် ကျော်သွားမိသည်။ ထိုစဉ် အနောက်မှ…

ကိုဏီ ကိုဏီ ဟု ခေါ်သံကြား၍ လှည့်ကြည့်မိရာ မြန်မာအင်္ကျီ၊ ချိတ်လုံချည်တို့ဖြင့် မလေးကို တွေ့ရလေတော့၏။ မလေးသည် ဂိတ်ဝရှိ နားနေဆောင်လေးထဲမှနေ၍ ကျွန်တော့်ကိုမြင်သော်လည်း ကျွန်တော်က သူ့ကိုမမြင်ဘဲ ကျော်သွားမိသဖြင့် အနောက်မှ ပျာပျာသလဲ လိုက်ခေါ်ရရှာခြင်း ဖြစ်လေသည်။ ကျွန်တော့်စိတ်ထဲတွင်လည်း မလေးမရောက်လောက်သေးဘူးဟု ထင်ထားမိတာလည်း ပါပါသည်။

ထို့နောက် ကျွန်တော်တို့မောင်နှမသည် လှည်းတန်းမှ လာကြမည့် မဟေမာန်တို့သားအမိကို စောင့်ရန် သပြေရိပ် လက်ဖက်ရည်ဆိုင်ထဲသို့ ခဏ၀င်စောင့်ကြလေ၏။ ကျွန်တော်တို့နှစ်ယောက် ဆိုင်ထဲရောက်၍ ထိုင်ရုံရှိသေးသည်။ မဟေမန်နှင့် နတ်ရဲတို့သားအမိနှစ်ယောက်ပါ ရောက်လာလေတော့၏။ သူတို့သည် ဖုန်းမဆက် ဘာမဆက်ဘဲ ကျွန်တော်တို့ ထိုင်မိသော လက်ဖက်ရည်ဆိုင်ကို တန်းတန်းမတ်မတ် ရောက်လာကြသဖြင့် ကျွန်တော်က အံ့သြသင့်စွာ မေးမိတော့ မဟေမာန်က…

(ဆက်ဖတ်ရန်…)

ကနေဒါ - အမေရိကားနှင့် ရန်ကုန် (၁)

Filed under: ၀တ္ထု (Novels) — မလေး @ 2:00 am

နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျွန်တော့် Facebook မှ မက်ဆင်ဂျာထဲသို့ ကနေဒါမှ မြန်မာပြည်သို့ စာအုပ်မိတ်ဆက်ပွဲကိစ္စလေးဖြင့် ခဏပြန်လာတော့မည့် မလေး ( အိမ့်ချမ်းမြေ့ ) က မက်ဆေ့လေးတစ်စောင် ပို့ထားခဲ့သည်။

ကိုဏီ… မလေး ရောက်ပြီ။ ညနေကျရင် လာခေါ်ကြပါ။ တောသားကို ပစ်မထားကြပါနှင့် ဟူ၍။

ထို့နောက် သိပ်မကြာခင်တွင် စာအုပ်မိတ်ဆက်ပွဲကြောင့်ပင် အမေရိကားမှနေ၍ မလေးထက် နှစ်ရက်သုံးရက်ခန့် မြန်မာပြည်စောရောက်နေလေသော ထုတ်ဝေသူ မဟေမာန်က ကျွန်တော့်ကို ဖုန်းခေါ်လာပြန်သည်။

ကိုဏီ၊ ဟေမာန်နဲ့ သားနဲ့ အခု စာအုပ်ပွဲတစ်ပွဲသွားနေတယ်။ မလေးကလည်း ရောက်ပြီလို့ ပြောတယ်။ နှစ်နာရီလောက် ဆုံကြမလားဟူ၍။

ထိုအခါ ကျွန်တော်က ခပ်ငေါ့ငေါ့ ပြန်ပြောမိတော့၏။

“ အောင်မာ… ခင်ဗျားက ရန်ကုန်ကို ဘာထင်နေလို့တုန်း။ တစ်နေရာနဲ့ တစ်နေရာ သွားရတာ ဒီလောက် ကားတွေ ကျပ်ကျပ်နေတတ်တဲ့ဟာကြီးကို။ ချက်ချင်း ဘယ်လိုလာရမှာတုန်းဗျ။ ခုပဲ တစ်နာရီထိုးတော့မယ့်ဟာ။ ပြီးတော့လည်း နေ့ခင်းကြောင်တောင် နေပူကျဲတဲကြီး နည်းနည်းစဉ်းစားဦး။ နေပါ့စေ။ ညနေစောင်း လေးနာရီကျော် ငါးနာရီလောက်ကျမှ ကျုပ်တို့ဆုံကြမယ်။ မလေးကို ကျုပ်သွားခေါ်ပြီး ခင်ဗျားတို့နဲ့ဆုံမယ့်နေရာကို လာခဲ့မယ် ”

“ အိုကေ အိုကေ။ ဒါဆို ညနေကျရင် ဟေမာန်တို့ ဆူးလေမှာ ဆုံကြမယ်နော် ”

ဟု မဟေမာန်မှ ကသောကမျောပြော၍ ဖုန်းချသွားလေတော့၏။

ညနေ လေးနာရီကျော်လောက်တွင် မလေးအား သူခဏတည်းသော ဟိုတယ်လ်မှသွားခေါ်ဖို့ ကျွန်တော် ပြင်ဆင်လေတော့သည်။ ဒါကို အိမ်မှ ကျွန်တော့်မိဘနှစ်ပါးက လိုက်ကြည့်နေကြသည်။ ၀ရန်တာမှ ဖိနပ်ချွတ်နေရာတွင် ဖိနပ်ကြိုးထိုင်ချည်နေဆဲ အမေက မအောင့်နိုင်ဟန်ဖြင့် မေးလာသည်။

“ ဟဲ့… မင်းက နေ၀င်ခါနီးမှ ဘယ်သွားမလို့တုန်း ”
“ ဆီဒိုးနား ခဏသွားမလို့အမေ ”
“ အောင်မာ၊ မင်းကများ။ ဆီဒိုးနားမှာ မင်းကိစ္စ ဘာရှိလို့တုန်း ”

ထိုကဲ့သို့နေရာများအား ကျွန်တော် သွားလေ့သိပ်မရှိ။ ထို့ပြင် တစ်ခါတလေတွင် အမေက ဘယ်ကပြန်လာသလဲဟု မေးလာပါက ကျွန်တော်က အင်းလျားလိပ်မှာ လက်ဖက်ရည်သွားသောက်တာ၊ ဆီဒိုနားမှာ မုန့်ဟင်းခါးသွားစားတာ စသဖြင့် ပေါက်ပန်းဆေး လျှောက်နောက်တတ်သောကြောင့် ကျွန်တော့်စကားကို အမေသိပ်မယုံတာ မဆန်းပါ။။ ထို့ကြောင့် ရယ်ရင်း …

“ မလေးက ဒီကနေ့မနက်ကပဲ မြန်မာပြည်ပြန်ရောက်နေပြီလေ အမေရဲ့။ သူ ခုတစ်ခါ ပြန်လာတာ စာအုပ်မိတ်ဆက်ပွဲနဲ့ သူ့ညီမတစ်ယောက်ရဲ့ ၀ယ်ဒင်အတွက်ပဲမို့ သူတစ်ယောက်တည်းရယ်။ အဲဒါ သူက ဒီညနေ ဆရာတချို့ဆီသွားပြီး ဖိတ်စာဘာညာ ပေးချင်လို့ တွေ့ချင်လို့ သားတို့က အဖော်လိုက်ပေးရမှာ။ သူတစ်ယောက်တည်း မြို့ထဲမှာ လည်နေမှာစိုးလို့ သားက ဟိုတယ်ကနေ သူငယ်ချင်းတွေရှိတဲ့နေရာကို ခေါ်သွားပေးရမှာ ”

ဟု သေချာပြောပြရတော့၏။

(ဆက်ဖတ်ရန်…)

September 27, 2016

♫ ♥●••·˙ တိုး၍ညှိုးသောမိုး ˙·••●♥♫

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:04 am

ကားတံခါးကိုဖွင့်ထွက်လိုက်တော့ သည်းသည်းမည်းမည်းရွာနေတဲ့ မိုးပေါက်တွေက တစ်ကိုယ်လုံးကို ဝါးမျိုတော့မလို အုံလိုက်ကျင်းလိုက် အရှိန်ပြင်းပြင်းနဲ့ ခုန်ဆင်းလာကြတော့တယ်။ ဆံပင်တွေကလည်း မိုးရေတွေကြောင့် နစ်လို့ရွှဲလို့။ သံချေးအထပ်ထပ်တက်နေတဲ့ ခြံစည်းရိုးတံခါးနားကို အပြေးသွား၊ အားနဲ့ တွန်းဖွင့်အပြီး ကားဆီကိုပြန်ပြေး အမြန်ဝင်ထိုင်လိုက်တယ်။ ကားကိုအရှိန်ပြင်းပြင်းမောင်းပြီး ခြံထဲဝင်လာ ချိန်မတော့ နောက်ကြည့်မှန်ကနေ မြင်လိုက်ရတာ ဟင်းလင်းဖွင့်ထားမိခဲ့တဲ့ ခြံတံခါးကြီး။

ရေတွေဝပ်နေတဲ့ လမ်းအတိုင်း ဆက်မောင်းလာတော့ မိုးသံလေသံတွေကြားထဲမှာ တကျည်ကျည်ငိုနေတဲ့ သစ်ပင်ကြီးတွေ။ လမ်းအဆုံးက အိမ်အိုလေးကတော့ ညနေခင်းဆည်းဆာအောက်မှာ မှောင်ပိန်းလို့။ အိမ်အိုလေးရဲ့ အပေါ်ထပ်ညာဘက်ထောင့် စာကြည့်ခန်းကတော့ မီးမှိန်မှိန်လေး လင်းနေလေရဲ့။

အိမ်ရှေ့မှာကားထိုးရပ်လိုက်တော့ ကားဘီးအောက်မှာ ရေတွေဖွာကနဲလွင့်ပျံသွားသံ၊ ကားပေါ်ကအဆင်းမှာ ဝတ်ထားတဲ့ လည်ရှည်ဖိနပ်ခြေမျက်စိအထိ ရေထဲမြုပ်ဝင်သွားသံ၊ မိုးရေစိုတဲ့ ထင်းရူးပင်ပေါ်ကနေ ညနေခင်း ဌက်တစ်ကောင်ရဲ့ လွမ်းလွမ်းဆွေးဆွေး တွန်ကျူးသံ၊ ခြံစည်းရိုးက ပင်လယ်ကဗွီးပင်တွေ တရှဲရှဲမြည်ဟီးနေ သံတွေ၊ ကားခေါင်မိုးပေါ်ကို မိုးရေစက်တွေ ကျနေသံတွေ။

အပေါ်ထပ်ညာဘက်ခန်းကိုမော့ကြည့်လိုက်မိတော့ ပြတင်းပေါက်မှာရပ်ကြည့်နေတဲ့ အရိပ်တစ်ခု။ မီးရောင် ကိုကျောပေးပြီးရပ်နေတာမို့ မြင်နေရတဲ့ ကောက်ကြောင်းက စွဲမက်ဖွယ်ရာ။

(ဆက်ဖတ်ရန်…)

June 5, 2016

ရှိုက်ခဲ့ဖူးသော…

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:05 am

 rooftop.jpg သာယာတဲ့နွေညတစ်ည….။
နားထဲကို နားကြပ်ထိုးထည့်ပြီး လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်။

တစ်ကယ်က… လမ်းလျှောက်ထွက်ရင်း အိမ်တစ်အိမ်ဘက်ကိုသွားတာ။
အဲဒီအိမ်က အကွေ့သုံးကွေ့လောက်ကွေ့ရင် ရောက်တယ်။

အဲဒီအိမ်မှာ ဟိုးတုန်းကတော့ ကောင်မလေးတစ်ယောက် နေတယ်။ ကောင်မလေးကို စတွေ့တဲ့နေ့က နွေနေ့လည်ခင်းတစ်ခု။ ကောင်မလေးရဲ့ အိပ်ခန်းက လေသာဆောင် မရှိပါဘူး။ ပြတင်းပေါက်ခပ်သေးသေးတစ်ပေါက်ပဲရှိတယ်။ ပြတင်းပေါက်ကလည်း အမိုးစွန်းတစ်ခုရဲ့အပေါ်မှာ။ ကောင်မလေးကရဲ့ ပြတင်းပေါက်ကထွက်ပြီး အဲဒီအမိုးစွန်းကနေ နောက်ထပ်အမိုးစွန်းတစ်ခုကို ထပ်တက်လို့ ရနိုင်သေးတယ်။ ထပ်တက်လို့ရတဲ့ အမိုးစွန်းကတော့ သူတို့အိမ်မှာ အမြင့်ဆုံး အမိုးစွန်းဖြစ်လိမ့်မယ်။

ကောင်မလေးကို စတွေ့တဲ့နေ့က ကောင်မလေးက အပေါ်ဆုံး
အမိုးစွန်းမှာ ထိုင်နေတာ။ သူ့ကို လမ်းပေါ်ကလူတွေက တော်ရုံ မမြင်ရနိုင်ဘူး။ ကောင်မလေးရဲ့ အိပ်ခန်းပြတင်းပေါက်ကကို တော်တော်လေးမြင့်နေပြီ။ နောက်ပြီး အဲဒီနေရာက ဘေးလမ်းကြားလေးထဲကနေမှ မြင်ရနိုင်တဲ့နေရာ။

ကောင်မလေးကို အဲဒီနေ့က စတွေ့တယ်၊ ဟုတ်တယ်။ ကောင်မလေးကို ကျောင်းမှာအမြဲတွေ့နေရတာပဲ။ အတန်းချင်းမတူလို့ အမြဲတမ်း မတွေ့ရတတ်ပေမယ့် ကော်ရစ်ဒါတွေမှာ၊ ခမ်းမကြီးထဲမှာ၊ ကျောင်းဘောလုံးကွင်းထဲမှာ အားကစားလုပ်ကြရင်း တွေ့နေရတာပါပဲ။ တစ်ကယ်ကတော့ သူအမိုးစွန်းမှာ တက်တက်ထိုင်တတ်တယ်ဆိုတာ သိခဲ့ရတဲ့နေ့ကမှ ကောင်မလေးကို နှလုံးသားနဲ့ စတွေ့ခဲ့တယ်လို့ ဆိုရမှာပေါ့။

(ဆက်ဖတ်ရန်…)

March 3, 2016

တန်းစီခြင်း

Filed under: ၀တ္ထု (Novels) — မလေး @ 11:58 am

လူတွေ တန်းမစီတဲ့ အကြောင်းတွေဖတ်နေရလို့ ရယ်စရာအကြောင်းလေးတွေ မိတော သတိရမိတယ်။

(၁)
ရန်ကုန် Ocean မှာ အသီးအနှံ၊ သစ်သီးဖျော်ရည် စသည်.. မကြာခဏဝယ်ဖြစ်တော့ checkout counter မှာ တန်းစီနေတဲ့တစ်ရက် ရှေ့မှာတစ်ယောက်ရှိနေတော့ space ပေးတဲ့အနေနဲ့ နည်းနည်းခပ်ခွာခွာ ရပ်နေမိတယ်။ အဲဒါအနောက်က ရပ်နေတဲ့တစ်ယောက်က အရမ်းလိုက်ကပ်နေတော့ မနေတတ်တော့လို့ ရှေ့ကိုနည်းနည်းတိုးပေးတယ်။ တိုးပေးတိုင်း နောက်က အရမ်းလိုက်ကပ်၊ ရှေ့ကိုတိုးပေးလိုက်၊ နောက်ကကပ်လာလိုက်နဲ့ ရှေ့ကတန်းစီနေသူနဲ့ထိတော့မယ်။ နောက်က အစ်မကြီးကို မိတော လှည့်ကြည့်ပြီး အရမ်းကပ်နေပြီဆိုတာကို အမူအယာနဲ့အချက်ပြမိတာမှာ ပိုဆိုးသွားတယ်။ မိတောရဲ့ ခါးကိုလာကိုင်ပြီး ရှေ့ကိုတိုးဖို့သူက လုပ်သေးတာ။ တစ်ခါမှ ခါးကိုကိုင်တာ မကြုံဖူး၊ ယားကလည်း ယား။ သူ့ကို မျက်လုံးပြူးပြီး တစ်ချက်ထပ်လှည့်ကြည့်တယ်။

အဲဒီအစ်မကြီးကို မိတောက အမူအယာနဲ့ ယဉ်ယဉ်ကျေးကျေး အချက်ပြတာ၊ အဲဒါလည်း မရဘူး။ ရှေ့ကတစ်ယောက်ပြီးသွားလို့ ကောင်တာက တစ်ယောက် လုပ်လက်စလေးတွေ လက်စသပ်ပါစေဦးဆိုပြီး မိတော စောင့်၊ လက်ထဲက ပစ္စည်းလေးတွေ ကောင်တာပေါ်တင်ဖို့ ဟန်ပြင်ရုံရှိသေးတယ်။ သူက မိတောကိုကျော်ပြီး သူ့ပစ္စည်းနှစ်ခုကို တင်လိုက်တယ်။
မိတောလည်း ပါးစပ်အဟောင်းသားနဲ့ သူ့ကို ကြည့်နေတော့.. အံမယ်.. သူက ဆတ်ကနဲမေးငေါ့ပြသေးတာ.. တင်လေပေါ့.. မင်းပစ္စည်းနဲ့ ငါ့ပစ္စည်း အတူတူရောတင်ကြမယ်ဆိုတဲ့ ပုံစံ။

(ဆက်ဖတ်ရန်…)

February 23, 2016

နွေဦးပေါက်ရင်…

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:00 pm

♪♫~ ယဉ်ကျေးစွာနဲ့ အငြင်းအခုံမရှိ သံယောဇဉ်ဖြတ်တဲ့နည်း..~♪♫

car.jpg

လမ်းပဲလျှောက်တော့မယ်..

car2.jpg

(ဆက်ဖတ်ရန်…)

February 18, 2016

ပညာတတ် - မိတော

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:21 pm

ထိုနေ့က ကိုရင်နှင့်မိတောသည် ကားဆီအကပ်လေးနှင့် ကျောက်တန်းဘက်မှ ပြန်လာကြလေသည်၊။ ဆီအကပ်ဆို၍ မိတောသည် ဆီကုန်နေကြောင်းအချက်ပြမီး လင်းနေသည်တိုင် နှစ်ရက်ခန့်မောင်းတတ်သည့် အကျင့်လေးက ရှိတတ်သေးသည်။

တစ်ခါကလည်း ကနေဒါအနောက်အလယ်ပိုင်း ဒေသမှ ကမ်းရိုးတန်းဘက်သို့ ဟိုင်းဝေးလမ်းကြီးပေါ် စကားတပြောပြောမောင်းလာကြရာဝယ် နောက်ခုံမှ ဂျူနီယာတော၏ အသံကထွက်လာလေသည်။

`ဖေဖေနဲ့မေမေ ဆီတစ်ချက်ကြည့်လိုက်ဦးနော်´

သူပြောမှ ဆီကိုကြည့်ရာ အကပ်လေးပဲကျန်ကာ မီးနီပြနေသည်ကို သတိထားလိုက်မိလေသည်။

`ဆီဆိုင်က နောက်ကမြို့မှာ ကျန်ခဲ့ပြီ..
လမ်းဘေးက ဆိုင်းပုဒ်မှာရေးထားတာ နောက်ထပ်ဆီဆိုင်ရောက်ဖို့ ××××ကီလိုမီတာ လိုဦးမယ်ဆိုရင် ခုနှုန်းတိုင်းမောင်းမယ်ဆို
နောက်ထပ်ဆီဆိုင်ရောက်ဖို့ အနည်းဆုံး လေးငါးနာရီမောင်းရဦးမယ်၊ လောက်မယ်မထင်ဘူး´

မိဘနှစ်ပါးကို ပြန်လည်တွက်ချက်ပြနေသဖြင့် စကားကောင်းနေကြသည်မှာ ဆီကုန်မှန်းတောင် မသိလိုက်သဖြင့် ရှက်သလိုလိုဖြစ်ရုံမက၊ သူမကို စိတ်ထဲက ချီးကျူး၊ တစ်ချိန်တည်းမှာ စိတ်တွေပူကာ ရှေ့ဆက်မောင်းရမလား၊ နောက်ပြန်လှည့်ရမလား တွက်နေမိသည်။ နောက်တစ်ဆိုင်ထိရောက်ဖို့ အကွာအဝေးနှင့် ကျန်မည့်ဆီ၊ လမ်းကလည်း တဝက်နီးနီးကို လွန်လာသည်မို့ ပြန်လှည့်လျှင်ကြာမည့်အချိန်နှင့် ကျန်မည့်ဆီကို တွက်ရတော့သည်။

ကိုရင်လည်း မိတောကဲ့သို့တွက်ချက်အပြီး နောက်ပြန်လှည့်ရန် ဆုံးဖြတ်ကြရာဝယ်၊ ပြန်လှည့်စရာလမ်းများပင်မရှိ၊ အလယ်တွင် ချောက်ကြီးများသာရှိသော တစ်လမ်းသွားများ ဖြစ်နေလေသည်။

နေကလည်းဝင်တော့မည်။ ကနေဒါညနေခင်း၏ အအေးဓာတ်ကလည်း တိုးဝင်လာ၊ တောကောင်တို့ အရိပ်အရောင်များပင် မြင်နေရသည်။ ယခင်ကဆို နေဝင်ရီတရော ရေသောက်ဆင်းသော ဒရယ်ကြီးများ သမင်၊ ချေ စသည်များ၊ လမ်းကူးနေသော ဝက်ဝံကြီးများကို အရှိန်လျော့ချပြီး ရင်သပ်ရှူမော ကြည့်ရသည်မှာ အမော။

ယခုတော့ ကြောက်နေမိသည်။
ဒီညဆီကုန်ခဲ့ရင်တော့ ဝက်ဝံတွေကြား အိပ်ရလေတော့မလား မသိဟု ကြောက်ကြောက်နှင့် တွေးမိတွေးရာ တွေးရင်း ကိုရင်သင်ပေးသည့်အတိုင်း ကနေဒါချောက်ကြီးများကို ရင်တမမဖြင့် ဖရီးရိုက်ဆင်းရင်း ပြန်ကွေ့နိုင်မည့် လမ်းကို ရှာရသေးသည်။

နောက်ဆုံး ဝက်ဝံများ တောကောင်များ လမ်းဖြတ်ကူးရန် ဆောက်ပေးထားသော လှိုင်ခေါင်းထဲမှတဆင့် ကွေ့ပတ်ကာ လာရာလမ်းအတိုင်း ပြန်လှည့်ကာ ဆီပြန်ထည့်ရသော အဖြစ်။

ထိုနေ့ကလည်း ကျောက်တန်းဘက်ကအပြန်၊ မိတောနားမလည်သော ဂျပန်လား၊ ကိုရီးယားသံလား မိန်းမအသံတစ်သံက ကားထဲတစ်နေရာမှ တောက်လျောက် ထွက်နေသဖြင့် ကိုရင့်ကို မေးရာဝယ်…

(ဆက်ဖတ်ရန်…)

December 15, 2015

မိတောနှင့် ဗိုင်းကောင်းကျောက်ဖိမလေးများ

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 5:30 am

 tharnge.jpgရုံးခွင့်ယူသောကြည်လင်သာယာသော နံနက်ခင်းတစ်ခုတွင် ဂျူနီယာတောနှင့် ဂျူနီယာသာအေးကို မိတော ကျောင်းလိုက်ပို့လေသည်။
ကျောင်းမပို့ခင်တွင် အိမ်နောက်ဘက်မှ နို့ပုံးအဟောင်းများ၊ စက္ကူကတ်ထူဘီစကွတ်ပုံးလေးများ၊ သတင်းစာများထားသည့် ‘ပြန်လည်သုံးစွဲမည့်’ recycle ပုံးပြာကို တစ်ချက်ကြည့်မိသေးသည်။ ပုံးထဲတွင် ထားသည့် ပစ္စည်းများမှာ စီစီရီရီခြေရာလက်ရာမပျက်ဖြစ်ရှိနေသဖြင့် ကျေနပ်သွားလေ၏။ ထိုပုံးအပြာထဲသို့ထည့်မည့် ပစ္စည်းများကို မထည့်ခင်တွင် မိတောသည် ရေဖြင့် သေချာစွာဆေးကြောတတ်သည်။ စားစရာအနံ့အသက်များရလျှင် Raccoon ဟုခေါ်သော တောကြောင်ကဲ့သို့ အကောင်နက်ကြီးများက ဘီစကွတ်စက္ကူပုံးဟောင်းများကို လာလာဆွဲတတ်သောကြောင့်ပင်။ နို့ပုလင်း၊ နို့ပုံးများကို သေချာစွာရေစင်အောင် ဆေးသော်လည်း ထိုအကောင်ကြီးများက တစ်ချိန်လုံးလာလာဆွဲနေသဖြင့် နောက်ဘက်တွင် ပွယထနေကာ ရှင်းရလင်းရအလုပ်ရှုပ်သဖြင့် စိတ်အချဉ်ပေါက်လာသော တစ်နေ့တွင် မျှဉ်ချဉ်ပုလင်းဟောင်းတစ်လုံးကို ဆပ်ပြာဖြင့် သေချာစွာ မဆေးတော့ဘဲ၊ အဖုံးလေးကိုအသာဟကာ ပုံးထဲတွင် ထည့်ထားလိုက်သည်။ ထို့နေ့မှစပြီး မျှဉ်ချဉ်နံ့ကိုခံနိုင်ရည်ရှိပုံမရသော ကနေဒီယန် raccoon များသည်လည်း မိတော၏ recycle ပုံးအနားကို မကပ်ရဲတော့။

ထိုသို့… အိမ်နောက်ဘက်မှာ ရှင်းလင်းနေသဖြင့် စိတ်ချမ်းသာနေသော မိတောသည် ဂျူနီယာတောနှင့် ဂျူနီယာသာအေးကို လက်ဆွဲကာ ကျောင်းလိုက်ပို့လေသည်။

(ဆက်ဖတ်ရန်…)

August 29, 2015

ဆန်အိတ်ကွဲတစ်လုံး

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:45 pm

ဒီနေ့ ဈေးသွားတယ်။ အာရှဆိုင်တစ်ဆိုင်ကိုပါ။ ဆန်အိတ်တန်းထဲမှာ ဆန်အိတ်မျိုးစုံကို လိုက်ကြည့်မိတယ်။

တိုင်းပြည်အမျိုးမျိုးက လာတဲ့ဆန်တွေ။ အိနိ§းယဆန်၊ ထိုင်းဆန်၊ ဗီယက်နမ်ဆန်၊ အာဖရိကဆန်… စသည်။

ဆန်အမျိုးမှာလည်း ဆန်သစ်၊ ဆန်ဟောင်း၊ ကောက်ညှင်းဆန်၊ ဘာစမာတီ၊ ဆန်ညို၊ ဆန်ဖြူ၊ ဆန်ဝါ၊ဆန်ရှည်၊ ဆန်တို… စသည်။

အိမ်မှာ ဆန်ရှိနေသေးပေမယ့် ကြုံတုန်းတစ်အိတ်ဝယ်သွားရင်ကောင်းမလားဆိုတဲ့ အတွေးနဲ့… ဆန်မျိုးစုံကို လိုက်ကြည့်ရင်း…ဆန်အိတ်တန်းအလယ်လောက်မှာ ကြက်တံဆိပ်ထိုင်းဆန်တစ်အိတ်ပြုတ်ကျနေတာတွေ့လိုက်တယ်။ ချုပ်ရိုးကလည်း အနည်းငယ် ပြေသွားပုံရတယ်။ အဲဒါကြောင့် ဆန်တွေ ထွက်ကျနေတယ်။

ကိုယ်လည်း…
ကြက်တံဆိပ် ဆန်ထဲက ကောင်းတဲ့တစ်အိတ်ယူသွားရမလား စဉ်းစားရင်း ရပ်နေတုန်း ဖြတ်သွားဖြတ်လာအချို့က ကွက်ကြည့်ကွက်ကြည့် ကြည့်သွားတယ်။ သမံတလင်းပေါ်ကျနေတဲ့ ဆန်အိတ်ကိုတစ်လှည့်.. ကိုယ့်ကိုတစ်လှည့်…။
ဒီဆန်အိတ်ပြုတ်ကျတာ ကိုယ်လုပ်တာ မဟုတ်ဘူးလို့ ရှင်းပြမယ်လို့တော့ စိတ်ကူးမရှိပါဘူး။

အဲဒီချိန်မှာ… လက်တွန်းလှည်းကို တုန်ချိစွာတွန်းရင်း အဘွားတစ်ဦးက ဆန်တန်းထဲဝင်လာတယ်။
ဆန်အိတ်က လမ်းမအလယ်တည့်တည့်မှာမို့ လက်တွန်းလှည်းတစ်စင်းနဲ့ သွားနေတဲ့ အဘွားမှာ အခက်ခဲဖြစ်နေလို့ ခပ်လှမ်းလှမ်းကနေပဲ ပြန်လှည့်သွားတယ်။

သူ့လိုအသက်ကြီးတဲ့ အခြားဈေးဝယ်လာသူတွေ ဆန်တန်းထဲ ထပ်ဝင်လာရင်ဆိုတဲ့ အတွေးနဲ့ လက်ထဲကခြင်းကိုဘေးချပြီး လဲနေတဲ့ဆန်အိတ်ကြီးနား ငုပ်တုပ်ထိုင်ချ၊ ဆန်အိတ်ကို တန်းနားပြန်ထောင်ဖို့ ကြိုးစားတယ်။ ဆန်အိတ်က အိတ်ကြီးဆိုတော့ တော်တော်လေးအားယူဆွဲရတယ်။

အဲဒီမှာ.. လင်းယုန်ခြေသည်းများကို အနီရောင်ဆိုးဆေးတင်ပြီး အလှပေါင်းတင်ထားသလား ထင်မှတ်မှားစေသော ခြေသည်းချွန်းများရှိတဲ့၊ ဖြူဖွေးသွယ်လျှလှပတဲ့ ခြေနှစ်စုံကပေါ်လာတယ်။

ဆန်အိတ်ကို တန်းမှာထောင်ထားပြီး မတ်တပ်ထစဉ်မှာပဲ.. ခုနက ခြေထောက်အလှပိုင်ရှင်၊ ဆန်စားသူအာရှသူ နှစ်ဦးက ကြမ်းပေါ်မှာလည်း မင်းလုပ်လို့ဆန်တွေကျနေသေးတယ်လို့ ပြောတယ်။

ဒီလောက်ပဲ တွေးတတ်သူတွေမို့
ဆန်အိတ်ပြုတ်ကျနေတာ.. တို့လုပ်တာ မဟုတ်ဘူးလို့ တော့ ရှင်းပြဖို့စိတ်ကူး မရှိပေမယ့်… သူတို့ကို ကိုယ်ဖျတ်ကနဲမော့ကြည့်လိုက်တယ်။ သူတို့က ဒေါက်မြင့်သံ တခွပ်ခွပ်ပေးလို့ အနားကထွက်သွားပြီ။ ခပ်လှမ်းလှမ်းရောက်တော့
ကျနေတဲ့ ဆန်တွေကို သမင်လည်ပြန်လှည့်ကြည့်လိုက်သေးတယ်။

အဲ့ဒီအချိန်မှာ မိဘတွေဈေးအဝယ် အပျော်လိုက်လာပုံရတဲ့ ကလေးနှစ်ဦးက ဆန်တန်းထဲ ဆော့ရင်းကစားရင်း ပြေးဝင်လာတယ်။ တစ်ယောက်က ကြဲပြန့်နေတဲ့ ဆန်စေ့တွေကို နင်းမိပြီး ချော်လဲမလိုဖြစ်သွားတယ်။

ကိုယ်လည်း မဖြစ်ချေဘူးဆိုပြီး
ဆန်စေ့တွေကို ရှင်းလင်းမယ့်သူတစ်ဦးဦးရှိလေမလား ဆိုင်တစ်ဆိုင်လုံး တစ်တန်းဝင်တစ်တန်းထွက်လိုက်ရှာတာ… နောက်ဆုံးမှာ ဆိုင်အလုပ်သမားတစ်ဦး သွားတွေ့တယ်။

မကြာခင်ကမှ ရောက်လာပုံရပြီး၊ အဂ်လိပ်စာ ကောင်းကောင်းမတတ်သေးသူတစ်ဦး
ဖြစ်လို့ ဆန်အိတ်အကြောင်း မနည်းရှင်းပြလိုက်ရတယ်။
သူ့ကိုတော့.. ဒီဆန်အိတ်ပြုတ်ကျပြီးကွဲတာ.. ကိုယ်လုပ်တာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းကိုပါ ပြောပြလိုက်တယ်။

သင်ခန်းစာတွေရလိုက်တယ်။
အိမ်မှာလည်း ဆန်ရှိနေသေးတယ်။ တစ်ကယ်ဆို ကိုယ်ဟာ ဆန်တန်းနားတောင် သွားစရာ မလိုသူ။
သူ့ဟာသူ ဆန်အိတ်ပြုတ်ကျတာ တစ်ကယ်ဆို အနေသာကြီး.. ဒါကို ထပ်ပြီးဝင်ပါမိပြန်တယ်။ အဲဒီမှာ အရောင်စုံအတွေးတွေနဲ့ ကွက်ကြည့်ကြည့်သွားတဲ့လူမျိုးတွေ၊ ဆန်အိတ်ကွဲနားရပ်နေလို့ အဲဒီနားကလူရဲ့ ပရောဂ ဆိုတဲ့ အတွေးမျိုးတွေရှိတတ်ပြီး တန်းစွပ်စွဲတတ်တဲ့ လူမျိုးတွေနဲ့ ကြုံရတယ်။

ဆန်အိတ်ကွဲတစ်လုံးက ကိုယ့်ကို သင်ခန်းစာတွေ ပေးရုံမက၊ အတွေးတွေကိုလည်း များစေခဲ့တယ်။

နောက်တစ်ခါဆိုတာရှိခဲ့ရင်
ဒီလိုမျိုး လမ်းပေါ်ကဆန်အိတ်ကွဲတစ်လုံးကို မမြင်ဟန်ဆောင် ရှောင်သွားခဲ့သင့်လား.. ဆိုတဲ့အတွေး…။

တစ်ချိန်ထဲမှာပဲ..
အသက်ကြီးကြီးဈေးဝယ်တဲ့ အဘွားကြီးတွေနဲ့ ပြေးလွှားဆော့ကစားတဲ့ ကလေးလေးတွေတွက် အကျိုးမမဲ့နိုင်ဘူး မဟုတ်လား…. ဆိုတဲ့ အတွေးတွေ။

ကိုယ်ဘာကို ရွေးဦးမှာလဲ ဆိုတဲ့ အတွေးတွေ။

အိမ့်ချမ်းမြေ့

June 2, 2015

နောင်တ

Filed under: ဘာသာပြန်, ငွေတာရီ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:24 pm

ကျမရဲ့ ဘာသာပြန်ဝတ္ထုတိုလေးပါတဲ့ ၂၀၁၅ မတ်လထုတ် ငွေတာရီပါရှင်…

nwecover.JPG

 

(ဆက်ဖတ်ရန်…)

April 5, 2015

ထိုက်တန်ရာ

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:02 am

 deadtree.jpgအသံမကြားရတဲ့အခါ..
ပတ်ဝန်းကျင်က စိမ်းစိုလန်းဆန်းနေတဲ့
မြက်ခင်းပြင်တမျှော်တခေါ်ကြီးဟာ
ကြွပ်ဆတ်ခြောက်သွေ့လို့ အေးခဲသွားသလို..

မမြင်ရတဲ့အခါ….
ကောင်းကင်ပြာကြီးပေါ် တဟုန်ထိုးပျံသန်းနေတဲ့
အင်အားပြည့်ဌက်တွေ..
အတောင်ပံတွေကျိုး
မြေပြင်ပေါ် တဖုတ်ဖုတ်ကြွေကျသလို….

ဆံပင်တွေကို နမ်းခွင့်မရတဲ့အခါ..
တသွင်သွင်စီးနေတဲ့ မြစ်ရေပြင်ဟာ
အေးခဲတင်းမာလို့
ဆက်လက်စီးဆင်းဖို့ အားကုန်ရုန်းကန်နေရသလို….

အဲသလို ခံစားချက်တွေကိုလေ….
ညတွေထဲက
စတော်ဘယ်ရီချယ်ရီဝိုင်ရယ်..
ဖက်လို့မဝနိုင်အောင် နူးညံ့လွန်းတဲ့ ခေါင်းဦးပြာပြာရယ်..
မထိနိုင်မကိုင်နိုင်တဲ့ အမြင့်က မျက်နှာကြက်ပြင်ရယ်.. နဲ့အတူ..
စကားလုံးတွေကိုပဲ…
ရူးမူးစွာတွယ်မိုက်… ခဲ့မယ် ဆိုရင်…..။

(ဆက်ဖတ်ရန်…)

January 30, 2015

♫♥●••·˙မိုးသောက်ကြယ်˙·••●♥♫

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:18 am

love.JPG

 

  “အိပ်မရတဲ့ ညတွေထဲ..

ကော်ဖီခါးခါးတစ်ခွက်နဲ့…
အပြင်းစားရော့ခ်တေးသွားကြား..
ခေါင်းတွေလည်းချာချာလည်…။

ကလေးရယ်…..
အိပ်မောကျနေတဲ့ မင်းနှုတ်ခမ်းပေါ်က
အငွေ့ပျံ လွင့်ထွက်တော့မယ့်
ပျားရည်တစ်စက်..
ငါဖြစ်ချင်နေမိခဲ့…. ”

သက်ပြင်းမောများကို ဆေးလိပ်ငွေ့များနှင့်အတူ မှုတ်ထုတ်လိုက်မိသည်။ အိပ်မရသောညများက တစ်ဆစ်ဆစ်ကိုက်ခဲနာကျင်လှိုက်စားနေသော အနာပုပ်တစ်ခုကဲ့သို့။ အိပ်ရာဘေးစားပွဲပေါ်မှ ဆေးလိပ်ပြာခွက်ထဲသို့ ဆေးလိပ်လက်ကျန်လေးကို မမှီမကမ်းနှင့် ထိုးဖိချလိုက်မိသည်။ အိပ်ခန်းထဲမှ ကိုယ့်ဆေးလိပ်ငွေ့ကို ဘာသာမခံနိုင်တော့အောင် ဒီရက်ပိုင်းတွေမှာ ဖိသောက်နေမိသည်။

“တစ်ကယ်ဆို နင်အပြစ်မရှိ…
…………………..
ငါဘယ်လိုနေရမလဲ…
ငါဘယ်လို ဖြေရမလဲ..
တို့နှစ်ယောက် ဝေးခဲ့ရင်….”

ဖွင့်ထားမိသော သီချင်းသံသဲ့သဲ့ကြောင့် အိပ်ရာထဲမှာ လူးလဲကာထလိုက်မိသည်။ သီချင်းကို ပိတ်ပစ်လိုက်ပြီး ပြတင်းပေါက်နားမှာ သွားရပ်နေမိသည်။ ခေါင်းရင်းစားပွဲက အစိမ်းရောင်တောက်နေသည့် နာရီလေးကို လှမ်းကြည့်လိုက်မိတော့ နံနက် နှစ်နာရီတောင် ထိုးတော့မည်ပဲ။ ပြတင်းအပြင်မှ လေပြေလေးက သုတ်ကနဲ။

“မနက်ဖြန်ကို ကိုယ်ဘယ်လိုရင်ဆိုင်ရမလဲ ကလေးရယ်….”

(ဆက်ဖတ်ရန်…)

November 10, 2014

ထားရစ်ခဲ့လေသော…

Filed under: tag game, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:51 am

gathering.jpg

ဖိတ်ဖိတ်တောက်လက်နေတဲ့ မဟာလှေကားကြီးတွေရှိတဲ့ ကျောင်းကြီးရဲ့ ကျောက်ပြားဖြူဖြူတွေပေါ်မှာရပ်ရင်း ကျောင်းကြီးကို အံ့သြတကြီးနဲ့ ငေးလို့နေမိတဲ့ နေ့တစ်နေ့။ လေးထောင့်ပုံကျောင်းကြီးရဲ့ အလယ်မှာ သစ်ပင်၊ ပန်းပင်မျိုးစုံလင်လှတဲ့ ပန်းခြံတစ်ခုကလည်း ရှိနေတယ်။ ပခုံးမှာလွယ်ထားတဲ့ လွယ်အိတ်ကြိုးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ဘယ်ဘက်ကိုလှမ်းကြည့်လိုက်တော့ မျက်စိတဆုံးမြင်နေရတဲ့ ကော်ရစ်ဒါ။ ညာဘက်ကို လှမ်းကြည့်လိုက်တော့လည်း လေးထောင့်ပုံအုတ်တိုင်လုံးနီနီကြီးတွေကြားထဲ ပြေးလွှားမြူးတူးနေတဲ့ အဖြူအစိမ်း ကျောင်းသူတွေ။

ပန်းခြံထဲကနေ ကျောင်းသူလေးတစ်ယောက်က ပြေးထွက်လာတာကို တွေ့လိုက်ရတယ်။ သူ့နောက်မှာ နောက်ထပ်ကျောင်းသူ သုံးလေးယောက်က ပြေးလိုက်လာတယ်။ ရှေ့ကပြေးလာတဲ့ ကျောင်းသူလေးရဲ့ထမီကို ထပ်ချပ်ပါလာတဲ့ နောက်ကတစ်ယောက်က ဆွဲလိုက်တယ်။

‘အားးး….’ စူးကနဲအော်သံနဲ့အတူ ကျွတ်ခမန်းဖြစ်သွားတဲ့ ထမီစကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း နောက်ပြန်လှည့်ပြီး သူမရဲ့သူငယ်ချင်းမ ကို မှီတဲ့နေရာလှမ်းရိုက်နေတယ်။ ပခုံး၊ ခေါင်း၊ လက်မောင်း…။ ရိုက်ခံထိနေတဲ့ မိန်းကလေးက လက်ကလေးနှစ်ဘက်နဲ့ သူမမျက်နှာကို သူမကားထားရင်း တခွီးခွီး ရယ်နေတယ်။

‘စိတ်ပုပ်မ၊ အကျင့်မကောင်းဘူး’
‘ဘာလဲဟ.. မြဲမြဲမြံမြံ ဝတ်တတ်ပြီလား စမ်းသပ်တာလေ’
‘အယုတ်တမာ.မ..’

အော်သံတွေ… ရယ်သံတွေနဲ့အတူ သူတို့တွေ စာသင်ခန်းမတစ်ခုဘက်ကို ပြေးလွှားလို့ သွားကြတယ်။

အဲဒီအချိန်မှာ လှေကားကနေ ကျောင်းသူသုံးယောက်ဆင်းလာတယ်။ သုံးယောက်ထဲမှာမှ အလယ်ကတစ်ယောက်ဆီကို ကိုယ့်အကြည့်တွေ ရောက်သွားတယ်။ မျက်လုံးတောက်တောက်နက်နက်လေးတွေကို ထူထဲလှပတဲ့ မျက်ခုံးမွှေးတွေက ဝန်းရံထားတယ်။ ဆံပင်အုပ်အုပ်လေးတွေ ဝဲကနဲ..။
လှေကားထစ်အောက်ဆုံးရောက်တဲ့အထိ ကိုယ့်ဆီက အကြည့်ကိုမခွာသေးဘူး။ ကိုယ်လည်း ဘာလုပ်ရမှန်းမသိတော့ နှုတ်ခမ်းလေးကို တွန့်ရုံပြုံးပြလိုက်တယ်။ ဒါပေမယ့် သူမဆီက အပြုံးကိုတော့ မရခဲ့ပါဘူး။

‘ကျောင်းအုပ်ဆရာမကြီး လာနေပြီဟေ့….’

ကော်ရစ်ဒါကနေ ပဲ့တင်ထပ်သွားတဲ့ အသံတစ်သံအောက်မှာ ပြေးလွှားနေတဲ့၊ စနောက်နေတဲ့၊ ရယ်မောနေတဲ့အသံတွေ မီးကိုရေနဲ့သတ်လိုက်သလို.. ရှဲကနဲ။

ဆိုင်ရာစာသင်ခန်းနဲ့နီးတဲ့ ကျောင်းသူတွေက အခန်းတွေထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်။ ကျန်နေတဲ့ ကျောင်းသူတွေကတော့ နံရံဘက်ကို ကပ်နိုင်သလောက်ကပ်ပြီးတော့ လက်တွေပိုက်လို့ ခေါင်းတွေကိုငုံ့ထားကြတယ်။

(ဆက်ဖတ်ရန်…)

November 5, 2014

အနမ်းတစ်ပွင့်

Filed under: ဘာသာပြန်, မြ၀တီမဂ္ဂဇင်း (MyaWaDii Magazine), ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 9:13 pm

Embed code

October 24, 2014

မီးပွားတစ်ခုကို ငြိမ်းသတ်ဖို့

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:07 am

 library.jpg
ပါလီမန်ဝင်းထဲမှ စာကြည့်တိုက်

အေရိယာစတုရန်း 9,984,670 km² ရှိတဲ့ ကနေဒါဟာ ၂၀၁၃ စာရင်းအရ လူဦးရေ ၃၅သန်းပဲ ရှိပါတယ်။ ကနေဒါနိုင်ငံရဲ့ မြို့တော်ခန်းမတွေ၊ ပါလီမန်အဆောက်အဦးတွေဟာ ခြံစည်းရိုးမရှိတတ်ပါဘူး။ လူနေအိမ်ခြေတွေဟာလည်း ခြံစည်းရိုးတွေ မရှိတတ်ပါဘူး။ အလှပြခြံစည်းရိုးလောက်ပဲထားတတ်တဲ့ သဘောရှိတယ်။

လမ်းတွေပေါ်မှာ ယူနီဖောင်းဝတ်စစ်သားဆိုတာလည်း မမြင်ရတတ်ဘူး။

ကနေဒါနိုင်ငံရဲ့ မြို့တော်ခန်းမတွေ၊ ပါလီမန်အဆောက်အဦးတွေဟာလည်း မြက်ခင်းပြင်ကျယ်ကြီးတွေနဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေကအစ၊ မြို့နေလူတို့ပါ တစ်နေကုန်အပမ်းဖြေလှဲလျောင်းလို့ ရတဲ့ နေရာမျိုးပါ။

ကနေဒါမှာ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းက တစ်နိုင်ငံပဲရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံပါပဲ။ အိုက်အက်စ်စစ်သွေးကြွတွေကိုတိုက်ဖို့အတွက် ပါလီမန်မှာ ဆန္ဒမဲပေးကြရာမှာ မဲအရည်အတွက် ၁၅၇-၁၃၄ နဲ့အနိုင်ရပြီး၊ အမေရိကန်၊ ဗြိတိန်၊ ဒိန်းမတ်၊ နယ်သာလန်၊ သြဇီ၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီးယူ၊ ဘာရိန်းနိုင်ငံတို့နဲ့အတူ အိုင်အက်စ်စစ်သွေးကြွတွေကို ချေမှုန်းမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အောက်တိုဘာလဆန်းကတည်းက ကနေဒါနိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ချိန်းခြောက်သတိပေးခြင်းကို ခံရခဲ့တယ်။

(ဆက်ဖတ်ရန်…)

October 15, 2014

စမ်းရည်ဆိုမ်

Filed under: စာစု, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:31 pm

တစ်ကယ်ဆို…
ဘယ်တုန်းကမှလည်း…
သက်ဆိုင်ခဲ့တာ မဟုတ်လေတော့…။

writing-my-heart-out-gladiola-sotomayor.jpg

(ဆက်ဖတ်ရန်…)

September 29, 2014

အငွေ့

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:47 pm

pebble-beach-wallpaper-3750-hd-wallpapers.jpg

 ကားလီဗာကို ဖိတင်လိုက်တဲ့အချိန်မှာ ဆောင်းဦးရဲ့ လေပြေတွေက ပြတင်းပေါက်ထဲ တရောသောပါး ဝင်လို့လာတော့တယ်။ လမ်းတစ်ဘက် ဘယ်ညာစီတန်းနေတဲ့သစ်ပင်တွေရဲ့ အရောင်စုံသစ်ရွက်တွေက ဆောင်းဦးလေပြေတိုက်ခတ်မှုကြောင့် လမ်းတွေပေါ်ကြွေဆင်းဦးညွှတ် ဝပ်တွားဖို့ဟန်ပြင်နေကြပြီ။

မျက်ဝန်းတွေက ကားအရှိန်ဘယ်လောက်မြင့်မြင့်၊ နည်းနည်းလေးမှ နီးလည်းမလာ၊ ဝေးလည်းမသွားတဲ့ တောင်တန်းပြာကြီးတွေခြေရင်းဆီကို ဦးတည်ကွေ့ဝိုက်သွားတဲ့ လမ်းမပေါ်မှာ။ လီဗာကို ပိုပြီးဖိတင်လိုက်တယ်။ အရောင်စုံသစ်ရွက်တွေကြွေလုလု သစ်ပင်ကြီးတွေက တရိပ်ရိပ်ကျန်ခဲ့တယ်။ အလွန်ကြီးမားလွန်းလို့ လှုပ်ရှားခြင်း မရှိတဲ့ တောင်တန်းပြာကြီးတွေကတော့ သရော်တော်တော် ရယ်မောလိုက်ကြသလိုပဲ။

မြင့်မားလွန်းလို့ မိုးတိမ်တွေထဲအထိ ထိုးဖောက်တော့မယောင် တောင်ထိပ်ဖျားတွေကို မော့မကြည့်တော့ပါဘူးလေ။ ကားကို ညာဘက်က လမ်းချိုးလေးထဲကို အရှိန်ပြင်းပြင်းနဲ့ ကွေ့ဝင်လိုက်တယ်။ လမ်းကလေးဟာ ကျောက်စရစ်ခဲတွေပဲ ခင်းထားတဲ့ လမ်းကလေး။ ကားဘီးနဲ့ ကျောက်စရစ်ခဲလေးတွေ ပွတ်ကြိတ်သွားသံကြောင့် အရှိန်ကို လျော့ချလိုက်တယ်။

တစ်ကယ်တော့ ဒီနေရာလေးကို ဟိုးလွန်ခဲ့တဲ့နှစ်များစွာက သွားရင်းလာရင်း အမှတ်မထင် တွေ့ခဲ့မိတာ။ ကားလမ်းမကြီးဘေးက လူသူတွေကင်းတဲ့ သောင်စပ်ကလေး။ အဲဒီတိုးတိုးတိတ်တိတ် သောင်စပ်ကလေးဟာ ရေထဲကို ဝိုက်ဝိုက်လေး ထိုးဆင်းသွားတယ်။ ရေစပ်နဲ့ခပ်လှမ်းလှမ်းမှာ ကားကို ရပ်လိုက်တယ်။ ပြီးတော့ ကားထဲက မဆင်းသေးဘဲ ဆက်ထိုင်နေမိတယ်။

ဘယ်ဘယ်မှာ မိုးထိတောင်တန်းပြာကြီးတွေ၊ ညာဘက်မှာတော့ မြို့ပြရဲ့အနားသပ်ကောက်ကြောင်း၊ ရှေ့တည့်တည့်မှာတော့ ကမ်းမမြင်လမ်းမမြင် ပစိဖိတ်ပင်လယ်ပြင်ကြီး။ ပင်လယ်လေတွေက ကားထဲကို တိုးခွေ့လို့ ဝင်လာကြတယ်။ ကားခုံပေါ်ကို ငဲ့ကြည့်လိုက်တော့ လောလောလတ်လတ်ဝယ်လာတဲ့ မဖောက်ရသေးတဲ့ မာဘရိုစီးကရက်ဘူးနဲ့ အသစ်စက်စက် အပြာရောင်မီးခြစ်ကလေး။

(ဆက်ဖတ်ရန်…)

အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------